← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း (၁၅၀) - စွန့်ပစ်ထားသော ရေတွင်းအောက်မှ လျှို့ဝှက်ချက်

ဘဝ၏ သေးငယ်သော အသေးစိတ် အချက်အလက်တစ်ခု၊ နှစ်ပေါင်းသုံးဆယ်တိုင်တိုင် မပြောင်းလဲသော ကိန်းဂဏန်းတစ်ခုသည် ဤအချိန်တွင် အသက်သေဆုံးနိုင်သည့် အမှားတစ်ခု ဖြစ်လာခဲ့သည်။

၎င်းမှာ သဘာဝမကျသလို ယုတ္တိမရှိပေ။ လူ့သဘာဝနှင့် ဆန့်ကျင်နေ၏။

ယဲ့လင်းရွှမ်း၏ ရဲရင့်သော မျက်ဝန်းထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး သူမသည် အလျင်အမြန် တုံ့ပြန်လိုက်သည်။

“လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ဖို့အတွက် လူတစ်ယောက်က မုသားစကားတစ်ခုကို နှစ်ပေါင်းသုံးဆယ်တိုင်တိုင် ထိန်းသိမ်းထားနိုင်တယ်ဆိုတာ... ဒါ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စိတ်ဓာတ်နဲ့ ဇွဲလုံလ လိုအပ်လိမ့်မလဲ...”

“ဒါက စိတ်ဓာတ်မဟုတ်ဘူး၊ ဒါက အကျင့်.. ဗီဇပဲ”

ရှောင်ရှန်းက ရေရွတ်လိုက်သည်။ သူ၏ စိတ်ရှုပ်ထွေးမှုများကို အေးစက်သော ရှင်းလင်းပြတ်သားမှုများဖြင့် အစားထိုးလိုက်ပြီ ဖြစ်သည်။

“ဒါကို ကြည့်ရင် အဲ့ဒီလျှို့ဝှက်ချက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကတည်းက ရှိနေတာဆိုတာကို ပြနေတာပဲ ၊ သူက လူတွေ သတိမထားမိစေဖို့အတွက် ရေသုံးစွဲမှုကို ပုံသေထားပြီး လှည့်စားထားတာပဲ”

“ဒါပေမဲ့... အဲ့ဒီလျှို့ဝှက်ချက်က ဘာဖြစ်မလဲ... ရေမလိုတဲ့၊ ရေနဲ့တောင် မတွေ့သင့်တဲ့ လျှို့ဝှက်ချက်တစ်ခုပေါ့...”

စူးဝမ်ချင်း၏ အသံတွင် မသိမသာ တုန်ယင်မှုများ ပါဝင်နေခဲ့သည်။

ရှောင်ရှန်း၏ အကြည့်များသည် သူမတို့နှစ်ယောက်ဆီသို့ ရောက်ရှိသွားသည်။

ဤအခိုက်အတန့်တွင် သူ၏ ယခင်က ပျင်းရိသော အမူအရာများ မရှိတော့ဘဲ သူ၏ မျက်ဝန်းတစ်စုံ၌ ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဘာဖြစ်မလဲ... ပိုလျှံတဲ့ ရေတွေက တစ်နေရာရာကို ရောက်ကိုရောက်ရမယ်၊ အဲ့ဒီအဘိုးကြီး အိမ်တော်ထဲမှာ ကြီးမားတဲ့ မြေအောက်ခန်း ဒါမှမဟုတ်... သွေးကန်ကြီးတစ်ခု ရှိနေလိမ့်မယ်လို့ ငါထင်တယ်”

ဤစကားကြောင့် ယဲ့လင်းရွှမ်းနှင့် စူးဝမ်ချင်းတို့မှာ တုန်ယင်သွားကြသည်။

အချိန်မရှိတော့ပေ။ သုံးရက်ပြည့်သည်နှင့် ၊ သူသည် အမတ်ချုပ် လင်းပေါ်ရုံ၏ အိမ်တော်ရှေ့တွင် ဒူးထောက်တောင်းပန်ရတော့မည် ဖြစ်သည်။

ထို့ကြောင့် ရှောင်ရှန်းသည် ချက်ချင်းပင် ဆုံးဖြတ်လိုက်တော့သည်။

“သွားမယ်၊ ဒီည အိမ်တော်ကို ခိုးဝင်မယ်...”

…

ညသန်းခေါင်ယံ၊ လသည် မှောင်မိုက်ကာ လေပြင်းများ တိုက်ခတ်နေ၏။

အမတ်ချုပ်ကြီး၏ အိမ်တော်အပြင်ဘက်တွင် ချန်ချင်းသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ စောင့်ဆိုင်းနေခဲ့သည်။

“အရှင့်သား၊ တကယ်ပဲ ဝင်မှာလား... အမတ်ချုပ် အိမ်တော်ရဲ့ အစောင့်တွေက တပ်ကနေ အငြိမ်းစားယူထားတဲ့ သူရဲကောင်းတွေပဲ.. လုံခြုံရေးက အလွန်တင်းကျပ်တယ်”

သူက တိုးတိုးလေး ပြောလိုက်သည်။

“ဘာကြောက်နေတာလဲ... ငါ့မှာ ကံအကျိုးပေးတဲ့ စွမ်းအားရှိတာပဲလေ”

ရှောင်ရှန်းသည် အေးအေးလူလူ ဆိုလိုက်သည်။

“မင်းကတော့ အပြင်ကနေပဲ စောင့်နေ… နာရီဝက်အတွင်း ငါတို့ ပြန်မထွက်လာရင် မင်း လူတွေကို ခေါ်ပြီး ဝင်လာခဲ့၊ ငါ့အလောင်းကိုပဲ လာသိမ်းလိုက်တော့”

ချန်ချင်း၏ မျက်နှာမှာ မဲ့ရွဲ့သွားသော်လည်း သူသည် ခေါင်းညိတ်လိုက်ပြီး အမှောင်ထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

အိမ်တော်ထဲသို့ ခိုးဝင်ခြင်းမှာ အံ့ဩစရာကောင်းလောက်အောင် လွယ်ကူခဲ့သည်။ ရှောင်ရှန်းသည် အိမ်မက်ယောင်သူအတိုင်း လမ်းလျှောက်နေသော်လည်း အစောင့်များကို အမြဲရှောင်လွဲနိုင်သည်။ သူ၏ ခန္ဓာကိုယ်မှာ သူ့အလိုလို လှုပ်ရှားနေသကဲ့သို့ပင်။

ယဲ့လင်းရွှမ်းမှာ ထိုမြင်ကွင်းကို ကြည့်ပြီး ဆွံ့အခဲ့ရသည်။

‘ ဒါကြိုတင်တွက်ချက်ထားတာလား ဒါမှမဟုတ် ရယ်စရာကောင်းလောက်အောင် ကံကောင်းတယ်ဆိုတာ ဒါမျိုးလား..’

ရှောင်ရှန်းကတော့ ထိုအရာများကို မမူချေ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အိပ်မက်မဟာကျမ်းမှ ဝိညာဉ်စွမ်းအင်သည် အနည်းငယ် ပူနွေးလာပြီး ရှေ့ဆက်ရမည့် လမ်းကြောင်းကို ပြသပေးနေသော သံလိုက်အိမ်မြောင်အလား လမ်းညွှန်ပေးနေခဲ့သည်။

သူသည် အဆောက်အအုံများကို ပတ်ကျော်ကာ ပန်းခြံများနှင့် ကျောက်တောင်တုများကို ဖြတ်ကျော်လာပြီးနောက် နောက်ဆုံးတွင် အလွန်ဆိတ်ငြိမ်ပြီး လူသူကင်းမဲ့သော နောက်ဖေးခြံဝင်း၏ ထောင့်တစ်နေရာတွင် ခြေစုံရပ်လိုက်သည်။

ထိုနေရာတွင် စွန့်ပစ်ထားသော ရေတွင်းဟောင်းတစ်ခု ရှိနေပြီး ၊ တွင်းဝကို ကျောက်ပြားကြီးဖြင့် ဖုံးထားကာ မြက်ပင်များ ပေါက်ရောက်နေသည်။

“ဒီနေရာပဲ”

ရှောင်ရှန်းက ပြောလိုက်သည်။

စူးဝမ်ချင်းသည် ရေတွင်းနားသို့ တိုးကပ်သွားပြီး အနံ့ခံကြည့်လိုက်ရာ ချက်ချင်းသလို မျက်နှာပျက်သွားသည်။

“အနံ့ရှိတယ်... သွေးနံ့နဲ့ ပုပ်သိုးဝိညာဉ်မြက်ရဲ့ အနံ့ ရောထွေးနေတယ်...”

ယဲ့လင်းရွှမ်းသည်လည်း ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်ထားကာ ဆိုလိုက်သည်။

“ရေတွင်းအောက်မှာ နာကြည်းမှုတွေ ရှိနေတယ်၊ အားနည်းပေမဲ့... အရမ်းသန့်စင်လွန်းတယ်”

ရှောင်ရှန်းသည် ရေတွင်းနံရံကို စမ်းကြည့်လိုက်ရာ အုတ်ခဲတစ်ခုကို နှိပ်မိလိုက်သည်။ ‘ကလစ်’ဟူသော အသံနှင့်အတူ မြေပြင်မှာ နှစ်ခြမ်းကွဲသွားပြီး အောက်သို့ ဦးတည်နေသော လှေကားထစ်များကို မြင်လိုက်ရသည်။

အောက်ဘက်မှ အေးစက်စိုစွတ်သော လေသည် သွေးနံ့များကို သယ်ဆောင်လျက် တိုးဝှေ့တတ်လာခဲ့သည်။

သူတို့သည် အောက်သို့ ဆင်းလာခဲ့ကြသည်။စင်္ကြလမ်း၏ အဆုံးတွင် ကျောက်တံခါးကြီးတစ်ခု ရှိနေခဲ့သည်။

ကျောက်တံခါးကို တွန်းဖွင့်ကြည့်လိုက်ရာ၊ အလွန်ကို ကြောက်မက်ဖွယ်ရာ ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ထိုနေရာသည် မြေအောက်လျှို့ဝှက်ခန်းကြီးတစ်ခု ဖြစ်နေခဲ့သည်။ အလယ်တွင် သွေးများဖြင့် ပြည့်နေသည့် သွေးကန်ကြီးတစ်ခု ရှိနေခဲ့ပြီး ၊ ထိုကန်ထဲ၌ လူသားများ၏ အရေခွံများစွာ စိမ်ထားသည်ကို တွေ့လိုက်ရသည်။

နံရံများတွင် နှိပ်စက်ကိရိယာများကို ချိတ်ဆွဲထားပြီး သွေးစက်များဖြင့် ပေကျံနေသည်။ အခြားတစ်ဖက်ရှိ သံလှောင်အိမ်များတွင် ပိတ်လှောင်ခံထားရသော

လူငယ်လေးများကို တွေ့လိုက်ရသည်။

“အော့...”

စူးဝမ်ချင်းမှာ ပျို့အန်မတတ် ဖြစ်သွားသည်။ ယဲ့လင်းရွှမ်း၏ မျက်နှာမှာ ဒေါသကြောင့် နီရဲလာပြီး လက်ထဲက ဓားကို ခပ်တင်းတင်း ဆုပ်ထားမိသည်။

ရှောင်ရှန်း၏ မျက်နှာတွင်လည်း ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“အရှင့်သားကတော့ တကယ်ကို အံ့ဩစရာပဲ၊ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်နေရာကို ရှာတွေ့နိုင်ခဲ့တာပဲ”

အမှောင်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထွက်လာသူမှာ အခြားသူမဟုတ် အမတ်ချုပ်ကြီး လင်ပေါ်ရုံပင်။

သို့သော် ယခုအချိန်တွင်မူ သူ၏မျက်နှာပေါ်၌ ယခင်ကရှိခဲ့သော ဂုဏ်သိက္ခာရှိရှိ ပုဂ္ဂိုလ်တစ်ယောက်၏ အမူအရာမျိုး မရှိတော့ပေ။

သူ့မျက်နှာ တစ်ဝက်မှာ လူပုံစံ၊ တစ်ဝက်မှာမူ သစ်ပင်အခေါက်ကဲ့သို့ အရေပြားများ တွန့်လိမ်နေကာ စက်ဆုပ်ဖွယ်ရာ ကောင်းနေသည်။

သူ၏ မျက်လုံးများမှာလည်း လူသားတစ်ယောက်နှင့် မတူဘဲ ကြမ်းတမ်းရက်စက်မှုနှင့် မကောင်းဆိုးဝါးဆန်သော အငွေ့အသက်များဖြင့် တောက်လောင်နေသည်။

“အရေခွံပန်းချီဆရာ...”

ယဲ့လင်းရွှမ်းက အံကြိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်၊ ငါပဲလေ… “

လင်းပေါ်ရုံသည် တုံ့ဆိုင်းမှုမရှိ ဝန်ခံလိုက်သည်။

All Chapters