← Chapters

အခန်း (၂၈၂၁-၂၈၂၂)

Vol. 223 Ch. 2821-2822

အခန်း (၂၈၂၁-၂၈၂၂)

Vol. 223 Ch. 2821-2822

အခန်း(၂၈၂၁)

အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်၏ ကမ္ဘာဦးအင်မော်တယ်ရေကန် အပြင်ဘက်တွင် ဖြစ်သည်။

ထိုနေရာ၌ လူပေါင်းထောင်ချီ၍ စုဝေးရောက်ရှိနေကြသော်လည်း ပတ်ဝန်းကျင် တစ်ခုလုံးကမူ တစပြင်နှယ် တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။

မသိလိုက် မသိဘာသာဖြင့်ပင် သုံးလဟူသော အချိန်ကာလက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။

လက်ရှိတွင် တလော့အင်မော်တယ်အရှင် အနည်းငယ်မှ လွဲ၍ ကျန်ကျင့်ကြံသူ အားလုံးနီးပါးသည် ကမ္ဘာဦးအင်မော်တယ်ရေကန်မှ လျှံထွက်လာသော စွမ်းအင်များကို အရူးအမူး စုပ်ယူနေကြသည်။

ပြီးခဲ့သည့် သုံးလနီးပါး ကာလအတွင်း ကျင့်ကြံမှုအဆင့် တိုးတက်ရန်အတွက် အကန့်အသတ်သို့ ရောက်ရှိနေသူ အများစုသည်လည်း အတားအဆီးများကို တိုက်ရိုက် ချိုးဖျက်ကာ အဆင့် တက်လှမ်းနိုင်ခဲ့ကြပြီ ဖြစ်သည်။

"သုံးလတောင် ပြည့်တော့မယ်... စမ်းသပ်မှုကို ပထမဆုံး အောင်မြင်ပြီး ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲကို ဝင်သွားနိုင်မယ့်သူက ဘယ်သူဖြစ်မလဲ မသိဘူး"

အရှင်ကျွယ်ချန်းက ကမ္ဘာဦးအင်မော်တယ် ရေကန် ရှိရာ ဆီသို့ မော့ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုစကားကို ကြားလျှင် အရှင်ကျွယ်ချန်း၏ နံဘေးတွင် ရှိသော တလော့အင်မော်တယ် တစ်ပါးက ခေါင်းခါယမ်းကာ ပြောလိုက်၏။

"အဲဒီလောက် မြန်မြန်ဆန်ဆန်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. လန်ကျန့်ရှို့မှာ ထူးခြားတဲ့ ပါရမီရှိတယ် ဆိုပေမဲ့ အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်ရဲ့ သမိုင်းတစ်လျှောက် အထူးချွန်ဆုံး ပါရမီရှင်တွေနဲ့ ယှဉ်ရင်တော့ အနည်းငယ် လိုပါသေးတယ်"

သူတို့ ကိုယ်တိုင်လည်း ငယ်စဉ်အခါက ကမ္ဘာဦးအင်မော်တယ်ရေကန်၏ စမ်းသပ်မှုကို ကြုံတွေ့ခဲ့ဖူးသဖြင့် ကမ္ဘာဦးအင်မော်တယ်ရေကန် ဆီသို့ အောင်မြင်စွာ ရောက်ရှိရန် မည်မျှအထိ ခက်ခဲကြမ်းတမ်းကြောင်း ကောင်းစွာ သိထားကြသည်။

လန်ကျန့်ရှို့၏ ပါရမီနှင့် စွမ်းရည်ဖြင့် ဆိုလျှင် ခြောက်လအတွင်း ဝင်ရောက်နိုင်ရုံမျှဖြင့်ပင် အတော်လေး ထူးချွန်လှပြီဟု ဆိုရပေမည်။

"ဝုန်း"

သို့သော်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ်အရှင်၏ စကား မဆုံးသေးခင်မှာပင် သူတို့ရှေ့ရှိ အင်မော်တယ်တောင်တန်း အထက်မှ စူးရှတောက်ပသော အင်မော်တယ် အလင်းတန်း တစ်ခု ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

အရှင်ကျွယ်ချန်းက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ထိတ်လန့်တကြား ရေရွတ်မိလိုက်သည်။

"တစ်ယောက်ယောက်က ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲကို ဝင်သွားပြီလား"

"ဒါ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သူ့ ဘေးနားမှ တလော့အင်မော်တယ် အရှင်သည်လည်း အံ့ဩမှင်သက်စွာဖြင့် စိုက်ကြည့်နေမိပြီး သူ့မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။

လန်ကျန့်ရှို့ အနေဖြင့် ရေကန်ထဲဝင်ရန် အချိန်လိုဦးမည်ဟု သူက ယခုလေးတင်ပဲ အခိုင်အမာ ပြောခဲ့ခြင်း ဖြစ်သည်။

သို့သော် ချက်ချင်းဆိုသလိုပင် ပါးရိုက်ခံရသလို ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သိထားရမည်မှာ လက်ရှိတွင် ကမ္ဘာဦးအင်မော်တယ် ရေကန် ပွင့်ခဲ့သည်မှာ သုံးလ အပြည့်အဝပင် မကြာသေးသော အချက် ဖြစ်သည်။

ဆိုရလျှင် ကမ္ဘာဦး အင်မော်တယ်ရေကန် ထဲသို့ ဝင်ရောက်သွားသူသည် အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်၏ သမိုင်းဝင်စံချိန်ကို ချိုးဖျက်ကာ စမ်းသပ်မှုကို အမြန်ဆုံး အောင်မြင်ခဲ့သူ ဖြစ်လာခြင်းပင်။

လန်ကျန့်ရှို့သည် အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်၏ မျိုးဆက်သစ်များ ထဲတွင် ထိပ်ဆုံးက ဖြစ်နိုင်သော်လည်း သမိုင်းတစ်လျှောက် ပါရမီရှင်များနှင့် ယှဉ်လျှင်မူ ထိပ်ဆုံးငါးယောက် စာရင်းထဲဝင်ရန်ပင် ခဲယဉ်းသည်။

ထို့ကြောင့် လန်ကျန့်ရှို့ အနေဖြင့် သုံးလ မပြည့်ခင် ဝင်ရောက်နိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။

ဝမ်ကျန့်အင်မော်တယ် တောင်တန်း အထက်မှ ရုတ်တရက် ထွက်ပေါ်လာသော အင်မော်တယ် အလင်းတန်းကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

"ဒါက ကမ္ဘာဦးအင်မော်တယ်ရေကန်ထဲ တစ်ယောက်ယောက် ဝင်သွားတဲ့ လက္ခဏာပဲ"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. အခု သုံးလတောင် မပြည့်သေးဘူးလေ.. စီနီယာအစ်ကို လန်ကျန့်ရှို့ ဆိုရင်တောင်မှ ဒီလောက် အချိန်တို အတွင်းမှာ ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲကို ဘယ်လိုမှ ဝင်ဖို့ မဖြစ်နိုင်ဘူး"

အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်မှ တပည့် အများအပြားမှာ ဝမ်ကျန့် အင်မော်တယ် တောင်တန်း အထက်မှ အခြေအနေကို တအံ့တသြ ငေးကြည့်နေခဲ့ကြသည်။

သုံးလမပြည့်ခင် ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲ ဝင်သွားခြင်းသည် အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်၏ စံချိန်ကို ချိုးဖျက်လိုက်ခြင်းပင်။

လန်ကျန့်ရှို့၏ ပါရမီက ကောင်းမွန်သည် ဆိုသော်လည်း သမိုင်းတစ်လျှောက် ပါရမီရှင် အားလုံးကို ကျော်တက်သွားနိုင်လောက်သည် အထိတော့ မဟုတ်မှန်း သူတို့ သိထားကြသည်။

"သုံးလမပြည့်ခင်မှာ ကမ္ဘာဦး အင်မော်တယ်ရေကန်ထဲ ဝင်နိုင်တယ်ဆိုတော့ တကယ့်ကို မွန်းစတား တစ်ကောင်ပဲ"

ပိုင်မင်ချွမ်က အင်မော်တယ်တောင်တန်း ပေါ်မှ တောက်ပနေသော အလင်းတန်းများကို မော့ကြည့်ရင်း စိတ်ထဲမှ မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။

မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော် အနေဖြင့် ကမ္ဘာဦး အင်မော်တယ်ရေကန်၏ နေရာအတွက် လာရောက်ယှဉ်ပြိုင်ရခြင်းမှာ ဤအကြိမ်က ပထမဆုံး အကြိမ်တော့ မဟုတ်ချေ။

အကြိမ်ပေါင်းများစွာ အတွင်း ပိုင်မင်ချွမ် တွေ့ခဲ့ဖူးသမျှ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်၏ အစွမ်းထက်ဆုံး ပါရမီရှင် ပင်လျှင် ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲ ဝင်ရန် ခြောက်လ အချိန်ယူခဲ့ရသည်။

ပြီးခဲ့သည့် အကြိမ်ကဆိုလျှင် သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်မှ ပါရမီရှင် ငါးယောက် ထဲတွင် တစ်ယောက်တည်းသာ ကမ္ဘာဦး အင်မော်တယ် ရေကန်၏ နေရာ တစ်နေရာကို ရရှိခဲ့သည်။

ထိုသို့ ရရှိရန် တစ်နှစ်ပတ်လုံး အချိန်ယူကာ ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်၏။

ထိုအချက်ကို ကြည့်ခြင်းဖြင့် ကမ္ဘာဦး အင်မော်တယ် ရေကန်၏ စမ်းသပ်မှု မည်မျှ ခက်ခဲကြောင်း သိနိုင်ပေသည်။

သို့သော် ယခုအခါ သုံးလ မပြည့်ခင် ဝင်ရောက်သွားသူ ရှိနေပြီ ဖြစ်ရာ ထိုသူမှာ တကယ့် မွန်းစတား တစ်ကောင် ဟုသာ ဆိုရပေတော့မည် မဟုတ်ပါလား။

သို့သော် အံ့ဩနေရုံမျှမက ပိုင်မင်ချွမ်၏ မျက်နှာပေါ်တွင် သံသယ အရိပ်အယောင်များပါ ထင်ဟပ်ခဲ့သည်။

အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် လန်ကျန့်ရှို့ကို သူ အရင်က တွေ့ဖူး၏။

ထိုကောင်လေးသည် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၏ ထိပ်တန်းပါရမီရှင်ထက် သိပ်သန်မာနေခြင်းမျိုး မရှိပေ။

ထို့ကြောင့် ၎င်း၏ စွမ်းရည်ဖြင့် ဆိုလျှင် သုံးလအတွင်း ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲ ဝင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။

သို့ဖြစ်ရာ လန်ကျန့်ရှို့ မဟုတ်လျှင် မည်သူက စမ်းသပ်မှုကို သူ့ထက် မြန်မြန် အောင်မြင်နိုင်ပါမည်နည်း။

"နေဦး... ဒါက ကျန်းချန် ဆိုတဲ့ ကောင်လေးများလား"

ပိုင်မင်ချွမ်၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် စဉ်းစားမိလိုက်သည့်အခါ သူ အသက်ရှူပင် မှားမတတ် ဖြစ်သွား၏။

သူက ကျန်းချန်ကို အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်ဆီ ခေါ်ဆောင်လာပြီး နေရာတစ်ခု ပေးခဲ့ခြင်း ဖြစ်သော်လည်း ကျန်းချန်၏ အကြောင်းကိုမူ သိပ်အများကြီး မသိချေ။

ကျန်းချန်၏ လက်ဖျားခါလောက်သော စွမ်းရည်ကို တွေ့ခဲ့ဖူးသည် ဆို၍ ကျန်းချန်နှင့် လန်ရှင်းဟွေးတို့ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲ တစ်ခုသာ ရှိသည်။

ထိုကောင်လေးက အဆိုပါ တိုက်ပွဲတွင် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အစောပိုင်းမျှဖြင့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် အထွက်အထိပ်တွင် ရှိသော လန်ရှင်းဟွေးကို အလွယ်တကူ ချေမှုန်းပြခဲ့ကာ သူ၏ အနှိုင်းမဲ့ ပါရမီနှင့် စွမ်းရည်ကို သက်သေပြခဲ့ဖူးသည်။

သို့သော် ထိုကောင်လေး အနေဖြင့် ထူးခြားသော ပါရမီရှင် ဖြစ်နေလျှင်ပင် အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်မှ လန်ကျန့်ရှို့ထက် သာလိမ့်မည်ဟု သူ မထင်ထားပေ။

ပိုင်မင်ချွမ် တစ်ယောက် အံ့အားသင့်နေစဥ်မှာပင် အင်မော်တယ်တောင်တန်း အထက်မှ အသံတစ်သံ ဖြည်းညင်းစွာ ပျံ့လွင့်လာခဲ့သည်။

"မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က ကျန်းချန်က စမ်းသပ်မှုကို အောင်မြင်ခဲ့တယ်.. အချိန် နှစ်လနဲ့ ရက်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီး ကမ္ဘာဦးအင်မော်တယ်ရေကန်ထဲ ဝင်ရောက်သွားခဲ့ပါပြီ"

ပျံ့လွင့်လာသော ထိုအသံသည် အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်၏ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့ပြီး လူတိုင်းကို တခဏမျှ ဆွံ့အသွားစေခဲ့သည်။

"တကယ်ပဲ အဲဒီကောင်လေး ဖြစ်နေတာလား..."

ပိုင်မင်ချွမ်က မချိပြုံး ပြုံးလိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

"စမ်းသပ်မှုကို ပထမဆုံး အောင်မြင်ပြီး ကမ္ဘာဦး အင်မော်တယ်ရေကန်ထဲကို ဝင်သွားတဲ့သူက စီနီယာအစ်ကိုလန် မဟုတ်ဘူးဟ"

"မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က ကျန်းချန်က တကယ့်ကို မွန်းစတားဆန်လွန်းတဲ့ကောင်ပဲ"

အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှ တပည့်တော်တော်များများက အံ့သြထိတ်လန့်သွားကြသည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်၏ အင်အားက သူတို့ အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်ထက် များစွာ အားနည်းသည်။

ဤဒီနှစ်များ အတွင်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က ကမ္ဘာဦးအင်မော်တယ် ရေကန်မှ နေရာအတွက် ပါရမီရှင် ငါးယောက်စီ အမြဲတမ်း စေလွှတ်လေ့ ရှိသော်လည်း သူတို့၏ တည်ရှိမှုက သိပ်မသိသာဘဲ အများဆုံး တစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့်သာ ရေကန်ထဲ ဝင်ရောက်ခွင့် နေရာကို ရနိုင်ခဲ့ကြသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ မြောက်ပိုင်းအေးစက်သော အင်မော်တယ် နန်းတော်၌ ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာခဲ့ချေပြီ။

ထိုသူက ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲ ပထမဆုံး ဝင်ရောက်နိုင်ခဲ့ရုံတင်မက စံချိန်သစ် တစ်ခုကိုပါ တင်သွားခဲ့သည်။

ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။

"မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က ကျန်းချန်တဲ့လား"

အရှင်ကျွယ်ချန်း၏ မျက်ဝန်းများထဲတွင် အလင်းတန်းများ ဖြတ်ပြေးသွားခဲ့ပြီး နံဘေးရှိ အရှင်ကျွယ်စစ်ကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

"ကျွယ်စစ်.. မင်းပြောတာ သူလား"

အရှင်ကျွယ်စစ်က ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဟုတ်တယ်... အဲဒါ သူဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များတယ်"

အရှင်ကျွယ်ချန်း အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

ကမ္ဘာဦးအင်မော်တယ် ရေကန် မပွင့်မီကပင် အရှင်ကျွယ်စစ် သူ့ကို ပြောခဲ့ဖူးသည်။

ယခုတစ်ကြိမ်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် အဖွဲ့၌ 'အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း' ကို တတ်မြောက်ထားသည့် ပါရမီရှင် တစ်ယောက် ပါလာပြီး ထိုပါရမီရှင်က 'အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်'၏ အမွေအနှစ်ကို ဆက်ခံထားသူ ဖြစ်ဖို့ အခွင့်အလမ်းများကြောင်း ပြောပြခဲ့ခြင်း ဖြစ်သည်။

သူက ကမ္ဘာဦး အင်မော်တယ် ရေကန် စမ်းသပ်မှု ပြီးသည် အထိ အ​ခြေအနေကို စောင့်ကြည့်ရန် မူလက ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း မထင်မှတ်ဘဲ အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်နှင့် ပတ်သက်နေသည့် ထိုပါရမီရှင်က တုန်လှုပ်စရာကောင်းသော ပါရမီနှင့် စွမ်းရည်ကို ပြသကာ အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်၏ သမိုင်းဝင်စံချိန်ကို တိုက်ရိုက် ချိုးဖျက်ပြီး ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲ ပထမဆုံး ဝင်ရောက်နိုင်ခဲ့၏။

အကယ်၍ ကျန်းချန် ဟူသော ကောင်လေးသာ တကယ်ပဲ အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်နှင့် ပတ်သက်နေမည် ဆိုလျှင် ယင်းသည် သူတို့ အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော် အတွက် အထူး သတင်းကောင်းပင် မဟုတ်ပါလော။

အခန်း(၂၈၂၁) ပြီး၏

အခန်း(၂၈၂၂)

ကျန်းချန်သည် ကမ္ဘာဦးအင်မော်တယ်ရေကန်၏ အဝင်ဝဆီသို့ အသာအယာ လှမ်းဝင်လိုက်ရာ တစ်ခဏအတွင်းမှာပင် အလွန်တရာ ငြိမ်သက်အေးချမ်းသည့် ကမ္ဘာငယ်လေး တစ်ခုထဲသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

ထိုနေရာက သာယာကြည်လင်သော လေထုနှင့် ပြည့်နှက်နေသည့် အင်မော်တယ်နယ်မြေ တစ်ခု ဖြစ်သည်။

အဆိုပါ ထူးခြားဆန်းပြားသော နယ်မြေ၏ အလယ်ဗဟိုတည့်တည့်တွင်မူ ပေတစ်ရာခန့် ကျယ်ဝန်းသည့် အင်မော်တယ်ရေကန်ကြီး တစ်ကန်က ခန့်ညားစွာ တည်ရှိနေသည်။

ရေကန်ထဲမှ ရေပြင်ကို ကြည့်လိုက်လျှင် အဆုံးအစမရှိ ကျယ်ပြောလှသည့် ကြယ်စင်ကောင်းကင်ကြီးနှယ် ရေစက်တိုင်း ရေမှုန်တိုင်းက ကောင်းကင်ထက်က ကြယ်ပွင့်လေးများ ကဲ့သို့ တဖိတ်ဖိတ် တောက်ပနေပြီး လောကထဲမှ ရှိရှိသမျှ စွမ်းအင် အရာခပ်သိမ်းကို ထိုရေကန်ထဲတွင် ထည့်သွင်းမြှုပ်နှံထားသကဲ့သို့ပင်။

ထို့ပြင် အင်မော်တယ်ရေကန်၏ အထက် ကောင်းကင်ယံတွင်မူ အရောင်အသွေး စုံလင်သော အလင်းတန်းများ ဖြာထွက်နေသည့် နဂါးတစ်ကောင်သည် လွတ်လပ်စွာ ပျံဝဲနေခဲ့သည်။

ဤနဂါးကြီးသည် ရေကန်ထဲမှ လျှို့ဝှက်ဆန်းပြားသော စွမ်းအင်များမှ တစ်ဆင့် အလိုအလျောက် ဖြစ်တည်လာပုံရ၏။

၎င်းက ရောင်စုံအလင်းတန်းများကို ကဗျာဆန်စွာ ဆင်မြန်းထားပြီး တိမ်တိုက်များကြားတွင် ကိုယ်ယောင်ဖျောက်လျက် ဆန်းကြယ်သော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

ကျန်းချန်က အချိန်ပေး၍ စဉ်းစားနေစရာပင် မလိုဘဲ အတပ် သိလိုက်သည်။

သူ့ရှေ့တွင် မြင်တွေ့နေရသည့် အင်မော်တယ် ရေကန်ကြီးသည် ကမ္ဘာဦးအင်မော်တယ် ရေကန်ဟု ခေါ်ဆိုသော အရာသာ ဖြစ်ရပေမည်။

စင်စစ် ကမ္ဘာဦးအင်မော်တယ် ရေကန်သည် ကမ္ဘာဦးကတည်းက သဘာဝအလျောက် ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။

အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်ကို တည်ထောင်ခဲ့သည့် အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင် ကိုယ်တိုင် ပင်လျှင် ဤရေကန်ကြီး၏ စစ်မှန်သော ဇစ်မြစ်နှင့် နောက်ခံ သမိုင်းကြောင်းကို သေချာ ရေရာစွာ မသိရှိချေ။

သို့သော်လည်း ကမ္ဘာဦး အင်မော်တယ် ရေကန်၏ စွမ်းအားထက်မြက်မှုကမူ သံသယဖြစ်စရာ မလိုပေ။

ဤရေကန်ကြီး၏ ဆေးကြော သန့်စင်မှုကို တစ်ကြိမ်တစ်ခါမျှ ခံယူလိုက်ရုံဖြင့် ကျင့်ကြံသူ တစ်ဦး၏ အခြေခံအရိုးတည်ဆောက်ပုံက အဆင့် မြင့်မားသွားပြီး အသွင်သစ် ပြောင်းလဲသွားမည် ဖြစ်သည်။

ပါရမီစွမ်းရည်များလည်း ထူးထူးခြားခြား တိုးတက်လာမည့် အပြင် ကျင့်ကြံမှု အဆင့်သည်လည်း အရှိန်အဟုန် ပြင်းစွာဖြင့် တရိပ်ရိပ် တိုးတက်လာမည် ဖြစ်သည်။

ကျန်းချန်က ရေကန်ကြီးကို အကဲခတ် ကြည့်ရှုပြီးနောက် အချိန်ဆွဲမနေတော့ဘဲ ကမ္ဘာဦးအင်မော်တယ် ရေကန် ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။

အကြောင်းရင်းမှာ သူက သတင်းအချက်အလက် တစ်ခုကို ယခုလေးတင် စိတ်ထဲကနေ ရရှိလိုက်သောကြောင့် ဖြစ်သည်။

အဆိုပါ သတင်းစကားအရ ကမ္ဘာဦးအင်မော်တယ် ရေကန်ထဲသို့ ဝင်ရောက်ခွင့် ရသူတိုင်းသည် ရေကန်ထဲတွင် အချိန် သုံးရက်သာ နေထိုင်ခွင့်ရှိမည် ဖြစ်သည်။

ရေကန်ကြီးထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းချန်သည် သူ၏ တစ်ကိုယ်လုံးကို ဖော်ပြ၍ မရနိုင်လောက်အောင် အစွမ်းထက်သည့် လျှို့ဝှက်စွမ်းအား တစ်ခုက လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။

ထိုအချိန်တွင် သူ၏ အသားစ၊ သွေးစက်တိုင်း၊ အရိုးတစ်လက်မချင်းစီတိုင်းနှင့် သူ၏ ဝိညာဉ် တစ်ခုလုံးသည်ပင် ကမ္ဘာဦးအင်မော်တယ် ရေကန်၏ ထောက်ပံ့မှုအောက်၌ အဆုံးမဲ့ သန့်စင်သွားသကဲ့သို့ ခံစားခဲ့ရသည်။

သူ၏ ကျင့်ကြံမှု အဆင့်သည်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

ဤကဲ့သို့သော တိုးတက်မှု အရှိန်အဟုန်မျိုးသည် ကျန်းချန်အတွက်မူ အင်မော်တယ်လောကထဲသို့ ခြေချခဲ့သည့် နေ့မှစ၍ အမြန်ဆုံး အရှိန်အဟုန်ပင် ဖြစ်သည်။

အချိန် နှစ်နာရီမျှ အတွင်းမှာပင် ကျန်းချန်၏ ကျင့်ကြံမှုအဆင့်သည် ရွှေအင်မော်တယ် ပဥ္စမ အဆင့်မှ ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် အထိ ရောက်ရှိသွားခဲ့သည်။

ဤကဲ့သို့ အံ့ဩစရာကောင်းသော တိုးတက်မှု အရှိန်အဟုန်အောက်တွင် သုံးရက် ဟူသည့် အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့၏။

ကမ္ဘာဦးအင်မော်တယ်ရေကန်၏ အဆက်မပြတ် ဆေးကြောသန့်စင်ပေးမှုကြောင့် သုံးရက်တာ အတွင်း ကျန်းချန်သည် အစောပိုင်းက ရှိနေခဲ့သော ကောင်းကင်အင်မော်တယ် ပဥ္စမအဆင့်မှနေ၍ အဆင့် လေးဆင့်ကို တစ်ပြိုင်နက်တည်း ကျော်ဖြတ်ကာ ကောင်းကင်အင်မော်တယ် နဝမအဆင့်သို့ တဟုန်ထိုး ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"တကယ့်ကို ကြောက်စရာကောင်းတဲ့ ကမ္ဘာဦး အင်မော်တယ်ရေကန်ပါလား"

သူက အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၏ ကမ္ဘာဦးအင်မော်တယ် ရေကန်နှင့် ပတ်သက်သည့် စွမ်းအားအချို့ကို ကြိုတင် သိရှိထားပြီ ဖြစ်သော်လည်း လက်တွေ့ ကြုံလိုက်ရသောအခါ ကမ္ဘာဦးအင်မော်တယ် ရေကန်၏ စစ်မှန်သော စွမ်းအားကို စိတ်ထဲကနေ ပြင်းပြင်းထန်ထန် ထိတ်လန့် တုန်လှုပ်နေမိဆဲပင်။

အကယ်၍ သူ့ကိုသာ နောက်ထပ် သုံးရက်မျှ အချိန် ထပ်ပေးမည် ဆိုလျှင် ဤကမ္ဘာဦးအင်မော်တယ် ရေကန်၏ အကူအညီဖြင့် ရွှေအင်မော်တယ် အဆင့်ကို တိုက်ရိုက် ချိုးဖျက်နိုင်လိမ့်မည်ဟု သူ တွေးမိခဲ့သည်။

သို့သော်လည်း ယင်းမှာ ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။

သုံးရက် ပြည့်မြောက်သွားသည်နှင့် ကျန်းချန်သည် သူ့ကိုယ်ပေါ်သို့ သက်ရောက်လာသည့် မမြင်ရသော စိတ်အလို တစ်ခုကို အထင်အရှား ခံစားလိုက်ရသည်။

၎င်းစိတ်အလိုက သူ့ကို ဤကမ္ဘာငယ်လေး ထဲကနေ အတင်းအကျပ် ဖယ်ထုတ်တော့မည့် အလား ဖြစ်နေခဲ့၏။

ရွှေအင်မော်တယ်အဆင့်သို့ မချိုးဖျက်နိုင်ခဲ့သဖြင့် စိတ်ထဲတွင် အနည်းငယ် နှမြောစရာ ဖြစ်ခဲ့ရသော်လည်း ကျန်းချန်သည် ကောင်းကင် အင်မော်တယ် နဝမအဆင့်အထိ ရောက်ရှိသွား၍ အတော်လေး ကျေနပ်အားရနေမိသည်။

ထို့ပြင် ကျန်းချန်သည် ကမ္ဘာဦးအင်မော်တယ် ရေကန် ထဲတွင် သုံးရက်တိုင်တိုင် စိမ်ဝင်နေခဲ့ပြီးနောက် ရေကန်ကြီး၏ စွမ်းအားများက သိသိသာသာ လျော့ပါးသွားသည်ကို ရှင်းရှင်းလင်းလင်း သတိပြုမိလိုက်သည်။

ယင်းမှာ ကမ္ဘာဦးအင်မော်တယ် ရေကန်၏ ဆေးကြောသန့်စင်မှုကို ဆက်လက် ခံယူနေဦးမည် ဆိုလျှင်ပင် အာနိသင်က ယခင်လောက် ထိရောက်တော့မည် မဟုတ်ဟု ဆိုလိုခြင်းပင်။

ထို့ကြောင့် ကမ္ဘာဦးအင်မော်တယ် ရေကန်၏ စွမ်းအားက အကန့်အသတ်မရှိ ပေါများနေခြင်းမျိုး မဟုတ်သည်မှာ ထင်ရှားနေခဲ့၏။

ကမ္ဘာဦးအင်မော်တယ် ရေကန် ထဲသို့ ဆေးကြောသန့်စင်ရန် ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ရသူသည်သာ ရေကန်၏ အကျိုးကျေးဇူးကို အပြည့်အဝနှင့် အများဆုံး ရရှိနိုင်သည်။

ရေကန်၏ စွမ်းအားများ အားနည်းသွားသည်နှင့် အမျှ နောက်ကျမှ ဝင်ရောက်လာကြမည့် သူများအတွက် အာနိသင်က ပို၍ လျော့နည်းသွားလိမ့်မည်သာ။

ထို့ကြောင့်လည်း အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် ဤရေကန်ကြီးကို နှစ်ပေါင်း သုံးထောင်တွင် တစ်ကြိမ်သာ ဖွင့်လှစ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ရေကန်ထဲသို့ ဝင်ရောက်မည့် ကျင့်ကြံသူ လူဦးရေကိုလည်း တစ်ကြိမ်လျှင် ၁၀ ယောက်တည်းသာ တင်းကျပ်စွာ ကန့်သတ်ထားခြင်း ဖြစ်နိုင်သည်။

"ဒီကမ္ဘာဦး အင်မော်တယ်ရေကန် ထဲမှာ ကြီးမားတဲ့ လျှို့ဝှက်ချက် တစ်ခုခုတော့ သေချာပေါက် ရှိနိုင်တယ်"

ကျန်းချန်သည် ကမ္ဘာဦးအင်မော်တယ် ရေကန်ကြီးကို ငုံ့ကြည့်ရင်း စိတ်ထဲကနေ အတွေးတချို့ ဖြစ်ပေါ်နေခဲ့သည်။

ကမ္ဘာဦး အင်မော်တယ်ရေကန်၏ စွမ်းအားက အလွန်တရာ ထူးခြားသည်။

အင်မော်တယ်လောက၏ သာမန် အင်မော်တယ် အဆီအနှစ်များနှင့် နှိုင်းယှဉ်လျှင်ပင် ဤရေကန်မှ စွမ်းအင် အဆီအနှစ်က အဆင့်အတန်းအားဖြင့် တစ်ဆင့်မက ပိုမို မြင့်မားကာ လျင်မြန်စွာ စုပ်ယူစေနိုင်စွမ်းလည်း ရှိသည်။

ထို့ကြောင့်လည်း ခန္ဓာကိုယ် အသွင်ပြောင်းလဲမှုကို အမြန်ဆုံး ပြီးမြောက်စေကာ ခွန်အားကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။

သူ့ရှေ့မှ ကမ္ဘာဦးအင်မော်တယ် ရေကန်သည် ဤကဲ့သို့သော စွမ်းအားမျိုးကို အဆက်မပြတ် မကုန်မခန်း ထုတ်လုပ်ပေးနိုင်စွမ်း ရှိနေသည်မှာ အမှန်တကယ်ပင် အံ့သြစရာ ကောင်းလွန်းနေခဲ့၏။

ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး ဆက်လက်၍ တွေးတောမနေတော့ပေ။

ကမ္ဘာဦး အင်မော်တယ်ရေကန်တွင် မည်သို့သော လျှို့ဝှက်ချက်များ ရှိနေပါစေ၊ လက်ရှိ သူ့ အဆင့်အတန်းဖြင့် စူးစမ်းရှာဖွေနိုင်သည့် အရာမျိုး မဟုတ်သေးချေ။

ထိုအချိန်မှာပင် ဟင်းလင်းပြင်ထဲမှ စိတ်အလို၏ တွန်းထုတ်မှုသည် ပိုမို ပြင်းထန်လာခဲ့၏။

အဆုံးသတ်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ကို ဤကမ္ဘာငယ်လေးထဲကနေ အပြင်သို့ နှင်ထုတ်လိုက်သည်။

နောက်ထပ် တစ်ခဏဝယ် ကျန်းချန်၏ ပုံရိပ်သည် ဝမ်ကျန့် အင်မော်တယ် တောင်တန်း၏ အပြင်ဘက် ကောင်းကင်ယံထက်တွင် ဝုန်းခနဲ ပေါ်ထွက်လာခဲ့၏။

ထိုအခြေအနေတွင် အောက်၌ ရှိနေကြသော လူအားလုံး၏ အကြည့်များသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ စုပြုံ ကျရောက်သွားခဲ့သည်။

"ဒီလူက... မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်က ကျန်းချန် ဆိုတာလား"

"ဖြစ်နိုင်တယ်... အခု သူ့ ကိုယ်ပေါ်မှာ ထွက်ပေါ်နေတဲ့ အရှိန်အဝါက စီနီယာအစ်ကို လန်ကျန့်ရှို့ထက်တောင် အများကြီး ပိုပြီး အားကောင်းနေတယ်.. သူက ကမ္ဘာဦး အင်မော်တယ် ရေကန်ရဲ့ ဆေးကြော သန့်စင်မှုကို ကောင်းကောင်းကြီး လက်ခံရရှိခဲ့ပုံပဲ"

လူတိုင်းက ကောင်းကင်ယံထက်မှ ကျန်းချန်ကို ငေးကြည့်ရင်း ဆွေးနွေး ပြောဆိုနေကြသည်။

ကျန်းချန်ကမူ လူတိုင်း၏ ဝိုင်းဝန်းကြည့်ရှုနေသော အကြည့်များကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး ပိုင်မင်ချွမ်နှင့် ကျိယောင်တို့ ရှိသည့် နေရာ ဆီသို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။

ယခုအခါ ကမ္ဘာဦး အင်မော်တယ် ရေကန်နှင့် ပတ်သက်သည့် ကိစ္စရပ်များက ပြီးဆုံးသွားပြီ ဖြစ်၏။

ယင်းအပြင် အင်မော်တယ်ဘုရင် ကျွယ်ကျန့်ကလည်း လက်ရှိတွင် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၌ မရှိချေ။

အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ကိစ္စရပ်များတွင် ဝင်ရောက်ပတ်သက်လိုသည့် အရိပ်အယောင် လုံးဝ မပြသဖြင့် ကျန်းချန် အနေဖြင့် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၌ အချိန်အကြာကြီး ဆက်လက်နေထိုင်ရန် အစီအစဉ် မရှိတော့ပေ။

သူက ပိုင်မင်ချွမ်ကို နှုတ်ဆက်ရန် ပြင်ဆင်လိုက်ပြီး ကျိယောင်ကို ခေါ်ဆောင်ကာ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ ဆီသို့ တိုက်ရိုက် ထွက်ခွာရန် ရည်ရွယ်ထားခဲ့သည်။

"မိတ်ဆွေလေး ကျန်းချန်... မင်းက စမ်းသပ်မှုကို ပထမဆုံး အောင်မြင်ပြီး ကမ္ဘာဦး အင်မော်တယ်ရေကန်ရဲ့ ဆေးကြောသန့်စင်မှုကို ပြည့်ပြည့်ဝဝ လက်ခံရရှိခဲ့တဲ့ အတွက် ငါတကယ်ပဲ ဝမ်းသာပါတယ်"

ထိုအချိန်တွင် အရှင်ကျွယ်ချန်းက ကျန်းချန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"မင်းက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ရဲ့ တပည့် မဟုတ်ဘူးလို့ ငါသိထားတယ်.. ဘယ်လိုလဲ.. ငါတို့ အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်ကို ဝင်ရောက်ဖို့ ဆန္ဒရှိလား"

ထိုမြင်ကွင်းကို မြင်သော်လည်း နံဘေးမှ ပိုင်မင်ချွမ်က ဝင်ရောက်စွက်ဖက်၍ ဘာစကားမှ မပြောခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ကျန်းချန်သည် အမှန်တကယ်ပင် သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ တပည့် မဟုတ်သဖြင့် ကျန်းချန်၏ လွတ်လပ်သော ဆုံးဖြတ်ချက် အပေါ်တွင် လွှမ်းမိုးချုပ်ကိုင်ရန် သူ့တွင် အခွင့်အရေး မရှိသောကြောင့်ပင်။

ဆိုရလျှင် ကျန်းချန်၏ ပါရမီက ပြိုင်ဘက်ကင်းပြီး ထူးခြားသည်။

သူက အင်မော်တယ်ဘုရင် တစ်ပါး၏ အမွေအနှစ်ကို ဆက်ခံထားသူ ဖြစ်သည့်အပြင် နောက်ခံဇစ်မြစ်မှာလည်း အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ကာ အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၏ ထိပ်တန်း ဓားသိုင်းဖြစ်သော အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကိုလည်း ကောင်းစွာ တတ်ကျွမ်းထားသူ ဖြစ်သည်။

"စီနီယာရဲ့ စေတနာနဲ့ ဖိတ်ခေါ်မှုကို တကယ်ကို ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ကျွန်တော့်မှာ အရေးတကြီး လုပ်စရာ ကိစ္စတွေ ရှိသေးတဲ့ အတွက် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်မှာ အကြာကြီး နေထိုင်ဖို့ အဆင်မပြေလို့ပါ"

ကျန်းချန်က ခေါင်းခါယမ်း၍ ယဥ်ကျေးစွာ ငြင်းပယ်လိုက်သည်။

စင်စစ် အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော် တစ်ခုလုံးတွင် ကျန်းချန်နှင့် ခွဲခြား၍မရအောင် ပတ်သက် ဆက်နွှယ်နေသူဆို၍ အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင် တစ်ယောက်တည်းသာ ရှိသည်။

အကယ်၍ အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင် ကိုယ်တိုင်ကသာ သူ့ကို အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်ထဲ ဝင်ရန် ဖိတ်ခေါ်ခဲ့မည်ဆိုလျှင် သူ စဉ်းစားကောင်း စဉ်းစားမိပေလိမ့်မည်။

ယခု အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်က အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်တွင် ရှိမနေသည် ဖြစ်ရာ ကျန်းချန် အနေဖြင့် အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်ထဲ ဝင်ရောက်ရန် လုံးဝ စိတ်ကူးမရှိချေ။

အဆုံးသတ်တွင် သူသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် ပတ်သက် ဆက်နွှယ်မှု ရှိခဲ့ဖူးပြီး လက်ရှိ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူ ဖြစ်သည့် လုရှောင်ချင်းသည်လည်း သူ့အတွက် ဆွေမျိုးသားချင်း တစ်ဦးကဲ့သို့ပင် ဖြစ်သည်။

ယနေ့အချိန်အခါဝယ် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ကိစ္စရပ်များ၌ ပါဝင် ပတ်သက်လိုခြင်း မရှိ၍ သူ့အနေဖြင့် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်သို့ ဝင်ရောက်ခဲ့မည် ဆိုလျှင်ပင် မည်သည့် ထူးခြားမှုမှ ရှိလာမည် မဟုတ်ချေ။

"ကျန်းချန်... မင်းသိထားရမှာက အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း ဆိုတာ အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်ရဲ့ မူပိုင်ဓားသိုင်းပဲ.. မင်းက အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်းကို တတ်မြောက်ထားကတည်းက ငါတို့ အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်ရဲ့ တပည့်ဖြစ်လာဖို့ ကံကြမ္မာဖန်လာပြီးသားပဲ"

ထိုအချိန်တွင် အရှင်ကျွယ်ချန်း၏ နံဘေးနားတွင် ရှိနေသည့် အရှင်ကျွယ်စစ်က အေးစက်စက် အမူအရာဖြင့် ခက်ထန်စွာ ပြောလိုက်သည်။

"မင်းမှာ ဒီနေ့ ရွေးချယ်စရာ နှစ်လမ်းပဲ ရှိတယ်.. အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်ကို ဝင်မလား ဒါမှမဟုတ် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို မင်း ဘယ်လိုတတ်မြောက်ခဲ့လည်း ဆိုတာ ဖွင့်ပြောမလား"

ထိုစကားကြောင့် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့ပြီး မဲ့ပြုံးပြုံးကာ တုံ့ပြန် ပြောဆိုလိုက်သည်။

"ဟားဟား... ခင်ဗျားတို့ အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်က အထက်စီးဆန်လှချည်လား.. တကယ်လို့ ကျုပ်က နှစ်လမ်းစလုံး မရွေးဘူး ဆိုရင်ရော ခင်ဗျား ဘာလုပ်ချင်လဲ"

"ဒီလိုဆိုမှတော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့"

အရှင်ကျွယ်စစ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး ကျန်းချန်ကို ဖိနှိပ်ရန်အတွက် တလော့ အဆင့် အင်မော်တယ် တစ်ပါး၏ အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။

အခန်း(၂၈၂၂) ပြီး၏

All Chapters