အခန်း ၁၄၂
Vol. 15 Ch. 142
အခန်း (၁၄၂)
လေထုသည် အေးခဲသွားသကဲ့သို့ လူတိုင်း၏ စိတ်ဝိညာဉ်များကို ထိုနေရာတွင်ပင် နှိပ်ကွပ်လိုက်ပြီး၊ ရိုက်ခတ်လှုပ်ရှားနေသော ဝိညာဉ်စွမ်းအားများမှာလည်း ချက်ချင်းပင် ငြိမ်သက်သွားသည်။
ကျင့်ကြံသူတိုင်း သူတို့၏ ကျင့်ကြံမှုအဆင့်သည် မည်သို့ပင်ရှိစေကာမူ စိတ်နှလုံးသားထဲတွင် တုန်လှုပ်ခြောက်ခြားသွားကြသည်။
သူတို့ ရင်ဆိုင်နေရသည်မှာ သာမန်လူသားဧကရာဇ်တစ်ပါး မဟုတ်ဘဲ၊ သေခြင်းရှင်ခြင်းကို စီမံခန့်ခွဲနိုင်သည့် မိုးမြေနတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ရှောင်ယွမ်၏ အေးစက်သော အကြည့်များသည် တစ်ကွင်းလုံးကို ဖြတ်ကျော်သွားပြီး၊ သူ၏အသံသည် မကျယ်လောင်သော်လည်း တိုင်းပြည်ကံကြမ္မာ၏ စွမ်းအားဖြင့် လူတိုင်း၏နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။
“ အိမ်ရှေ့စံ ရှောင်ရှန်းဟာ ငါ သာရှမင်းဆက်ရဲ့ အိမ်ရှေ့စံမင်းသား၊ ကောင်းကင်ဘုံက ရွေးချယ်ထားသူပဲ ….ဒီနေ့ဖြစ်ပျက်သမျှကို ငါ ကိုယ်တော် သိထားပြီးပြီ”
သူသည် စကားကို ခေတ္တရပ်လိုက်ပြီး၊ သူ၏လေသံထဲတွင် ပါဝင်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်သည် နွေဦးရာသီ၏ နွေးထွေးသောလေကိုပင် အေးစက်သွားစေသည်။
“ဒီအချိန်ကစပြီး သူ့ကို ထိခိုက်အောင် လုပ်ရဲသူတိုင်း ငါ သာရှမင်းဆက်ရဲ့ ရန်သူပဲ…ဘယ်လောက်ပဲ ဝေးကွာနေပါစေ၊ ငါကိုယ်တော်ရဲ့ သာရှတပ်မတော်ဟာ သူတို့ကို လိုက်လံသတ်ဖြတ်မယ်”
“ချန်ချင်း...”
“ အရှင်မင်းမြတ် အမိန့်တော်ရှိပါ...”
စစ်သူကြီး ချန်ချင်းသည် ရုတ်တရက် သတိဝင်လာပြီး ပြန်လည် ဖြေကြားလိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ စစ်သည်တော် တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး မည်သူ့ကိုမဆို ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်။
“အိမ်ရှေ့စံမင်းသားကို နန်းတော်ထဲ လုံခြုံစွာ ပို့ဆောင်လိုက် ၊ တားဆီးသူတိုင်း သက်ညှာမှုမရှိ သတ်”
“အမိန့်တော်အတိုင်းပါ”
ချန်ချင်းသည် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်၊ စောင့်ဆိုင်းနေသော တော်ဝင်တပ်ဖွဲ့ဝင် ‘’ နဂါးစောင့်’'တပ်သည် အလျင်အမြန် လှုပ်ရှားလိုက်ကြသည်။ သူတို့သည် စင်မြင့်တစ်ခုလုံးကို အလုံပိတ် ဝိုင်းရံလိုက်သည်။
ဒိုင်းလွှားများသည် တောင်ကြီးသဖွယ်၊ လှံများသည် တောအုပ်ကြီးသဖွယ် ဖြစ်နေပြီး၊ ထိုစစ်သည်တော်တို့၏ အရှိန်အဝါကြောင့် ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာ ဖြူဖျော့သွားပြီး နောက်သို့ အလိုအလျောက် ဆုတ်ခွာသွားကြသည်။
ထိုအခြေအနေကို မြင်လိုက်ရချိန်တွင် အဝေးတစ်နေရာရှိ မင်းသား(၃) ရှောင်ကျင်း၏ မျက်နှာသည် စာရွက်ကဲ့သို့ ဖြူဖျော့သွားပြီး လက်သီးများကို ခပ်တင်းတင်း ဆုပ်ထားမိသည်။
သူ မကျေနပ်ပေ။ ဤမျှ ကြီးကြီးမားမား ကုန်ကျခံခဲ့သော်လည်း ရှောင်ရှန်းကို မဖယ်ရှားနိုင်ခဲ့ရုံသာမက၊ သူသည် တစ်လောကလုံး၏ အာရုံစိုက်မှုကို ရရှိသည့် မွေးရာပါ တာအိုသန္ဓေသားလောင်း ဖြစ်လာခဲ့သည်။
သူသည် မတ်တပ်ရပ်လိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
“ ခမည်းတော်... သူ့ရဲ့ ထူးကဲတဲ့ စွမ်းအားတွေက ဘယ်ကလာလည်းဆိုတာ မသိသေးပါဘူး ၊ သူ အရင်ကလည်း လူအများရှေ့မှာ ဒီလိုပဲ အိပ်ပျော်နေခဲ့တာပါ..ဒါပေမဲ့ ဒီနေ့ကိစ္စကတော့ ဘယ်လိုပဲဖြစ်ဖြစ် ထူးဆန်းနေပါတယ် ၊ မကောင်းဆိုးဝါး ပူးကပ်နေတာလည်း ဖြစ်နိုင်ပါတယ် ၊ ကျေးဇူးပြုပြီး စစ်ဆေးပေးတော်မူပါ …မပေါ့ဆသင့်ပါဘူး...”
သူသည် နောက်ဆုံး ကြိုးပမ်းမှုအနေဖြင့် မကောင်းဆိုးဝါးဟူသော စကားကို သုံးကာ ကျင့်ကြံသူများ၏ လောဘနှင့် သံသယကို နှိုးဆွရန် ကြိုးစားလိုက်သည်။
သို့သော် ဧကရာဇ် ရှောင်ယွမ်သည် သူ့ဘက်သို့ လှည့်ကြည့်လာခဲ့သည်။ သူ၏ မျက်လုံးများက သိမ်းငှက်တစ်ကောင်ကဲ့သို့ ထက်မြက်ကာ ၊ အကြည့်တစ်ချက်က ဓားသွားပမာ ရှောင်ကျင်းကို ထိုးဖောက်ကြည့်ရှုနေခဲ့သည်။
“မင်းက ငါ့ရဲ့ သွေးသားကို သံသယဝင်နေတာလား၊ ဒါမှမဟုတ် ငါ့ကို အမိန့်ပေးဖို့ ကြိုးစားနေတာလား”
ဧကရာဇ်၏ အသံမှာ ရေခဲအလား အေးစက်လွန်းသည်။
ရှောင်ကျင်းသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ၊ သူ၏ခြေထောက်များမှာ ခွန်အားမရှိတော့ဘဲ မြေပြင်ပေါ်သို့ ဘုန်းခနဲ့ ဒူးထောက်လဲကျသွားသည်။ နဖူးမှ ချွေးအေးများ စီးကျလာပြီး တစ်ခွန်းမျှ ထပ်မပြောရဲတော့ပေ။
ဧကရာဇ် ရှောင်ယွမ်သည် သူ့ကို ဆက်မကြည့်တော့ဘဲ ထိတ်လန့်နေသော ထျန်းယန်ဂိုဏ်း၏ အကြီးအကဲကူထုံကို ကြည့်ကာ အနည်းငယ် ယဉ်ကျေးသော လေသံဖြင့် အမိန့်ပေးလိုက်သည်။
“အကြီးအကဲကူထုံ ၊ ခင်ဗျားက ကျုပ်သားရဲ့ ရုပ်ခန္ဓာကို သိရှိနိုင်ခဲ့တာဆိုတော့ နားလည်ထားတာ ရှိရမယ် ကျုပ်နှင့်အတူ နန်းတော်ကို လိုက်ခဲ့ပြီး အိမ်ရှေ့စံမင်းသားကို စစ်ဆေးကုသပေးပါဦး”
ထို့နောက် သူသည် ထောင့်တစ်နေရာရှိ လူအုပ်ထဲတွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် ထွက်ခွာရန် ပြင်နေသည့် စူးဝမ်ချင်းကို လှမ်းကြည့်လိုက်သည်။
“ပြီးတော့ မိန်းကလေး၊ မင်းက အိမ်ရှေ့စံမင်းသားကို အကြိမ်ကြိမ် သတိပေးခဲ့တယ် … ဒါဟာ မင်းရဲ့ ကောင်းမွန်တဲ့ စေတနာကို ပြသနေတာပဲ ၊ နန်းတော်ကို လိုက်ခဲ့ပေးပါဦး .. ငါ ကိုယ်တော် မင်းကိုမေးစရာရှိတယ်”
ဤနည်းဖြင့် သူသည် အရေးကြီးဆုံး အတွင်းလူများအားလုံးကို အပြည့်အဝ ထိန်းချုပ်လိုက်သည်။
“နန်းတော်ကို ပြန်မယ်...”
မိန်းမစိုး၏ အော်ဟစ်သံနှင့်အတူ နဂါးစောင့်တပ်၏ အကာအကွယ်ဖြင့်
အိမ်ရှေ့စံမင်းသား တင်ဆောင်ထားသည့် ဝေါယာဉ်ကို မ ကာ အမဲလိုက်ကွင်းမှ ကြီးကျယ်ခမ်းနားစွာ ထွက်ခွာသွားခဲ့လေသည်။
အေးစက်သော အငွေ့အသက်များသည် ကျင့်ကြံသူတိုင်းကို မလှုပ်ရှားရဲအောင် ဖိနှိပ်ထားခဲ့သည်။ သို့သော် မွေးရာပါ တာအိုသန္ဓေသားလောင်း၏ သွေးဆောင်မှုကြီးသည် အချို့လူများကို မျက်ကန်းဖြစ်စေခဲ့သည်။
တော်ဝင်အစောင့်တပ်ဖွဲ့သည် အမဲလိုက်ကွင်းမှ ထွက်ခွာတော့မည့်အချိန်တွင် ၊ လူအုပ်၏ အစွန်းတစ်နေရာမှ ဆိုးသွမ်းသော မျက်လုံးများဖြင့် လေလွင့် ကျင့်ကြံသူအချို့သည် တစ်ယောက်ကို တစ်ယောက် အချက်ပြကာ တစ္ဆေကဲ့သို့ နောက်ကနေ လိုက်ပါသွားကြသည်။
မည်သူမျှ သူတို့ကို သတိမထားမိကြောင်း တွေးဆကာ လှုပ်ရှားတော့မည့်အချိန်တွင်…
“ဖူး... ချီး...”
အလွန်မြန်ဆန်သော အနက်ရောင် အလင်းတန်းအချို့သည် မည်သည့်နေရာကမှန်းမသိဘဲ ပြေးထွက်လာခဲ့ပြီး ၎င်းတို့၏ လည်ချောင်းများကို တည့်တည့်မတ်မတ် ထိုးဖောက်သွားခဲ့သည်။
မအော်ဟစ်နိုင်ခင်မှာပင် ၊ ထိုကျင့်ကြံသူများသည် တောင့်တောင့်ကြီး လဲကျသွားခဲ့သည်။ ထို့နောက် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူရိပ်များသည် လေထဲကနေ ရုတ်ချည်း ထွက်ပေါ်လာပြီး ၎င်းတို့၏ အလောင်းများကို အမဲလိုက်ကွင်းထွက်ပေါက်ရှိ အလံတိုင်ပေါ်သို့ ချိတ်ဆွဲထားလိုက်ကြသည်။
သွေးများသည် အလံတိုင်မှတစ်ဆင့် တစ်စက်စက် စီးကျလာသည်။ ထိုသွေးနံ့သည် ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ လူတိုင်း၏ စိတ်ထဲက အလိုလောဘများ နှင့် မျှော်လင့်ချက်များကို ချက်ချင်းပင် ငြိမ်းသတ်သွားစေသည်။
သူတို့ ထင်မှတ်ထားသော လူသားဧကရာဇ် တစ်ပါး၏ လက်ထဲတွင် သူတို့ကိုယ်တိုင်ပင် စိတ်ကူးမယဉ်နိုင်သော ရက်စက်ကြမ်းကြုတ်သော စွမ်းအားများနှင့် ကြောက်ခမမ်းလိလိ နည်းလမ်းများ ရှိနေကြောင်း ကြောက်လန့်စွာဖြင့် သဘောပေါက်သွားကြသည်။
သာရှမင်းဆက် ဟူသော အိပ်ပျော်နေသည့် ဧရာမသားရဲကြီးသည် သူ၏ ကြောက်မက်ဖွယ်ကောင်းသော အစွယ်များကို ပြသလိုက်ပြီ ဖြစ်သည်။
…..
နန်းတော်၊ ချန်းယွမ်ခန်းမဆောင်။
ဤနေရာသည် နန်းတော်၏ တားမြစ်နေရာဖြစ်ပြီး ဧကရာဇ်မင်းမှလွဲ၍ မည်သူမျှ ဝင်ရောက်ခွင့်မရှိပေ။
ရှောင်ရှန်းကို နွေးထွေးသော နဂါးကုတင်ပေါ်တွင် တင်ထား၏။ သူ၏ အသက်ရှူသံမှာ တည်ငြိမ်သော်လည်း မျက်နှာမှာမူ အလွန်ဖြူဖျော့နေဆဲ ဖြစ်သည်။
ဧကရာဇ် ရှောင်ယွမ်သည် ချန်ချင်း အပါအဝင် လူတိုင်းကို ထွက်သွားခိုင်းထားပြီး ၊ ခေါ်ဆောင်လာသည့် အကြီးအကဲကူထုံ နှင့် စူးဝမ်ချင်းတို့ကို ဘေးဆောင်တွင် စောင့်ဆိုင်းရန် ညွှန်ကြားထားသည်။
ကျယ်ဝန်းလှသော ခန်းမဆောင်ကြီးထဲတွင် သတိမေ့နေသော ရှောင်ရှန်း၊ ဧကရာဇ် ရှောင်ယွမ်နှင့် စကတည်းက မည်သူမျှ သတိမထားမိဘဲ ဧကရာဇ်၏ နောက်တွင် အမြဲလိုက်ပါလာသည့် မီးခိုးရောင် အဝတ်အစားများကို ဝတ်ဆင်ထားသော သက်ကြီးရွယ်အို တစ်ဦးတည်းသာ ကျန်ရှိတော့သည်။
ဧကရာဇ် ရှောင်ယွမ်သည် လက်ကို ဝှေ့ယမ်းကာ အသံလုံ အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။