← Chapters

အခန်း (၂၈၂၉-၂၈၃၀)

Vol. 223 Ch. 2829-2830

အခန်း (၂၈၂၉-၂၈၃၀)

Vol. 223 Ch. 2829-2830

အခန်း(၂၈၂၉)

“တစ်ကြိမ်တည်း ပြောင်းလဲပစ်နိုင်မဲ့ အလောင်းအစား.. ဟုတ်လား…”

ကျန်းချန်၏ စကားကိုကြားလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းချုပ် လင်းယန်ချန်း၏ မျက်နှာအမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

မူလက တည်ငြိမ်နေသည့် သူ၏ မျက်ဝန်းထဲတွင် တခဏအတွင်း အံ့အားသင့်သော အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်ရင်း လေးနက်သောလေသံဖြင့် မေးလိုက်သည်။

“မိတ်ဆွေလေး ကျန်းချန်.. မင်း ဘာကိုဆိုလိုချင်တာလဲ”

ကျန်းချန်ကမူ အစမှအဆုံးအထိ တည်ငြိမ်သော ရေပြင်တစ်ခုကဲ့သို့ အေးဆေးတည်ငြိမ်လျက် ရှိနေဆဲ ဖြစ်သည်။

သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးလူလူ ပြောလိုက်သည်။

“ဂိုဏ်းချုပ်လင်းသာ ကျွန်တော့်ကို အပြည့်အဝ ယုံကြည်နိုင်မယ်ဆိုရင် ကိစ္စအားလုံးကို ကျွန်တော့် လက်ထဲသာ လွှဲအပ်ထားလိုက်ပါ.. တကယ်လို့ မယုံကြည်ဘူး ဆိုရင်လည်း မူလအစီအစဉ်အတိုင်း သွားကြတာပေါ့.. ဘာပဲဖြစ်ဖြစ် ဒီဒုတိယပွဲကို ကျွန်တော် အနိုင်ရအောင် တိုက်ပေးပါ့မယ်”

“ကောင်းပြီ…”

လင်းယန်ချန်း၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားပြီးနောက် ချက်ချင်းပင် ပြန်လည် တောက်ပလာခဲ့သည်။

“ငါမင်းကို ယုံပါတယ်”

သူက အမှန်တကယ်ပင် ဆုံးဖြတ်ချက် ပြတ်သားသည့် ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည်။

သာမန် လူတစ်ယောက် ဆိုလျှင် ဤသို့သော အရေးကြီးသည့် အခြေအနေတွင် သေချာပေါက် တွေဝေသွားပေလိမ့်မည်။

သို့သော် လင်းယန်ချန်းကမူ စိုးရိမ်မှု အားလုံးကို ချက်ချင်း ဖယ်ရှားပစ်ကာ ရဲဝံ့စွာ ရွေးချယ်လိုက်သည်။

အကြောင်းရင်းမှာ ယနေ့ လောင်းကြေးထပ် ပြိုင်ပွဲတွင် ကျန်းချန်သာ ပေါ်မလာခဲ့လျှင် ပိုထျန်း အင်မော်တယ်ဂိုဏ်းသည် ပွဲစဉ် ငါးပွဲစလုံး အရှက်ရဖွယ် ရှုံးနိမ့်ရမည် ဖြစ်ပြီး အင်မော်တယ် သတ္တုတွင်းကြီး တစ်ခုလုံးကို လက်လွှတ်ဆုံးရှုံးရမည်မှန်း သိထားသောကြောင့်ပင်။

တစ်နည်းအားဖြင့် ကျန်းချန်သည် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ နောက်ဆုံး ကျန်ရှိသော မျှော်လင့်ချက် ဆိုလည်း မမှားပေ။

ထိုထက်ပို၍ အရေးကြီးသည်မှာ လင်းထယ်၏ ပြောကြားချက်များအရ ကျန်းချန်သည် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အတိတ်ဇစ်မြစ်ကို ကောင်းစွာ သိရှိထားရုံသာမက ဂိုဏ်းနှင့်လည်း နက်ရှိုင်းသော ပတ်သက်ဆက်နွယ်မှု တစ်ခု ရှိနေခဲ့ပုံရသည်။

ထိုအချက်များ အားလုံးကြောင့်ပင် လင်းယန်ချန်းသည် ကျန်းချန်ကို ယုံကြည်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

“စိတ်ချပါ…”

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ခပ်ယဲ့ယဲ့ ပေါ်လာခဲ့သည်။

“ဂိုဏ်းချုပ်လင်းရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တမရစေရပါဘူး”

စကားဆုံးသည်နှင့် သူက ရှေ့ထွက်လာခဲ့သည်။

ထိုအခိုက်တွင် ဖုန်းလဲ့အင်မော်တယ် ဂိုဏ်းချုပ် လဲ့ထျန်းချန်း၏ အကြည့်က ကျန်းချန် အပေါ်သို့ ကျရောက်သွားခဲ့သည်။

သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာ ရေရွတ်လိုက်သည်။

“ဒီကောင်လေးက ကောင်းကင်အင်မော်တယ် နဝမအဆင့် ပါရမီရှင် တစ်ယောက်ပဲ.. သူ့ရဲ့ စွမ်းရည်က သာမန်တော့ မဟုတ်နိုင်ဘူး”

ထို့နောက် သူက နောက်ဘက်ရှိ လူငယ်များကို လှည့်ကြည့်လိုက်သည်။

“မင်းတို့ထဲက ဘယ်သူ သွားမလဲ”

“ကျွန်တော် သွားပါ့မယ်”

အသံတစ်သံက ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။

အသံပိုင်ရှင်မှာ မျက်ခုံးနှစ်ခုကြားတွင် မိုးကြိုးအမှတ်အသား တစ်ခု ရှိနေသော လူငယ်တစ်ဦး ဖြစ်၏။

သူ၏ မျက်ဝန်းများထဲတွင် ထက်ရှသော မိုးကြိုးအလင်းများ တောက်ပနေသကဲ့သို့ပင်။

လဲ့ထျန်းချန်းက ခဏမျှ စဉ်းစားပြီးမှ ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီ လဲ့အို.. ဒီပွဲရဲ့ အနိုင်အရှုံးက မင်းအပေါ် မူတည်နေတယ်”

သူတို့၏ အမြင်တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်း ဘက်၌ သတိထားစရာ တစ်ဦးတည်းသာ ရှိသည်။

ထိုသူမှာ အနက်ရောင်ဝတ်စုံဝတ် ကျန်းချန်ပင် ဖြစ်သည်။

ကျန်ရှိသည့် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် သုံးဦးကိုမူ သူတို့ လုံးဝ မျက်စိထဲ မထည့်ပေ။

လဲ့အိုသည် ကောင်းကင်အင်မော်တယ် နဝမအဆင့် အစောပိုင်းတွင်သာ ရှိသေးသော်လည်း အပြင်လောကတွင် အမွေအနှစ် တစ်ခု ရရှိခဲ့ဖူးပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် နာမည်ကျော် လဲ့ချီထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်း၏။

ထို့ကြောင့် ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်ကို ကိုင်တွယ်ရန် လဲ့အိုကို စေလွှတ်ခြင်းက အလုံခြုံဆုံး ရွေးချယ်မှု ဖြစ်သည်။

အကယ်၍ ဤတစ်ပွဲကိုသာ ထပ်မံ အနိုင်ရသွားခဲ့မည် ဆိုလျှင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် ငါးပွဲ စလုံးကို သိမ်းကျုံးအနိုင်ယူနိုင်တော့မည် ဖြစ်ပြီး အင်မော်တယ်သတ္တုတွင်း တစ်ခုလုံးသည် သူတို့လက်ထဲသို့ အပြည့်အဝ ကျရောက်လာလိမ့်မည် မဟုတ်ပါလား။

"ဝုန်း"

လဲ့အို၏ ခန္ဓာကိုယ်က လေဟာနယ်ကို ကျော်ဖြတ်ပြီး ကျန်းချန် ရှေ့သို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့သည်။

ကျန်းချန်က သူ့ရှေ့တွင် ဝင့်ကြွားစွာ ရပ်နေသော လဲ့အိုကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းခါယမ်း၍ ပြောလိုက်သည်။

“မင်းက မဆိုးပါဘူး.. လဲ့ချီထက်တောင် ပိုသန်မာသေးတယ်”

“ဒါပေမဲ့…”

ကျန်းချန်၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။

“ငါ့ရှေ့မှာတော့ မင်းရဲ့စွမ်းရည်က မလုံလောက်သေးဘူး”

“ဟမ့်”

လဲ့အို၏ မျက်နှာက ချက်ချင်းပင် အေးစက် ခက်ထန်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် အတွင်းမှ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်ဖော်ကာ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။

“ကောင်လေး.. ငါ့ရှေ့မှာ လာပြီး မာန်တက်မနေနဲ့.. မင်းမှာ တကယ်ပဲ အစွမ်းအစရှိရင် ငါ့ကို ပြစမ်းပါ”

သို့သော် ကျန်းချန်က လဲ့အို၏ အရှိန်အဝါ ဖိအားကို လုံးဝ ဂရုမစိုက်ဘဲ ဖုန်းလဲ့အင်မော်တယ် ဂိုဏ်းချုပ် လဲ့ထျန်းချန်းကို စူးစိုက်ကြည့်လိုက်သည်။

ယင်းနောက်တွင် သူ၏ စကားသံက ကောင်းကင်ယံ တစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ဂိုဏ်းချုပ်လဲ့.. ဒီလို တစ်ပွဲချင်းစီ ပြိုင်နေရတဲ့ လောင်းကြေးထပ် ပြိုင်ပွဲက အရမ်းပျင်းဖို့ ကောင်းလွန်းတယ်”

“ဘာဖြစ်လို့ တစ်ခါတည်း အပြီးသတ် ဆုံးဖြတ်မယ့် တိုက်ပွဲမျိုး မလုပ်ကြတာလဲ”

“ဂိုဏ်းချုပ်တို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းဘက်က ကိုယ်စားလှယ် ငါးယောက်လုံး အတူတူ ပူးပေါင်းပြီး ကျွန်တော့်ကို တိုက်ခိုက်ပါ.. ဂိုဏ်းချုပ်တို့ ဘက်က နိုင်ရင် ဒီအင်မော်တယ် သတ္တုတွင်းကြီး တစ်ခုလုံးကို ဖုန်းလဲ့ အင်မော်တယ်ဂိုဏ်းက ယူသွားလိုက်ပါ”

“ဒါပေမဲ့…”

ကျန်းချန်၏ မျက်ဝန်းများထဲတွင် ယုံကြည်မှုရှိသော အရိပ်အယောင်များ တောက်ပလာခဲ့သည်။

“ခင်ဗျားတို့ ရှုံးခဲ့ရင်တော့ ဒီသတ္တုတွင်း တစ်ခုလုံးက ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ အပိုင်ပဲ”

“ဘယ်လိုလဲ… လောင်းရဲလား”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံးသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားကြသည်။

အားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

ဂိုဏ်းချုပ် လင်းယန်ချန်း ပင်လျှင် အသက် ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ရသည်။

အကြောင်းမှာ ကျန်းချန် ပြောခဲ့သည့် တစ်ကြိမ်တည်း ပြောင်းလဲပစ်နိုင်မဲ့ အလောင်းအစား ဆိုသည်မှာ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ ထိပ်တန်း ပါရမီရှင် ငါးဦးစလုံးကို တစ်ကိုယ်တော် စိန်ခေါ်ခြင်း ဖြစ်နေခဲ့သောကြောင့်ပင်။

ဤတစ်ကြိမ် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ရွေးချယ်ထားသော ငါးဦးစလုံးသည် သာမန် အဆင့်အတန်းများ မဟုတ်ကြပေ။

နှစ်ဦးမှာ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီး မုန်တိုင်းကဲ့သို့ အင်အားကြီးမားသူများဖြစ်သည်။

ကျန်သုံးဦးက ကောင်းကင်အင်မော်တယ် နဝမအဆင့်တွင်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်များနှင့်ပင် ရင်ဆိုင်နိုင်သည့် ပါရမီရှင်များ ဖြစ်ကြသည်။

ထိုငါးဦးသာ ပူးပေါင်းလိုက်လျှင် စစ်မှန်သော ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးပင် အလွယ်တကူ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ထိုမျှသာမက သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ပွဲကို ဆင်နွှဲရမည့် အခြေအနေမျိုးပင် ဖြစ်လာနိုင်၏။

ယင်းကြောင့် ကျန်းချန် တစ်ယောက်တည်းဖြင့် ပါရမီရှင် ငါးဦးကို စိန်ခေါ်ခြင်းသည် မိုက်မဲလွန်းသော စိန်ခေါ်မှုတစ်ခုဟု ခေါင်းစဥ်တပ်၍ပင် ရသည်။

“ကောင်လေး.. မင်း ငါ့ကို ဘယ်လိုလုပ် ဒီလောက်ထိ အထင်သေးရဲတာလဲ”

လဲ့အိုက ဒေါသတကြီး ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းများထဲတွင် လူသတ်ငွေ့များ ပြည့်နှက်လာခဲ့သည်။

သို့သော် ကျန်းချန်ကမူ သူ့ကို တစ်ချက်မျှပင် မကြည့်ဘဲ လဲ့ထျန်းချန်း ရှိရာ ဘက်သို့သာ မျက်စိတစ်ချက် မလွှဲဘဲ ကြည့်နေခဲ့၏။

“ဂိုဏ်းချုပ်လဲ့… ဒီလို တစ်ပွဲပြီးတစ်ပွဲ ယှဥ်ပြိုင်နေတာက အချိန်ဖြုန်းတာ သက်သက်ပဲ မဟုတ်လား.. တစ်ခါတည်း အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲလိုက်ကြမလား”

သူ၏ အသံက မကျယ်သော်လည်း လေထုကို ထိုးခွဲသွားသည့် ဓားသံကဲ့သို့ ထက်ရှသော အေးစက်မှု ရှိနေခဲ့သည်။

“ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက ငါးဦးစလုံး အတူတကွလာပြီး ငါ့ကို တိုက်ခိုက်ပါ.. မင်းတို့ အနိုင်ရရင် ဒီအင်မော်တယ်သတ္တုတွင်း တစ်ခုလုံး မင်းတို့ အပိုင်ယူလိုက်.. ရှုံးရင်တော့ ငါတို့ယူမယ်.. ဘယ်လိုလဲ”

လဲ့ထျန်းချန်း၏ မျက်ဝန်းများက တခဏမျှ ကျဉ်းမြောင်းသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် သူ၏ စိတ်ထဲ၌ သံသယနှင့် လောဘတို့ တစ်ပြိုင်နက် လွန်ဆွဲလာခဲ့သည်။

သို့သော် အဆုံးသတ်တွင် သူ၏ ရွေးချယ်မှုက လောဘဘက်တွင် အလေးသာသွားခဲ့သည်။

“သွားကြ.. သူ့ကို သင်ခန်းစာပေးလိုက်”

လင်းယန်ချန်းထံမှ အမိန့်ရသည်နှင့် ငါးဦးစလုံးက ချက်ချင်းပင် ခုန်ထွက်လာခဲ့ပြီး လခြမ်းပုံစံ ဗျူဟာတစ်ခု အဖြစ် ကျန်းချန်ကို အလယ်ဗဟိုတွင် ထားကာ ဝိုင်းထားလိုက်သည်။

ထိုအခိုက်တွင် လဲ့အိုက အေးစက်စက် ပြောလိုက်သည်။

“ငါတစ်ယောက်တည်းနဲ့တင် သူ့ကို ချေမှုန်းနိုင်တယ်.. မင်းတို့ ဝင်ပါစရာမလိုဘူး”

“အတိမ်းအစောင်းဖြစ်သွားရင် အကျိုးဆက်ကို မမေ့နဲ့”

သို့သော် ထိုအရာအားလုံးကို ကျန်းချန်က လုံးဝ မကြားသလိုပင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ငါးဦးစလုံးကို အေးအေးလူလူ ကြည့်နေခဲ့သည်။

“တိုက်ကြစမ်းပါ… မင်းတို့ အချိန်ဖြုန်းနေတာ မလုံလောက်သေးဘူးလား”

ထိုစကားတစ်ခွန်းက လဲ့အို၏ ဒေါသအိုးကို ပေါက်ကွဲစေခဲ့သည်။

“သေချင်နေတာပဲ”

စကားဆုံးသည်နှင့် သူ၏ လက်တစ်ဖက်ကနေ ရွှေရောင်မိုးကြိုးဓား အလင်းတန်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

စုစုပေါင်း ဓားအလင်း ကိုးဆယ့်ကိုးခု ဖြစ်ပြီး ဓားအလင်းတန်းတိုင်းသည် မိုးကြိုးစွမ်းအားများ ကိန်းအောင်းကာ အလွန်ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။

ကောင်းကင်ယံ တစ်ခုလုံးသည်ပင် ထိုအခိုက်အတန့်တွင် ဓားမုန်တိုင်းတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

သို့သော် ကျန်းချန်က နေရာမှာပင် မလှုပ်မယှက် ရပ်နေဆဲပင်။

လဲ့အို၏ ရွှေရောင်မိုးကြိုးဓားအလင်းများက သူနှင့် သုံးပေအကွာသို့ အရောက်တွင် မမြင်ရသော အင်အားတစ်ခုနှင့် ထိမိသွားသကဲ့သို့ ချက်ချင်းပင် ချေမှုန်းခံလိုက်ရ၏။

ဓားအလင်းများက ကျန်းချန်၏ အင်္ကျီစကိုပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

လေထုက တစ်ခဏအတွင်း တိတ်ဆိတ်သွားခဲ့သည်။

လဲ့အို၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ပေါ်လာခဲ့၏။

သူက တိုက်ပွဲဝင်လိုစိတ်များ ပို၍ တက်ကြွစွာ ဖြစ်ပေါ်လာခဲ့သည်။

“ပေါင်းစည်းစမ်း”

အခန်း(၂၈၂၉) ပြီး၏

အခန်း(၂၈၃၀)

“ဝုန်း…”

လဲ့အို၏ အေးစက်စက် အော်ဟစ် မာန်သွင်းသံနှင့်အတူ သူ၏ အစွမ်းကုန် ထုတ်ဖော်လိုက်သော တိုက်ကွက်သည် ကောင်းကင်ယံထက်ကနေ ဝုန်းခနဲ ကျဆင်းလာခဲ့သည်။

အဆက်မပြတ် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် ရွှေရောင်မိုးကြိုးဓား အလင်းတန်း ကိုးဆယ့်ကိုးခုသည် လဲ့အို၏ ဆန်းပြားသော လက်ဟန်ဖော်မှုနှင့် အတူ လေဟာနယ်ထဲတွင် တစ်ခဏအတွင်း တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင်မူ မွန်းတည့်ချိန် နေမင်းထက်ပင် ပိုမိုစူးရှတောက်ပသော ရွှေရောင်ဓားစက်ဝန်းကြီး တစ်ခုသည် လေဟာနယ်ထဲတွင် ရုတ်ချည်း ပေါ်ထွက်လာခဲ့သည်။

ဤရွှေရောင်ဓားစက်ဝန်းကြီးသည် ကောင်းကင်ယံကနေ အရှိန်အဟုန်ဖြင့် ဆင်းသက်လာခဲ့ပြီး ကျန်းချန်၏ ဦးခေါင်း အထက်ရှိ ဟင်းလင်းပြင်များကို အဆက်မပြတ် ကြေမွ ပျက်စီးသွားစေခဲ့သည်။

သို့သော်လည်း ကျန်းချန်က အနည်းငယ်မျှပင် တုန်လှုပ်ချောက်ချားခြင်း မရှိဘဲ ဓားကွက် တစ်ကွက်ကိုသာ အသာအယာ ထုတ်ဖော်လိုက်သည်။

“ဝုန်း”

ကောင်းကင်ယံကနေ ဆင်းသက်လာသော ထိုရွှေရောင်ဓားစက်ဝန်းကြီးသည် ကျန်းချန်၏ အနှိုင်းမဲ့ ဓားစွမ်းအားကို စက္ကန့်ဝက်မျှပင် တောင့်ခံနိုင်စွမ်း မရှိဘဲ ဓားချက် တစ်ချက်တည်းဖြင့် တိုက်ရိုက်ဆိုသလို နှစ်ခြမ်း ကွဲထွက်သွားကာ အဆုံးသတ်တွင် လေထုထဲ၌ အစိတ်စိတ်အမွှာမွှာ ပြိုကွဲ ပျက်စီးသွားခဲ့သည်။

လဲ့အို၏ ခန္ဓာကိုယ်က ပြင်းထန်လှသော တန်ပြန်ရိုက်ခတ်မှုကြောင့် အကြီးအကျယ် တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးက ပေသုံးရာခန့် အကွာအဝေးသို့ ချက်ချင်းပင် လွင့်ထွက်သွားခဲ့သည်။

ကျန်းချန်သည် လဲ့အိုကို ဓားချက် တစ်ချက်တည်းဖြင့် အလွယ်တကူ နောက်သို့ ဆုတ်ခွာသွားစေပြီးနောက်တွင် လဲ့အိုကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

“ချီး.. တစ်ချက်တောင် ကောင်းကောင်း မခံနိုင်ဘူးပဲ… မင်းတို့ ငါးယောက်လုံး အချိန်ဖြုန်းမနေဘဲ အတူတူ တက်လာကြစမ်းပါ”

သူတို့၏ မျက်စိရှေ့မှ မယုံကြည်နိုင်လောက်စရာ မြင်ကွင်းကြောင့် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ပါရမီရှင် လဲ့ချီနှင့် အခြားသူများ၏ မျက်နှာများက သိသိသာသာပင် ပျက်ယွင်းသွားကြသည်။

ဖုန်းလဲ့အင်မော်တယ် ဂိုဏ်းချုပ် လဲ့ထျန်းချန်း၏ မျက်ဝန်းများပင်လျှင် ရုတ်တရက် မှုန်မှိုင်းသွားခဲ့သည်။

ဆိုရလျှင် လဲ့အို၏ တိုက်ခိုက်ရေးစွမ်းရည်သည် ငါးဦးအနက် အသန်မာဆုံးဟု သတ်မှတ်နိုင်သည်။

လဲ့အို ကဲ့သို့သော သူပင်လျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ထိပ်တိုက် မယှဉ်နိုင်သည် ဖြစ်ရာ အကယ်၍ တစ်ယောက်ချင်းသာ ဆက်လက် တိုက်ခိုက်မည်ဆိုလျှင် ၎င်းတို့ထဲတွင် မည်သူကမျှ ထိုသူ၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဒီကောင်ရဲ့ ခွန်အားက အရမ်းကို ထိတ်လန့်စရာ ကောင်းလွန်းတယ်.. တွေဝေမနေနဲ့တော့.. အားလုံး အတူတူ လက်တွဲပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြမယ်”

လဲ့ချီက အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်ရင်း ကျန်လေးဦးကို လှုံ့ဆော်လိုက်သည်။

ကျန်းချန်၏ ခွန်အားက သူတို့ မှန်းဆထားသည်ထက် လုံးဝကို ကျော်လွန်နေခဲ့သည်။

အကယ်၍ သူတို့အနေဖြင့် မာနကြီးကာ အတူတူ ပူးပေါင်း မတိုက်ခိုက်ကြလျှင် ကျန်းချန်၏ လက်ချက်ဖြင့် တစ်ဦးပြီး တစ်ဦး အရှက်တကွဲ ရှုံးနိမ့်သွားရမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

“ဝုန်း.. ဝုန်း.. ဝုန်း..”

ဤအခိုက်အတန့်တွင် ကျန်းချန်၏ ဓားချက်ကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့သော လဲ့အိုသည် သူ၏ အရင်က မာနများနှင့် ထောင်လွှားမှုများကို လုံးဝ စွန့်လွှတ်လိုက်ပြီး လဲ့ချီတို့ လေးဦးနှင့် အတူတကွ ပူးပေါင်းကာ ကျန်းချန်ကို တစ်ပြိုင်နက်တည်း ဝိုင်းရံ တိုက်ခိုက်ခဲ့သည်။

ထိုငါးဦးအနက် မည်သူမဆို အနည်းဆုံး ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ရှိ တိုက်ခိုက်ရေးစွမ်းရည်ကို ကိုယ်စီ ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။

ထို့ကြောင့် ၎င်းတို့ ငါးဦးစလုံး စည်းလုံးညီညွတ်စွာ လက်တွဲ တိုက်ခိုက်လိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီး အကြားတွင် ထွက်ပေါ်လာသော ဖျက်ဆီးခြင်းစွမ်းအားမှာ အလွန်တရာ ထိတ်လန့်စရာ ကောင်းနေခဲ့သည်။

ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ အများစု ပင်လျှင်ထိုပူးပေါင်းတိုက်ခိုက်မှု၏ အရှိန်အဟုန် ပြင်းလှသော အဖျက်စွမ်းအားကို ရှောင်တိမ်းကြရလိမ့်မည် ဖြစ်၏။

လေဟာနယ်ထဲတွင် ဓားအလင်းတန်းများက တောက်ပလင်းလက်နေခဲ့ပြီး ကောင်းကင်ယံတွင် နေနှင့်လတို့ တစ်ပြိုင်နက် ထွန်းလင်းနေသကဲ့သို့ ဖြစ်နေခဲ့သည်။

လေပြင်းများနှင့် မိုးကြိုးစွမ်းအားများသည်လည်း ကမ္ဘာမြေကြီးကို ဖျက်ဆီးနေသကဲ့သို့ ပြင်းထန်နေခဲ့၏။

ဆန်းကြယ်သော အင်မော်တယ် သိုင်းပညာရပ်များက လေဟာနယ်ထဲတွင် ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။

ထိုအင်မော်တယ် သိုင်းမျိုးစုံမှ ထွက်ပေါ်လာသော စွမ်းအင်များသည် စွမ်းအင်သမုဒ္ဒရာကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တစ်လောကလုံးကိုပင် တုန်ခါသွားစေခဲ့၏။

ယင်းနောက်တွင် ကြောက်မက်ဖွယ် ပြင်းထန်သည့် ဖျက်ဆီးခြင်း စွမ်းအားများသည် ကျန်းချန် ရှိရာ ဆီသို့ အရူးအမူး တိုးဝင်လာကြသည်။

ဤထိတ်လန့်စရာကောင်းသော မြင်ကွင်းကို မြင်လျှင် ပိုထျန်းအင်မော်တယ် ဂိုဏ်းချုပ် လင်းယန်ချန်းနှင့် ဖုန်းလဲ့အင်မော်တယ် ဂိုဏ်းချုပ် လဲ့ထျန်းချန်းတို့ နှစ်ဦးမှ လွဲ၍ ကျန်ရှိသော ရွှေအင်မော်တယ် အဆင့် အကြီးအကဲ အားလုံးသည် မျက်နှာ အမူအရာ လေးနက်သွားခဲ့သည်။

သို့ရာတွင် ဤကဲ့သို့ ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ် တိုက်ခိုက်မှု နှင့် ထိပ်တိုက် ရင်ဆိုင်နေရသော်လည်း ကျန်းချန်ကမူ ကြောက်ရွံ့ထိတ်လန့်ရမည့် အစား ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟားဟား… အချိန်ကောင်းပဲ”

ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းချန်၏ တစ်ကိုယ်လုံးက တောက်ပသော ဓားသက်တံ တစ်ခုနှယ် ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအင်သမုဒ္ဒရာကြီး ထဲသို့ တိုက်ရိုက်ပင် ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

စင်စစ် သူ၏ တိုက်ခိုက်ရေးစွမ်းရည်က ယခုအခါတွင် မည်မျှအထိ သန်မာနေမှန်း ကျန်းချန် ကိုယ်တိုင်ပင် အတိအကျ မခန့်မှန်းနိုင်သေးချေ။

သူက ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်တွင် ရှိနေစဉ် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ကို ကောင်းစွာ ရင်ဆိုင်နိုင်ခဲ့သည်။

ယခုအခါ သူ၏ ကျင့်ကြံမှုက ကောင်းကင်အင်မော်တယ် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ ခွန်အားသည် ယခင်ထက် အဆပေါင်း မည်မျှ ပိုမို သန်မာလာမှန်း သူ မသိတော့ပေ။

ဆိုရလျှင် ရွှေအင်မော်တယ်အဆင့်နှင့် ကောင်းကင်အင်မော်တယ် အဆင့် ကြားရှိ ကွာဟချက်မှာ အလွန်တရာ ကြီးမားသည် ဆိုသော်လည်း ကျန်းချန် အနေဖြင့် ရွှေအင်မော်တယ်ပထမ အဆင့်နှင့် ရွှေအင်မော်တယ် ဒုတိယအဆင့် ကျင့်ကြံသူများကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း အပြည့်အဝ ရှိနေခဲ့သည်။

လဲ့အိုတို့ ငါးဦး ပူးပေါင်း၍ ထုတ်ဖော်လိုက်သည့် ပြင်းထန်သော တိုက်ကွက်သည် ရွှေအင်မော်တယ် ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး၏ စွမ်းအားလောက်ပင် သန်မာချင်မှ သန်မာပေလိမ့်မည်။

“ဝုန်း..”

ထိုဆူပွက်နေသော စွမ်းအင် သမုဒ္ဒရာကြီး၏ အတွင်းပိုင်းဗဟိုချက်ထဲမှ နေ၍ ကျန်းချန်၏ အနှိုင်းမဲ့ ဓားစွမ်းအားက ထွက်ပေါ်လာခဲ့သည်။

ဓားစွမ်းအင်၊ နေ၊ လ၊ လေနှင့် မိုးကြိုးစွမ်းအား တို့ဖြင့် ဖွဲ့စည်းထားသော စွမ်းအင် သမုဒ္ဒရာကြီးသည် လူတိုင်း၏ ထိတ်လန့်အံ့ဩနေသော အကြည့်များ ရှေ့မှာပင် ဝုန်းခနဲ ပေါက်ကွဲထွက်သွားခဲ့သည်။

လေဟာနယ် တစ်ခုလုံးက လုံးဝ ပေါက်ကွဲ ပျက်စီးသွားခဲ့ပြီး တခဏအတွင်း အမှောင်ထုများ ဖုံးလွှမ်းနေသည့် ပရမ်းပတာ ဟင်းလင်းပြင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင်မူ လဲ့အိုတို့ ငါးဦး၏ ပုံရိပ်များသည် ထိုပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲကနေ သွေးအန်ကာ နောက်သို့ လွင့်ထွက်လာခဲ့ကြသည်။

သူတို့အားလုံးက မျက်နှာများ ဖြူဖျော့နေကြ၏။

အားလုံးက ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။

[သန်မာလိုက်တာ.. တကယ်ကို သန်မာလွန်းတာပဲ]

သူတို့ရှေ့မှ လူငယ်၏ ခွန်အားက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းပြီး သူတို့ ငါးဦးစလုံး လက်တွဲ တိုက်ခိုက်သည့်တိုင် တစ်ဖက်လူ၏ တိုက်ကွက် တစ်ကွက်မျှပင် တားဆီးနိုင်ခဲ့ခြင်း မရှိပေ။

“ငါတို့တော့ အကြီးအကျယ် လှည့်စားခံလိုက်ရတာပဲ”

ဖုန်းလဲ့အင်မော်တယ် ဂိုဏ်းချုပ် လဲ့ထျန်းချန်း၏ မျက်နှာထားက ဤရလဒ်ကြောင့် အလွန်တရာ သုန်မှုန်နေခဲ့သည်။

ဤအခိုက်အတန့်တွင် လဲ့ထျန်းချန်းသည် ပိုထျန်းအင်မော်တယ် ဂိုဏ်းချုပ် လင်းယန်ချန်းက အဘယ်ကြောင့် သူ့ကို ဤကဲ့သို့ လောင်းကြေးမျိုးဖြင့် ရဲရဲဝံ့ဝံ့ စိန်ခေါ်ရဲမှန်း အဆုံးသတ်၌ ကောင်းစွာ သဘောပေါက် နားလည်သွားခဲ့ပြီ ဖြစ်သည်။

ဆိုရလျှင် လင်းယန်ချန်းသည် ဤကဲ့သို့ ထူးခြားသော ပါရမီရှင် တစ်ဦးကို ကြိုတင်ရှာဖွေ၍ ဝှက်ဖဲတစ်ခု အဖြစ် ထုတ်သုံးခဲ့သည်။

ထိုလူငယ်က ကောင်းကင်အင်မော်တယ် နဝမအဆင့်သာ ဖြစ်သော်လည်း ရွှေအင်မော်တယ် ဒုတိယအဆင့်ထက်ပင် ပိုမို၍ အစွမ်းထက်နေခဲ့၏။

ဤကဲ့သို့ မွန်းစတားဆန်သော ပါရမီရှင်မျိုးသည် တလော့အဆင့် အင်အားစုကြီးများထဲမှာပင် အလွန်တရာ ရှားပါးပြီး ပိုမိုသန်မာသည့် ထိုက်ယီအဆင့် အင်အားစုကြီးများမှ သာလျှင် မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။

ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ရွှေအင်မော်တယ် အဆင့်မျှသာ ရှိသော သာမန်အင်အားစုလေး တစ်ခု ဖြစ်ရာ ဤကဲ့သို့သော အဆင့်အတန်းမျိုး ရှိသည့် ပါရမီရှင်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

လဲ့ထျန်းချန်း အနေဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းက ဤကဲ့သို့သော ကြောက်မက်ဖွယ် လူငယ်မျိုးကို မည်သည့်နေရာကနေ ရှာဖွေခဲ့မှန်း အမှန်တကယ် တွေးမရနိုင်အောင် ဖြစ်နေခဲ့သည်။

ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းနှင့် ဆန့်ကျင်ဘက် အနေဖြင့် ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ လင်းယန်ချန်းနှင့် အခြားသောအကြီးအကဲများ၏ မျက်နှာထက်တွင်မူ အလွန်အမင်း ဝမ်းသာသော အမူအရာများ ထင်ထင်ရှားရှား ဖြစ်ပေါ်နေခဲ့ကြသည်။

သူတို့က ကျန်းချန်၏ ခွန်အားကို စမ်းသပ်ကြည့်ဖူးပြီး ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က ထူးခြားမှန်း သိထားကြသော်လည်း ကျန်းချန်က ဤမျှအထိ သန်မာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။

ကျန်းချန်က တစ်ယောက်တည်းနှင့် ငါးယောက်ကို ရင်ဆိုင်ကာ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ထိပ်တန်းပါရမီရှင် ငါးဦးကို အလွယ်တကူပင် ဖိနှိပ်ခြေမှုန်းနိုင်ခဲ့သည်။

အစောပိုင်းက နှစ်ဖက် သဘောတူညီချက်အရ ကျန်းချန်သာ တိုက်ပွဲကို အနိုင်ရရှိခဲ့လျှင် ဤနေရာရှိ အင်မော်တယ်သတ္တုတွင်း တစ်ခုလုံးကို သူတို့၏ ပိုထျန်း အင်မော်တယ်ဂိုဏ်းက ပိုင်ဆိုင်ခွင့် ရရှိသွားမည် ဖြစ်သည်။

“ဓာတ်ငါးပါးဗျူဟာကို အမြန်ခင်းကြ”

ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့် လူငယ်တစ်ဦးက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို အစွမ်းကုန် ထပ်မံ၍ လှုံ့ဆော်လိုက်သည်။

လဲ့အိုနှင့် အခြားသူများကလည်း ရှုံးနိမ့်မှုကို မခံချင်သဖြင့် တစ်ဦးပြီး တစ်ဦး ပြန်လည် လှုပ်ရှားလာကြသည်။

သူတို့ငါးဦးက ဓာတ်ငါးပါး ဗျူဟာကို စနစ်တကျ ခင်းကျင်းလိုက်ရာ သူတို့ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအား အရှိန်အဝါအားလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။

ထိုစွမ်းအားက ကမ္ဘာကြီးကိုပင် လွှမ်းခြုံသွားပြီး ကျန်းချန် ဆီသို့ ပြင်းထန်စွာ ထပ်မံ ရိုက်ခတ်လာခဲ့၏။

“ဒီလောက်က ငါနဲ့ ယှဉ်ဖို့ မလုံလောက်သေးဘူး”

ကျန်းချန်က စိတ်ပျက်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

ထို့နောက် သူ၏ လက်ထဲရှိ ထျန်းရွှမ်အင်မော်တယ်ဓားဖြင့် လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို ထုတ်ဖော်လိုက်သည်။

"လူသားအဖြစ် ပြောင်းလဲစေသောဓားချက်"

ဤဓားချက်က အပေါ်ယံ ကြည့်လျှင် ရိုးရှင်းသော်လည်း ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေနိုင်သည့် နက်နဲသော စွမ်းအား တစ်ခုကို သယ်ဆောင်ထားရာ ပြိုင်ဘက် ငါးဦးထံမှ ထွက်ပေါ်လာသော စွမ်းအားများကို တခဏအတွင်း ဘာမျှမကျန်ရှိသည် အထိ ချေမှုန်းပစ်လိုက်သည်။

ဓာတ်ငါးပါးဗျူဟာ အတွင်းရှိ လဲ့အိုတို့ ငါးဦး၏ မျက်နှာက တစ်ခဏအတွင်း သွေးဆုတ်ကာ ဖြူဖျော့သွားကြပြီး ခန္ဓာကိုယ်ကလည်း ပေရာချီ လွင့်ထွက်သွားခဲ့ကာ ပါးစပ်ကနေလည်း သွေးများ အန်ထွက်လာခဲ့၏။

သူတို့က လေဟာနယ် အထက်တွင် ဝင့်ကြွားစွာ မတ်တတ်ရပ်နေသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

သူတို့ရှေ့မှ လူငယ်၏ ခွန်အားက ခန့်မှန်း၍ မရနိုင်လောက်အောင် နက်ရှိုင်းလွန်းပြီး သူတို့ငါးဦး ပူးပေါင်းလိုက်သည့်တိုင် တစ်ဖက်လူ၏ သာမန်ဓားချက် တစ်ချက်အောက်မှာပင် အားလုံး အလဲလဲ အကွဲကွဲ ချေမှုန်းခံလိုက်ရသည် မဟုတ်ပါလား။

“ဘယ်လိုလဲ.. ထပ်ပြီး တိုက်ချင်သေးလား”

ကျန်းချန်က လဲ့အိုတို့ ငါးဦးကို အထက်စီးမှ နေ၍ တည်ငြိမ်စွာ ငုံ့ကြည့်ကာ မေးလိုက်သည်။

သူ၏ စကားသံက လေထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

ထပ်တိုက်ချင်သေးလား ဟူသော စကားကိုကြားလျှင် ထိုငါးဦးသည် တစ်ဦးကို တစ်ဦး စိတ်ပျက်လက်ပျက် ကြည့်လိုက်ကြပြီး စိတ်ထဲတွင် ခါးသီးစွာ ရယ်မောမိလိုက်ကြသည်။

သူတို့ငါးဦး ပူးပေါင်းလိုက်သည့်တိုင် တစ်ဖက်လူကို အနည်းငယ်မျှပင် တုန်လှုပ်အောင် မလုပ်နိုင်ခဲ့ရာ ဤတိုက်ပွဲကို ဆက်လက် ဆင်နွှဲစရာ အဘယ်ကြောင့် လိုအပ်ပါဦးမည်နည်း။

“ခင်ဗျား တကယ်ကို တော်ပါတယ် လင်းယန်ချန်း.. ကျုပ် ခင်ဗျားကို အထင်သေးမိသွားခဲ့တယ်.. ခင်ဗျားက ကျုပ်ကို ယှဉ်ပြိုင်ဖို့အတွက် ဒီလိုမျိုး မွန်းစတားဆန်တဲ့ ပါရမီရှင်မျိုးကို ကြိုတင် ရှာတွေ့ထားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး.. ဒီနေ့ လောင်းကြေးထပ် ပြိုင်ပွဲမှာ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက ရှုံးနိမ့်သွားခဲ့ပါပြီ”

ထိုအခိုက်အတန့်တွင် ဖုန်းလဲ့အင်မော်တယ် ဂိုဏ်းချုပ် လဲ့ထျန်းချန်း၏ စကားသံက ထွက်ပေါ်လာခဲ့သည်။

ဤလောင်းကြေးထပ် တိုက်ပွဲတွင် သူ ပေါ့ဆမိသဖြင့်သာ အင်မော်တယ် သတ္တုတွင်းကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။

လင်းယန်ချန်းကမူ ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“လဲ့ထျန်းချန်း… ခင်ဗျားအနေနဲ့ အရှုံးကို ဝန်ခံပြီ ဆိုမှတော့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက လူတွေကို ခေါ်ပြီး ဒီနေရာကနေ ထွက်သွားဖို့သင့်ပြီ”

“သွားကြစို့”

လဲ့ထျန်းချန်းက လင်းယန်ချန်းကို နာကျည်းစွာဖြင့် အေးစက်စက် တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက်တွင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ လူများကို ခေါ်ဆောင်ကာ ချက်ချင်းပင် လှည့်ထွက်သွားခဲ့ပြီး တိမ်တိုက်များထဲသို့ တိုးဝင်ကာ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၈၃၀) ပြီး၏။

All Chapters