← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း (၁၄၆)

မဟုတ်မှလွဲရော …

ထို့နောက် အိပ်ချင်မူးတူးစကားများသည် တစ်စုံတစ်ခုကို သေချာစစ်‌ဆေးနေသော အရာအဖြစ် ခေါင်းစဉ်ပြောင်းလဲသွားသည်။

“စစ်ရေးလက်ထောက်အမတ်ရဲ့ ကျောက်စိမ်းနက် ယူနီကွန်အရုပ်ကြီးက အတော်လေး ခမ်းနားတာပဲ.. ဒါပေမဲ့ အနံ့က မူမမှန်ဘူး... မြက်ပုပ်နံ့တွေ ထွက်နေတယ်... အင်း... ဒါက ‘ပုပ်သိုးဝိညာဉ်မြက်’ရဲ့ အနံ့ပဲ... အထဲမှာ... အထဲမှာ မိန်းမတစ်ယောက်ရဲ့ ဆံပင်တွေတောင် ရှိနေတာပဲ...”

“ဘာ...”

တိတ်ဆိတ်စွာ နားထောင်နေသော စူးဝမ်ချင်း၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွာသည်။ သူမသည် အံ့ဩတုန်လှုပ်စွာဖြင့် မတ်တပ်ရပ်လိုက်သည်။

“စူးမိန်းကလေး...”

ဧကရာဇ်မင်း ရှောင်ယွမ်၏ အကြည့်က သူမပေါ်သို့ ကျရောက်သွားခဲ့သည်။

စူးဝမ်ချင်း၏ အသက်ရှူသံမှာ မြန်ဆန်လာခဲ့ပြီး ၊ သူမသည် စိတ်ကို ငြိမ်အောင် ကြိုးစားသော်လည်း အသံမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။

“ အရှင်မင်းကြီး... ပုပ်သိုးဝိညာဉ်မြက်ဆိုတာ မှော်နက်ဂိုဏ်းရဲ့ မကျွတ်မလွတ် ဝိညာဉ်တွေကို မွေးမြူတဲ့အရာပဲ”

“ဒီအနံ့က အရမ်းကို အားနည်းတော့ ဆေးအနံ့နဲ့ ရောလိုက်ရင် အပင်တွေကို သေချာနားလည်တဲ့သူကလွဲရင် ဘယ်သူမှ မသိနိုင်ဘူး ၊ ပြီးတော့... ဒီအရာကို သုံးပြီး ကျိန်စာတိုက်ရင် သားကောင်ဖြစ်သူရဲ့ ကိုယ်ပိုင်ပစ္စည်းနဲ့ မွေးသက္ကရာဇ်ပဲ လိုအပ်တယ်”

ဤစကားကြောင့် နန်းဆောင်ထဲရှိ လေထုမှာ ချက်ချင်း ‌အေးခဲသွားဟန်ရသည်။

ချန်ချင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပျောက်ကွယ်သွားပြီး အေးစက်သော အရိပ်အယောင်များက အစားထိုး ဝင်ရောက်လာ၏။

သူသည် မတ်တပ်ရပ်လိုက်ပြီး စောစောက မီးဖိုချောင်သုံးတုတ် ဖြစ်ရပ်ကို သတိရကာ ချက်ချင်းပင် ယုံကြည်သွားလေ၏။

“အရှင်မင်းကြီး...”

သူသည် ဧကရာဇ်မင်း ရှောင်ယွမ်ကို အရိုအသေပေးကာ တောင်းဆိုလိုက်သည်။

“ကျွန်တော်မျိုးအား စစ်ရေးလက်ထောက်အမတ် ကျောက်ခန်းရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးခွင့် ပြုတော်မူပါ”

ဧကရာဇ်မင်း ရှောင်ယွမ်သည် ချန်းယွမ်ခန်းမဆောင်ဘက်သို့ တစ်ချက် လှည့်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ခွင့်ပြုတယ်”

ခွင့်ပြုချက်ရသည်နှင့် ချန်ချင်းသည် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း ထွက်ခွာသွားခဲ့သည်။ သူသည် တပ်ဖွဲ့ဝင်များကို မခေါ်ဘဲ အရိပ်ထဲမှ လူအချို့ကိုသာ အချက်ပြလိုက်သည်။

“စစ်ရေးလက်ထောက်အမတ် အိမ်ရဲ့ လမ်းတွေကို ပိတ်ဆို့လိုက်…စာကြည့်ခန်းကို အရင်ဝင်…အဲဒီ ကျောက်စိမ်းနက် ယူနီကွန်အရုပ်ကို အကောင်းပကတိအတိုင်း ယူလာခဲ့…ခုခံရင် သတ်”

“အမိန့်တော်အတိုင်းပါ”

အရိပ်ထဲမှ လူအချို့သည် အမိန့်ရသည်နှင့် ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။

ခဏအကြာတွင် ချန်ချင်းသည် ထိုကျောက်စိမ်းနက် ယူနီကွန်အရုပ်ကို ယူဆောင်လာကာ ဧကရာဇ်မင်း ရှောင်ယွမ်ရှေ့တွင် တင်ပြလိုက်သည်။

ကျောက်စိမ်းနက် ယူနီကွန်အရုပ်အတွင်း၌ ကောက်ရိုးများဖြင့် ရက်လုပ်ထားသည့် လူရုပ်တစ်ခုကို တွေ့ရှိခဲ့ရသည်။

ထိုလူရုပ်ကို ဆံပင်ရှည်များဖြင့် ရစ်ပတ်ထားကာ အနံ့ဆိုးများ ထွက်နေ၏။ရင်ဘတ်ပေါ်တွင် မွေးသက္ကရာဇ်များ ရေးသားထားသော စာရွက်တစ်ခုကို ကပ်ထားလေ၏။

စူးဝမ်ချင်းသည် အဆောင်ပေါ်ရှိ မွေးသက္ကရာဇ်နှင့် ဆံပင်များ၏ အသွင်အပြင်ကို ကြည့်ပြီးနောက် ၊ သူမ၏ မျက်နှာမှာ ဖြူဖျော့သွားကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။

“ဒါ... ဒါ ခွင်းနင်နန်းဆောင်က မိဖုရားကြီးရဲ့ မွေးသက္ကရာဇ်ပဲ...”

“ခလွမ်...”

ဧကရာဇ်မင်း ရှောင်ယွမ်၏ လက်ထဲမှ လက်ဖက်ရည်ခွက်မှာ ကွဲအက်သွားသည်။ ဧကရာဇ်၏ ဒေါသသည် အဆုံးမရှိ ပေါက်ကွဲသွားပြီး အခန်းထဲရှိ အပူချိန်သည် ရေခဲမှတ်အထိ ထိုးကျသွားပုံရသည်။

စစ်ရေးလက်ထောက်အမတ်သည် မှော်နက်ဂိုဏ်းနှင့် ပူးပေါင်းကာ မိဖုရားကြီးကို ကျိန်စာတိုက်ပြီး တိုင်းပြည်ကို လှုပ်ခါရန် ကြံစည်နေ၏။

ဤလုပ်ရပ်မှာ သေဒဏ်ပေးထိုက်သည်။

မကြာမီပင် စစ်ရေးလက်ထောက်အမတ် ကျောက်ခန်းသည် ထောင်ထဲသို့ ရောက်ရှိသွားခဲ့ပြီး ၊ သက်သေအထောက်အထားများကြောင့် သူသည် မတတ်သာသည့်အဆုံး ဝန်ခံခဲ့သည်။

သူသည် မှော်နက်ဂိုဏ်း၏ အလိမ်အညာများကို ယုံကြည်မိခဲ့ကြောင်း၊ တော်ဝင်အမဲလိုက်ကွင်းတွင် အစီအရင်များကိုလည်း တည်ဆောက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

သို့သော် သူ၏ အထက်လူကြီး၊ မြို့တော်မှ မှော်နက်ဂိုဏ်း၏ ခေါင်းဆောင်အကြောင်း မေးမြန်းရာတွင် ၊ သူသည် အမည်ဝှက်ကိုသာ သိပြီး ကြောက်လန့်စွာဖြင့် ဆိုလေ၏။

“ကျွန်တော်... သူဘယ်သူလဲ တကယ် မသိပါဘူး... သူက မျက်နှာဖုံးစွပ်ထားတယ်... ဂိုဏ်းသားတွေကတော့ သူ့ကို... အရေခွံပန်းချီဆရာလို့ ခေါ်ကြတယ်...”

“အရေခွံပန်းချီဆရာ...”

ချန်ချင်းက မေးမြန်းသည်။

“သူ့မှာ တခြား လက္ခဏာတွေ မရှိဘူးလား”

ကျောက်ခန်းက ငိုယိုရင်း ခေါင်းခါလေ၏။

“မရှိတော့ပါဘူး... သူက ရာထူး အလွန်မြင့်တယ် ဆိုတာကိုတော့ ကျွန်တော် သိတယ်... ပြီးတော့ သူကိုယ်တိုင် ပြောခဲ့တာ... ဒီနန်းတော်ထဲမှာ သူ အလိုရှိတဲ့သူတိုင်းကို ရွေးချယ်လို့ရတယ်တဲ့”

……

နောက်တစ်နေ့၊ ရွှေရောင်ပလ္လင်တော်ထက်တွင်။

လေထုမှာ ပုံမှန်နှင့် လုံးဝမတူဘဲ၊ မုန်တိုင်းမလာခင်ကဲ့သို့ ဖိနှိပ်မှုများဖြင့် လွှမ်းခြုံနေသည်။

“တရားရေးဌာနက အမတ်မင်းကို ခေါ်စေ”

ဧကရာဇ်မင်းသည် ခံစားချက်ကင်းမဲ့သော လေသံဖြင့် မိန့်ကြားလိုက်သည်။

တရားရေးဌာနမှ အမတ်ကြီးမှာ တုန်တုန်ယင်ယင်ဖြင့် ရှေ့ထွက်လာသည်။

ထို့နောက် စစ်ရေးလက်ထောက်အမတ် ကျောက်ခန်းသည် မှော်နက်ဂိုဏ်း နှင့် ပူးပေါင်းကာ မိဖုရားကြီးကို ကျိန်စာတိုက်ပြီး တိုင်းပြည်ကို လှုပ်ခါရန် ကြံစည်ခဲ့သည့် အမှုကြီးကို တစ်လုံးချင်းစီ ရှင်းပြခဲ့သည်။

သူ၏ စကားသံအဆုံးတွင် ခန်းမဆောင်တစ်ခုလုံး ဆူညံသွားတော့သည်။

“ဘာ... စစ်ရေးလက်ထောက်အမတ် ကျောက်ခန်းက...”

“မဖြစ်နိုင်တာ... သူက အမြဲတမ်း ယဉ်ကျေးပျူငှာတဲ့သူပါ၊ ဒီလောက်အထိ ရက်စက်တဲ့ အလုပ်မျိုးကို လုပ်မှာမဟုတ်ဘူး”

“မှော်နက်ဂိုဏ်း... နှစ်ပေါင်းတစ်ရာကျော်က ပျောက်ကွယ်သွားတဲ့ မှော်နက်ဂိုဏ်းကြီးမလား...”

ဆူညံသံများသည် နန်းတော်တိုင်များကိုပင် လှိုင်းလုံးကြီးးသဖွယ် ရိုက်ခတ်နေလေ၏။

စစ်ရေးလက်ထောက်အမတ်သည် နန်းတော်ထဲတွင် ချောင်းမြောင်းနေသော အဆိပ်ပြင်းမြွေ တစ်ကောင် ဖြစ်နေခဲ့သည်။

ဤအရာသည် လူတိုင်းကို ကျောချမ်းသွားစေခဲ့ပြီး၊ မိမိတို့ကိုယ်တိုင် ထိုသူနှင့် ပတ်သက်ခဲ့ခြင်း ရှိမရှိ ကြောက်ရွံ့စွာဖြင့် ပြန်လည်ဆန်းစစ်နေမိသည်။

အမတ်ချုပ် လင်ပေါ်ရုံ၏ အိုမင်းနေသော ခန္ဓာကိုယ်မှာ ဒေါသကြောင့် အနည်းငယ် တုန်ယင်နေပြီး ၊ သူသည် ပလ္လင်ရှေ့တွင် ဒူးထောက်ကာ ကြုံးဝါးလိုက်သည်။

“အရှင်မင်းကြီး... ဒီလူယုတ်မာဟာ ယုတ်မာလွန်းပြီး သေထိုက်တယ် ၊ သူ့ရဲ့ အပေါင်းအပါတွေကိုလည်း စစ်ဆေးပြီး အမြတ်ပြတ် ရှင်းလင်းကာ တိုင်းပြည်ကို စောင့်ရှောက်ပေးတော်မူပါ”

“အမတ်ချုပ် စိတ်အေးအေးထားပါ။”

ဧကရာဇ်မင်း ရှောင်ယွမ်သည် လက်ကို ဝှေ့ယမ်းကာ အမတ်များအား ကြည့်ပြီး ဖြည်းညင်းစွာ မိန့်ကြားလိုက်သည်။

“ကျောက်ခန်းကို ထောင်ထဲမှာပဲ အပြစ်ပေးလိုက်ပါပြီ…သူ့အပေါင်းအပါတွေကိုတော့ ငါ စစ်ဆေးခိုင်းထားပြီးပါပြီ ဒါပေမဲ့...”

သူသည် စကားလမ်းကြောင်း ပြောင်းကာ ရှေ့ဆုံးနေရာတွင် အိပ်ချင်မူးတူးဖြင့် ရပ်နေသော အိမ်ရှေ့စံ ရှောင်ရှန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။

All Chapters