← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 15 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 15 Ch. 203-204

အပိုင်း(၂၀၃)

"ဟွန့်... ဒီကြွက်စုတ်က ကံကောင်းသွားတာပဲ… သူ ငရုတ်သီးကို အမြန်ဆုံး ရှာတွေ့ဖို့ မျှော်လင့်ရတာပေါ့..."

စွန်းဝူခုန်းက ထွက်ခွာသွားသော လေဝါမိစ္ဆာ၏ ကျောပြင်ကို ကြည့်ရင်း ပြောလိုက်လေသည်။ ပုံမှန်အားဖြင့် ဆိုလျှင် စွန်းဝူခုန်းသည် သူ့အား လှည့်စားခဲ့သူကို ဤမျှ လွယ်လွယ်ကူကူ အလွတ်ပေးမည် မဟုတ်ပေ။ သို့သော် ငရုတ်သီးကို တပ်မက်သော ဆန္ဒနှင့် သူ၏ဒေါသကို ချိန်ခွင်လျှာ ညှိကြည့်လိုက်ပြီးနောက် ငရုတ်သီးက ပို၍ အရေးကြီးသည်ဟု သူ ဆုံးဖြတ်လိုက်လေသည်။

"ဆရာတော်... ဒီအကင်တွေက ငရုတ်သီး မပါဘဲနဲ့ကို အရသာရှိနေပြီလို့ ဝက်ကြီး ကျွန်တော်မျိုးကတော့ ထင်တာပဲ… ငရုတ်သီး ပါတာ၊ မပါတာက အဲဒီလောက်တောင် ကွာခြားသွားလို့လား..."

အကင်များကို လက်တစ်ဆုပ်စာ ကိုင်ထားရင်း ကျူးပါကျဲက မေးခွန်းထုတ်လိုက်လေသည်။

ငရုတ်သီးကို တစ်ခါမှ မမြည်းစမ်းဖူးသောကြောင့် ကျူးပါကျဲသည် လက်ရှိအနေအထားဖြင့်ပင် အတော်လေး ကောင်းမွန်နေပြီဟု ခံစားနေရသည်။

"မဟုတ်ဘူးကွ… ငရုတ်သီးရဲ့ အခန်းကဏ္ဍက အသားကင်ဖို့အတွက် သက်သက် မဟုတ်ဘူးကွ..."

ကျူးပါကျဲ၏ စကားကို ကြားသောအခါ ကျန်းလျိုက ခေါင်းခါလိုက်လေသည်။

သူ၏ ယခင်ဘဝက တရုတ်ပြည်မှ အရာနှစ်ခုသည် ကမ္ဘာကျော်ခဲ့လေသည်။ ၎င်းတို့မှာ တရုတ် ကွန်ဖူးသိုင်းပညာနှင့် တရုတ်ဟင်းလျာများပင် ဖြစ်သည်။

ထိုအထဲတွင် စီချွမ်ဟင်းလျာများသည် တရုတ်ဟင်းချက်နည်းများထဲ၌ အလွန်ထူးခြားသည့် ဟန်တစ်ရပ် ဖြစ်သည်။ အစပ်အရသာသည် တရုတ်ဟင်းလျာများတွင် မရှိမဖြစ် လိုအပ်သော အလွန်အရေးကြီးသည့် အရသာတစ်ခု ဖြစ်ပေသည်။

"အကင်တွေအပြင် ငရုတ်သီးကို တခြားနေရာတွေမှာ သုံးလို့ရသေးတာလား..."

ကျူးပါကျဲသည် သူ၏ လှုပ်ရှားမှုများကို ခဏရပ်တန့်လိုက်ပြီး စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။

"အသုံးဝင်တဲ့ နေရာတွေ အများကြီး ရှိတာပေါ့… စီချွမ် ဟင်းလျာတွေဖြစ်တဲ့ မာပိုတို့ဟူး၊ ကြက်သားစပ်ကြော်၊ ငါးဆုတ်ပြုတ်စပ်ကြော်၊ ငရုတ်သီးစင်းကော ငါးခေါင်းဟင်း စသဖြင့်ပေါ့ကွာ..."

ကျန်းလျိုသည် နာမည်ကြီး စီချွမ်ဟင်းလျာ တစ်ဒါဇင်ကျော်ခန့်ကို တစ်ထိုင်တည်းနှင့် ရွတ်ပြလိုက်လေသည်။ တစ်ခါမှ မမြည်းစမ်းဖူးသော်လည်း ဟင်းနာမည်များကို ကြားလိုက်ရရုံဖြင့် ကျူးပါကျဲ၏ ပါးစပ်မှ သွားရည်များ ယိုကျလာလေတော့သည်။

ခဏအကြာ တိတ်ဆိတ်သွားပြီးနောက် ကျန်းလျိုက ဆက်ပြောလေသည်။

"ဥပမာအနေနဲ့ ပြောရရင်ကွာ... ရာသီဥတု အေးလာတဲ့အခါ… နှင်းတွေကျတဲ့ ဆောင်းရာသီ လတွေမှာ… အစပ်အရသာ ဟော့ပေါ့ တစ်အိုးကို စားသုံးရတာက တကယ့်ကို အရသာရှိတဲ့ ကိစ္စပဲ..."

"ဟော့ပေါ့... ဆရာတော် ပြောတဲ့ ဟော့ပေါ့ဆိုတာက ဘာကြီးလဲ..."

စွန်းဝူခုန်းနှင့် ကျူးပါကျဲ နှစ်ဦးစလုံး၏ မျက်လုံးများသည် စပ်စုလိုစိတ်ဖြင့် ပြူးကျယ်သွားကြ၏။ ကြောင်လက်သည်းလေးများနှင့် သူတို့၏ နှလုံးသားကို ကုတ်ခြစ်နေသကဲ့သို့ ယားယံလာသည်ကို ခံစားလိုက်ရလေသည်။

"ဆောင်းရာသီမှာ အကောင်းဆုံး အစားအစာက ဟော့ပေါ့ပဲလို့ ငါယုံကြည်တယ်ကွ… မီးတောက်နေတဲ့ အိုးကြီးတစ်လုံးပေါ့… အဲဒီပတ်ပတ်လည်မှာ လူတွေ အားလုံးဝိုင်းထိုင်ကြမယ်… ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုး ထည့်ထားမယ်... သေချာတာက ငရုတ်သီးကတော့ မပါမဖြစ်ပဲ… အရသာရှိတဲ့ ဟင်းရည်တစ်ခွက်ရယ်… အသားတွေ၊ ဟင်းသီးဟင်းရွက် အမျိုးစုံကို ရောနှောပြီး ထည့်လိုက်မယ်... အဲဒီအရသာကတော့လေ... စကားနဲ့တောင် ဖော်ပြလို့မရအောင် ကောင်းလွန်းတယ်ကွ..."

ဂလု…

ကျန်းလျိုက ရှင်းပြနေစဉ်မှာပင် ကျူးပါကျဲနှင့် စွန်းဝူခုန်း နှစ်ဦးစလုံးသည် တံတွေးများကို မျိုချလိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် တပ်မက်လိုချင်သော အရိပ်အယောင်များ ပြည့်နှက်နေလေသည်။

"သေချာတာပေါ့ကွာ... ငါတို့ ငရုတ်ကောင်းတချို့ကိုပါ ရှာတွေ့နိုင်မယ်ဆိုရင် ပိုကောင်းမှာပဲ… ဒယ်အိုးနဲ့ကင်ထားတဲ့ အမဲသားကင်လို့ ခေါ်တဲ့ ဟင်းတစ်ခွက်ကို ငါသိတယ်ကွ… အဲဒါကို အနေတော် ကျက်အောင်ကင်ပြီး ငရုတ်ကောင်းနက်ဆော့စ် လေး ဖြူးလိုက်မယ်ဆိုရင်တော့... အရသာက တကယ့်ကို ပြီးပြည့်စုံသွားမှာပဲ..."

ငရုတ်သီးအကြောင်းကို ပြောနေရင်း ကျန်းလျိုသည် ငရုတ်ကောင်းကိုပါ သတိရသွားလေတော့သည်။

"တော်ပါတော့ ဆရာတော်ရယ်… ဆက်မပြောပါနဲ့တော့… ဆက်ပြောနေရင် ကျွန်တော်မျိုး ဝက်ကြီးတော့ သည်းမခံနိုင်တော့ဘူးဗျာ…"

လက်ကျန်အကင်များကို အငမ်းမရ စားသောက်ရင်း ကျန်းလျို ဖော်ပြခဲ့သော အရသာရှိလှသည့် အစားအစာများကို ကျူးပါကျဲမှာ အလွန်အမင်း တပ်မက်တမ်းတနေခဲ့လေသည်။

"ကဲပါ... မင်းတို့တွေ ပစ္စည်းသိမ်းကြတော့ ငါတို့ ခရီးဆက်ရမယ်…"

စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့၏ တုံ့ပြန်မှုများကို မြင်သောအခါ ကျန်းလျိုသည် တဟဲဟဲ ရယ်မောလိုက်ပြီး သူ၏ အတွေးများကို ရပ်တန့်လိုက်လေသည်။ သူကိုယ်တိုင်ပင် ထိုအကြောင်းများကို ဆက်၍ မတွေးရဲတော့ချေ။ အကယ်၍ ဆက်တွေးနေပါက သူကိုယ်တိုင်လည်း ထိုသွေးဆောင်မှုကို တောင့်ခံနိုင်မည် မဟုတ်ပေ။

ကျန်းလျိုက ခေါင်းခါရမ်းလိုက်ကာ ထိုအရသာရှိသော အစားအစာများထံမှ အတွေးများကို အတင်းအကျပ် ဖယ်ခွာလိုက်ပြီး သူ၏ အိတ်နေရာလွတ်ကို ဖွင့်လိုက်လေသည်။ သူ၏ အကြည့်တို့သည် လေဝါမိစ္ဆာ ချန်ရစ်ခဲ့သော ပစ္စည်းများထံသို့ ကျရောက်သွားလေသည်။

အမှန်တကယ် ဆိုရလျှင် လေဝါမိစ္ဆာသည် အနည်းဆုံး မိစ္ဆာဘုရင် အဆင့်တွင် ရှိလေသည်။ သူသည် သာမန်ကိုယ်ခန္ဓာကို ကျော်လွန်ကာ နတ်အဆင့်သို့ ရောက်ရှိနေခြင်း ရှိမရှိကို မသိရသော်လည်း သူ့အား အနိုင်ယူလိုက်ခြင်းဖြင့် အဖိုးတန်သော တိုက်ပွဲဝင်ပစ္စည်းအချို့ကို ရရှိခဲ့သည်မှာ သေချာပေသည်။

ဆေးရည်များကို ဖယ်ထားလိုက်လျှင်ပင် အမှန်တကယ် လက်နက်ကိရိယာ အပိုင်းအစ အချို့ ပါဝင်နေသည်။ သို့သော်လည်း အဆင့် ၂၅ ရှိ ပြီးပြည့်စုံသော အရည်အသွေး မိစ္ဆာနှိမ်နင်းရေး ဓားသည် သူ့ လက်ထဲရှိ သံစပ်တုတ်ကြီးနှင့် မယှဉ်နိုင်သလို၊ အရည်အသွေးမြင့် ရဟန်းဦးထုပ် သည်လည်း ဝိဒျာရာဇာ သရဖူ နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။

ထို့ကြောင့် ထိုလက်နက်ကိရိယာ အပိုင်းအစများသည် များသောအားဖြင့် ပိုလျှံနေလေသည်။

သို့ရာတွင် ကျန်းလျိုအား တိတ်တဆိတ် ဝမ်းမြောက်သွားစေခဲ့သော ဒဏ္ဍာရီလာ အရည်အသွေး လက်စွပ်တစ်ကွင်း ပါဝင်လေသည်။ သူ၏ အကြည့်တို့ မြစိမ်းရောင် လက်စွပ်ပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ စွမ်းရည်အချက်အလက်များသည် ကျန်းလျို၏ ရှေ့မှောက်တွင် လျင်မြန်စွာ ပေါ်လာလေသည်။

မီးစုန်းစိမ်း အဆိပ်လက်စွပ် (ဒဏ္ဍာရီလာ အရည်အသွေး) - လိုအပ်သောအဆင့် ၂၅၊ တိုက်ခိုက်ရေးစွမ်းအား +၄၅၀၊ အထူးအကျိုးသက်ရောက်မှု - ပစ်မှတ်ကို အဆိပ်သင့်စေနိုင်သည့် ၅% အခွင့်အရေး၊ ၃၀၀ စက္ကန့်အတွင်း အသုံးပြုသူ၏ တိုက်ခိုက်မှုစွမ်းအားကို နှစ်ဆထိခိုက်စေနိုင်ခြင်း၊ ကြံ့ခိုင်မှု ၁၈/၂၅။

ကျန်းလျိုအတွက်မူ မီးစုန်းစိမ်း အဆိပ်လက်စွပ်၏ စွမ်းရည်များသည် အတော်လေး အစွမ်းထက်လှပေသည်။ တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးရုံသာမက အစွမ်းထက်သော အဆိပ်သက်ရောက်မှုလည်း ပါဝင်နေလေသည်။

သူ၏ လက်ချောင်းများပေါ်တွင် သစ်နီ လက်စွပ် နှင့် ဟွာလီ ဥပဒေသ လက်စွပ် ဟူ၍ လက်စွပ်နှစ်ကွင်း ရှိနေပြီးဖြစ်ရာ အနည်းငယ် စဉ်းစားပြီးနောက် သစ်နီ လက်စွပ် ကို အစားထိုးလဲလှယ်ရန် ဆုံးဖြတ်လိုက်လေသည်။

သံစပ်တုတ်၊ ဗိဒျာရာဇာ သရဖူ၊ ဟွာလီ ဥပဒေသ လက်စွပ်၊ မီးစုန်းစိမ်း အဆိပ်လက်စွပ်၊ နဂါးဝိညာဉ် လက်ကောက် နှင့် တောက်ပသည့် ဖိနပ်...

အနောက်အရပ်သို့ ခရီးစဉ် တစ်လျှောက်တွင် သူသည် ဒဏ္ဍာရီလာ အရည်အသွေး လက်နက်ကိရိယာ ခြောက်ခုကို ရရှိခဲ့ပြီး ဖြစ်သည်။ သူ၏ လက်နက်ကိရိယာ နေရာ ဆယ်ခုအနက် ခြောက်ခုကို ဤမျှ အရည်အသွေးမြင့်မားသော ပစ္စည်းများဖြင့် ဖြည့်ဆည်းထားနိုင်ခြင်းက သူ့အတွက် အတော်လေး ကျေနပ်စရာ ကောင်းလှပေသည်။

လေဝါမိစ္ဆာကို အနိုင်ယူပြီးနောက် ထွက်ကျလာသော ပစ္စည်းများထဲတွင် အများစုမှာ ပိုလျှံနေသည်ဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ မည်သည့်ပစ္စည်းကမှ သူ၏ လက်ရှိ လက်နက်ကိရိယာများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။

သူ၏ လက်နက်ကိရိယာများကို ခဏတာမျှ စစ်ဆေးပြီးနောက် စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့သည် အသားကင်ရန် လိုအပ်သော ပစ္စည်းအားလုံးကို သိမ်းဆည်းပြီးဖြစ်နေလေသည်။ ကျန်းလျိုသည် လက်ကိုမြှောက်ကာ ပစ္စည်းအားလုံးကို သူ၏ အိတ်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်ပြီး၊ အနောက်အရပ်သို့ ခရီးစဉ်ကို ဆက်လက်ထွက်ခွာခဲ့လေသည်။

နဂါးမြင်းဖြူ သည် ဖြည်းညင်းစွာ လျှောက်လှမ်းသွားပြီး ကျန်းလျိုကမူ ငြိမ်သက်စွာ ထိုင်ကာ ကောင်းကင်နဂါး ဓမ္မတေးသံ ကို အပတ်တကုတ် လေ့ကျင့်ရင်း သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေရန် စက္ကန့်တိုင်းကို အသုံးချနေခဲ့လေသည်။

"မာပိုတို့ဟူး... ငါးဆုတ်ပြုတ်စပ်ကြော်... ပြီးတော့ အစပ်အရသာ ဟော့ပေါ့..."

ကျူးပါကျဲက ကိုးသွား ထွန်ခြစ်ကို ကိုင်ဆောင်ကာ ရှေ့မှ လျှောက်သွားရင်း သူ့ဘာသာ တတွတ်တွတ် ရေရွတ်နေလေသည်။

စွန်းဝူခုန်းကမူ တစ်စုံတစ်ရာကို စဉ်းစားနေဟန်ဖြင့် ရှေ့မှ လျှောက်သွားလေသည်။

အနောက်အရပ်သို့ ခရီးစဉ် သွားနေသော ဤအဖွဲ့သည် လီနှစ်ဆယ်ခရီးကို တိတ်ဆိတ်စွာ ဖြတ်သန်းသွားခဲ့ကြလေသည်။

***

အပိုင်း(၂၀၄)

အစစ်အမှန် ယွမ်စွမ်းအင် ကို ရှစ်ဆယ့်တစ်ကြိမ်တိတိ အပြည့်အဝ လည်ပတ်စေပြီးနောက် ကျန်းလျိုသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဘေးနားရှိ စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ကို ကြည့်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် အံ့သြသွားသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားလေသည်။

ဤတိတ်ဆိတ်မှုသည် သူတို့အတွက် အနည်းငယ် ပုံမှန်မဟုတ်ချေ။ ပုံမှန်အားဖြင့်ဆိုလျှင် သူတို့၏ အချင်းချင်း ငြင်းခုံသံများကို နားထောင်ရသည်မှာ ဖျော်ဖြေမှုတစ်ခု ဖြစ်ပေသည်။

ကျူးပါကျဲကို လျစ်လျူရှုထား၍ ရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်သည် စောစောက ပြောခဲ့သော အရသာရှိလှသည့် ဟင်းလျာများထဲတွင် နစ်မြောနေဆဲ ဖြစ်သောကြောင့်တည်း။ သို့သော် တွေးတောနေဟန်ရှိသော မျောက်ကရော။ မည်သည့်အဓိပ္ပာယ် ဖြစ်နိုင်မည်နည်း။

"ဝူခုန်း... မင်း ဘာတွေ စဉ်းစားနေတာလဲ… လမ်းတစ်လျှောက်လုံး ထူးထူးဆန်းဆန်း တိတ်ဆိတ်နေပါလား..."

ကျန်းလျိုက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။

"ဆရာတော်... လေဝါမိစ္ဆာ ပြောသွားတဲ့ ရှစ်ဆယ့်တစ်ကြိမ်သော ဘေးဒုက္ခတွေအကြောင်းကို ကျွန်တော် တွေးနေတာပါ..."

စွန်းဝူခုန်းက ခေါင်းကို ကုတ်ရင်း ပြန်ဖြေလေသည်။

"ဒါက ဘာများ တွေးစရာ ရှိလို့လဲကွ… ငါတို့ရဲ့ အနောက်အရပ်ခရီးစဉ်က ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတာလေ… ပြီးတော့ မရေမတွက်နိုင်တဲ့ မိစ္ဆာဆိုးတွေ ရှိနေတော့ စမ်းသပ်မှုတွေနဲ့ ဒုက္ခတွေ ဆိုတာ မလွဲမသွေ ကြုံရမှာပဲ မဟုတ်ဘူးလား..."

စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ကျန်းလျိုက ခေါင်းခါလိုက်ပြီး ဤမျှ ရိုးရှင်းသော စကားများကို တွေးတောနေရန် မလိုအပ်ဟု ခံစားလိုက်ရလေသည်။

"မဟုတ်ဘူး ဆရာတော်… လေဝါမိစ္ဆာရဲ့ စကားထဲမှာ တခြား အဓိပ္ပာယ်တစ်ခု ရှိနေတယ်လို့ ဆရာတော် မထင်ဘူးလား..."

ကျန်းလျိုက ဂရုမစိုက်သော်လည်း စွန်းဝူခုန်းက ထပ်၍ ခေါင်းခါပြလေသည်။

"အို... တခြား အဓိပ္ပာယ်တစ်ခု ဟုတ်လား… ကဲ... ပြောပြစမ်းပါဦး..."

စွန်းဝူခုန်း၏ စကားများက ကျန်းလျို၏ စိတ်ဝင်စားမှုကို နိုးဆွပေးလိုက်လေသည်။ စွန်းဝူခုန်းသည် ရှစ်ဆယ့်တစ်ကြိမ်သော ဘေးဒုက္ခများ ဟူသည့် စကားလုံးများထဲမှ ခြားနားသော အဓိပ္ပာယ်တစ်ခုကို ခွဲခြားသိမြင်နိုင်ခြင်း ဖြစ်နိုင်မည်လော။

"လေဝါမိစ္ဆာက ကျွန်တော်တို့ရဲ့ အနောက်အရပ် ခရီးစဉ်မှာ ကြိုတင်သတ်မှတ်ထားတဲ့ ဘေးဒုက္ခ ရှစ်ဆယ့်တစ်ကြိမ်ကို ရင်ဆိုင်ရမယ်လို့ ပြောခဲ့တယ်… အဲဒီတော့ ကျွန်တော်တို့ နတ်ဝိညာဉ်တောင်တော် ကို ရောက်ချင်တယ်ဆိုရင် ဒီဒုက္ခ ရှစ်ဆယ့်တစ်ကြိမ်ကို ကျော်ဖြတ်ရမယ်ပေါ့… ဟုတ်တယ်မလား..."

စွန်းဝူခုန်းက မေးလိုက်လေသည်။

"အင်း... ဟုတ်တယ်..."

ကျန်းလျိုက ခေါင်းအနည်းငယ် ညိတ်ပြလိုက်လေသည်။ ဤသည်မှာ သူ၏ယခင်ဘဝကတည်းက သူသိထားခဲ့သော ပြဿနာတစ်ခု ဖြစ်လေသည်။

သို့သော်လည်း ကျန်းလျို ခေါင်းညိတ်လိုက်သည်ကို မြင်ပြီးနောက် စွန်းဝူခုန်းက ဆက်၍ မေးလိုက်လေသည်။

"ဒါဆိုရင် အခြား ရှုထောင့်တစ်ခုကနေ ကြည့်မယ်ဆိုရင် အနောက်ဘုံ နတ်ဝိညာဉ်တောင်တော်ကို အောင်မြင်စွာ ရောက်ရှိဖို့အတွက် ဒီ ရှစ်ဆယ့်တစ်ကြိမ်သော ဘေးဒုက္ခတွေကို အပြည့်အဝ ကြုံတွေ့ဖြတ်သန်းရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား..."

ဝုန်း…

ဤစကားသည် ကျန်းလျိုအား မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားစေပြီး သူ့အား လုံးဝ မှင်သက်သွားစေခဲ့လေသည်။

ထိုခဏတွင် စက္ကူတစ်ချပ် ဖောက်ထွင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

စွန်းဝူခုန်းသည် ကျန်းလျို၏ လက်ရှိအတွေးများကို မသိရှိဘဲ တိုးတိုးလေး ဆက်ပြောလေသည်။

"ဆရာတော်... တကယ်လို့ ကျွန်တော်တို့က လုံလောက်တဲ့ ရှစ်ဆယ့်တစ်ကြိမ်သော ဘေးဒုက္ခတွေကို မရင်ဆိုင်ရဘဲနဲ့ အနောက်ဘုံ နတ်ဝိညာဉ်တောင်တော်ကို စောစောရောက်သွားမယ်ဆိုရင် ဘာဖြစ်မယ်လို့ ထင်လဲ..."

"ဝူခုန်း... ဆက်မပြောနဲ့တော့… ငါ့ကို သေချာ စဉ်းစားခွင့်ပေးပါဦး..."

စိတ်ထဲတွင် အတွေးပေါင်းစုံ ချာချာလည်သွားသဖြင့် ကျန်းလျိုသည် လက်ကိုမြှောက်ကာ စွန်းဝူခုန်းအား တိတ်တိတ်နေရန် အချက်ပြလိုက်လေသည်။

ယနေ့ စွန်းဝူခုန်း ပြောလိုက်သော စကားသည် ကျန်းလျိုအတွက် အမှန်တကယ်ပင် ကြီးမားသော အလင်းပြမှုတစ်ခု ဖြစ်ခဲ့လေသည်။

သူ၏ ယခင်ဘဝ အသိအမြင်များကြောင့် ကျန်းလျိုသည် အနောက်အရပ်သို့ ခရီးစဉ် ရှိ ရှစ်ဆယ့်တစ်ကြိမ်သော စမ်းသပ်မှုများအပေါ် များများစားစား မတွေးတောခဲ့မိချေ။ အမှန်တကယ်တွင်မူ ဤရှစ်ဆယ့်တစ်ကြိမ်သော စမ်းသပ်မှုများကို အခွင့်အရေး ရှစ်ဆယ့်တစ်ခုအဖြစ် သူ သတ်မှတ်ထားခဲ့လေသည်။

ထို့ကြောင့် ယခင် ကွမ်ယင် ဇင်ကျောင်းတော် တွင်ဖြစ်စေ၊ ယခု လေဝါတောင်ကြော တွင်ဖြစ်စေ၊ သူသည် မူလဇာတ်ကြောင်းကို အသက်ဝင်လာစေရန် ရည်ရွယ်၍ ၎င်းတို့ကို တက်ကြွစွာ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယနေ့ စွန်းဝူခုန်း၏ စကားများက ကျန်းလျိုအား အသိဝင်လာစေပြီး သူ အမြင်ကျဥ်းခဲ့မိကြောင်း နားလည်သွားစေခဲ့လေသည်။

အနောက်အရပ်သို့ ခရီးစဉ် နှင့် ၎င်း၏ ရှစ်ဆယ့်တစ်ကြိမ်သော စမ်းသပ်မှုများအကြောင်းကို ပြန်လည်သုံးသပ်ပြီး ပြောင်းပြန်တွေးကြည့်မည် ဆိုပါက ရှစ်ဆယ့်တစ်ကြိမ်သော စမ်းသပ်မှုများကို ပြီးမြောက်ခြင်းသည် ကျမ်းစာပင့်ဆောင်ရေး ခရီးစဉ် ပြီးဆုံးခြင်းကို ကိုယ်စားပြုသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

မူလဇာတ်လမ်းထဲတွင်ကဲ့သို့ပင် စမ်းသပ်မှုတစ်ခု မပြီးပြတ်သေးသည့် အသေးစား ချို့ယွင်းချက်တစ်ခု ရှိနေသောအခါ စွန်းဝူခုန်းတို့သည် နတ်ဝိညာဉ်တောင်တော် သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဤနောက်ဆုံး စမ်းသပ်မှုအတွက် မဖြစ်မနေ ပြန်လည် ဖြည့်ဆည်းခဲ့ရသည် မဟုတ်ပါလော။

ထို့ကြောင့် ဤ အနောက်အရပ်သို့ ခရီးစဉ် တွင် အကယ်၍ သူသာ တကယ် စွမ်းဆောင်နိုင်ခဲ့မည် ဆိုလျှင် ဤစမ်းသပ်မှုများ ဆိုသည်မှာ အလျဉ်း တည်ရှိနေမည် မဟုတ်ပေ။ ဥပမာအနေဖြင့် ဆိုရလျှင် မူလဇာတ်လမ်းရှိ ဤလေဝါတောင်ကြော ဖြစ်ရပ်သည် ရှစ်ဆယ့်တစ်ကြိမ်သော စမ်းသပ်မှုများထဲမှ တစ်ခုဖြစ်သည်မှာ သေချာလှပေသည်။

သို့သော် ယခုမူ လေဝါတောင်ကြောသို့ ရောက်လာသောအခါ လေဝါမိစ္ဆာသည် သူ့ကို ကြောက်လန့်တကြား ထွက်ပြေးခဲ့ရသည်။ ထို့နောက် သူက နောက်မှလိုက်ကာ ထိုမိစ္ဆာကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပြီး အတွေ့အကြုံမှတ် များနှင့် ပစ္စည်းများကို အများအပြား ရရှိခဲ့လေသည်။

ထိုအရာကို စမ်းသပ်မှု တစ်ခုဟု သတ်မှတ်၍ ရပါမည်လော။ မဖြစ်နိုင်ချေ။

ဇာတ်လမ်းတွင် မူလက ရည်ရွယ်ထားသည့်အတိုင်း ဤစမ်းသပ်မှုသည် သူ့အတွက် စိန်ခေါ်မှု မဖြစ်ခဲ့ချေ။ ဤသို့ဆိုလျှင် ကွမ်ယင် အနေဖြင့် သူ့အား ဤစမ်းသပ်မှု ကျရောက်စေရန် အခြားနည်းလမ်းတစ်ခုကို ရှာဖွေရနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

ရှေ့ဆက်၍ ကြည့်မည်ဆိုလျှင် ထိုစမ်းသပ်မှုများသည် ကျန်းလျိုအတွက် စိန်ခေါ်မှုတစ်ခု မဟုတ်တော့ချေ။ သူသည် ရှစ်ဆယ့်တစ်ကြိမ်သော စမ်းသပ်မှုများကို အမြဲတမ်း မပြီးမြောက်နိုင်ဘဲ ဖြစ်နေပါက သူ၏ ခရီးစဉ်ကို အချိန်ဆွဲနေရန် လိုအပ်တော့မည် မဟုတ်ပေ။ ကွမ်ယင် ကိုယ်တိုင်ကပင် သူ၏ခရီးကို နှောင့်နှေးစေရန် နည်းလမ်းများကို တက်ကြွစွာ ရှာဖွေလာနိုင်သည် မဟုတ်ပါလော။

ဤသို့တွေးမိသောအခါ ကျန်းလျိုသည် သူ့ဘာသာ တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။

သူ့ဘက်က စမ်းသပ်မှုများကို စမ်းသပ်မှု မဟုတ်တော့သည်အထိ ပြောင်းလဲပစ်လိုက်ခြင်းတို့ကြောင့် ကွမ်ယင်သည် သူ့အတွက် ပိုမိုများပြားသော စိန်ခေါ်မှုများ ဖန်တီးရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို သေချာပေါက် ကြိုးစားလာပေလိမ့်မည်။

သူမ က မိစ္ဆာများကို ပိုလွှတ်လေလေ သူက ပိုပြီး မြန်မြန် ကြီးထွားလာလေလေ ဖြစ်မှာ အသေအချာပင်။

ဤသည်မှာ အနောက်အရပ်သို့ ခရီးစဉ် ကို ချဉ်းကပ်ရန် မှန်ကန်သော နည်းလမ်းများ ဖြစ်နေနိုင်မည်လော။

အတွေးများ ရှင်းလင်းသွားသောအခါ ကျန်းလျိုသည် အနာဂတ် အနောက်အရပ်သို့ ခရီးစဉ် အတွက် သူ၏ မဟာဗျူဟာကို အနည်းငယ် ပြုပြင်ပြောင်းလဲရန် စဉ်းစားလိုက်လေတော့သည်။

အချိန်ဆွဲခြင်းသည် အရေးကြီးသော်လည်း အမှန်တကယ် အရေးပါမှုမှာ ဤစမ်းသပ်မှုများ ဆိုသည်တို့အပေါ်တွင် မူတည်နေသည် မဟုတ်ပါလော။

ဤစမ်းသပ်မှုများ ဆိုသည်ကို အချည်းနှီး ဖြစ်သွားစေခြင်းဖြင့် ဤ အနောက်အရပ်သို့ ခရီးစဉ် ကို အကန့်အသတ်မရှိ ရှည်လျားသွားစေပြီး သူ့ကိုယ်သူ တိုးတက်လာစေရန် လုံလောက်သော အချိန်များ ပေးစွမ်းနိုင်မည် မဟုတ်ပါလော။

"ဟေး... ဆရာတော်… သဘောပေါက်သွားပြီလား... ဘာတွေဖြစ်နေတာလဲ... ကျွန်တော် စွန်းဝူခုန်းကတော့ လမ်းတစ်လျှောက်လုံး စဉ်းစားလာတာ အခုထိ နားမလည်နိုင်သေးဘူး..."

ကျန်းလျို၏ ပြောင်းလဲလာသော မျက်နှာအမူအရာများနှင့် တဖြည်းဖြည်း နားလည်သဘောပေါက်သွားပုံကို မြင်သောအခါ စွန်းဝူခုန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။

"အစ်ကိုကြီးမျောက်... ခင်ဗျားကတော့ ထမင်းဝပြီး အလကားနေရင်း သောကရောက်နေတာပဲ..."

အစားအသောက်များထံမှ အတွေးအာရုံ လွှဲပြောင်းသွားဟန်ရှိသော ကျူးပါကျဲက စွန်းဝူခုန်းနှင့် ကျန်းလျိုတို့၏ စကားဝိုင်းကို ကြားသောအခါ ခေါင်းခါလျက် ကြားဖြတ်ပြောလိုက်လေသည်။

"ဒီအရူးကောင်... မင်းဘာတွေပြောနေတာလဲ... အနောက်အရပ်ကို သွားမယ့်လမ်းမှာ ရှစ်ဆယ့်တစ်ကြိမ်သော စမ်းသပ်မှုတွေကို ရင်ဆိုင်ရဖို့ ကံစီမံထားတယ်ဆိုတာ သိရက်နဲ့… ငါတို့ သေချာ မစဉ်းစားသင့်ဘူးလား... ငါတို့တွေ အကြီးအကျယ် နစ်နာသွားရင် ဘယ်လိုလုပ်မလဲ..."

ကျူးပါကျဲ၏ စကားများကြောင့် စွန်းဝူခုန်းသည် ဒေါသတကြီးဖြင့် သူ၏နားရွက်များကို ဆွဲလိမ်ကာ ပြင်းပြင်းထန်ထန် ဆူပူလိုက်လေသည်။

"အာ့... အာ့... အာ့... ခင်ဗျားလက်ကို လွှတ်စမ်းပါ… ဒီမျောက်စုတ်..."

စွန်းဝူခုန်းက သူ၏ ဝက်နားရွက်များကို ဆွဲလိမ်ထားသဖြင့် နာကျင်စွာ အော်ဟစ်ရင်း ကျူးပါကျဲက အသံကျယ်ကြီးဖြင့် အော်လိုက်လေသည်။

စွန်းဝူခုန်းက နှာတစ်ချက် မှုတ်ကာ လွှတ်ပေးလိုက်၏။ ကျူးပါကျဲက သူ၏နားရွက်များကို ပွတ်သပ်ရင်း စိတ်တိုတိုဖြင့် ပြန်ပြောလိုက်လေသည်။

"မင်း မစဉ်းစားမိဘူးလား မျောက်စုတ်ရ... လေဝါမိစ္ဆာ ပြောသွားတယ် မဟုတ်ဘူးလား… အဲဒီ ရှစ်ဆယ့်တစ်ကြိမ်သော ဘေးဒုက္ခတွေဆိုတာ ဗောဓိသတ်နဲ့ ဘုရားရှင်တို့ စကားပြောနေတုန်း သူ ကြားခဲ့ရတာလေ...”

"ဒါဆိုရင်… ဒီခရီးစဉ်တစ်လျှောက် ငါတို့ရင်ဆိုင်ရမယ့် စမ်းသပ်မှုတွေ အားလုံးကို ဗောဓိသတ်နဲ့ ဘုရားရှင်တို့က သိနေတယ်လို့ ဆိုလိုတာပေါ့… သူတို့သိနေမှတော့ ငါတို့ တကယ်ပဲ မကျော်ဖြတ်နိုင်တဲ့ အခက်အခဲကြီးနဲ့ ကြုံလာရရင် သူတို့က ဒီတိုင်း ရပ်ကြည့်နေပါ့မလား… ဒါကြောင့် မင်း အလကားနေရင်း သောကရောက်နေတာလို့ ပြောတာပေါ့..."

နဂါးမြင်းဖြူသည် ခေါင်းကိုငုံ့ကာ တိတ်ဆိတ်စွာ ဆက်လျှောက်နေခဲ့၏။ သူသည် နောင်တော်ကြီး နှစ်ပါးကြားရှိ ငြင်းခုံမှုတွင် ဝင်မပါရဲသော်လည်း ယနေ့ ကျူးပါကျဲ၏ စကားများကို ကြားသောအခါ ခေါင်းကို အနည်းငယ် မော့၍ သူ့အား တစ်ချက်လှမ်းကြည့်လိုက်ကာ သဘောတူသည့်အနေဖြင့် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်လေသည်။

ဒုတိယ အစ်ကိုကြီးသည် ကောင်းကင်ဘုံ၌ နှစ်ပေါင်းများစွာ ထျန်းဖုန်စစ်သူကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော သူ၏ မူလဇာစ်မြစ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ ဝက်မိစ္ဆာအဖြစ် ဝင်စားလာပြီးနောက် ပျင်းရိကာ ရိုးအဟန်ရှိသော်လည်း အချို့သော ကိစ္စရပ်များတွင် နောင်တော်ကြီးထက်ပင် အမြော်အမြင် ပိုရှိကြောင်း ပြသနေပေသည်။

"ဟူး..."

ကျန်းလျိုသည်လည်း ကျူးပါကျဲကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။

အမှန်တကယ်ပင် သူ့တွင် ရွေးချယ်ခွင့်သာ ရှိမည်ဆိုပါက ကျန်းလျိုအနေဖြင့် မဟာယနဂိုဏ်း၏ အစီအစဉ်အတိုင်း လိုက်နာကာ အနောက်အရပ်သို့ ခရီးစဉ်ကို ဘေးကင်းပျော်ရွှင်စွာ လျှောက်လှမ်းပြီး နောက်ဆုံးတွင် စန္ဒကူး ကုသိုလ်တော် ဗုဒ္ဘွဲ့ကို ဝမ်းမြောက်ဝမ်းသာစွာ လက်ခံယူရန် မည်သို့လျှင် ဆန္ဒမရှိဘဲ နေမည်နည်း။

ကံဆိုးစွာပင်... ကောင်းယန်နှင့် သူ့ကိုယ်သူ ကယ်တင်ရန်အတွက် သူသည် ခုခံတော်လှန်ရန် နည်းလမ်းကိုသာ ရှာဖွေနိုင်ခဲ့လေသည်။

မည်သို့ပင်ဆိုစေကာမူ ထောင့်ကျဉ်းထဲ ရောက်နေသော ခွေးတစ်ကောင်သည် နံရံကို ကျော်တက်မည်ဖြစ်ပြီး ထောင့်ကျဉ်းထဲ ရောက်နေသော ယုန်တစ်ကောင်သည်လည်း ကိုက်တတ်သည် မဟုတ်ပါလော။

***

All Chapters