အခန်း ၁၄၇
Vol. 15 Ch. 147
အခန်း (၁၄၇) - အမတ်မင်းတို့၏ ကြောက်ရွံ့လေးစားမှု
“ဒီအမှုကြီးကို ဒီလောက်မြန်မြန် ဖော်ထုတ်နိုင်တာဟာ တကယ်ကို ကံကောင်းမှုကြီးပဲ …ဒါတွေ အားလုံးဟာ အိမ်ရှေ့စံရဲ့ ကျေးဇူးပဲ”
“လွန်ခဲ့တဲ့ညက နန်းတော်ထဲမှာ အိမ်ရှေ့စံဟာ စိတ်မသက်မသာ ဖြစ်ပြီး၊ စစ်ရေး လက်ထောက်အမတ်ရဲ့ နေအိမ်ပေါ်မှာ မိစ္ဆာအငွေ့အသက်တွေ ရှိနေတယ်လို့ ပြောခဲ့တယ်…ချန်ချင်း၊ ဒါ အမှန်ပဲမဟုတ်လား”
နာမည်တပ်အခေါ်ခံလိုက်ရသော စစ်သူကြီး ချန်ချင်းသည် ချက်ချင်း ရှေ့ထွက်လာပြီး၊ ရှောင်ရှန်းဘက်ကို ဦးညွှတ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ အရှင်မင်းကြီး၊ ဒါ အမှန်ပါပဲ... အရှင့်သားသာ ကြိုတင် သတိမပေးခဲ့ရင် အကျိုးဆက်တွေကတော့ တွေးတောင် မတွေးရဲစရာပါပဲ... ကျွန်တော်မျိုး တကယ်ကို လေးစားမိပါတယ်”
လူတိုင်း၏ အကြည့်များက ရှောင်ရှန်းဆီသို့ တညီတညွှတ်တည်း ရောက်ရှိသွားကြသည်။
‘မိစ္ဆာ အငွေ့အသက်တဲ့လား... ဒါကောင်းကင်ဘုံက ပေးသနားတဲ့ အစွမ်းများလား’
‘ ဒါ… ဒါက အမတတွေရဲ့ အလုပ်ပဲ မဟုတ်လား’
‘ မသေမျိုးမဟာမိတ် အခမ်းအနားပွဲကြီးမှာ အရှင့်သား ပြသခဲ့တဲ့ တိုက်ခိုက်မှုက ‘ကိုယ်ခံပညာ'လို့ ပြောရင် ၊ ဒီတစ်ခါကတော့ မိစ္ဆာနတ်ဆိုးတွေတောင် ကြောက်ရတဲ့ တာအိုလမ်းစဉ်ပဲ ဖြစ်ရမယ်’
‘နန်းတော်ထဲမှာနေရင်းနဲ့ကို .. မိုင်ပေါင်းများစွာ ဝေးတဲ့နေရာက အိမ်တစ်အိမ်ရဲ့ အငွေ့အသက်ကို ခံစားမိသတဲ့လား ၊ ဒါ... ဒါ ဘယ်လောက်တောင် အဆင့်မြင့်တဲ့ ကျင်ကြံမှုမျိုးလဲ…’
အမတ်ချုပ် လင်ပေါ်ရုံမှာ ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းပင် မသိတော့ချေ။
အိပ်ချင်မူးတူး ဖြစ်နေပြီး တစ်ချက်တစ်ချက် ယိမ်းထိုးနေသည့် ထိုလူငယ်ကို ကြည့်ရင်း သူ့စိတ်ထဲတွင် လှိုင်းထန်နေလေ၏။
‘ မဟုတ်မှလွဲရော... ဒီကောင်လေးရဲ့ ပျင်းရိတာတွေက ဒီအတိုင်း အတုအယောင်များလား ၊ သူက အားအားယားယား နေနေတာ မဟုတ်ဘဲ.."လူ့လောကရဲ့ စမ်းသပ်မှုတွေကို တွေ့ကြုံခံစားရင်း ဘာမှမလုပ်ဘဲ တာအိုကို ကျင့်ကြံခြင်း”ဆိုတဲ့ နည်းအတိုင်း ကျင့်သုံးနေတာများလား’
‘ သူက နိုင်ငံရေးကို နားမလည်တာ မဟုတ်ဘူး၊ အရာရာကို ကြိုသိနေလို့ ဒီလို အသေးအဖွဲကိစ္စတွေကို စိတ်မဝင်စားတာပဲ ဖြစ်ရမယ်..’
ထိုသို့တွေးလေလေ အဓိပ္ပာယ်ရှိလာလေ ဖြစ်သည်။
‘ ဟုတ်တယ်၊ သေချာပေါက် ဒီအတိုင်းပဲ ဖြစ်ရမယ် ၊ မဟုတ်ရင် သူက ဘယ်လိုလုပ် အမြင်တွေရပြီး အမှုကြီးတွေကို ဖော်ထုတ်နိုင်မှာလဲ…’
အသက်ကြီးပြီး ခေါင်းမာလွန်းသော အမတ်ချုပ်ကြီး လင်ပေါ်ရုံသည် ရှောင်ရှန်းအပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် အထင်အမြင်သေးခြင်း မရှိတော့ဘဲ ယင်းအစား ထိတ်လန့်ခြင်း၊ နားမလည်နိုင်ခြင်းနှင့် အနည်းငယ်သော ကြောက်ရွံ့လေးစားမှုများဖြင့် ကြည့်ရှုလာခဲ့သည်။
ရှောင်ရှန်း၏ နောက်တွင် ရပ်နေသော မင်းသား(၃) ရှောင်ကျင်းမှာမူ ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။
သူသည် ထပ်ပြီး အရှုံးပေးလိုက်ရပြန်သည်။
သူ စီစဉ်ထားသော မှော်နက်ဂိုဏ်းကိစ္စမှာ ရှောင်ရှန်းကို ဖယ်ရှားလိုသော အကြံဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘာဖြစ်သွားမှန်း သူကိုယ်တိုင်ပင် မသိလိုက်ချေ။
သူသည် အရေးကြီးသော လက်အောက်ခံ ကျားတစ်ကောင်ကို ဆုံးရှုံးလိုက်ရပြီး၊ ရှောင်ရှန်းမှာမူ ဘာမှမဖြစ်သည့်အပြင် “ပြိုင်ဘက်ကင်းသော ကိုယ်ခံပညာ ပါရမီရှင်” မှ "နတ်ဘုရားကဲ့သို့ လိမ္မာပါးနပ်သော" နတ်ဘုရားတစ်ပိုင်းအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့သည်။
ရှောင်ကျင်းသည် လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။
သူ ယခု သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ သူ ရင်ဆိုင်နေသည့် ပြိုင်ဘက်မှာ ငပျင်း တစ်ကောင် မဟုတ်ဘဲ၊ လူတိုင်းကို ကစားနေသည့် နတ်ဆိုးတစ်ကောင် ဖြစ်နေခဲ့ခြင်းပင်။
လူတိုင်း၏ အကြည့်များအောက်တွင် ရှောင်ရှန်း၏ ဦးနှောက်မှာ ဗလာကျင်းလျက် ရှိသည်။
‘ ဒါဘာတွေ ဖြစ်နေတာလဲ.. စစ်ရေးလက်ထောက်အမတ်အိမ်မှာ မိစ္ဆာရှိတယ်လို့ ငါ ဘယ်တုန်းက ပြောခဲ့မိလို့လဲ…’
‘ မနေ့ညက ငါ့ဟာငါ အိပ်မက်ထဲမှာ ကန်စွန်းဥဖုတ် ရောင်းနေတာလေ ၊ တစ်ယောက်က ငွေအတုနဲ့ လာဝယ်လို့ စကားများတာလေးပဲ ရှိတာပါ... ငါ အိပ်ပျော်ရင်း ယောင်ပြီး စကားပြောမိတာများလား..’
သူသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ အမတ်မင်းများက သူ့အား နတ်ဘုရားတစ်ပါး ကဲ့သို့ ကြည့်ရှုနေကြသောကြောင့်
ရှောင်ရှန်းတစ်ယောက် ကြက်သီးဖြန်းဖြန်း ထသွားလေ၏။
‘ ဒီလူတွေ ဘာတွေများ ထပ်ပြီး တွေးနေကြပြန်တာတုန်း…’
သူ ဘာမှ မစဉ်းစားရသေးခင်မှာပင် ၊ ဧကရာဇ်မင်း ရှောင်ယွမ်က အမိန့်ထပ်ပေးလိုက်သည်။
“မှော်နက်ဂိုဏ်းရဲ့ အပေါင်းအပါတွေကို မရှင်းလင်းရသေးဘူး…အရေခွံပန်းချီဆရာဆိုတဲ့ ခေါင်းဆောင်ကလည်း လွတ်မြောက်နေတယ်”
“ ငါ့အမိန့်အရ အိမ်ရှေ့စံ ရှောင်ရှန်းကို အမတကွပ်ကဲရေးဌာန နဲ့ တရားရေးဌာနကို ဦးစီးပြီး ဒီအမှုကို အမြစ်ပြတ် စစ်ဆေးဖို့ တာဝန်ပေးလိုက်တယ်”
ဂျိန်း !
ရှောင်ရှန်းတစ်ယောက် နွေပူခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
‘ အမတကွပ်ကဲရေးဌာန နဲ့ တရားရေးဌာနကို ဦးစီးရမယ် ဟုတ်လား... ဒါ... ဒါ ငါ့ကို ရိုးရိုးတန်းတန်း အလုပ်ဆင်းခိုင်းရုံတင် မကဘူး အချိန်ပိုနဲ့ပါ အလုပ်ဆင်းခိုင်းနေတာပဲ’
“ ခမည်းတော်...”
ရှောင်ရှန်းတစ်ယောက် မှင်သက်နေရာမှ ချက်ချင်းလက်ငင်း နိုးထလာပြီး ငြင်းဆိုလေတော့၏။
“ ခမည်းတော် ကျွန်တော်က အဲ့လောက်ထိ အရည်အချင်း မရှိပါဘူး ၊ တစ်နေ့ကုန် အိပ်ဖို့ပဲသိတဲ့ လူတစ်ယောက်ပါ.. ခုလို အရေးကြီးတဲ့ တာဝန်ကို ကျွန်တော် ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး”
“ ခမည်းတော် အနေနဲ့ အရည်အချင်းရှိတဲ့ တခြားလူတစ်ယောက်ကို ရွေးချယ်ပေးဖို့ တောင်းဆိုပါတယ် ၊ သားတော် အစ်ကိုတော်(၃) နဲ့ အစ်ကိုတော်(၅)ကို အားပေးဖို့ ဆန္ဒရှိပါတယ်”
ရှောင်ရှန်း၏ ရိုးရိုးသားသားငြင်းဆိုမှုကို အမတ်များက အခြား အဓိပ္ပာယ်တစ်မျိုးဖြင့် ကောက်ယူလိုက်ကြသည်။
‘နားထောင်စမ်း၊ ဒါ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်လဲ….ဒီလောက်တောင် ရာထူးအပေါ် မက်မောမှု မရှိတာ…’
‘ ကိုယ့်ကို လုပ်ပိုင်ခွင့်ပေးတာတောင် ညီအစ်ကိုတွေဆီ ပြန်ပေးချင်နေတယ်…ဒါဟာ အရည်အချင်းမရှိတာ မဟုတ်ဘဲ အောင်မြင်မှုတွေကို မမက်မောတဲ့ သူတော်စင် တစ်ယောက်ရဲ့ အရည်အချင်းပဲ…’
အမတ်ချုပ် လင်ပေါ်ရုံမှာ မျက်ရည်များ ဝဲတတ်လာပြီး ဆိုလိုက်သည်။
“ အရှင်မင်းကြီး... အရှင့်သားရဲ့ အနစ်နာခံမှုဟာ အိမ်ရှေ့စံ မင်းသားတစ်ပါးမှာ ရှိသင့်ရှိထိုက်တဲ့ စံနမူနာပါပဲ.. ဒါပေမဲ့ တိုင်းပြည်က ခုလို အရေးကြီးနေတဲ့အချိန်မှာ အရှင့်သားလိုမျိုး ထက်မြက်တဲ့သူပဲ လိုအပ်ပါတယ် ၊ ကျေးဇူးပြုပြီး အရှင့်သားရဲ့ တောင်းဆိုမှုကို ပယ်ချပေးပါ...”
“ကျွန်တော်မျိုးတို့လည်း ထောက်ခံပါတယ်...”
ကျန်အမတ်မင်းများက တစ်ညီတစ်ညွတ်တည်း ထောက်ခံလိုက်သည်။
ရှောင်ရှန်းခမျာ အံ့အားသင့်သွားရသည်။
သူသည် “မင်း ဟန်ဆောင်မနေနဲ့တော့ ၊ ငါတို့ အကုန်သိတယ်” ဆိုသည့် အကြည့်များကို ကြည့်ရင်း ထိတ်လန့်နေမိသည်။
သူသည် ဧကရာဇ်မင်း ရှောင်ယွမ်ကို အကူအညီတောင်းသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သော်လည်း၊ အေးစက်စက် အကြည့်တစ်ခုကိုသာ ရလိုက်သည်။
ထိုအကြည့်က “နောက်တစ်ခွန်း ထပ်ပြောကြည့်ဦးမလား” ဟု ပြောနေသလိုပင်။
ရှောင်ရှန်းမှာ ခေါငိးလေးငုံ့ကာ တိုးတိုးလေးသာ ပြောလိုက်ရတော့သည်။
“အမိန့်တော်အတိုင်းပါ”