အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄)
ရှောင်ရှန်းတစ်ယောက် ထိတ်လန့်တကြားဖြင့် ပြောဆိုလိုက်သည်။
“ကျွန်တော်... ကျွန်တော် ထပ်ပြီး အမှားလုပ်ပြန်ပြီလား ၊ ဖခမည်းတော်၊ ဒေါသမထွက်ပါနဲ့... ကျွန်တော့်ကို နန်းတော်ထဲကနေ မောင်းထုတ်လိုက်ပါတော့”
“ကျွန်တော် ဘယ်သူ့ကိုမှ မယှဉ်ပြိုင်တော့ပါဘူး … နယ်မြေတစ်နေရာရာမှာ သွားပြီး အေးအေးဆေးဆေးပဲ နေပါ့မယ် ၊ ပြီးတော့ ကျွန်တော့် တစ်သက်လုံး မြို့တော်ကို ဘယ်တော့မှ ပြန်မလာတော့ပါဘူး”
ရှောင်ရှန်း၏ ကြောက်တတ်လွန်းသော စိတ်နှင့် ဝေးရာကိုသာ ရှောင်ထွက်ရန် ကြိုးပမ်းနေသော ၎င်း၏ အပြုအမှုကြောင့် ဧကရာဇ်မင်း ရှောင်ယွမ်မှာ ဒေါသထွက်ကာ လည်ပင်းထညစ်ချင်စိတ်တောင် ပေါက်လာသည်။
တစ်ဖက်တွင်မူ ၊ အဘိုးအိုသည် ရှောင်ရှန်း၏ စကားများကြောင့် ရယ်မောလုနီးပါး ဖြစ်သွားပြီး နှစ်ချက်ချောင်းဟန့်လိုက်ကာ စိတ်ဆိုးနေသော လေသံဖြင့် ဆိုလိုက်သည်။
“အမှားလုပ်တယ်... မင်း လုပ်ခဲ့တဲ့ အမှားက မသေးဘူးကွ”
“ အရမ်းကြီးမားတဲ့ ပြဿနာလား”
ရှောင်ရှန်းတစ်ယောက် ရင်တဒိတ်ဒိတ် ခုန်လို့နေကာ မျက်နှာမှာလည်း ချက်ချင်း ညှိုးငယ်သွား၏။
“ကြီးမားတာပေါ့… မင်းက ကျင့်ကြံသူ ထောင်ပေါင်းများစွာရဲ့ အရှေ့မှာ မိစ္ဆာနဂါးကြီးကို လက်တစ်ဖက်တည်းနဲ့ ဖြိုခွင်းပြလိုက်တယ်လေ”
“ပြီးတော့ မိစ္ဆာအစီအရင်ကိုလည်း ဖျက်ဆီးလိုက်သေးတယ်၊ ပြီးတော့ မင်းဟာ နှစ်တစ်သောင်းမှာ တစ်ကြိမ်သာ ဖြစ်ပေါ်တဲ့ မွေးရာပါ တာအိုသန္ဓေသားလောင်း ဆိုတာကိုလည်း ထုတ်ဖော်လိုက်မိတယ်”
“နောက်ဆုံး မင်းရဲ့ ကျင့်ကြံမှုအဆင့်က အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ပြီးပြည့်စုံ အဆင့် ရောက်နေပြီ ဆိုတာကိုပါ သက်သေပြလိုက်သေးတယ်”
အဘိုးအို ပြောလိုက်တိုင်း ရှောင်ရှန်း၏ မျက်လုံးများမှာ ပိုပို၍ ပြူးကျယ်လာသည်။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ပြီးပြည့်စုံ အဆင့် ဆိုသည့် နောက်ဆုံးစကား ပြီးဆုံးသွားသည်နှင့် ရှောင်ရှန်းတစ်ယောက် ဆွံ့အစွာဖြင့် ရှိနေတော့သည်။
‘ဘာတွေလာနောက်နေတာတုန်း…’
‘ မိစ္ဆာနဂါး ၊ မိစ္ဆာအစီအရင် ၊ တာအိုသန္ဓေသားလောင်း…အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ပြီးပြည့်စုံ အဆင့်…’
‘ဒါ ဘာတွေလဲ’
“ ခဏ …ခဏနေပါဦး”
ရှောင်ရှန်း၏ ဦးနှောက်ထဲတွင် ဗလာကျင်းလို့နေ၏။
“အဘိုး... အဘိုးပြောတာက ကျွန်တော် က အခု... လူတိုင်းလိုချင်နေတဲ့ ပစ္စည်းကြီး ဖြစ်သွားပြီပေါ့”
ပုံပြင်ဆရာများ ပြောပြသည့် ဟိုးအရင်က ဇာတ်လမ်းများကို ပြန်တွေးမိသွားသည်။ အဖိုးတန်ပစ္စည်းများကို ပိုင်ဆိုင်ထားသော ဇာတ်လိုက်များသည် နေ့စဉ်နှင့်အမျှ လူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရပြီး ၊ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရတတ်သည် မဟုတ်လော။
“ပစ္စည်းတင်မကဘူး”
အဘိုးအိုသည် သူ၏ အတွေးများကို ရက်ရက်စက်စက် ရိုက်ချိုးပစ်ခဲ့လေသည်။
“ အခု မင်းက လူတိုင်းကို တစ်ခါတည်းနဲ့ ကောင်းကင်ဘုံကို တတ်လှမ်းနိုင်မယ့် အဖိုးတန် လူသားဆေးလုံးကြီး ဖြစ်သွားပြီ”
“ သူတို့က မင်းကို ပေါင်းစားရမလား၊ ကြော်စားရမလား၊ ဒါမှမဟုတ် ဆေးလုံးလုပ်စားရမလားဆိုတာပဲ စဉ်းစားနေကြမှာ”
“ဟို... ဟို ထန်စန်းအသားလိုမျိုးလား”
ရှောင်ရှန်း တစ်ယောက် အော်ပြောမိလိုက်သည်။ သူ၏ ကောင်းကင်ကြီးသည် ပြိုကျမတတ် ဖြစ်ခဲ့ရလေ၏။
သူ့မျက်စိရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ အမှောင်ထဲတွင် အရောင်လက်နေသော စိမ်းဖန့်ဖန့် မျက်လုံးများစွာက သူ့ကို စိုက်ကြည့်နေကြပြီး ၊ ဓားများကို ထက်အောင် သွေးနေကြကာ သူတစ်ယောက်တည်း ဖြစ်သွားမည့် အချိန်ကို စောင့်မျှော်နေကြသည်။
သူ၏ ကံကြမ္မာမှာ ဆိုးရွားလွန်းလှသည်။ အနာဂတ်တွင် သူသည် အေးအေးဆေးဆေး အိပ်နိုင်တော့မည် မဟုတ်ပေ။
ယခုအချိန်မှစကာ သူ့ခမျာ အိမ်သာသွားရင်တောင် ချုံပုတ်ထဲကနေ မကောင်းဆိုးဝါးအိုကြီး တစ်ကောင်ခုန်ထွက်လာမလား စိုးရိမ်နေရတော့မည့် အဖြစ်ပင်။
ရှောင်ရှန်း၏ မျက်နှာမှာ မေ့မြောနေစဉ်ကထက်ပင် ပို၍ ဖြူဖျော့သွားပြီး ခြေထောက်နှစ်ဖက်မှာလည်း ခွေယိုင်သွားကာ မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားသည်။
သူသည် ဖခမည်းတော် ရှောင်ယွမ်၏ နဂါးဝတ်ရုံအနားကို ဆွဲကိုင်ကာ ငိုသံပါကြီးဖြင့် တောင်းပန်လေတော့၏။
"ဖခမည်းတော်၊ ကယ်ပါဦး.. ကျွန်တော် အစားခံမချင်ဘူး"
သူ၏ သနားစရာကောင်းသော ပုံစံကို မြင်လိုက်ရချိန်တွင် ဧကရာဇ် ရှောင်ယွမ်မှာ သနားစိတ်ဖြစ်မိသလို ရယ်လည်းရယ်ချင်မိသည်။
သို့သော် အဘိုးအိုကမူ သူ့ကို အလေးအနက်ထားကြည့်လိုက်ပြီး အေးစက်စက် အသံဖြင့် ပြန်ပြောလေသည်။
"အခုမှ ကြောက်တတ်သွားတာလား၊ နောက်ဆုတ်ဖို့ စဉ်းစားနေရင် နောက်ကျသွားပြီ"
" မင်းရဲ့ တာအိုသန္ဓေသားလောင်း အကြောင်း ထွက်ပေါ်သွားကတည်းက မင်းဟာ ဒီလောကကြီးရဲ့ ဗဟိုချက်မှာ ရှိနေပြီ၊ ဒီလောကထဲမှာ မင်းအတွက် ဘေးကင်းရာ ဆိုတာ မရှိတော့ဘူး"
ရှောင်ရှန်း၏ ရင်ထဲတွင် စိတ်ပျက်အားငယ်မှုများ ဝင်ရောက်လာတော့၏။
"တစ်ခုတည်းသော လမ်းစကတော့..."
ထိုစဉ် အဘိုးအို၏ အသံသည် တစ်ဖန် ထွက်ပေါ်လာသည်။
“ မင်းကို လိုချင်နေတဲ့သူတွေထက် ပိုသန်မာလာအောင် လုပ်ဖို့ပဲ…သူတို့ မြင်ရင်တောင် ရှောင်ထွက်သွားရလောက်တဲ့အထိ သန်မာအောင် လုပ်ဖို့ပဲ”
ရှောင်ရှန်းသည် အဘိုးအိုကို ကြည့်ရင်း သူ့စိတ်များ ရှုပ်ထွေးနေခဲ့သည်။
‘သန်မာအောင် ဘယ်လိုလုပ်ရမှာလဲ…ဟိုအိပ်ပျော်စေတဲ့ အိပ်မက်မဟာကျမ်းနဲ့လား’
အဘိုးအိုသည် သူ၏ အတွေးကို ရိပ်မိပုံရသည်။
“ အဲဒီကျမ်းစာအုပ်က သာမန်စာအုပ်လို မင်း ထင်နေတာလား ၊ အဲဒီကျမ်းက မင်းလို အရိုးထဲထိ ပျင်းတဲ့သူအတွက် အကောင်းဆုံးနည်းနစ်ပဲ… ဒါပေမဲ့ သူက မွေးရာပါ တာအိုသန္ဓေသားလောင်းကို ပိုင်ဆိုင်ထားတဲ့ မင်းလို လူမျိုးမှသာ ကျင့်လို့ရတာ ၊ မင်းအတွက် အိပ်စက်ခြင်းက အမြန်ဆုံး ကျင့်ကြံခြင်းပဲ….မင်း အိပ်လေလေ၊ ပိုသန်မာလေလေပဲ”
‘ အိပ်စက်ပြီး ကျင့်ကြံတယ်..’
သူသည် ယခင်က ကံကောင်းခြင်းများကို ပြန်တွေးမိသွားသည်။
‘မဟုတ်မှလွဲရော…’
အဘိုးအိုသည် သူ့ကို စဉ်းစားဖို့ အချိန်အများကြီး မပေးဘဲ သူ၏ အဝတ်အိတ်ထဲမှ စာအုပ်အသစ်တစ်ခုကို ထုတ်ယူကာ ရှောင်ရှန်းကို ပေးလိုက်သည်။
"ငါ မင်းကို အရင်က ပေးခဲ့တာတွေက 'အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အခန်း' ဆိုတဲ့ အပိုင်းပဲ ရှိသေးတယ်"
"အခု မင်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ကို ပြီးမြောက်သွားပြီဆိုတော့ နောက်အခန်းကို စတင်လေ့ကျင့်နိုင်ပြီ"
စာအုပ်မျက်နှာဖုံးတွင် ‘လောကထဲသို့ ဝင်ရောက်ခြင်း အခန်း’ ဟု ရေးသားထားသည်။ ရှောင်ရှန်းသည် စာမျက်နှာကို လှန်လိုက်လိုက်ချိန်တွင် အနီရောင်မှင်ဖြင့် ရေးသားထားသော စာသားများကို တွေ့လိုက်ရသည်။
[ အိပ်မက်များဖြင့် ကမ္ဘာလောကကို ပြောင်းလဲမည် ၊ မဟာလမ်းစဉ်ကို လျှောက်လှမ်းဖို့ ဤလောကကို အရင်ဆုံး ရှုပ်ထွေးအောင် လုပ်ရမည် ]
“.....”
ရှောင်ရှန်း တစ်ယောက် တစ်ဖန် မူးမေ့လဲမတတ် ဖြစ်သွားရပြန်သည်။
အဘိုးအိုသည် စိတ်ဓာတ်ကျနေသော သူ၏အမူအရာကို ကြည့်ရင်း ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရှောင်ရှန်း၏ ပုခုံးကို ပုတ်ကာ ရယ်စရာကောင်းသော အသံဖြင့် ပြောလိုက်သည်။
“ကောင်လေး၊ မင်းရဲ့ အေးချမ်းတဲ့နေ့ရက်တွေ ကုန်ဆုံးသွားပြီ … ဒီနေ့ကစပြီး မင်း အိပ်လိုက်တဲ့ အိပ်မက်တိုင်းဟာ မင်းကို ဒီလောကကြီးရဲ့ အကြီးမားဆုံးသော ဝဲဂယက်တွေထဲကို ဆွဲခေါ်သွားလိမ့်မယ်”