← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 15 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 15 Ch. 207-208

အပိုင်း(၂၀၇)

ကျန်းလျိုက ရှေ့သို့ လှမ်းကြည့်လိုက်ရာ ကုန်းမြေနှင့် ရေပြင်အကြား ရှင်းလင်းသော နယ်နိမိတ်မျဉ်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

သူတို့ ပို၍ နီးကပ်လာသောအခါ ရေပြင်ထဲတွင် အဆုံးမဲ့ သဲနွံများ ပြည့်နှက်နေပြီး ရေစီးကြောင်းနှင့်အတူ သဲပွင့်များ ရွေ့လျားနေသည်ကို မြင်တွေ့လိုက်ရ၏။ ထိုမြင်ကွင်းသည် အလွန် ထူးဆန်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေလေသည်။

အံ့သြစရာအကောင်းဆုံးအချက်မှာ မြစ်၏ ကျယ်ပြန့်မှုပင် ဖြစ်သည်။ တစ်ဖက်ကမ်းကိုပင် မမြင်ရနိုင်လောက်အောင် ကျယ်ဝန်းလှသဖြင့် အစပိုင်းတွင် စွန်းဝူခုန်းက ပင်လယ်ဟု အထင်မှားခဲ့ခြင်းမှာ မဆန်းပေ။

"အစ်ကိုကြီးမျောက်... ဒါက မြစ်ပါဗျ… သူက တခြားမြစ်တွေထက် အများကြီး ပိုကျယ်နေရုံလေးပါ..."

ရေတပ်စစ်သည် ရှစ်သောင်းကို ကွပ်ကဲခဲ့ဖူးသော စစ်သူကြီးဟောင်း တစ်ဦးဖြစ်သည့် ကျူးပါကျဲသည် မြစ်ကြမ်းပြင်သို့ ချဉ်းကပ်သွားပြီးနောက် အကြမ်းဖျင်း အကဲခတ်ကာ ယုံကြည်မှုရှိရှိဖြင့် ကြေညာလိုက်လေသည်။

"ငါတို့ လျိုရှားမြစ် ကို ရောက်နေပြီလား… တကယ်ကို ရှုမငြီးတဲ့ မြင်ကွင်းပဲကွ..."

ကျန်းလျိုသည် နဂါးမြင်းဖြူ ပေါ်မှ ဆင်းကာ မြစ်ကမ်းဘေးတွင် မတ်တတ်ရပ်လျက် အဆုံးအစမမြင်ရသော အဝေးဆီသို့ လှမ်းကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် အံ့သြချီးကျူးလိုက်မိလေသည်။

မူလစာသားထဲတွင် လျိုရှားမြစ်သည် အလျား လီပေါင်း သောင်းနှင့်ချီ၍ ရှည်လျားပြီး အနံ လီ ရှစ်ရာ ရှိကာ ဖြတ်သန်းသွားရန် မဖြစ်နိုင်သော ချောက်ကမ်းပါးကြီး တစ်ခုအလား တည်ရှိနေကြောင်း ဖော်ပြထားလေသည်။

ကျန်းလျိုသည် တစ်ချိန်က ဤသည်မှာ ချဲ့ကားပြောဆိုထားခြင်း ဖြစ်သည်ဟု ထင်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ထိုသို့ ချဲ့ကားထားပုံ မရတော့ချေ။

"မြစ်ဟုတ်လား... ဒီလောက် ကျယ်တဲ့ မြစ်မျိုးက တကယ်ကို ရှားရှားပါးပါးပဲ..."

စွန်းဝူခုန်းသည်လည်း စပ်စုလိုစိတ်ဖြင့် မြစ်ကမ်းဘေးရှိ ရေအချို့ကို ခပ်ယူလိုက်လေသည်။ သူ၏ လက်ဖဝါးထဲရှိ ရေတွင် သဲအနည်းငယ် ပါဝင်နေပြီး သောက်သုံး၍မရနိုင်ကြောင်း ညွှန်ပြနေသည်။ သို့သော် ဖွဖွလေး နမ်းကြည့်လိုက်သောအခါ ပင်လယ်ရေ၏ ငန်ကျိကျိ အနံ့မျိုး မရှိချေ။

"ဒီမြစ်က ဘာများ သိပ်အံ့သြစရာ ကောင်းနေလို့လဲဗျာ… ကျုပ် ထျန်းဖုန်စစ်သူကြီး ရာထူးကို ယူထားတုန်းက ကောင်းကင်မြစ် ကမှ တကယ့်ကို ကျယ်တာဗျ..."

စွန်းဝူခုန်းက မြစ်၏ အကျယ်ကို ချီးကျူးနေသည်ကို ကြားသောအခါ ကျူးပါကျဲက ခေါင်းခါလျက် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ကြွားလုံးထုတ်လိုက်လေသည်။

"ကဲ... လောလောဆယ် အံ့သြနေတာတွေကို ရပ်လိုက်ကြရအောင်..."

စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့၏ စကားပြောသံများကို ကြားသောအခါ အကယ်၍ သူတို့သာ ဆက်ပြောခွင့် ပြုလိုက်ပါက ငြင်းခုံပွဲအဖြစ် ပြောင်းလဲသွားမည်ကို ကျန်းလျို သိထားသဖြင့် ကြားဖြတ်ဟန့်တားလိုက်ပြီး ပြောလိုက်လေသည်။

"ကဲ... အခု ငါတို့ ဒီမြစ်ကို ဘယ်လို ဖြတ်ကူးကြမလဲ ဆိုတာ ဆွေးနွေးကြရအောင်..."

"ဆရာတော်... အဲဒါက လွယ်လွယ်လေးပါ… ရှောင်ပိုင် က နဂါးတစ်ကောင်ပဲ မဟုတ်လား… သူက ဆရာတော်ကို မြစ်ကို ဖြတ်ပြီး သယ်သွားမယ်ဆိုရင် ကုန်းပေါ်မှာ ပြေးတာထက်တောင် ပိုမြန်ဦးမယ်..."

ကျူးပါကျဲသည် ကျန်းလျို၏ မေးခွန်းကို ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်လေသည်။

"ဟုတ်ပါတယ် ဆရာတော်... ကျွန်တော်မျိုးက ဆရာတော်ကို မြစ်ကို ဖြတ်ပြီး သယ်သွားပေးနိုင်ပါတယ်..."

မြင်းဖြူတစ်ကောင်အဖြစ် အသွင်ပြောင်းထားသော်လည်း သူ၏ စိတ်နှလုံးသည် နဂါးတစ်ကောင် ဖြစ်နေဆဲပင်။ ကျူးပါကျဲ၏ အကြံပြုချက်ကို ကြားသောအခါ နဂါးမြင်းဖြူ က ခေါင်းညိတ်၍ စိတ်အားထက်သန်စွာဖြင့် သူကိုယ်တိုင် တာဝန်ယူပါမည်ဟု ဆိုလေသည်။

"ဟုတ်လို့လား..."

နဂါးမြင်းဖြူ နှင့် ကျူးပါကျဲတို့၏ စကားများကြောင့် ကျန်းလျိုသည် အံ့အားသင့်သွားလေသည်။

သူတို့၏ အကြောင်းပြချက်သည် ယုတ္တိတန်နေသော်လည်း မူလဇာတ်လမ်းထဲတွင် အဘယ်ကြောင့် ဤနည်းလမ်းကို တစ်ခါမှ အသုံးမပြုခဲ့သနည်း။

လျိုရှားမြစ် ထဲတွင် ရှာဘုန်းကြီး ပုန်းအောင်းနေသည် မဟုတ်ပါလော။ ထို့ပြင် သူက ကျန်းလျိုကို မှတ်မိမည်၊ မမှတ်မိမည်မှာလည်း မသေချာချေ။ အကယ်၍ မြစ်ကို ဖြတ်ကူးနေစဉ် ပြဿနာတစ်ခုခု အမှန်တကယ် ဖြစ်ပေါ်လာပါက အကျိုးဆက်များကို ခန့်မှန်းရခက်ပေလိမ့်မည်။

ဘဝဆယ်ဆက်တိုင်အောင် ကျင့်ကြံခဲ့သည့် လူကောင်းတစ်ယောက်အဖြစ် လူသိများသော ထန်ဆရာတော် သည် ယခင် ဘဝကိုးဆက်လုံးလုံး ရှာဘုန်းကြီး ၏ စားသောက်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။

"မင်းတို့ရဲ့ စကားတွေက ယဉ်ကျေးပေမယ့်… ဒီအဆုံးအစမရှိတဲ့ မြစ်ကြီးကို ဖြတ်ကူးတဲ့အခါမှာ သတိထားတာ အကောင်းဆုံးပဲကွ… ရေထဲမှာ အစွမ်းထက်တဲ့ မိစ္ဆာဆိုးတွေ ရှိမရှိ အရင် စောင့်ကြည့်ရအောင်..."

အသက်နှင့် ရင်း၍ လောင်းကစား မလုပ်လိုသောကြောင့် ကျန်းလျိုသည် စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ကို ပြောလိုက်လေသည်။

"အင်း... ဆရာတော် ပြောတာ သဘာဝကျတယ်… ပါကျဲ... မင်း ရေထဲဆင်းပြီး တစ်ချက်လောက် သွားကြည့်ပါလား..."

စွန်းဝူခုန်းသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ဘေးနားရှိ ကျူးပါကျဲဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ငါက ဘာလို့ သွားရမှာလဲ... အစ်ကိုကြီးမျောက်... မင်း ကောင်းကင်နဲ့ မြေကြီးကို ဖြတ်သန်းသွားလာနိုင်တယ်… အစွမ်းထက်တယ် ဆိုပြီး အမြဲ ကြွားလုံးထုတ်နေတာ မဟုတ်ဘူးလား..."

ပျင်းရိစိတ်များ ဝင်ရောက်လာသဖြင့် ကျူးပါကျဲသည် သိပ်မလိုလားစွာဖြင့် ပြန်ပြောလိုက်လေသည်။

"မင်းကိုယ်မင်း ထျန်းဖုန်စစ်သူကြီး ဖြစ်ခဲ့တယ်လို့ အမြဲပြောနေတာ မဟုတ်ဘူးလား... ရေထဲက ကိစ္စတွေနဲ့ ပတ်သက်ရင် မင်းက ပိုပြီး ရင်းနှီးကျွမ်းဝင်ရမှာပေါ့… ငါ မျောက်ဖိုးဖိုးကြီး သွားရမယ်ဆိုရင် ရေရှောင်ဂါထာကို ရွတ်ရဦးမယ်... တကယ်လို့ တိုက်ပွဲဖြစ်လာခဲ့ရင်… ငါ့ရဲ့ အစွမ်းအစ အပြည့်အဝ ထုတ်သုံးဖို့ မလွယ်ဘူးကွ..."

စွန်းဝူခုန်းက ခေါင်းခါလျက် ရေထဲသို့ ဝင်ရောက်ရခြင်းကို မနှစ်သက်ဟန် ပြလေသည်။

"ကောင်းပြီလေ... အဲဒါဆို ငါ ဝက်အိုကြီးပဲ ရေထဲဆင်းပြီး သွားကြည့်လိုက်မယ်..."

ရေထဲတွင် တိုက်ခိုက်နေစဉ် ရေရှောင်ဂါထာ ကို ရွတ်ဖတ်ခြင်းက အာရုံစူးစိုက်မှုကို လျော့ကျစေနိုင်သည် ဟူသော စွန်းဝူခုန်း၏ အကြောင်းပြချက်ကို လက်ခံသွားသဖြင့် ကျူးပါကျဲသည် မလိုလားစွာဖြင့် ခေါင်းခါလိုက်ပြီး သူ၏ ထွန်ခြစ်ကို မလိုက်သည်။ ထို့နောက် အားကောင်းသော ခုန်ပျံမှုတစ်ခုဖြင့် လျိုရှားမြစ်ထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားလေတော့သည်။

သူသည် အချိန် တစ်နာရီခန့် (တရုတ်အချိန်တစ်နာရီ = လက်ရှိ နှစ်နာရီ) ရေကူးကာ လိုက်လံရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ချေ။

ထို့နောက်... သူသည် မြစ်ကြမ်းပြင်တွင် လှဲအိပ်ရင်း အနားယူနေလိုက်လေသည်။

ဤမျှ ကျယ်ပြောလှသော မြစ်ကြီးထဲတွင် မိစ္ဆာတစ်ကောင်ကို ရှာဖွေရသည်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။

နောက်ထပ် အချိန် နှစ်နာရီခန့် ကြာမြင့်သွားပြီးနောက် ကျူးပါကျဲသည် နောက်ဆုံးတွင် ရေပြင်ပေါ်သို့ ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရေစက်များကို ခါထုတ်လိုက်ကာ ပြောလိုက်လေသည်။

"ဆရာတော်... ရေအောက်မှာ ကျွန်တော် လိုက်ရှာကြည့်ပြီးပြီ… အစွမ်းထက်တဲ့ မိစ္ဆာ ဘာတစ်ကောင်မှ မတွေ့ဘူး..."

"မတွေ့ဘူး ဟုတ်လား..."

ဤစကားကို ကြားသောအခါ ကျန်းလျို၏ ရင်ထဲတွင် လှုပ်ရှားသွားလေသည်။

သူတို့သည် အချိန်စော၍ ထွက်ခွာလာခဲ့ခြင်းကြောင့် ရှာဘုန်းကြီး သည် လျိုရှားမြစ်သို့ မရောက်ရှိသေးခြင်းများ ဖြစ်နိုင်မည်လော။ သို့သော် ထပ်မံ စဉ်းစားကြည့်သောအခါ ၎င်းသည် ဖြစ်နိုင်ခြေ မရှိဟု ထင်ရလေသည်။

"ဒါမှမဟုတ် တခြား ပြဿနာတစ်ခုခု ရှိနေတာလား..."

ကျန်းလျိုသည် စိတ်ထဲတွင် ခဏတာ စဉ်းစားသုံးသပ်ပြီးနောက် တွေးတောလိုက်လေသည်။

မည်သို့ပင်ဖြစ်စေ စွန်းဝူခုန်း၊ ကျူးပါကျဲနှင့် နဂါးဖြူလေး တို့က သူ့ကို ကာကွယ်ပေးနေပြီး ပိုးဖဲသင်္ကန်း နှင့် ကွင်းကိုးကွင်းပါ တောင်ဝှေး တို့ကိုလည်း ကိုင်ဆောင်ထားသဖြင့် သူ၏ လုံခြုံရေးအတွက် သိပ်ပြီး စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။

တစ်ခဏမျှ စဉ်းစားပြီးနောက် ကျန်းလျိုက ခေါင်းညိတ်ပြလိုက်လေသည်။

ကျန်းလျိုသည် နဂါးမြင်းဖြူ ၏ ကျောပေါ်သို့ တက်ထိုင်လိုက်ပြီးနောက် နဂါးမြင်းဖြူ သည် လျိုရှားမြစ် ထဲသို့ ခုန်ဆင်းသွားလေသည်။ သူ၏ ခွာများသည် ရေပြင်ကို သိပ်မလှုပ်ခတ်စေဘဲ မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ဖြတ်ကူးသွားနိုင်လေသည်။

"နဂါးမျိုးနွယ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တာပဲ… မြင်းဖြူတစ်ကောင်လို အသွင်ပြောင်းထားပေမယ့်လည်း… ရေထဲမှာ ငါးတွေလို လွယ်လွယ်ကူကူ သွားလာနိုင်တယ်..."

နဂါးမြင်းဖြူ ရှေ့သို့ တည်ငြိမ်စွာ ရေကူးသွားသည်ကို ကြည့်ရင်း ကျန်းလျိုသည် စိတ်ထဲမှ အံ့သြချီးကျူးနေမိလေသည်။

"သွားကြစို့..."

နဂါးမြင်းဖြူ သည် ကျန်းလျိုကို သယ်ဆောင်ကာ လျိုရှားမြစ် ကို ဖြတ်ကူးနေစဉ် စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့သည်လည်း ထွက်ခွာလာခဲ့ကြသည်။ မျောက်နှင့် ဝက်တို့သည် လေထဲတွင် ဝဲပျံကာ မြစ်ကို ဖြတ်ကူးရန် ဦးတည်သွားကြလေသည်။

သို့သော်လည်း သူတို့သည် လီနှစ်ဆယ်၊ သုံးဆယ်ခန့်မျှသာ ရေကူးလာရသေးချိန်တွင် ရုတ်တရက် လျိုရှားမြစ် ၏ ရေပြင်သည် ပုံမှန်မဟုတ်ဘဲ လှိုင်းထန်လာသည်။ ထို့ကြောင့် မြင်းပေါ်တွင် ထိုင်နေသော ကျန်းလျိုမှာ ယိမ်းယိုင်သွားကာ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့လေသည်။

ဝှစ်…

လျိုရှားမြစ် အထက်ရှိ လေထုသည် ငြိမ်သက်နေပြီး လှိုင်းတံပိုးများ ဖြစ်ပေါ်စေမည့် လေပြင်းများ မရှိပေ။ သို့သော်လည်း ရေပြင်သည် ဆူနာမီလှိုင်းလုံးကြီးများအလား ကြီးမားမြင့်မားသော လှိုင်းတံပိုးများအဖြစ် အထက်သို့ လွင့်စင်ထွက်ပေါ်လာလေသည်။ ရေကူးကျွမ်းကျင်သော နဂါးဖြူလေး ပင်လျှင်၊ ယခု မြင်းအသွင်ဖြင့် ကျန်းလျိုကို ကျောပေါ်တွင် တင်ဆောင်ထားရသဖြင့် ဟန်ချက်ညီအောင် ထိန်းသိမ်းရန် ရုန်းကန်နေရလေသည်။

"ဆရာတော်... သတိထားပါ… ပြုတ်မကျစေနဲ့နော်..."

နဂါးမြင်းဖြူ သည် တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားရင်း ကျန်းလျိုကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။

"ဒီငတုံး... မင်း စောစောက ဘယ်လို ကင်းထောက်ခဲ့တာလဲ... ရေထဲမှာ အနှောင့်အယှက်ပေးနေတဲ့ မိစ္ဆာဆိုး ရှိနေတာ အသေအချာပဲ..."

ဤအခြေအနေကို မြင်သောအခါ စွန်းဝူခုန်းသည် အံ့အားသင့်ကာ ဒေါသထွက်သွားပြီး ကျူးပါကျဲကို အပြစ်တင် ဆူပူလိုက်လေသည်။

"ကျွန်တော် ဝက်ကြီး လည်း မသိဘူးလေ... မိစ္ဆာက အရမ်း နက်နက်မှာ ပုန်းနေလို့ သူ့ကို ရှာမတွေ့တာလည်း ဖြစ်နိုင်တာပဲ..."

ကျူးပါကျဲက ခေါင်းငုံ့ကာ အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြန်ပြောလေသည်။

ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများနှင့်အတူ ကြီးမားလှသော ရေဝဲကြီးတစ်ခု ပေါ်ထွက်လာပြီး ကျန်းလျိုမှာ ချက်ချင်းပင် ရေထဲသို့ လွင့်စင်ကျသွားလေတော့သည်။

ကံကောင်းထောက်မစွာဖြင့် ကျူးပါကျဲသည် လျင်မြန်စွာ လှုပ်ရှားလိုက်နိုင်ပြီး ပြုတ်ကျသွားသော ကျန်းလျိုကို ဖမ်းဆွဲလိုက်လေသည်။ သူတို့ အဖွဲ့သည် အမြန်ဆုတ်ခွာလာခဲ့ကြလေ၏။

လက်ရှိ၌ သူတို့သည် ကမ်းခြေမှ လီနှစ်ဆယ်၊ သုံးဆယ်ခန့် အကွာအဝေးတွင်သာ ရှိသေးသဖြင့် အချိန်တိုအတွင်းမှာပင် လူတိုင်းသည် လျိုရှားမြစ်၏ ကမ်းခြေသို့ ပြန်လည်ရောက်ရှိ သွားကြလေသည်။

***

အပိုင်း(၂၀၈)

“ဟတ်ချိုး…”

အေးခဲသော ဆောင်းရာသီလများ ဖြစ်သောကြောင့် မြစ်ထဲသို့ ပြုတ်ကျသွားပြီးနောက် ကျန်းလျိုသည် တစ်ကိုယ်လုံး အေးစက်သွားပြီး နှာများ ဆက်တိုက်ချေကာ သူဝတ်ဆင်ထားသော သင်္ကန်းကို ပိုမိုတင်းကြပ်စွာ ဆွဲခြုံလိုက်မိလေသည်။

"ဆရာတော်... ကျွန်တော် ဝက်ကြီး ကိုယ်တိုင် ရေထဲဆင်းပြီး အဲဒီ မိစ္ဆာကို ဖမ်းလာခဲ့မယ်..."

အပြစ်ရှိသလို ခံစားရခြင်းနှင့် ကျန်းလျို၏ အခြေအနေကို မြင်ပြီးနောက် အပြစ်ကို ပြန်လည်ပေးဆပ်လိုခြင်းကြောင့် ကျူးပါကျဲက ဒေါသတကြီး ပြောလိုက်လေသည်။

"နေပါစေ… မလိုတော့ဘူး..."

သို့သော်လည်း ကျန်းလျိုက ကျူးပါကျဲကို အပြစ်မတင်ပါချေ။

"စကားပုံတစ်ခု ရှိတယ်လေ... အစွမ်းထက်တဲ့ နဂါးတစ်ကောင်တောင်မှ ဒေသခံမြွေကို မနှိမ်နင်းနိုင်ဘူးတဲ့... ရေထဲက မိစ္ဆာက ငါတို့ရဲ့ အနောက်အရပ်ခရီးစဉ်ကို ဟန့်တားနေမှတော့… ငါတို့ လျိုရှားမြစ်ကို ရှောင်ကွင်းပြီး သွားလိုက်ကြတာပေါ့ကွာ...”

ကျန်းလျိုသည် အလွန်တရာ ဉာဏ်ကောင်းသူ မဟုတ်သော်ငြားလည်း သေချာပေါက် တုံးအသူတစ်ယောက်တော့ မဟုတ်ခဲ့ပေ။ လီရှစ်ရာခန့် ကျယ်ဝန်းလှသော လျိုရှားမြစ် ၏ ဧရာမ ရေပြင်ကျယ်ကြီးထဲတွင် လူတစ်ယောက်ကို ရှာဖွေရခြင်းသည် သမုဒ္ဒရာထဲ၌ အပ်ကျပျောက်ရှာရသည်နှင့် တူလေသည်။ ထို့အပြင် ကျူးပါကျဲ၏ ပျင်းရိတတ်သော သဘာဝကို ထည့်သွင်းစဉ်းစားလိုက်သောအခါ သူ မိစ္ဆာတစ်ကောင်မျှ မတွေ့ခဲ့ရခြင်းကို ကျန်းလျိုက ထူးဆန်းသည်ဟု မခံစားရပေ။

လျိုရှားမြစ် ကို ဖြတ်ကူးရခြင်းသည် အမှန်တကယ် အန္တရာယ်များလှသော်လည်း စွန်းဝူခုန်း၊ နဂါးမြင်းဖြူ နှင့် ကျူးပါကျဲ တို့၏ ကာကွယ်မှုကြောင့် မိစ္ဆာများက ကျန်းလျိုကို သတ်ပစ်ရန်လုံးဝမဖြစ်နိူင်ပေ။

ထိုမျှမကသေး သူ၏ လက်ဝယ်တွင် ပိုးဖဲသင်္ကန်း နှင့် ကွင်းကိုးကွင်းပါ တောင်ဝှေး တို့ကိုလည်း ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလော။

လျိုရှားမြစ်ထဲသို့ လီအနည်းငယ်ခန့် သွားပြီးသည်နှင့် တစ်ပြိုင်နက် မိစ္ဆာများသည် လေနှင့် လှိုင်းများကို မွှေနှောက်လာကာ သူ့အား နောက်ဆုတ်သွားစေရန် ဖိအားပေးခဲ့သည်။ ဤသည်မှာ သေချာပေါက် ရေအောက်ကြမ်းပြင်မှနေ၍ ရှာဘုန်းကြီး က ပြဿနာရှာနေခြင်းဖြစ်သည်။ သူသည် မြစ်အောက်ခြေတွင် သူ့ကို သေချာပေါက် စောင့်ဆိုင်းနေမည်ဖြစ်ကြောင်း ကျန်းလျို နားလည်ထားလေသည်။

ထို့ကြောင့် ကျန်းလျိုသည် ဇာတ်ကွက်အတိုင်း လိုက်ဖက်စွာ သရုပ်ဆောင်လိုက်ပြီး လျိုရှားမြစ် ကို မဖြတ်ကူးနိုင်တော့သဖြင့် လမ်းလွှဲကာ ရှောင်ကွင်းသွားရန် ဆုံးဖြတ်လိုက်ကြောင်း ပြောလိုက်ခြင်း ဖြစ်သည်။

လျိုရှားမြစ် သည် အလျား လီပေါင်း တစ်သောင်းခန့် ရှည်လျားသည် မဟုတ်ပါလော။ အကယ်၍ သူတို့သာ လမ်းလွှဲ၍ ရှောင်သွားမည်ဆိုပါက မည်မျှလောက် အဝေးကြီး သွားရမည်နည်း။

ထိုအကြောင်းကို တွေးမိရုံဖြင့်ပင် သူ၏ ရင်ထဲတွင် ပျော်ရွှင်ကြည်နူးမှုများ ဖြစ်ပေါ်လာလေသည်။

"ဟာ... ဆရာတော်... ရှောင်ကွင်းသွားမယ် ဟုတ်လား..."

ကျန်းလျို၏ စကားကို ကြားသောအခါ ကျူးပါကျဲသည် အနည်းငယ် မှင်သက်အံ့သြသွားပြီး ပြန်ပြောလေသည်။

"ဆရာတော်... ဒီမြစ်ကြီးရဲ့ အရှည်က ဘယ်လောက်ရှိမှန်းတောင် ကျွန်တော်တို့ မသိဘူးလေ… အကယ်၍ လမ်းလွှဲပြီး ရှောင်သွားမယ်ဆိုရင် ဒီမြစ်ကြီးကို ပတ်သွားဖို့ အချိန်ဘယ်လောက်တောင် ကြာမလဲ ဘယ်သူသိမှာလဲ... အလွယ်လေး တစ်နှစ်၊ နှစ်နှစ်လောက် ကြာသွားနိုင်တယ်… အဲဒီအစား ဝက်ကြီး ကျွန်တော်မျိုးပဲ ရေအောက်ဆင်းပြီး အဲဒီမိစ္ဆာကို ဖမ်းလာခဲ့ရင် မကောင်းဘူးလား..."

ကျူးပါကျဲသည် အနောက်အရပ်သို့ ခရီးစဉ် မှ ရရှိမည့် ကုသိုလ်တော်များကို များစွာ ဂရုမစိုက်သဖြင့် ကျန်းလျိုနှင့် အတူလိုက်ပါလာစဉ် သူ၏စွမ်းရည်များကို ထုတ်ကြွားလိုသော ရည်ရွယ်ချက် မရှိခဲ့သော်လည်း လိုအပ်လာသည့် အချိန်များတွင်မူ တာဝန်သိစိတ် ရှိသေးလေသည်။

သူ၏ ကိုယ်ပိုင် ပျင်းရိမှုကြောင့် ကျန်းလျို ရေထဲသို့ ပြုတ်ကျသွားခဲ့ရသဖြင့် ကျူးပါကျဲသည် အနည်းငယ် အပြစ်ရှိသလို ခံစားနေရလေသည်။ အကယ်၍ သူတို့ လမ်းလွှဲသွားကြမည်ဆိုပါက သူသည် ပို၍ပင် နောင်တရမိမည် ဖြစ်သည်။

လမ်းလွှဲသွားရန် အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ကြာမည်ဟု ကြားလိုက်ရသောအခါ ကျန်းလျို၏ မျက်လုံးများ အရောင်လက်သွားလေသည်။

တစ်ချိန်တည်းမှာပင် ကျူးပါကျဲသည် သူ၏ ကိုးသွားထွန်ခြစ် ကို ခါယမ်းကာ မိစ္ဆာဖမ်းဖို့ ရေထဲသို့ ဆင်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။

"နေပါဦး... လုံးဝ မလိုဘူး..."

ဤသည်ကို မြင်သောအခါ ကျန်းလျိုသည် အလျင်စလို အော်ဟစ်တားဆီးလိုက်လေသည်။

ကျူးပါကျဲ၏ နားမလည်နိုင်သော အမူအရာကို မြင်သောအခါ ကျန်းလျိုသည် လည်ချောင်းဟန့်လိုက်ပြီး ပြောလေသည်။

"ပါကျဲ... စိတ်ချပါ… ငါမင်းကို အပြစ်မတင်ပါဘူး… ဒီနေရာက ဘာပဲဖြစ်ဖြစ် မိစ္ဆာရဲ့ ပိုင်နက်ပဲလေ… အထဲမှာ ဝူချောင် ဆရာတော် လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုး နောက်တစ်ယောက် ပုန်းအောင်းနေမလားဆိုတာ ဘယ်သူ သိနိုင်မှာလဲ... ငါတို့ ရှောင်ကွင်းသွားတာပဲ အကောင်းဆုံးပါ..."

ထိုအချိန်အတောအတွင်း ကျူးပါကျဲကို ထပ်မံစကားပြောခွင့် မပေးတော့ဘဲ ကျန်းလျိုသည် နဂါးမြင်းဖြူ ပေါ်သို့ ချက်ချင်း တက်ထိုင်လိုက်လေသည်။

ဆရာဖြစ်သူ၏ ရည်ရွယ်ချက်ကို ရိပ်မိသော နဂါးမြင်းဖြူ သည် လျိုရှားမြစ် ကမ်းစပ်တစ်လျှောက် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။

"ဆရာတော်..."

မြင်းပေါ်တွင် ထွက်ခွာသွားသော ကျန်းလျို၏ ကျောပြင်ကို ကြည့်ရင်း ကျူးပါကျဲ၏ မျက်နှာပေါ်တွင် နက်ရှိုင်းစွာ ကြည်နူးတုန်လှုပ်သွားသော အမူအရာ ပေါ်လွင်နေလေသည်။

အမှန်တကယ်ပင် သူ၏ အလိုအလျောက် သိစိတ်က မမှားယွင်းခဲ့ချေ။ သူ၏ ဆရာတော်သည် သူ့ကို မျက်နှာသာပေးလေသည်။ သူသည် ဆရာတော်အတွက် ပြဿနာများ ဖြစ်စေခဲ့သော်လည်း ဆရာတော်က သူ့ကို အနည်းငယ်မျှပင် အပြစ်မတင်ခဲ့ပေ။ ဆရာတော်က သူ့ကို ရေထဲတွင် အသက်အန္တရာယ် ကြုံတွေ့ရမည့်အစား တစ်နှစ်၊ နှစ်နှစ်ခန့် အချိန်ယူ၍ လမ်းလွှဲသွားရန် ရွေးချယ်ခဲ့သည်ကို တွေးကြည့်ပါဦးလေ။

...

လျိုရှားမြစ် ၏ ကြမ်းပြင်အောက်ခြေတွင် ကျွမ်လျန် စစ်သူကြီး သည် သူ၏လက်ထဲတွင် မိစ္ဆာနှိမ်နင်းရေး ရတနာတောင်ဝှေး ကို ကိုင်ဆောင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။

လှိုင်းတံပိုးများကို မွှေနှောက်ကာ ကျမ်းစာပင့်ဆောင်သူ ကို နောက်ဆုတ်သွားစေရန် ဖိအားပေးခဲ့ခြင်းကြောင့် မကြာမီတွင် ပြဿနာရှာမည့်သူ တစ်စုံတစ်ယောက် ရောက်လာလိမ့်မည်။ နောက်ဆုံးတွင် ရှောင်လွှဲ၍မရသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလာမည်ကို သူ ကောင်းစွာ သိရှိထားလေသည်။

"ကျမ်းစာပင့်ဆောင်သူ ရဲ့ အဓိက တပည့်နှစ်ယောက်က လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက ကောင်းကင်ဘုံကို ကသောင်းကနင်း ဖြစ်စေခဲ့တဲ့ မဟာပညာရှိကြီး စွန်းဝူခုန်း ရယ်… ကောင်းကင်မြစ်က ရေတပ်စစ်သည် ရှစ်သောင်းကို ကွပ်ကဲခဲ့ဖူးတဲ့ ထျန်းဖုန်စစ်သူကြီး ရယ်လို့ တမန်တော် မူကျားက ပြောခဲ့တယ်... သူတို့က အရမ်း အစွမ်းထက်တယ်...”

လျိုရှားမြစ် အောက်ခြေတွင် ကျွမ်လျန် စစ်သူကြီးသည် တွေးတောရင်း စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေလေသည်။

အကယ်၍ တိုက်ပွဲတစ်ခု အမှန်တကယ် ဖြစ်ပွားလာပါက သူ အနိုင်ရရန် မဖြစ်နိုင်လောက်ပေ။

သို့သော်လည်း ကွမ်ယင် ဗောဓိသတ် ၏ အမိန့်အရ ကျမ်းစာပင့်ဆောင်သူကို စောင့်ဆိုင်းရန် ဤနေရာတွင် ရှိနေရခြင်းမှာ သူ့အတွက် ကံကောင်းလှပေသည်။

အကယ်၍ သူ တိုက်ပွဲကို မနိုင်နိုင်လျှင် သူ၏ မူလဇာစ်မြစ် အစစ်အမှန်ကို ထုတ်ဖော်ပြောလိုက်ရုံပင် ဖြစ်သည်။

"ဒါပေမယ့် ဗောဓိသတ်ရဲ့ အဓိက ရည်ရွယ်ချက်က ဘာများလဲ... သူက ငါ့ကို ဒီနေရာမှာ ကျမ်းစာပင့်ဆောင်သူ ကို စောင့်နေဖို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်… ဒါပေမယ့် သူတို့ ရောက်လာတဲ့အခါမှာတော့ သူတို့ကို မသိချင်ယောင်ဆောင်ပြီး တမင်သက်သက် အတားအဆီးတွေ ဖန်တီးဖို့ ခိုင်းခဲ့တယ်… ဘာဖြစ်လို့ သူတို့ကို အခက်တွေ့အောင် လုပ်ရတာလဲ..."

ကွမ်ယင် ဗောဓိသတ် ၏ အမိန့်တော်ကို သယ်ဆောင်လာသော တမန်တော် မူကျားထံမှ ယခင် တာဝန် အကြောင်းကို ပြန်တွေးမိသောအခါ ကျွမ်လျန် စစ်သူကြီး သည် စိတ်ထဲမှ ခေါင်းခါလိုက်မိလေသည်။

‘ထားလိုက်ပါတော့... ဒီလို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ရည်ရွယ်ချက်တွေကို နားလည်နိုင်ဖို့ ခက်ပါတယ်လေ… အဲဒီအကြောင်း မတွေးတာပဲ အကောင်းဆုံးပါ ပြီးတော့ ဗောဓိသတ်ရဲ့ အမိန့်တော်ကို စိတ်အေးအေးထားပြီး လိုက်နာလိုက်တာ အကောင်းဆုံးပဲ…’

"ဟင်... ဘာတွေ ဖြစ်နေတာလဲ... ငါ ဒီလောက်ကြာကြာ စောင့်နေတာတောင် ဘာလှုပ်ရှားမှုမှ မရှိပါလား..."

မြစ်ကြမ်းပြင်အောက်ခြေတွင် အချိန်အတော်ကြာ စောင့်ဆိုင်းရင်း အတွေးအမျိုးမျိုးဖြင့် အလုပ်ရှုပ်နေပြီးနောက် လက်တွေ့အခြေအနေသို့ ပြန်လည်သတိဝင်လာသောအခါ ကျွမ်လျန် စစ်သူကြီး သည် ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်သွားလေသည်။

"ဖြစ်နိုင်တာက... သူတို့ ငါ့ကို ဘယ်လို နှိမ်နင်းရမလဲ ဆိုတာ အကြံအစည် ထုတ်နေကြတာများလား... ငါ ခဏလောက် ထပ်စောင့်ကြည့်ဦးမယ်..."

ဤသို့ တွေးမိပြီးနောက် ကျွမ်လျန် စစ်သူကြီး သည် လက်ဖက်ရည်တစ်ခွက် သောက်ချိန်ခန့် ကြာသည်အထိ မြစ်ကြမ်းပြင်တွင် စိတ်ရှည်လက်ရှည် ထပ်မံစောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း.. အရာအားလုံးက ငြိမ်သက်နေဆဲပင် ဖြစ်သည်။

ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့သဖြင့် ကျွမ်လျန် စစ်သူကြီး သည် သူ၏ခေါင်းကို ရေထဲမှ တိတ်တဆိတ် ဖော်လိုက်ကာ မြစ်ကမ်းစပ်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

သို့သော်လည်း လျိုရှားမြစ် ဘေးရှိ မြစ်ကမ်းစပ်သည် လူသူကင်းမဲ့နေလေပြီ... ကျမ်းစာပင့်ဆောင်သူ တို့သည်လည်း ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့လေပြီ။

***

All Chapters