← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 15 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 15 Ch. 209-210

အပိုင်း(၂၀၉)

"ဘာ... ဘာတွေဖြစ်ကုန်တာလဲ... ဘာတွေဖြစ်နေတာလဲ..."

ဘေးဘီဝဲယာသို့ ကြည့်လိုက်ရာ ကျမ်းစာပင့်ဆောင်သူ ၏ အရိပ်အယောင်မျှပင် မတွေ့ရတော့သဖြင့် ကျွမ်လျန် စစ်သူကြီး သည် မှင်သက်အံ့သြသွားပြီး မေးခွန်းထုတ်စရာများ ပြည့်နှက်နေကာ လုံးဝကို နားမလည်နိုင်အောင် ဖြစ်သွားလေသည်။ သူတို့ ဘယ်ကိုများ ထွက်ပြေးသွားကြသနည်း။

အံ့သြခြင်းနှင့် ရှုပ်ထွေးခြင်းများကြားတွင် ကျွမ်လျန် စစ်သူကြီး တစ်ယောက် သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ ပြီးနောက် လင်းလက်တောက်ပနေသော သူ၏ ရတနာတောင်ဝှေး ကို မြှောက်လိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လျိုရှားမြစ် ထဲမှ မိစ္ဆာငယ် အမြောက်အမြားသည် သူ့ထံသို့ ချဉ်းကပ်လာကြလေသည်။

"စောစောက မြစ်ကမ်းဘေးမှာ ရှိနေတဲ့ ကျမ်းစာပင့်ဆောင်သူ ဘယ်ကို ထွက်သွားလဲဆိုတာ မင်းတို့ထဲက တစ်ယောက်ယောက်များ မြင်လိုက်သေးလား..."

လျိုရှားမြစ် ထဲမှ ငါးနှင့် ပုစွန်ကဲ့သို့သော မိစ္ဆာငယ် အမြောက်အမြားကို ခေါ်ယူပြီးနောက် ကျွမ်လျန် စစ်သူကြီး က မေးလိုက်လေသည်။

"ကျွန်တော် မြင်တယ်... ကျွန်တော် မြင်တယ်... သူတို့က လမ်းလွှဲပြီး တောင်ဘက်ကို သွားမယ်လို့ ပြောနေတာကို ကျွန်တော် ကြားလိုက်တယ်..."

ကျွမ်လျန် စစ်သူကြီး စကားပြောအပြီးတွင် ငါးကြင်းမိစ္ဆာ တစ်ကောင်က ခုန်ထွက်လာပြီး အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်လေသည်။

"ဟုတ်တယ်... ဟုတ်တယ်... ကျွန်တော်တို့ အားလုံး ကြားလိုက်တယ်... သူတို့က လမ်းလွှဲပြီး တောင်ဘက်ကို သွားမယ်လို့ ပြောသွားကြတာ..."

ငါးကြင်းမိစ္ဆာ၏ နောက်တွင် အခြားသော မိစ္ဆာငယ် အမြောက်အမြားကလည်း ဝင်ရောက်ထောက်ခံကာ တစ်သံတည်း အော်ဟစ်လိုက်ကြလေသည်။

"လမ်းလွှဲမယ်... လမ်းလွှဲမယ် ဟုတ်လား..."

အမှန်တရားကို မသိခဲ့လျှင်ပင် သူ့အတွက် ပိုကောင်းမည် ဖြစ်သော်လည်း ယခု သိရှိသွားပြီးနောက်တွင်မူ ကျွမ်လျန် စစ်သူကြီး သည် ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားရလေတော့သည်။

"မင်းတို့ နောက်နေတာ မဟုတ်လား..."

‘ငါက ပြဿနာနည်းနည်းရှာပြီး သူတို့ကို အနည်းငယ် နောက်ဆုတ်သွားအောင် ဖိအားပေးလိုက်ရုံနဲ့ သူတို့က လမ်းလွှဲသွားဖို့ ဆုံးဖြတ်လိုက်ကြတယ် ဟုတ်လား...’

‘လူတွေက ပြောကြတယ် 'တောင်ဘက်နံရံကို မဝင်မတိုက်မိမချင်း နောက်မဆုတ်ဘူး' တဲ့။ ဒါပေမယ့် ဒီ ကျမ်းစာပင့်ဆောင်သူ ကတော့ လမ်းပေါ်က ကျောက်ခဲသေးသေးလေး တစ်လုံးကို ခလုတ်တိုက်မိရုံနဲ့ ချက်ချင်း နောက်လှည့်သွားတယ် ဟုတ်လား...’

"မယုံနိုင်စရာပဲ... ဒီလို စိတ်ဓာတ်မျိုးနဲ့ သူက အနောက်ဘုံ ကို ဘယ်လိုလုပ် ရောက်နိုင်တော့မှာလဲ... အစစ်အမှန် ကျမ်းစာတွေကို ဘယ်လိုများ ရယူနိုင်တော့မှာလဲ... ကျမ်းစာပင့်ဆောင်သူ က ဒီလို ဖြစ်နေရင်တောင် မဟာပညာရှိကြီး နဲ့ ထျန်းဖုန်စစ်သူကြီး တို့က သူ့ကို သူ့သဘောအတိုင်း လုပ်ခွင့်ပေးထားကြတယ်ပေါ့လေ..."

မိမိဘာသာ တိုးတိုးလေး ရေရွတ်ရင်း ကျွမ်လျန် စစ်သူကြီး သည် ခဏတာမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ ကျမ်းစာပင့်ဆောင်သူ ၏ လုပ်ရပ်များကို နားလည်နိုင်စွမ်း မရှိတော့သကဲ့သို့ ခံစားလိုက်ရလေသည်။

အတန်ကြာ တွေးတောပြီးနောက် ကျွမ်လျန် စစ်သူကြီး သည် သူ၏လက်ကို ဝှေ့ယမ်းကာ မိစ္ဆာငယ် အားလုံးနီးပါးကို ပြန်လွှတ်လိုက်ပြီး သတိမထားမိနိုင်သော အကောင်အနည်းငယ်ကိုသာ ချန်ထားခဲ့လေသည်။ သူတို့အား လျိုရှားမြစ် ကမ်းစပ်တစ်လျှောက် ကျမ်းစာပင့်ဆောင်သူ တို့ကို စောင့်ကြည့်ရန်နှင့် သူတို့ ဘာတွေကြံစည်နေသည်ကို ကြည့်ရှုရန် အမိန့်ပေးလိုက်လေသည်။

‘ဒီလိုကြီး လမ်းလွှဲသွားဖို့ ဆိုတာ…’

ကျွမ်လျန် စစ်သူကြီး ကိုယ်တိုင်ပင်လျှင် ထိုဖြစ်နိုင်ခြေအပေါ် သံသယဝင်နေမိလေသည်။

သူသည် တောင်ဘက်သို့ ဦးတည်သွားပြီး ကျန်းလျိုကမူ နဂါးမြင်းဖြူ ၏ ကျောပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေလေသည်။ လမ်းခရီးတစ်လျှောက်တွင် သူသည် ထိုင်၍ ကျင့်ကြံလိုက် တစ်ခါတစ်ရံ ရပ်တန့်ကာ အရသာရှိသော အစားအစာများကို စီမံချက်ပြုတ်လိုက်ဖြင့် ရှိနေလေသည်။ နေဝင်မိုးချုပ်ချိန်သို့ ရောက်သောအခါ သူတို့သည် အနားယူရန် စခန်းချကြလေသည်။ ကျန်းလျိုသည် အမှန်တကယ်ပင် ပျော်ရွှင်ကြည်နူးနေခဲ့လေသည်။

ထိုသို့ဖြင့် သုံးရက်တာ အချိန်ကုန်လွန်သွားခဲ့ရာ ထိုကာလအတွင်း ကျန်းလျိုသည် အနည်းငယ်မျှပင် စိတ်မရှည်ခြင်း မဖြစ်ပေါ်ခဲ့ဘဲ ကမ္ဘာမြေ၏ အဆုံးစွန်ထိတိုင်အောင် ဆက်လက် ခရီးသွားနေချင်စိတ်ပင် ဖြစ်ပေါ်နေခဲ့လေသည်။

သို့သော်လည်း ကျန်းလျိုသည် မြစ်ကမ်းတစ်လျှောက် တောင်ဘက်သို့ ခရီးဆက်နေပြီး အနည်းငယ်မျှပင် အလျင်လိုနေပုံ မရသည်ကို စောင့်ကြည့်နေရသောအခါ လျိုရှားမြစ် အောက်ခြေတွင် ပုန်းအောင်းနေသော ကျွမ်လျန် စစ်သူကြီး မှာ စိုးရိမ်ပူပန်လာလေတော့သည်။

‘ကျမ်းစာပင့်ဆောင်သူ က ဘာတွေများ လုပ်နေတာလဲ… သူက ဧရာမ လျိုရှားမြစ် ကြီးကို တကယ်ပဲ ရှောင်ကွင်းသွားဖို့ စီစဉ်နေတာလား… သူ တကယ်ပဲ ဒီလောက် ရက်စက်တာလား…’

‘တကယ်လို့ သူသာ တကယ်ကြီး ရှောင်ကွင်းသွားနိုင်ခဲ့မယ် ဆိုရင် ကျမ်းစာပင့်ဆောင်ခြင်း ဆိုတဲ့ ကြီးမြတ်လှတဲ့ လုပ်ငန်းစဉ်ကြီးက အဓိပ္ပာယ်မရှိဘဲ အချိန်အတော်ကြာအောင် နှောင့်နှေးသွားတော့မှာပေါ့... ပြီးတော့ အပြစ်တင်ခံရမှာက ငါပဲ မဟုတ်ဘူးလား…’

‘အဲဒီအချိန်ကျရင် ကွမ်ယင် ဗောဓိသတ် ကို ငါ ဘယ်လို မျက်နှာပြရတော့မလဲ…’

"ငါ သည်းမခံနိုင်တော့ဘူး... အကြံတစ်ခုခု ထုတ်မှ ဖြစ်တော့မယ်..."

မြစ်ရေပြင်အထက်တွင် မိစ္ဆာငယ်များကို စောင့်ကြည့်စေကာ မြစ်အောက်ခြေမှနေ၍ လိုက်ပါလာသော ကျွမ်လျန် စစ်သူကြီးသည် စိုးရိမ်ပူပန်လာပြီး သူ၏ နောက်ထပ် လှုပ်ရှားမှုအတွက် စတင် တွေးတောလာလေသည်။

"ငါ ဒီအတိုင်းလေး ထွက်သွားပြီး… ကွမ်ယင် ဗောဓိသတ်က သတ်မှတ်ပေးထားတဲ့ ကျမ်းစာပင့်ဆောင်သူ ရဲ့ အဖော်တွေထဲက တစ်ယောက်ပါလို့ ပြောပြီး မြစ်ကို ဖြတ်ကူးပေးဖို့ ကမ်းလှမ်းလိုက်ရင် ကောင်းမလား..."

ဤသို့ တွေးမိသောအခါ ကျွမ်လျန် စစ်သူကြီး သည် စိတ်ထဲမှ ခေါင်းခါလိုက်မိလေသည်။

“မဖြစ်ဘူး... မဖြစ်ဘူး... အစတုန်းက ငါ သူတို့ကို မသိချင်ယောင် ဆောင်ထားခဲ့ပြီးမှ အခု ရုတ်တရက်ကြီး ထွက်လာပြီး သိတယ်လို့ ပြောလိုက်လို့ ဘယ်ရမလဲ… အဲဒါက ယုတ္တိမတန်ဘူး မဟုတ်လား…”

"မကောင်းဘူး... ကြည့်ရတာ နောက်ဆုံးမှာ ငါပဲ တိုက်ပွဲတစ်ခုကို ဖန်တီးရမယ့်ပုံပဲ... သူတို့ကို မနိုင်တော့မှပဲ ငါဘယ်သူလဲ ဆိုတာကို ထုတ်ဖော်ပြောရမယ်... ဒါပေမယ့် သူတို့က ငါ့ကို လာမရှာတော့လည်း ငါကပဲ အရင် စတင်လှုပ်ရှားရတော့မှာပေါ့လေ... ဟူး..."

ခေါင်းခါရမ်းရင်း ကျွမ်လျန် စစ်သူကြီး သည် အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ လွယ်ကူသော အလုပ်တစ်ခု ဖြစ်ရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း မည်သို့မည်ပုံ ဤအခြေအနေသို့ ရောက်ရှိလာခဲ့မှန်း မသိတော့ချေ။

...

ညဉ့်နက်လာလေပြီ။ ကျန်းလျိုသည် တင်ပျဉ်ခွေထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေပြီး ဆယ်စက္ကန့်လျှင် အတွေ့အကြုံမှတ် ၃ မှတ် ရရှိနေလေသည်။ မမြန်ဆန်သော်လည်း ၎င်းသည် ရေပေါက်ကလေးများ အဆက်မပြတ် ကျဆင်းခြင်းဖြင့် ကျောက်ဆောင်ကို ပွန်းပဲ့စေနိုင်သကဲ့သို့ သဲပွင့်ကလေးများ စုဆောင်းမိခြင်းဖြင့် စေတီတစ်ဆူ ဖြစ်လာနိုင်သကဲ့သို့ပင် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့် သည် ဖြည်းညင်းစွာ တိုးတက်လာနေလေသည်။

သူ၏ ဘေးနားတွင် ကျူးပါကျဲသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ဟောက်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေလေသည်။

စွန်းဝူခုန်းသည် လက်မောင်းပေါ်တွင် ခေါင်းအုံးကာ ကြယ်ရောင်စုံသော ညကောင်းကင်ကြီးကို မော့ကြည့်ရင်း အတွေးများထဲတွင် နစ်မြောနေလေသည်။

ဗွမ်း... ဗွမ်း...

သို့သော် ဤတိတ်ဆိတ်နေသော ညအချိန်တွင် ရုတ်တရက် လှိုင်းပုတ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် လျိုရှားမြစ် ၏ ရေပြင်သည် ကွဲဟသွားသည်။ ကြမ်းကြုတ်ပြီး တောင့်တင်းခိုင်မာသော မိစ္ဆာသတ္တဝါ တစ်ကောင်သည် မြစ်ကြမ်းပြင်မှ ပေါ်ထွက်လာလေတော့သည်။

ထိုမိစ္ဆာ သတ္တဝါကို ကြည့်လိုက်ရာ ၎င်း၏ အရွယ်အစားမှာ ကျူးပါကျဲ ထက်ပင် ပိုမို ကြီးမားနေပြီး ထူးခြားလှသော ဟန်ပန်ရှိနေသည်။ လက်ထဲတွင် ရတနာတောင်ဝှေး ကို ကိုင်ဆောင်ထားပြီး လည်ပင်းတွင် ပုတီးကုံး တစ်ကုံးကို ဆွဲချိတ်ထားလေသည်။

သို့သော်လည်း ထိုပုတီးကုံးမှာ အမှန်တကယ်တွင် ကြောက်မက်ဖွယ်ကောင်းသော လူခေါင်းခွံဖြူဖြူ ကိုးလုံးကို သီကုံးထားခြင်းဖြစ်ပြီး အလွန်တရာ ဆိုးသွမ်းကြမ်းကြုတ်မည့် ပုံပေါ်နေလေသည်။

"ဘုန်းကြီးစုတ်... မင်းက ဘယ်သူလဲ၊ ငါ့ရဲ့ လျိုရှားမြစ် နားကို ဘယ်လိုများ လာကပ်ရဲတာလဲ... သေချင်နေတာလား..."

ကျွမ်လျန် စစ်သူကြီး သည် ခြိမ်းခြောက်နေသည့် အမူအရာဖြင့် နက်ရှိုင်းပြင်းထန်သော အသံကြီးဖြင့် ပြောလိုက်လေသည်။

‘ငါ ပြဿနာ ရှာလိုက်ပြီလေ ဟီး ဟီး... တိုက်ပွဲကတော့ စပြီပေါ့...”

ကျွမ်လျန် စစ်သူကြီး မျှော်လင့်ထားသည့် အတိုင်းပင် သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် စွန်းဝူခုန်း ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လာသည်။ အိပ်မောကျနေသော ထျန်းဖုန်စစ်သူကြီး ကျူးပါကျဲ ပင်လျှင် နိုးထလာကာ သူတို့၏ လက်နက်များကို အသီးသီး ထုတ်ယူဝှေ့ယမ်းလိုက်ကြလေသည်။

"ဝူခုန်း… ပါကျဲ..."

သို့သော်လည်း စွန်းဝူခုန်း နှင့် ကျူးပါကျဲ တို့ တိုက်ခိုက်ရန် ပြင်နေချိန်မှာပင် ကျန်းလျို က သူတို့ကို လှမ်းခေါ်လိုက်လေသည်။

"တောင်းပန်ပါတယ် အရှင်မင်းကြီး... ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားပါ့မယ်... အခုချက်ချင်းကို ထွက်သွားပါ့မယ်..."

စွန်းဝူခုန်း နှင့် ကျူးပါကျဲ တို့ကို တားဆီးလိုက်ပြီးနောက် ကျန်းလျို သည် ကပျာကယာ တောင်းပန်စကား ဆိုလိုက်လေသည်။

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းလျို သည် နဂါးမြင်းဖြူ ပေါ်သို့ တက်ထိုင်လိုက်ပြီး လျိုရှားမြစ် ကမ်းစပ်မှ ထွက်ခွာရန် အချက်ပြလိုက်လေသည်။

ကျွမ်လျန် စစ်သူကြီးသည် အံ့ဩ၍စွန့်အသွားလေတော့သည်။

"နေဦး... ပြန်လာခဲ့ကြပါဦး..."

အချိန်အတော်ကြာအောင် မှင်သက်သွားပြီးနောက် မြင်းဖြူပေါ်တွင် စီးနင်းကာ တစ်ရွေ့ရွေ့ ဝေးကွာသွားသော ကျန်းလျို ကို ကြည့်ရင်း ကျွမ်လျန် စစ်သူကြီး သည် အသံကျယ်ကြီးဖြင့် အော်ခေါ်လိုက်လေသည်။

သို့သော်လည်း သူအော်ခေါ်လိုက်သည်နှင့်အမျှ ကျန်းလျို သည် ပို၍ပင် မြန်ဆန်စွာ ဒုန်းစိုင်းစီးနှင်သွားကာ ညအမှောင်ထုထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။

ကျန်းလျို လှည့်ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ ကျွမ်လျန် စစ်သူကြီး သည် ခဏတာ မှင်သက်သွားပြီးနောက် သတိပြန်ဝင်လာကာ ကျန်းလျို ထွက်ပြေးသွားသော ဦးတည်ရာဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျင်မြန်စွာ ပြေးလိုက်သွားလေတော့သည်။

တစ်ခေတ်တစ်ခါက လရောင်အောက်တွင် ရှောင်ဟယ်သည် ဟန်ရှင်း ကို လိုက်လံရှာဖွေခဲ့သကဲ့သို့ ယခုအခါတွင်လည်း လရောင်အောက်၌ ကျွမ်လျန် စစ်သူကြီး သည် ရွှမ်ကျန်းဆရာတော် ကို နောက်မှ ပြေးလိုက်နေရလေပြီ။

သူ စောစောက ပြောလိုက်သော စကားများသည် အမှန်တကယ် မောင်းထုတ်လို၍ မဟုတ်ဘဲ တိုက်ပွဲစရန် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်လေသည်။ သို့သော် သူက တကယ်ကြီး ထွက်ပြေးသွားသည် ဟုတ်သလော။

အကယ်၍ သူသာ တကယ် ထွက်ပြေးလွတ်မြောက်သွားခဲ့မည်ဆိုလျှင် သူ့ကို ဘယ်နေရာသွားပြီး လိုက်ရှာရမည်နည်း။

သူသည် ကောင်းကင်ဘုံ၌ ကျောက်စိမ်း ဧကရာဇ် နှစ်ခြိုက်သည့် ဖလားခွက်ကို မတော်တဆ ခွဲမိခဲ့ခြင်းကြောင့် အပြစ်ဒဏ်ခံရန် လျိုရှားမြစ် သို့ အဆင့်လျှော့ချခံရပြီး မိစ္ဆာ အဆင့်အတန်းသို့ ရောက်ရှိသွားခဲ့ရသည်။ အနောက်ဘုံ သို့ သွားမည့် ကျမ်းစာပင့်ဆောင်သူ အဖွဲ့သို့ ဝင်ရောက်ခြင်းသည်သာ သူ၏ မိစ္ဆာအဆင့်အတန်းမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိထားလေသည်။

ထို့ကြောင့် သူ မည်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။

***

အပိုင်း(၂၁၀)

ခွပ်... ခွပ်... ခွပ်...

နဂါးမြင်းဖြူ၏ ခွာသံများသည် ဆူညံစွာ ထွက်ပေါ်နေလျက်ရှိပြီး လျင်မြန်စွာ ဒုန်းစိုင်းပြေးလွှားနေသည်။ စွန်းဝူခုန်း နှင့် ကျူးပါကျဲ တို့သည်လည်း ဘေးမှ ယှဉ်တွဲ ပြေးလိုက်လာကြလေသည်။

သူတို့၏ နောက်ဘက်မှ လေးလံသော ခြေသံကြီးများ ထွက်ပေါ်လာလေသည်။ စွန်းဝူခုန်း က နောက်သို့ လှည့်ကြည့်ကာ သွားဖြီးလိုက်၏။

"ဆရာတော်... အဲဒီ မိစ္ဆာဆိုးက နောက်ကနေ လိုက်လာပြီ… ကျွန်တော်တို့က သူ့ကို ကြောက်နေတယ်လို့များ သူ တကယ် ထင်နေတာလား... ကျွန်တော် စွန်းဝူခုန်းရဲ့ တုတ်ချက်တစ်ချက်တည်းနဲ့ သူ့ကို သတ်ပစ်လိုက်ပါရစေ..."

လမ်းခရီးတစ်လျှောက်တွင် မိစ္ဆာ သတ္တဝါများနှင့် ကြုံတွေ့ရသည့်အခါတိုင်း ကျန်းလျို သည် အမြဲတမ်း ပထမဆုံး ရှေ့ထွက်လေ့ရှိလေသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ လျိုရှားမြစ် ကမ်းစပ်အနီး၌ တွေ့ခဲ့ရသော မိစ္ဆာအပေါ် ရွှမ်ကျန်းဆရာတော် ၏ တုံ့ပြန်မှုသည် အလွန် ပုံမှန်မဟုတ်ခဲ့ချေ။

၎င်းက လျိုရှားမြစ် ထဲတွင် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိနေရမည်ဟု စွန်းဝူခုန်း အား နားလည်သွားစေခဲ့သည်။ ထို့ကြောင့် သူ ဒေါသထွက်နေသော်လည်း ကျန်းလျို အပေါ်ထားရှိသော ယုံကြည်မှုကြောင့် သူသည် စိတ်ကို ထိန်းချုပ်ထားခဲ့လေသည်။

သို့သော် သူက မဟာပညာရှိကြီး စွန်းဝူခုန်း ပင် မဟုတ်ပါလော။

ရွှမ်ကျန်းဆရာတော် အတွက် သူသည် သေးငယ်သော နစ်နာမှုများကို သည်းခံနိုင်သော်လည်း ယခုကဲ့သို့ မိစ္ဆာတစ်ကောင်၏ နောက်မှ လိုက်လံနှောင့်ယှက်ခြင်းကို ခံရသည်ကို စွန်းဝူခုန်း၏ စရိုက်သဘာဝအရ သူမည်သို့လျှင် သည်းခံနိုင်ပါမည်နည်း။

စွန်းဝူခုန်း သည် ကျန်းလျို အား တိုင်ပင်သည့် လေသံဖြင့် ပြောဆိုခဲ့သော်လည်း ကျန်းလျို ၏ အဖြေကို စောင့်ဆိုင်းမနေခဲ့ချေ။ သူ၏ ရူယီရွှေတုတ် ကို ထုတ်ယူလိုက်ပြီးနောက် တိုက်ရိုက် လှည့်ကာ ကျွမ်လျန် စစ်သူကြီး ထံသို့ ခုန်အုပ်သွားလေတော့သည်။

စွန်းဝူခုန်း သည် အရပ်ပုသော်လည်း ကျွမ်လျန် စစ်သူကြီး မှာမူ လူခေါင်းများကို သူ၏ လည်ပင်းတွင် ဆွဲကြိုးများသဖွယ် ဆွဲချိတ်ထားနိုင်သူ ဖြစ်ရာ သူ၏ အရွယ်အစားကို မှန်းဆကြည့်၍ ရနိုင်လေသည်။

စွန်းဝူခုန်း ဝင်ရောက်တိုက်ခိုက်သွားသောအခါ ကြွက်တစ်ကောင်က ကျွဲတစ်ကောင်ကို ဝင်တိုက်သကဲ့သို့ ခံစားရပြီး အရွယ်အစား ကွာဟချက်မှာ အလွန် ကြီးမားလှပေသည်။

စွန်းဝူခုန်း ၏ တုတ်ချက် ပြင်းထန်စွာ ကျဆင်းလာသောအခါ ကျွမ်လျန် စစ်သူကြီး သည် ၎င်းကို ကာကွယ်ရန် သူ၏ ရတနာတောင်ဝှေး ကို မြှောက်ကာ တားဆီးခဲ့သော်လည်း မည်သို့လျှင် ခံနိုင်ရည် ရှိပါမည်နည်း။

ဘုန်း...

သူသည် စွန်းဝူခုန်း ၏ တုတ်ချက်ကြောင့် လွင့်စဉ်ထွက်သွားလေတော့သည်။ ကျန်းလျို၏ မျက်လုံးထဲတွင်တော့ သူ၏ ခေါင်းပေါ်ရှိ သွေးတန်း သည် ချက်ချင်းဆိုသလိုပင် ဆယ်ပုံ နှစ်ပုံ၊ သုံးပုံခန့် ကျဆင်းသွားလေတော့သည်။

စွန်းဝူခုန်း ၏ ဒေါသတကြီး ရိုက်ချလိုက်သော တုတ်ချက်သည် အမှန်တကယ်ပင် ပေါ့ပေါ့ပါးပါး မဟုတ်ခဲ့ချေ။

"နေဦး... နေကြပါဦး... ငါ့ကို နားထောင်ကြပါဦး... ငါက မိစ္ဆာဆိုး မဟုတ်ပါဘူး... ငါက..."

လွင့်စဉ်ထွက်သွားပြီးနောက် ကျွမ်လျန် စစ်သူကြီး သည် သူ၏ ဒဏ်ရာများကို စမ်းသပ်ကြည့်ရင်း ကပျာကယာ စကားဆိုလိုက်လေသည်။

သူသည် မူလက အချီအနည်းငယ်ခန့် တိုက်ခိုက်ကြည့်ပြီး အကယ်၍ မနိုင်နိုင်ပါက သူ၏ ဇာစ်မြစ်အမှန်ကို ထုတ်ဖော်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤတိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် ကိုယ့်အတိုင်းအတာကို သိသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူ ယခု ချက်ချင်း ထုတ်မပြောပါက နောက်ထပ် ပြောခွင့်ရမည် မဟုတ်တော့ကြောင်း ကျွမ်လျန် စစ်သူကြီး နားလည်သွားလေသည်။ ကောင်းကင်ဘုံကို ကသောင်းကနင်း ဖြစ်စေခဲ့သော မဟာပညာရှိကြီး သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"သိုးအသွင်ပြောင်း နည်းစနစ်..."

သို့သော်လည်း ကျွမ်လျန် စစ်သူကြီး စကားစပြောသည်နှင့် တစ်ပြိုင်နက် သူ့အား စကားဆုံးအောင် ပြောခွင့်မပြုတော့ဘဲ ကျန်းလျို သည် လက်ကိုမြှောက်ကာ ကျွမ်လျန် စစ်သူကြီး ထံသို့ လက်ညှိုးညွှန်လိုက်ပြီး သိုးအသွင်ပြောင်း နည်းစနစ် ကို ချက်ချင်း အသက်သွင်းလိုက်သည်။ ၎င်းသည် အန္တရာယ်ကင်းသော သိုးငယ်လေး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ကျန်းလျိုသည် ဖြစ်နိုင်ပါက လျိုရှားမြစ် ကို ရှောင်ကွင်းသွားရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် ကျွမ်လျန် စစ်သူကြီး ရောက်လာမှန်း သိနေသော်လည်း သူ့ကို အသိအမှတ်မပြုချင်ဘဲ လှည့်ထွက်သွားရန်ပင် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် စွန်းဝူခုန်း က စတင် လှုပ်ရှားခဲ့ပြီဖြစ်ရာ ထပ်မံ ထွက်ပြေးနေရန် မလိုအပ်တော့ချေ။ ပထမဦးစွာ သူသည် ကျွမ်လျန် စစ်သူကြီး ထံမှ အတွေ့အကြုံမှတ် များကို 'ရိတ်သိမ်း' မည်ဖြစ်သည်။ ဆိုလိုသည်မှာ ကျန်းလျို သည် ၎င်းအား သူ၏ ဇာစ်မြစ်အမှန်ကို ထုတ်ဖော်ပြောဆိုခွင့် ပြုရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

မူလက ခုတ်ပြီးမှ တင်ပြမည် ဟူသော သဘောမျိုးဖြင့် စတင် တိုက်ခိုက်ခဲ့သော စွန်းဝူခုန်း သည် ကျန်းလျို ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်သည်ကို မြင်သောအခါ စိတ်အေးသွားပြီး သူ၏ ရူယီရွှေတုတ် ကို ထပ်မံမြှောက်ကာ ကျွမ်လျန် စစ်သူကြီး ထံသို့ ရိုက်ချလိုက်လေသည်။

အဆင့်မြှင့် မိစ္ဆာနှိမ်နင်းရေး ဂါထာ...

စွန်းဝူခုန်း လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းလျို သည် အဆင့်မြှင့် မိစ္ဆာနှိမ်နင်းရေး ဂါထာ ကို ဆက်တိုက် ရွတ်ဖတ်လိုက်ပြီး စွန်းဝူခုန်း ၏ တိုက်ခိုက်ရေးစွမ်းအား ကို ပိုမို မြှင့်တင်ပေးလိုက်လေသည်။

ဘန်း... ဘန်း... ဘန်း...

အခြားသော နည်းဗျူဟာများ သိပ်မလိုအပ်တော့ချေ။ သိုးအသွင်ပြောင်း နည်းစနစ် မှ ရရှိသော ၂ စက္ကန့်စာ ထိန်းချုပ်မှုသည် စွန်းဝူခုန်း လှုပ်ရှားရန်အတွက် လုံလောက်နေလေပြီ။ ကာကွယ်ရန် မိစ္ဆာနှိမ်နင်းရေး ရတနာတောင်ဝှေး မရှိတော့သော ကျွမ်လျန် စစ်သူကြီး ၏ ခန္ဓာကိုယ်ပေါ်သို့ တုတ်ချက် အနည်းငယ် ထပ်မံ ကျရောက်သွားသောအခါ သူသည် ရွှေတုတ်၏ တိုက်ခိုက်မှုများကို မည်သို့လျှင် ခံနိုင်ရည် ရှိပါမည်နည်း။ သူ၏ သွေးတန်း သည် ချက်ချင်းပင် ကုန်ခမ်းသွားလေတော့သည်။

[အသိပေးချက် - အတွေ့အကြုံမှတ် ၁၈,၅၀၀ ရရှိပါသည်။]

ကျန်းလျိုတို့ဘက်က အရင်စတင် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျွမ်လျန် စစ်သူကြီး သည် ပြင်းထန်စွာ ဒဏ်ရာရရှိကာ သတိလစ်သွားရုံသာ ဖြစ်ပေသည်။ ကျန်းလျို သည် စိတ်ထဲမှ ခေါင်းညိတ်လိုက်ပြီး ကျွမ်လျန် စစ်သူကြီး ကို စပ်စုလိုစိတ်ဖြင့် ကြည့်ကာ မည်သို့သော အဖိုးတန် ပစ္စည်းများ ထွက်ကျလာမည်ကို တွေးတောနေမိလေသည်။

"ဟွန့်... မသေသေးဘူးလား..."

သတိလစ်နေသော ကျွမ်လျန် စစ်သူကြီး ကို ကြည့်ရင်း စွန်းဝူခုန်း ၏ ကျန်ရစ်နေသော ဒေါသများက သိသာထင်ရှားနေပြီး သူ၏ ရွှေတုတ် ကို တစ်ဖန် ထပ်မံ မြှောက်လိုက်လေသည်။

"မဟာပညာရှိကြီး… သနားညှာတာပါဦး..."

သို့သော် စွန်းဝူခုန်း တိုက်ခိုက်တော့မည့် အချိန်မှာပင် အလျင်စလို အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး လူငယ်တစ်ဦးသည် သူတို့ထံသို့ လျင်မြန်စွာ ပျံသန်းလာလေသည်။ ၎င်းမှာ ကွမ်ယင် ဗောဓိသတ် ၏ နောက်လိုက် မူကျားပင် ဖြစ်လေသည်။

သို့သော်လည်း မူကျာ ၏ အော်ခေါ်သံကို ကြားသောအခါ စွန်းဝူခုန်း သည် စွေစောင်းစောင်း တစ်ချက်သာ ကြည့်လိုက်ပြီး သူ၏ စကားများကို လုံးဝ ဂရုမစိုက်ဘဲ ရွှေတုတ် ဖြင့် ရက်စက်စွာ ရိုက်ချလိုက်လေသည်။

ဤရက်စက်ကြမ်းကြုတ်သော အသွင်အပြင်သည် မူကျားကို လန့်ဖျပ်သွားစေခဲ့သည်။

အနည်းငယ်မျှပင် မတုံ့ဆိုင်းရဲဘဲ မူကျားသည် လက်ကို မြှောက်လိုက်ရာ သူ၏ လက်ဖဝါးထဲတွင် ကြာပန်းတစ်ပွင့် ပေါ်လာ၏။ ၎င်းက တမုဟုတ်ချင်း ကြာပန်းပလ္လင် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှေတုတ် ၏ ရှေ့တွင် တားဆီးလိုက်လေသည်။

ဘုန်း...

တုတ်ရိုက်ချက်ကြောင့် ကြာပန်းပလ္လင် သည် တိုက်ရိုက် ရိုက်ခွဲခံလိုက်ရပြီး နောက်သို့ လည်ထွက်သွားလေသည်။

မူကျားသည် ပြန်လည်လွင့်စဉ်လာသော ကြာပန်းပလ္လင် ကို လက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး စစ်ဆေးကြည့်ရာ အက်ကွဲကြောင်း အချို့ ပေါ်လာသည်ကို သတိထားမိလိုက်သဖြင့် ရင်နာရုံမှတစ်ပါး အခြား မတတ်နိုင်ခဲ့ချေ။

သို့သော်လည်း ယခုအချိန်သည် သူ၏ ရတနာအတွက် နှမြောတသ ဖြစ်နေရမည့် အချိန်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စွန်းဝူခုန်း သည် သူ၏ ရွှေတုတ်ကို ကိုင်ဆောင်ကာ မကျေနပ်သော အမူအရာဖြင့် မတ်တတ်ရပ်နေပြီး မူကျားကို ဆူပူလိုက်လေသည်။

"ဒါက ဘာသဘောလဲ... ငါ စွန်းဝူခုန်းက မိစ္ဆာတွေကို နှိမ်နင်းပြီး မကောင်းဆိုးဝါးတွေကို ရှင်းလင်းနေတာလေ... မင်းက ဘာဖြစ်လို့ ဝင်စွက်ဖက်ရတာလဲ..."

"အောမိတော်ဖော... မဟာပညာရှိကြီး... ဒေါသကို အနည်းငယ် လျှော့ပါဦး..."

စွန်းဝူခုန်း၏ ဆူပူမှုကို ရင်ဆိုင်ရသောအခါ မူကျာ သည် ဗုဒ္ဓ၏ ဂုဏ်တော်ကို ရွတ်ဆိုလိုက်လေသည်။

အခြားရွေးချယ်စရာ မရှိသဖြင့် မူကျားသည် ပျက်စီးသွားသော သူ၏ ရတနာအတွက် စိုးရိမ်ပူပန်မှုကို ဘေးဖယ်ထားလိုက်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။

"အမှန်တကယ်တော့… သူက တစ်ချိန်တုန်းက ကျောက်စိမ်းဧကရာဇ် ရဲ့ ဘေးနားက ကျွမ်လျန် စစ်သူကြီး ဖြစ်ခဲ့ပါတယ်… ရောင်စုံ ဖန်ဖလား ကို မတော်တဆ ခွဲမိခဲ့ပြီးနောက် လူ့ပြည် ကို အပြစ်ဒဏ်ခံဖို့ အဆင့်လျှော့ချခံခဲ့ရတာပါ..."

"ကွမ်ယင် ဗောဓိသတ် က သူ့ကို အလင်းပြပေးခဲ့ပြီး… အနောက်အရပ်ကို သွားမယ့် ခရီးစဉ်မှာ ဝန်စည်စလွယ်တွေ သယ်ဖို့နဲ့ မြင်းဆွဲဖို့အတွက် ကျမ်းစာပင့်ဆောင်သူ ရဲ့ တပည့်အဖြစ် ခံယူဖို့ မိန့်ကြားထားခဲ့တာပါ..."

"ကွမ်ယင် ဗောဓိသတ် အလင်းပြထားတဲ့ နောက်ထပ် တပည့်တစ်ယောက် ဟုတ်လား..."

ဤစကားကို ကြားသောအခါ စွန်းဝူခုန်း ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားလေသည်။

သူ၊ ရှောင်ပိုင် နှင့် ပါကျဲ တို့ အပါအဝင်ဆိုလျှင် ဤသူသည် စတုတ္ထမြောက် ဖြစ်နေပြီ မဟုတ်ပါလော။

"ဆရာတော်... ဒီမိစ္ဆာဆိုးကို ကွမ်ယင် က အလင်းပြထားတယ်တဲ့... သူက ဒီကောင်ကို ဆရာတော့်ရဲ့ တပည့်အဖြစ် ခံယူစေပြီး ဝန်စည်စလွယ် သယ်ဖို့နဲ့ မြင်းဆွဲဖို့အတွက် သုံးစေချင်တာတဲ့... ဆရာတော် ဘယ်လိုပြောမလဲ..."

ဤသည်မှာ ကွမ်ယင် ၏ အစီအစဉ်ဖြစ်ပြီး ကျန်းလျို နှင့် သက်ဆိုင်နေသောကြောင့် စွန်းဝူခုန်း သည် ထပ်မပြောတော့ဘဲ ခေါင်းလှည့်ကာ ကျန်းလျို ကို အော်မေးလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ကျန်းလျိုသည် ကျွမ်လျန် စစ်သူကြီး ၏ ခန္ဓာကိုယ်ကို စစ်ဆေးရှာဖွေနေပြီး ထွက်ကျလာသော ပစ္စည်းအချို့ကို တိတ်တဆိတ် ကောက်ယူနေလေသည်။ စွန်းဝူခုန်း ၏ အမေးကို ကြားပြီးနောက် ကျန်းလျို က ခေါင်းခါလျက် ပြောလိုက်လေသည်။

"မလိုပါဘူးကွာ..."

ဤကျွမ်လျန် စစ်သူကြီး ဖြစ်သော ရှာဝူကျင်း သည် စွန်းဝူခုန်း နှင့် ကျူးပါကျဲ တို့နှင့် နှိုင်းယှဉ်လျှင် သိသိသာသာ အားနည်းနေသည်မှာ ရှင်းလင်းနေရာ သူက အဘယ်ကြောင့် တပည့်အဖြစ် လက်ခံရမည်နည်း။

စွန်းဝူခုန်းသည် အဓိက အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး သူတို့နှစ်ဦး၏ ရည်မှန်းချက်များမှာလည်း တူညီနေလေသည်။ ကျူးပါကျဲသည် ပျင်းရိတတ်သော်လည်း သူ၏ ခွန်အားသည် စွန်းဝူခုန်း ထက် အားနည်းခြင်း မရှိလှချေ။ ထို့အပြင် ထျန်းဖုန်စစ်သူကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အတိတ်ဘဝကြောင့် နတ်ဘုရားများနှင့် ဗုဒ္ဓများအကြောင်းကို တောမျောက်ဖြစ်သော စွန်းဝူခုန်း ထက် များစွာ ပိုမို နက်ရှိုင်းစွာ နားလည်ထားလေသည်။ ၎င်းအပြင် ယခုကဲ့သို့ ဂုဏ်သိက္ခာကျဆင်းကာ အပြစ်ပေးခံရမှုကြောင့် သူသည် နတ်ဘုရားများနှင့် ဗုဒ္ဓများအပေါ် မကျေနပ်မှုများ ကိန်းအောင်းနေသည်မှာ ရှင်းလင်းလှရာ ၎င်းက ကျန်းလျို အတွက် သူ့အား စည်းရုံးသိမ်းသွင်းရန် အခွင့်အရေး တစ်ရပ် ဖြစ်စေခဲ့လေသည်။

အကယ်၍ နောင်တစ်ချိန်တွင် တပ်ဦးတစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့ပါက ကျူးပါကျဲသည် နောက်ထပ် စွမ်းဆောင်ရည်ပြည့်ဝသော လက်ထောက်တစ်ဦး ဖြစ်လာမည် ဖြစ်သည်။

သို့သော် ရှာဝူကျင်းကျွမ်လျန် စစ်သူကြီးသည် ကျောက်စိမ်းဧကရာဇ် နှင့် နီးကပ်သူဖြစ်သည်။ ပိုမို ထင်ရှားသော နှိုင်းယှဉ်ချက်တစ်ခု ပြုလုပ်ရမည်ဆိုလျှင် သူသည် ဧကရာဇ်မင်းအား အနီးကပ် ခစားရသော မိန်းမစိုးတစ်ဦးနှင့် တူလေသည်။ ယင်းမှာ ယုံကြည်ရသော လူယုံတော်တစ်ဦးဖြစ်သည် ဟူ‌သော အဓိပ္ပာယ်ပင်ဖြစ်ပေသည်။

ရောင်စုံဖန်ဖလား ကို ခွဲမိရုံမျှဖြင့် လူ့ပြည် သို့ အဆင့်လျှော့ချခံလိုက်ရသည် ဟုတ်လား။ သူသည် ကျောက်စိမ်းဧကရာဇ် ၏ ဘေးတွင် စိုက်ပျိုးထားသော နယ်ရုပ်တစ်ရုပ် ဖြစ်နေမလားဆိုတာ ဘယ်သူသိနိုင်မည်နည်း။

ရှာဝူကျင်းသည် သူ၏ဘေးတွင် ကျောက်စိမ်းဧကရာဇ် မှ ထည့်သွင်းထားသော သူလျှိုတစ်ယောက် ဖြစ်နိုင်ခြေ အလွန်များသည့် အပြင် စွမ်းရည်မှာလည်း အကန့်အသတ်ရှိနေကြောင်း ကျန်းလျို မြင်တွေ့ခဲ့လေသည်။ ကျန်းလျို ၏ အမြင်အရ သူ့ကို လက်ခံခြင်းသည် အရှုံးပေါ်စေမည့် ကိစ္စတစ်ခုသာ ဖြစ်ပေသည်။

***

All Chapters