အခန်း ၁၄၈
Vol. 15 Ch. 148
အခန်း (၁၄၈)
အစည်းအဝေးပြီးနောက် သူသည် နန်းဆောင်အပြန် ၊ နန်းတော်ပေါက်ဝတွင် အမျိုးသမီးလေး တစ်ဦးက သူ့ကို လှမ်းတားလိုက်သည်။
“အရှင့်သား...”
ယဲ့လင်းရွှမ်းက လေးနက်စွာဖြင့် ဦးညွှတ်လိုက်သည်။
“မိန်းကလေးယဲ့...”
ရှောင်ရှန်းသည် အားပျက်ပျက်ဖြင့် မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
“ကျွန်မ ကြားပြီးပြီ ၊ စစ်ရေးလက်ထောက်အမတ် ၊ မှော်နက်ဂိုဏ်း ပြီးတော့ အရေခွံပန်းချီဆရာဆိုတဲ့ ခေါင်းဆောင်အကြောင်း..”
ယဲ့လင်းရွှမ်းက ဆက်ပြောသည်။
“ကျွန်မရဲ့ ဂိုဏ်းက ပျောက်ဆုံးသွားတဲ့ အကြီးအကဲတွေရဲ့ သဲလွန်စကလည်း အရေခွံပန်းချီဆရာဆီကိုပဲ ဦးတည်နေတယ်…ကျွန်မ ဒီအမှုမှာ ပါဝင်ပြီး သူတို့ကို ဖမ်းဆီးချင်ပါတယ်”
သူမ ပြောလို့ မဆုံးခင်မှာပင် ၊ နောက်ထပ် နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒီကိစ္စမှာ ကျွန်မ စူးဝမ်ချင်းလည်း ပါဝင်ပါ့မယ်”
စူးဝမ်ချင်းသည် ရှောင်ရှန်းထံသို့ လျှောက်လာပြီး ဆိုလိုက်သည်။
“မှော်နက်ဂိုဏ်းရဲ့ အဆိပ်တွေကို ကျွန်မရဲ့ ဆေးအတတ်နဲ့ ကူညီနိုင်ပါတယ်… အရှင့်သား အဆင်ပြေရင် ကျွန်မကို ခွင့်ပြုပေးပါ”
ရှောင်ရှန်းသည် သူ့ရှေ့က စိတ်ဓာတ်တက်ကြွနေသော မိန်းကလေးနှစ်ယောက်ကို ကြည့်ရင်း ခေါင်းကိုက်သွားသည်။
တစ်ယောက်က ဗဟုသုတကြွယ်ဝကာ ၊ နောက်တစ်ယောက်က စစ်သည်တစ်ယောက်ကဲ့သို့ စိတ်ဓာတ်မာကြောသူ ဖြစ်သည်။
‘ သွားပြီ... အလုပ်တတ်ရရုံတင် မကဘူး ၊ အခု သူ့ကို အလုပ်လုပ်ဖို့ ဖိအားပေးမယ့် ကြီးကြပ်ရေးမှူးနှစ်ယောက်တောင် ရောက်ချလာပြီ’
နောက်ဆုံးတွင် သူတို့သုံးယောက်သည် ယာယီတောင်းဆိုထားသော တရားရေးဌာန၏ ရုံးခန်းတစ်ခုသို့ ‘ဖိတ်ကြား’ခံလိုက်ရသည်။
ယဲ့လင်းရွှမ်းနှင့် စူးဝမ်ချင်းတို့သည် မြေပုံများကို ခင်းကာ အမှုအကြောင်း အလေးအနက် ဆွေးနွေးလျက် ရှိသည်။
“အရေခွံပန်းချီဆရာက စစ်ရေး လက်ထောက်အမတ်ကိုတောင် ခိုင်းနိုင်တယ်ဆိုတော့ သူက ပိုအဆင့်မြင့်မှာ သေချာတယ်”
“ဟုတ်တယ်၊ ပြီးတော့ သူက မိဖုရားကြီးရဲ့ မွေးသက္ကရာဇ်ကိုတောင် ရနိုင်တယ်ဆိုတော့...”
သူမတို့၏ ရှုပ်ထွေးနက်နဲသော ဆွေးနွေးမှုများကို ကြည့်ရင်း ရှောင်ရှန်းတစ်ယောက် ကြားကနေ ခေါင်းကိုက်လာတော့သည်။ သူကတော့ တစ်ရေးနှပ်ကာ ဤအမှုအား အိပ်မက်မဟာကျမ်းမှ သူ့ဟာသူ ဖြေရှင်းပေးရန် ဆုတောင်းနေမိသည်။
“တော်ပါတော့... ရပ်ကြပါတော့...”
ရှောင်ရှန်းတစ်ယောက် လက်ကို ဝှေ့ယမ်းကာ ကြားဖျက်ပြောဆိုလိုက်သည်။
“မင်းတို့ ဆွေးနွေးနေတာ မပြီးနိုင်တော့ဘူး၊ ဘယ်လောက်အကြာကြီး ဆွေးနွေးနေမှာတုန်း”
သူသည် ပျင်းရိစွာဖြင့် သမ်းဝေလိုက်သည်။ သူသည် ဤပျင်းစရာကောင်းသော အစည်းအဝေးကို အမြန်ဆုံး အဆုံးသတ်ရန် ဖြစ်နိုင်ချေရှိသော လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီးနောက် ကျန်တာကို သူမတို့ကို ကိုင်တွယ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
သူသည် စူးဝမ်ချင်း ဖြန့်ကျက်ထားသော အရာရှိစာရင်းများကို ပေါ့ပေါ့ပါးပါး ကြည့်ပြီးနောက်၊ အရာရှိစာရင်းများထဲမှ နာမည်တစ်ခုကို လက်ညှိုးထိုးလိုက်သည်။
“ဒီ အရေခွံပန်းချီဆရာက အသွင်ပြောင်းတာ ကျွမ်းကျင်တယ်ဆိုတော့ လူကောင်းယောင်ဆောင်ထားတဲ့သူပဲ ဖြစ်ရမယ်… ဒီလို ခေါင်းမာတဲ့သူတွေထဲမှာပဲ ရှိလိမ့်မယ်”
သူသည် စာရွက်ပေါ်ရှိ နာမည်တစ်ခုကို ထိုးပြလိုက်သည်။
ယဲ့လင်းရွှမ်းနှင့် စူးဝမ်ချင်းတို့သည် တစ်ပြိုင်နက်တည်း သူညွှန်ပြရာနေရာကို ကြည့်လိုက်ကြသည်။
ထိုအမည်မှာ အမတ်ချုပ် လင်းပေါ်ရုံသာပင်။
ယာယီအသုံးပြုနေသော တရားစီရင်ရေးရုံးခန်းထဲတွင် လေထုမှာ အေးခဲသွားဟန်ရသည်။
ယဲ့လင်းရွှမ်းနှင့် စူးဝမ်ချင်းတို့၏ မျက်လုံးများက ရှောင်ရှန်း ထိုးပြထားသောနေရာကို အသေစိုက်ကြည့်နေကြသည်။
ထိုလက်ချောင်းသည် နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦး၏ နာမည်ပေါ်တွင် တိတိကျကျ ကျရောက်နေသည်။
အမတ်ချုပ် လင်းပေါ်ရုံ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယဲ့လင်းရွှမ်းက မယုံကြည်နိုင်စွာဖြင့် ရယ်မောလိုက်ပြီး မေးလိုက်သည်။
“အရှင့်သား... အရှင့်သား လာနောက်နေတာလား”
စူးဝမ်ချင်းသည်လည်း သူမ၏ လှပသော မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး ယဉ်ကျေးစွာပင် ဆိုလိုက်သည်။
“အရှင့်သား၊ အမတ်ချုပ် လင်းပေါ်ရုံက မင်းဆက် သုံးဆက်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူပါ …စာပေလောကရဲ့ ခေါင်းဆောင်၊ သူ့ဘဝတစ်သက်လုံး ရိုးသားဖြောင့်မတ်ပြီး ပညာတတ်တွေရဲ့ စံပြပုဂ္ဂိုလ်လို့တောင် သတ်မှတ်လို့ရတယ်”
“ သူက အရေခွံပန်းချီဆရာ ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”
ဤစွပ်စွဲချက်မှာ အလွန်ပင် ယုတ္တိမရှိချေ။ တစ်နည်းအားဖြင့် တစ်နိုင်ငံလုံးရှိ စာပေပညာရှင်အသိုင်းအဝိုင်းကို စော်ကားလိုက်ခြင်းပင်။
ရှောင်ရှန်းကမူ ပျင်းရိစွာဖြင့် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သမ်းဝေကာ ပြန်ပြောသည်။
“မင်းတို့က ဘာမှနားမလည်ကြဘူး၊ အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးပဲ မဟုတ်လား”
“ စဉ်းစားကြည့်လေ၊ တစ်ချိန်လုံး ကျင့်ဝတ်တရားတွေ ပြောနေပြီး လူတိုင်းကို သူခိုးလို ကြည့်တတ်တဲ့ ခေါင်းမာတဲ့ အဘိုးကြီးတစ်ယောက်ကို ဘယ်သူက သံသယဝင်မိမှာလဲ ၊ ဒီလိုဟန်ဆောင်မှုမျိုးက အပြစ်အနာအဆာကင်းစင်တယ် မဟုတ်လား”
ရှောင်ရှန်း၏ ပေါ့ပေါ့တန်တန် ပြောဆိုချက်များကြောင့် ယဲ့လင်းရွှမ်းပင် ဒေါသထွက်လုနီးပါး ဖြစ်ကာ ၊ သူမသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဒေါသကို ထိန်းချုပ်ကာ ဆိုလိုက်သည်။
“အရှင့်သား၊ ဒါက ကလေးကစားစရာ မဟုတ်ဘူး.. အမတ်ချုပ် လင်းပေါ်ရုံက တပည့်အများအပြားနဲ့ နန်းတော်မှာ ဩဇာအာဏာ ကြီးမားတယ်”
“ ခုလို အထောက်အထားမရှိဘဲ စွပ်စွဲရင် ပြဿနာ ကြီးကြီးမားမား တက်လာလိမ့်မယ်”
“ အိုင်း... ငါက အကြံပေးရုံသက်သက်ပဲ ၊ မင်းတို့ ဆက်လုပ်မလား မလုပ်ဘူးလားကတော့ မင်းတို့ကိစ္စပဲ ၊ ငါတော့ အိပ်ချင်ပြီ ၊ မအိပ်ရင် ငါ့ဦးနှောက်က အလုပ်လုပ်တော့မှာ မဟုတ်ဘူး”
ရှောင်ရှန်းသည် ထိုသို့ပြောဆိုပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။
ထိုစဉ် စူးဝမ်ချင်းက သူ့ကို တားလိုက်ပြီး အေးစက်သော မျက်ဝန်းများဖြင့် ဆိုလိုက်သည်။
“အရှင့်သား ပြောတာက ယုတ္တိမရှိပေမဲ့ အရေခွံပန်းချီဆရာရဲ့ လုပ်ရပ်တွေကလည်း ထူးဆန်းလွန်းတယ်၊ ဖြစ်နိုင်ခြေတွေကို လျစ်လျူရှုမိတာမျိုး မဖြစ်အောင် အမှောင်ထဲကနေ စောင့်ကြည့်တာတော့ ဖြစ်နိုင်ပါတယ်”
နောက်ဆုံးတွင် ဤရူးမိုက်သော အကြံပြုချက်ကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။
စစ်သူကြီး ချန်ချင်းခမျာ ဤအမိန့်ကို လက်ခံရရှိချိန်တွင် သူ့မျက်နှာမှာ မှုန်ကုတ်နေလေ၏။
သို့သော် အမိန့်ကို နာခံရမည်ဖြစ်၍ သူ၏ အတော်ဆုံး လျှို့ဝှက်ထောက်လှမ်းရေးများကို စေလွှတ်ကာ အမတ်ချုပ်ကြီး အိမ်တော်ကို သုံးရက်သုံးညတိုင်တိုင် စောင့်ကြည့်ခိုင်းခဲ့သည်။
သုံးရက်အကြာတွင် ချန်ချင်းသည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် အစီရင်ခံစာကို စားပွဲပေါ် သို့ တင်လိုက်သည်။
“ဘယ်လိုလဲ၊ အဲ့ဒီအဘိုးကြီးရဲ့ အမှားကို လက်ရဖမ်းမိပြီလား”
ရှောင်ရှန်းသည် အိပ်ချင်မူးတူးဖြင့် မေးလိုက်သည်။
ချန်ချင်း၏ အမူအရာမှာ ထူးဆန်းနေပြီး ပြန်လည်ပြောဆိုလိုက်သည်။
“အရှင့်သား... အမတ်ချုပ် လင်ပေါ်ရုံမှာ... အမှားအယွင်း တစ်စက်မှ မရှိဘူး။”