အခန်း (၂၈၂၃-၂၈၂၄)
Vol. 223 Ch. 2823-2824
အခန်း(၂၈၂၃)
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် ပိုင်မင်ချွမ်သည် မျက်မှောင် အနည်းငယ် မကြုတ်ဘဲ မနေနိုင်ခဲ့ပါချေ။
ကျန်းချန်ကို အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် ဆီသို့ သူကိုယ်တိုင် ခေါ်ဆောင်လာခဲ့ပေမဲ့လည်း အဆုံးသတ်တွင် ကျန်းချန်သည် သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် ပတ်သက် ဆက်နွယ်မှု သိပ်မရှိပေ။
ထို့ပြင် ကျန်းချန်သည် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၏ ထိပ်တန်း အင်မော်တယ်ဘုရင် အဆင့် ဓားသိုင်းကို တတ်မြောက်ထား၍ အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်နှင့် ခွဲခြားမရနိုင်လောက်အောင် နက်ရှိုင်းစွာ ဆက်နွှယ်နေခြင်းကြောင့်လည်း သူ့အနေဖြင့် ဝင်ရောက်စွက်ဖက်ရန်မှာ အမှန်တကယ် မသင့်တော်ချေ။
ထိုထက်ပြောရလျှင် ဤနေရာသည် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၏ နယ်မြေ ဖြစ်သည်။
ယင်းကြောင့် သူက စွမ်းအားကြီးမားသော တလော့အင်မော်တယ် တစ်ပါး ဖြစ်နေလျှင်ပင် အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်၏ အတည်ပြု ဆုံးဖြတ်ချက်ကို မည်သို့မျှ ပြောင်းလဲနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
"တလော့ကောင်းကင်အရှိန်အဝါ"
ကျန်းချန်၏ မျက်နှာထက်တွင် တည်ငြိမ်အေးဆေးမှု အပြည့်ရှိနေခဲ့သည်။
သူက တုံ့ဆိုင်းမနေဘဲ ယခင်က ဝါးမျိုခဲ့ဖူးသော တလော့အင်မော်တယ် ဆေးလုံးကို အခြေခံ၍ နားလည်သဘောပေါက်ထားသည့် တလော့ ကောင်းကင်အရှိန်အဝါ စွမ်းအားကို ထုတ်ဖော်လိုက်သည်။
"ဒါ... ဒါက တလော့အင်မော်တယ် တစ်ပါးရဲ့ စွမ်းအားပဲ.. ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ကျန်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလိုက်သည့် တခဏဝယ် အရှင်ကျွယ်စစ်က အတော်လေး အံ့သြ တုန်လှုပ်သွားပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျန်းချန်၏ ကိုယ်ထဲတွင် တလော့အင်မော်တယ် တစ်ပါး၏ စွမ်းအားမျိုး ကိန်းအောင်းနေပြီး သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါ ဖိနှိပ်မှုကိုပင် ပြန်လည် တုံ့ပြန်နိုင်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
အရှင်ကျွယ်စစ် အံ့သြတုန်လှုပ်နေဆဲ အချိန်မှာပင် ကျန်းချန်သည် စိုးစဉ်းမျှ တွေဝေ နှောင့်နှေး မနေတော့ဘဲ သူ၏ လက်ဖဝါးကို လျင်မြန်စွာ လှုပ်ရှားလိုက်ကာ လုရှောင်ချင်း ချန်ထားရစ်ခဲ့သည့် တည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်ပြီး နံဘေးရှိ ကျိယောင်၏ လက်ကို အမိအရ ဆွဲယူလိုက်သည်။
နောက်ထပ် တစ်ခဏတွင် ထိုတည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ ထံမှ ဆန်းကြယ်သော ဟင်းလင်းပြင်စွမ်းအင်များ ဝုန်းခနဲ ပေါက်ကွဲ ထွက်လာခဲ့ပြီး ကျန်းချန်နှင့် ကျိယောင်တို့ နှစ်ဦး၏ ခန္ဓာကိုယ်ကို အလုံးစုံ လွှမ်းခြုံသွားခဲ့၏။
ယင်းနောက်တွင်မူ သူတို့နှစ်ဦးသည် အဆုံးမဲ့ ဟင်းလင်းပြင်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
"ဒါ.. ဒါက တည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ပဲ"
သူ၏ မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော မြင်ကွင်းကို ကြည့်ရင်း အရှင်ကျွယ်ချန်း၏ မျက်ဝန်းထဲတွင် ပြင်းထန်သော ထိတ်လန့် တုန်လှုပ်မှုများ ပေါ်ပေါက်လာခဲ့သည်။
ဤတည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ အင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံသူများသာ ကိုယ်တိုင် ဖန်တီး ပြုလုပ်နိုင်သည့် အထူး တည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ အမျိုးအစား ဖြစ်သည်။
ယင်းကဲ့သို့ အဆောင်လက်ဖွဲ့မျိုးကို ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ ပြင်ပတွင် အသက်သွင်းလိုက်သည်နှင့်အင်မော်တယ်လောက၏ မည်မျှ ဝေးကွာသော အရပ်ဒေသ၌ ရှိနေပါစေ၊ ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ ဆီသို့ တိုက်ရိုက် ပြန်လည် ပို့ဆောင်ပေးနိုင်စွမ်း ရှိ၏။
ယေဘုယျအားဖြင့် ဆိုရလျှင် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ အတွင်းရှိ အင်မော်တယ်ဘုရင် အဆင့် အင်အားစုများထဲမှ ထိပ်တန်းအဆင့် ပါရမီရှင် လူငယ်များသာ ဤကဲ့သို့သော တည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့မျိုးကို လက်ဝယ် ပိုင်ဆိုင်ခွင့် ရရှိကြသည်။
ကျန်းချန် ကဲ့သို့ လူငယ်လေး၏ ကိုယ်ပေါ်တွင် ဤမျှ အဖိုးထိုက်တန်သည့် တည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့မျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"မင်း စောစောက လုပ်ရပ်က တကယ်ကို လွန်သွားပြီ"
အရှင်ကျွယ်ချန်းသည် နံဘေးရှိ အရှင်ကျွယ်စစ်ကို မကျေမနပ် စောင်းငဲ့ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
ကျန်းချန်က အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်မှ တပည့်မဟုတ်ဘဲ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို တတ်မြောက်ထားပုံ ထောက်လျှင် ဆယ်ပုံကိုးပုံခန့်သည် အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်နှင့် ပတ်သက်နေသည်မှာ ထင်ရှားနေခဲ့၏။
ယခုမူ ဤမျှ ဆန်းကြယ်သည့် တည်နေရာ ရွှေ့ပြောင်းခြင်းအဆောင်လက်ဖွဲ့ကိုပါ သုံးစွဲသွားပြန်ပြီ ဖြစ်ရာ ထိုကောင်လေးသည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေမှ အင်မော်တယ်ဘုရင် တစ်ပါးပါးနှင့် ပတ်သက်နေနိုင်ခြေ အလားအလာ အလွန် များပြားနေပြီ မဟုတ်ပါလား။
ဤကဲ့သို့ နောက်ခံအင်အား တောင့်တင်းသော လူမျိုးကို အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော် ထဲသို့ ဆွဲမသွင်းနိုင်ခဲ့လျှင်ပင် မလိုအပ်ဘဲ ရန်သူဖြစ်အောင် မလုပ်သင့်ပေ။
အရှင်ကျွယ်စစ်ကမူ နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
"ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေက အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်တော့ရော ဘာဖြစ်လဲ.. ငါတို့ အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော်က သူတို့ကို ထိတ်လန့်နေရမှာလား"
ထိုစကားကို ကြားလျှင် အရှင်ကျွယ်ချန်းသည် စိတ်ထဲကနေ သက်ပြင်း အကြိမ်ကြိမ် မချဘဲ မနေနိုင်တော့ချေ။
ရှေးခေတ်ကာလက အင်မော်တယ်ဘုရင် ကျွယ်ကျန့်သည် လူတစ်ယောက်၊ ဓားတစ်လက်တည်းဖြင့် အင်မော်တယ်လောကတစ်ခုလုံးကို တုန်လှုပ် ချောက်ချားစေခဲ့ဖူးသည်။
အင်မော်တယ်လောကရှိ အင်မော်တယ်ဘုရင်များ ထဲတွင်ပင် သူ့ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်နိုင်သူမှာ အနည်းငယ်မျှသာ ရှိခဲ့သည်။
ထိုစဉ်က အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော် ဟူသော အမည်သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေမှ မရေမတွက်နိုင်သော အင်မော်တယ်ဘုရင် အဆင့် အင်အားစုများကိုပင် ထိတ်လန့် တုန်လှုပ်စေခဲ့သည်မှာ အမှန်ပင်။
သို့သော်လည်း အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်၏ ထင်ပေါ်ကျော်ကြားသော ဂုဏ်သတင်းသည် အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင် အပေါ်တွင်သာ အလုံးစုံ မှီတည်နေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ သူ မရှိတော့သည်နှင့် တစ်ပြိုင်နက် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်သည်လည်း အခြားသော သာမန် အင်မော်တယ်ဘုရင် အဆင့် အင်အားစုများနှင့် များစွာ ကွာခြားခြင်း မရှိတော့ချေ။
ယင်းအပြင် အင်မော်တယ်ဘုရင် ကျွယ်ကျန့်နှင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် တို့သည် သေအတူ ရှင်မကွာ မိတ်ဆွေရင်းများ ဖြစ်ကြသည်။
လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်၏ ဆက်ခံသူသည် အကြွင်းမဲ့ဓားအင်မော်တယ် နန်းတော် ဆီသို့ ကိုယ်တိုင် လာရောက်ခဲ့ဖူးသော်လည်း အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော် အတွင်းရှိ လူများသည် ထိုပြဿနာများကြားတွင် မပါဝင်လိုသဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အရေးကိစ္စမျာ းကို ဝင်ရောက်ကူညီရန် ဆန္ဒမရှိဘဲ ငြင်းပယ်ခဲ့ကြသည်။
ထိုစဉ်က အရှင်ကျွယ်ချန်းသည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို သဘောမတူခဲ့သော်လည်း သူတစ်ဦးတည်း စွမ်းအားဖြင့် ဘာမျှ မတတ်နိုင်ခဲ့ပေ။
ယနေ့တွင်မူ အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်၏ တရားဝင်ဆက်ခံသူ ဖြစ်နိုင်သည့် ကျန်းချန်နှင့် ရင်ဆိုင်ရသည့် အခါတွင်လည်း အကြွင်းမဲ့ဓား အင်မော်တယ် နန်းတော်သည် တင်းမာသော သဘောထားကိုသာ ဆက်လက် ကိုင်စွဲခဲ့ပြီး ကျန်းချန်ကို တည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ အသုံးပြုကာ အတင်းအကျပ် ထွက်ခွာသွားအောင် တွန်းပို့ခဲ့မိပြန်သည်။
အကယ်၍ နောင်တစ်ချိန် အကြွင်းမဲ့ဓား အင်မော်တယ်ဘုရင်သာ အမှန်တကယ် ပြန်လည် ရောက်ရှိလာခဲ့မည် ဆိုလျှင် ဒေါသအိုး ပေါက်ကွဲကာ အကြီးအကျယ် အမျက်ရှလိမ့်မည် ဆိုသည်ကို အရှင်ကျွယ်ချန်း အနည်းငယ်မျှပင် သံသယမဖြစ်ပေ။
-------------------
အင်မော်တယ်လောက တစ်ခုလုံး၏ ဗဟိုချက်တွင် ခန့်ညားစွာ တည်ရှိနေသော ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေသည် အင်မော်တယ်လောက၏ အကျော်ကြားဆုံးသော ကောင်းကင်နယ်မြေကြီး ငါးခုအနက် တစ်ခု အပါအဝင် ဖြစ်သည်။
ဤထူးခြားသော နယ်မြေတွင် အင်မော်တယ် ကျင့်ကြံခြင်းလမ်းစဉ်သည် အထွတ်အထိပ်သို့ ရောက်ရှိ ထွန်းကားနေပြီး အင်မော်တယ်ဘုရင် အဆင့် အင်အားစု အများအပြား တည်ရှိ၏။
ရှေးကာလကဆိုလျှင် အင်မော်တယ်ဧကရာဇ်များပင် မွေးဖွားပေါ်ထွန်းခဲ့ဖူးသော နေရာလည်း ဖြစ်သည်။
ယနေ့ခေတ် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေတွင် အင်မော်တယ်ဧကရာဇ် မရှိတော့သော်လည်း အင်မော်တယ်ဧကရာဇ် ထံမှ တိုက်ရိုက် ဆင်းသက်လာခဲ့သည့် ဧကရာဇ်အဆင့် ဂိုဏ်းကြီးတစ်ဂိုဏ်း ရှိနေဆဲ ဖြစ်ပြီး ၎င်း၏ အင်အားနှင့် နက်ရှိုင်းသော အခြေခံအုတ်မြစ်သည် သာမန် အင်မော်တယ်ဘုရင်အဆင့် အင်အားစုများထက်ပင် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းသည်။
ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေသည် အလွန်တရာ ကျယ်ပြောပြီး အတွင်း၌ အင်မော်တယ်နယ်မြေ အမြောက်အမြား တည်ရှိ၏။
ဥပမာအားဖြင့် ဆိုရလျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ကိုယ်တိုင် တည်ထောင်ခဲ့သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေသည်လည်း ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ အတွင်း၌ တည်ရှိနေခြင်း ဖြစ်သည်။
တည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်ပြီးနောက်တွင် ကျန်းချန် နှင့် ကျိယောင်တို့ နှစ်ဦးစလုံးသည် အဆောင်လက်ဖွဲ့မှ ထွက်ပေါ်လာသည့် ထူးခြားသော စွမ်းအားများ၏ လွှမ်းခြုံမှုကို အပြည့်အဝ ခံလိုက်ရပြီး အဆုံးမဲ့ ဟင်းလင်းပြင်လမ်းကြောင်း ထဲသို့ ရောက်ရှိသွားခဲ့သည်။
သူတို့နှစ်ဦးက အဆုံးမဲ့ ဟင်းလင်းပြင် ထဲတွင် အချိန်အတော်ကြာအောင် ဖြတ်သန်း ခရီးနှင်ခဲ့ရသည်ဟု ကျန်းချန် ခံစားရသော်လည်း တကယ့် လက်တွေ့တွင်မူ မျက်စိတစ်မှိတ်စာ တခဏလေး အတွင်း ပြီးဆုံးသွားသကဲ့သို့ပင်။
အချိန်ကာလ မည်မျှအထိ ကုန်ဆုံးသွားခဲ့မှန်းကိုမူ အတိအကျ မသိပေ။
တည်နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့၏ စွမ်းအားသည် သူတို့ကို အဆုံးမဲ့ ဟင်းလင်းပြင် လမ်းကြောင်းမှ တဆင့် ဘေးကင်းစွာ ခေါ်ဆောင်လာခဲ့ပြီး နယ်မြေအသစ် တစ်ခုတွင် ပြန်လည် ပေါ်လာစေခဲ့သည်။
သို့သော်လည်း ကျန်းချန်က ကောင်းကင်ယံထက်တွင် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မနည်း ထိန်းချုပ်လိုက်ရပြီး ပတ်ဝန်းကျင် အခြေအနေကို သေချာစွာ မကြည့်ရှုရသေးခင်မှာပင် သူတို့ကို ကြည့်နေသည့် မရေမတွက်နိုင်သော အကြည့်များကို ခံစားမိလိုက်သည်။
ကျန်းချန်က စိတ်ထဲတွင် အံ့အားသင့်သွားပြီး အောက်ဘက်ရှိ မြေပြင် ဆီသို့ မကြည့်ဘဲ မနေနိုင် ဖြစ်သွားခဲ့၏။
ထိုအခါ အောက်ဘက်ရှိ ကျယ်ပြောသော လွင်ပြင်ထက်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တင်းမာစွာ ရင်ဆိုင်နေကြသည့် အဖွဲ့နှစ်ဖွဲ့ကို သူ မြင်လိုက်ရသည်။
တစ်ဖက်အဖွဲ့တွင်မူ တူညီဝတ်စုံများ ဝတ်ဆင်ထားသည့် မီးခိုးရောင် ဝတ်စုံဝတ် လူဆယ်ယောက်ကျော် ပါဝင်သည်။
ထိုလူ ဆယ်ယောက်ကျော်၏ ကျင့်ကြံမှု အဆင့်များသည် အနည်းဆုံး ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ရှိပြီး အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်နေသည့် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းသည် အလွန် အစွမ်းထက်သည့် ရွှေအင်မော်တယ် အဆင့် ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
ထိုမီးခိုးရောင်ဝတ်စုံဝတ် လူတစ်ဒါဇင်ကျော်သည် တစ်ဖက်မှ လူနှစ်ဦးကို အလယ်ဗဟိုတွင် ထားကာ ဘယ်လိုမှ ရုန်းမထွက်နိုင်စေရန် အခိုင်အမာ ဝိုင်းရံ ပိတ်ဆို့ထားကြ၏။
ထိုဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသူ နှစ်ဦးမှာ အသက်အရွယ် ကြီးရင့်သည့် အဘိုးအို တစ်ယောက်နှင့် လူငယ်တစ်ယောက် ဖြစ်ကြသည်။
အဘိုးအို၏ အရှိန်အဝါက အားနည်းခြင်း မရှိပေ။
၎င်းက ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်သို့ အောင်မြင်စွာ ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်ရှိသော လူငယ်လေးကမူ ကောင်းကင်အင်မော်တယ် ပထမအဆင့်မျှသာ ရှိသေးသည့် လူငယ်ပါရမီရှင် တစ်ဦး ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် မီးခိုးရောင်ဝတ်စုံဝတ် လူတစ်ဒါဇင်ကျော်၏ ရက်စက်စွာ ဝိုင်းရံသတ်ဖြတ်ခြင်းကို အလူးအလဲ ခံနေရခြင်း ဖြစ်ပြီး လက်ရှိအခြေအနေက အသက်အန္တရာယ် စိုးရိမ်ရလောက်အထိ ဆိုးရွားလျက် ရှိနေခဲ့သည်။
ထိုသို့သော အခြေအနေမျိုးတွင် လူတိုင်း၏ အကြည့်များသည် ကောင်းကင်ယံမှ ရုတ်တရက် ဆင်းသက်လာသည့် ကျန်းချန်တို့ နှစ်ဦးဆီသို့ စုပြုံ၍ ကျရောက်လာခဲ့ပြီး လုံးဝမထင်မှတ်ဘဲ ရုတ်တရက် ပေါ်ပေါက်လာသော ကျန်းချန်တို့ကြောင့် ၎င်းတို့အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။
အောက်ဘက် မြေပြင်ရှိ တင်းမာသော အခြေအနေကို မြင်လိုက်ရလျှင် ကျန်းချန်သည်လည်း အနည်းငယ် အံ့အားသင့်သွားမိသည်။
တည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့က သူတို့ကို ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ ဆီသို့ ပို့ဆောင်ပေးလိုက်သည့် နေရာသည် တိုက်တိုက်ဆိုင်ဆိုင် ပြဿနာဖြစ်နေသော နေရာ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"ငါတို့က ဒီအတိုင်း လမ်းသွားလမ်းလာပါ.. မင်းတို့ကိစ္စ မင်းတို့ဘာသာ ဆက်ရှင်းကြပါ"
ကျန်းချန်က အေးဆေး တည်ငြိမ်စွာ ပြောလိုက်ပြီး နံဘေးရှိ ကျိယောင်ကို ခေါ်ဆောင်ကာ ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားရန် ပြင်လိုက်သည်။
သူက ဤနေရာသို့ ယခုမှ စတင် ခြေချမိခြင်း ဖြစ်၍ ပတ်ဝန်းကျင် အခြေအနေများကို ဘာမျှ ရေရေရာရာ မသိရှိသေးသလို မလိုအပ်ဘဲ ပြဿနာ အသစ်များလည်း မဖိတ်ခေါ်ချင်သဖြင့် သူတစ်ပါး၏ အရေးကိစ္စများကြားတွင် ဝင်ရောက်စွက်ဖက်ရန် အစီအစဉ် မရှိပေ။
"ဒီကမိတ်ဆွေလေး.. ငါက ပိုထျန်းအင်မော်တယ်ဂိုဏ်းက လင်းထယ်ပါ.. မိတ်ဆွေလေးအနေနဲ့ ဖြစ်နိုင်ရင် ငါတို့ကို အကူအညီပေးဖို့ မျှော်လင့်ပါတယ်.. ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းက မင်းရဲ့ ကျေးဇူးကို မမေ့မလျော့ တုံ့ပြန်မှာပါ"
ထိုစဉ်မှာပင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိနေသည့် အဘိုးအိုက ကျန်းချန်ကို မြင်သည်နှင့် မျှော်လင့်ချက် အလင်းရောင်ကို တွေ့လိုက်ရသည့် အလား အလျင်အမြန်ပင် လှမ်းအကူအညီ တောင်းလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့က ဤနေရာတွင် ရန်သူများ၏ ပိတ်ဆို့ခြင်းကို ခံထားရသဖြင့် သေလမ်းတစ်လမ်းသာ ရှိတော့ရာ သူတို့ မျက်စိရှေ့မှောက်တွင် ကောင်းကင်ယံကနေ ကျလာသကဲ့သို့ ရုတ်တရက် ပေါ်လာသည့် ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်သည်သာ သူတို့အတွက် တစ်ခုတည်းသော အသက်ရှင်သန်ရန် အခွင့်အရေး ဖြစ်လာနိုင်သောကြောင့်ပင်။
"ပိုထျန်း အင်မော်တယ်ဂိုဏ်းလား.. ဒါက တကယ်ကို တိုက်ဆိုင်လွန်းတာပဲ"
ရင်းနှီးသော ဂိုဏ်းအမည်ကို ကြားလိုက်ရလျှင် ကျန်းချန် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သူ၏ မျက်ဝန်းများထဲတွင် ဆန်းကြယ်သော အရိပ်အယောင်တစ်ခု ယှက်သန်းသွားခဲ့သည်။
ဤ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် အဆင့်နိမ့်နယ်မြေ ဖြစ်သည့် အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာ အတွင်း၌ ရှိခဲ့ဖူးသည့် ပိုထျန်း အင်မော်တယ်ဂိုဏ်းနှင့် တစ်စုံတစ်ရာ ပတ်သက်ဆက်နွှယ်နေခြင်း ရှိနိုင်ပါသလော။
သို့သော် လင်းရှီယောင်၏ ပြောပြချက်များအရမူ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ပိယွင် အင်မော်တယ်နန်းတော်၏ ရက်စက်စွာ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။
သို့ဆိုလျှင် အင်မော်တယ်လောကထဲတွင် အဘယ်ကြောင့် ပိုထျန်းအင်မော်တယ်ဂိုဏ်း ဟူ၍ ရှိနေသေးပါသနည်း။
ကျန်းချန်က မျက်မှောင်ကြုတ်ကာ ခဏမျှ တွေးလိုက်ပြီးနောက်တွင် အောက်ဘက်ရှိ အဘိုးအိုကို စိုက်ကြည့်ကာ စူးစမ်းစွာ မေးမြန်းလိုက်သည်။
"ခင်ဗျားတို့က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာလို့ ခေါ်တဲ့ အဆင့်နိမ့်နယ်မြေကနေ တက်လှမ်းလာကြတာလား"
အခန်း(၂၈၂၃) ပြီး၏
အခန်း(၂၈၂၄)
"မင်း.. မင်း ဒါကို ဘယ်လိုလုပ်ပြီး သိနေတာလဲ"
ကိုယ့်ကိုယ်ကိုယ် လင်းထယ်ဟု မိတ်ဆက်ခဲ့သည့် အဘိုးအိုက ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
သူ၏ မျက်ဝန်းတွင် မယုံကြည်နိုင်လောက်အောင် ပြင်းထန်သည့် ထိတ်လန့် တုန်လှုပ်မှုများ အတိုင်းထက်အလွန် ပြည့်နှက်နေခဲ့၏။
စင်စစ် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အင်မော်တယ်လောကထဲတွင် ပြန်လည် အခြေစိုက် တည်ထောင်ပြီးစတွင် ရန်သူတော် ဖြစ်သည့် ပိယွင် အင်မော်တယ်နန်းတော်သည် တစ်ကြိမ် တစ်ခါမက ရက်စက်ကြမ်းကြုတ်စွာ ချေမှုန်းခဲ့သည်။
ထို့ကြောင့် ယနေ့ခေတ်တွင် ကျန်ရစ်ခဲ့သည့် ပိုထျန်းအင်မော်တယ်ဂိုဏ်း ဆိုသည်မှာ ဂိုဏ်း၏ အမာခံ တပည့်တချို့က ပိယွင်အင်မော်တယ် နန်းတော်၏ မျက်စိအောက်မှ ဝေးကွာလွန်းသော နေရာတစ်ခု ဆီသို့ စွန့်စွန့်စားစား ထွက်ပြေး လွတ်မြောက်လာခဲ့ပြီးမှသာ အနိုင်နိုင် ပြန်လည်ရုန်းကန်၍ တည်ထောင်ထားခဲ့ရခြင်း ဖြစ်သည်။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ပိုထျန်း အင်မော်တယ်ဂိုဏ်းအတွင်းရှိ အဆင့်မြင့် ထိပ်တန်း အကြီးအကဲ အနည်းငယ်ကလွဲ၍ လက်ရှိ ဂိုဏ်း၏ သာမန် တပည့်အတော်များများ ပင်လျှင် သူတို့ဂိုဏ်း၏ စစ်မှန်သော ဇစ်မြစ်က အဆင့်နိမ့်နယ်မြေ ဖြစ်သည့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ဆင်းသက်လာခဲ့ခြင်းဖြစ်မှန်း လုံးဝ မသိရှိကြပေ။
သို့ဖြစ်ရာ သူတို့နှင့် ယခုမှသာ ဆုံတွေ့ဖူးသည့် သူတို့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေးသည် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ဇစ်မြစ်နောက်ခံ သမိုင်းကြောင်းကို အဘယ်ကြောင့် ဤမျှအထိ အသေးစိတ် သိရှိနေရပါသနည်း။
"ဒါက တကယ်ပဲ လင်းပိုထျန်း ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်း ဖြစ်နေတာကိုး"
ကျန်းချန်၏ စိတ်ထဲကို လွန်ခဲ့သော အတိတ်ကာလများ ဆီမှ ထူးခြားဆန်းပြားသည့် ခံစားချက်များစွာက ရုတ်ချည်း ဝင်ရောက်လာခဲ့သည်။
သူက ယခင်ကတည်းက ပိုထျန်းအင်မော်တယ်ဂိုဏ်းနှင့် ခွဲခြား၍ မရနိုင်လောက်အောင် နက်ရှိုင်းသော ပတ်သက်မှုအချို့ ရှိခဲ့ဖူးသလို လင်းရှီယောင်ကိုလည်း ပိယွင်အင်မော်တယ်နန်းတော်ကို ပြန်လည် ရင်ဆိုင် ချေမှုန်းမည့် ကိစ္စရပ်များတွင် အစွမ်းကုန် ကူညီပေးမည်ဟု ကတိကဝတ် အခိုင်အမာ ပြုလုပ်ခဲ့ဖူးသည်။
ယခုအခါ ကံကြမ္မာ အကြောင်းဖန်၍ ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ လူများနှင့် ဆုံတွေ့ခဲ့ရပြီ ဖြစ်ရာ ကျန်းချန် အနေဖြင့် ၎င်းတို့၏ ဒုက္ခကို မြင်နေလျက်ဖြင့် နံဘေးကနေ ဒီအတိုင်း လက်ပိုက် ကြည့်မနေနိုင်တော့သည်မှာ သဘာဝပင်။
သူက ဝိုင်းရံထားကြသည့် မီးခိုးရောင် ဝတ်စုံဝတ် လူတစ်ဒါဇင်ကျော် ဆီသို့ အကြည့်လွှဲလိုက်ပြီး အေးစက်သော လေသံဖြင့် ပြတ်သားစွာ ပြောဆိုလိုက်သည်။
"အားလုံးပဲ.. ဒီလူနှစ်ယောက်ကို အခုကစပြီး ငါ တာဝန်ယူကာကွယ်ပေးသွားမယ်.. ငါ့ရဲ့ မျက်နှာကို ထောက်ထားတဲ့ အနေနဲ့ သူတို့ကို ဒီနေ့ ခွင့်လွှတ်ပြီး လွှတ်ပေးလိုက်လို့ ရမလား"
ကျန်းချန်၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ မီးခိုးရောင်ဝတ်စုံဝတ် လူအားလုံး၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ချက်ချင်းဆိုသလို စုပြုံ ကျရောက်လာခဲ့သည်။
အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်နေပြီး တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ် လူသတ်ငွေ့များ ထွက်ပေါ်နေသည့် ရွှေအင်မော်တယ် ပထမအဆင့် မီးခိုးရောင် ဝတ်စုံဝတ် လူလတ်ပိုင်းက နှာခေါင်းရှုံ့ကာ ခက်ထန်စွာ ပြောဆိုလိုက်သည်။
"ကောင်လေး... ငါ မင်းကို စေတနာနဲ့ သတိပေးလိုက်မယ်.. ကိုယ်နဲ့ မဆိုင်တဲ့ သူတစ်ပါး ကိစ္စတွေ ကြားထဲမှာ ဝင်ရောက်မစွက်ဖက်တာက မင်းရဲ့ အသက်အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်"
ကျန်းချန်သည် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းကို အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ လေသံဖြင့် ပြန်လည် ပြောကြားလိုက်သည်။
"ဒီလိုဆိုမှတော့ ခင်ဗျားတို့ဘက်က ကျုပ်ရဲ့ မျက်နှာကို နည်းနည်းလေးတောင် ထောက်ထားဖို့ အစီအစဉ် မရှိဘူးလို့ ယူဆရတော့မှာပဲ"
"ကောင်လေး.. မင်းသေချင်နေတာပဲ"
မီးခိုးရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ခေါင်းဆောင်၏ မျက်ဝန်းအစုံတွင် ရက်စက်လိုသော အမူအရာများ ဖြစ်ပေါ်လာခဲ့ပြီး ဒေါသတကြီး အမိန့်ပေးလိုက်သည်။
"အာချောင်နေတဲ့ အဲဒီကောင်ကို အရင် သတ်ပစ်ကြစမ်း"
"ဝုန်း.. ဝုန်း.."
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ အမိန့်ညွှန်ကြားချက်အောက်တွင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့်ရှိ မီးခိုးရောင် ဝတ်စုံဝတ် ကျင့်ကြံသူ နှစ်ဦးသည် လက်နက်များကို အသီးသီး ကိုင်စွဲကာ ကျန်းချန် ရှိရာ ကောင်းကင်ယံ ဆီသို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် တစ်ပြိုင်နက်တည်း တိုးဝင်လာခဲ့ကြသည်။
သို့သော် ကျန်းချန်ကမူ တည်ငြိမ်စွာပင် သူ၏ လက်ချောင်းကို လေထဲ၌ အသာအယာ တစ်ချက် လှုပ်ရှားလိုက်သည်။
ထိုခဏဝယ် ကောင်းကင်နှင့် မြေပြင်ကို တုန်ဟည်းသွားစေမည့် ကြောက်မက်ဖွယ် ဓားစွမ်းအင် နှစ်ခုသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူနှစ်ဦးသည် ကျန်းချန်၏ တိုက်ခိုက်မှုကို သတိပြုမိသော်လည်း ပြန်လည် ခုခံရန်ပင် အချိန်မရလိုက်ဘဲ ကျန်းချန်၏ ဆန်းကြယ်သော တိုက်ကွက်အောက်၌ တစ်ခဏအတွင်း လေထဲကနေ အစအနပင်မကျန် ပျောက်ကွယ်သွားခဲ့သည်။
"မင်း.. မင်း ဘယ်သူလဲ"
မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ခေါင်းဆောင်၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို သိသိသာသာ ပျက်ယွင်းသွားရပြီး ကျန်းချန်ကို စိုက်ကြည့်နေသည့် သူ၏ အကြည့်ထဲတွင် ကြောက်ရွံ့မှုနှင့် ဒေါသတရား တို့က အပြိုင်အဆိုင် ရောပြွမ်းလျက် ရှိနေခဲ့သည်။
ထိုကောင်လေးက လက်ညှိုးတစ်ချက် လှုပ်ရှားလိုက်ရုံမျှဖြင့် သူတို့ဘက်မှ ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ရှိသည့် ထိပ်တန်း ကျင့်ကြံသူနှစ်ဦးကို မျက်စိတစ်မှိတ် အတွင်း အလွယ်တကူ သတ်ပစ်လိုက်၏။
သူတို့၏ မျက်စိရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာသည့် ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်၌ ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ပုံမှန်အားဖြင့် ဤကဲ့သို့ အသက်အရွယ်မျှဖြင့် ပြိုင်ဘက်ကင်းစွမ်းရည်ရှိသည့် ပါရမီရှင် လူငယ်မျိုးကို တလော့ အင်အားစုကြီးများမှာသာ တွေ့ရှိနိုင်သည်။
သို့ဆိုလျှင် သူ့ရှေ့မှ ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ မည်သည့် တလော့ အင်အားစုကြီးမှ ဖြစ်နိုင်ပါသနည်း။
ကျန်းချန်က အေးဆေးတည်ငြိမ်စွာပင် ပြန်လည် ပြောဆိုလိုက်သည်။
"ငါ ဘယ်သူဘယ်ဝါဆိုတာကို မင်းတို့အနေနဲ့ သေသေချာချာ သိနေဖို့ မလိုအပ်ဘူး.. မင်းတို့ အဓိက သတိပြုထားရမှာက ဒီနေ့ ဒီအချိန်ကစပြီး ဒီလူနှစ်ယောက်ကို ငါက အပြည့်အဝ ကာကွယ်ပေးသွားမယ် ဆိုတာကိုပဲ"
"မေဘေး.. လေလုံးက အပေါ်စီးကပဲ"
မီးခိုးရောင် ဝတ်စုံဝတ် လူလတ်ပိုင်း၏ မျက်နှာအမူအရာက ပိုမို ခက်ထန်သွားခဲ့ပြီး သူကိုယ်တိုင် ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့ တိုးထွက်လာခဲ့သည်။
သူနှင့်အတူ ရွှေအင်မော်တယ် ပထမအဆင့်၏ ကြောက်မက်ဖွယ် စွမ်းအား အရှိန်အဝါများသည် ကျန်းချန် ရှိရာ ဆီသို့ ပြင်းထန်စွာ တိုးဝင်သွားခဲ့သည်။
ဤကောင်လေးသည် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ နှစ်ဦးကို စက္ကန့်ပိုင်း အတွင်း အလွယ်တကူ သတ်ပစ်နိုင်သည် ဆိုကတည်းကပင် ထိုကောင်လေး၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်သည် အနည်းဆုံး ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် သို့မဟုတ် ကောင်းကင်အင်မော်တယ် နဝမအဆင့် အထိ ရှိနေနိုင်ပေသည်။
ယင်းကြောင့် သာမန် တပည့်များအတွက် ထိုကောင်လေးကို ရင်ဆိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
ထိုအချက်ကြောင့် မီးခိုးရောင် ဝတ်စုံဝတ် လူလတ်ပိုင်းသည် အချိန်ဆွဲမနေတော့ဘဲ ကိုယ်တိုင် ရင်ဆိုင်ရန်သာ ဆုံးဖြတ်လိုက်ပုံ ရသည်။
သို့သော် ကျန်းချန်၏ မျက်နှာ အမူအရာကမူ အစောပိုင်းကအတိုင်း တည်ငြိမ်မြဲ တည်ငြိမ်နေဆဲ ဖြစ်ပြီး တစ်ဖက်လူ၏ ပြင်းထန်သော ရွှေအင်မော်တယ် အဆင့် အရှိန်အဝါ ဖိအားကြောင့် အနည်းငယ်မျှပင် တုန်လှုပ် ချောက်ချားသွားခြင်း မရှိချေ။
အကြောင်းရင်းမှာ အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်၏ ကမ္ဘာဦးအင်မော်တယ် ရေကန်တွင် သုံးရက်တိုင်တိုင် ဆေးကြောသန့်စင်မှုကို အောင်မြင်စွာ ခံယူပြီးနောက် ကျန်းချန်၏ လက်ရှိ ကျင့်ကြံမှုအဆင့်က ကောင်းကင်အင်မော်တယ်နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ရွှေအင်မော်တယ်အဆင့်ကို ရောက်ရန် လက်တစ်ကမ်း အကွာသာ လိုတော့သောကြောင့် ဖြစ်သည်။
ကျန်းချန်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်တွင် ရှိနေစဉ်ကပင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်ကို ဖိနှိပ်နိုင်ခဲ့ပြီး ရွှေအင်မော်တယ် ပထမအဆင့်ကိုပင် ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိခဲ့သည်။
ယခုအခါ သူ၏ ကျင့်ကြံမှုက ကောင်းကင်အင်မော်တယ် နဝမအဆင့် အထွတ်အထိပ်သို့ တဟုန်ထိုး တိုးတက် ရောက်ရှိနေပြီ ဖြစ်ရာ သူ့ရှေ့က ရွှေအင်မော်တယ် ပထမအဆင့်လောက်ကို သူက အဘယ်ကြောင့် မျက်စိထဲ ထည့်ထားရပါမည်နည်း။
သူ ထုတ်လွှတ်လိုက်သည့် ပြင်းထန်သော အရှိန်အဝါ ဖိနှိပ်မှုက ကျန်းချန် အပေါ်တွင် အနည်းငယ်မျှ သက်ရောက်မှု မရှိမှန်း မြင်လိုက်ရလျှင် မီးခိုးရောင် ဝတ်စုံဝတ် လူလတ်ပိုင်း အရွယ် ကျင့်ကြံသူ၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
သူက ထပ်မံ၍ တွေဝေမနေတော့ဘဲ သူ၏ ခန္ဓာကိုယ် အတွင်းမှ အစွမ်းထက် ရွှေအင်မော်တယ် စွမ်းအားများကို လက်ဖဝါးပေါ်တွင် အကုန်အစင် စုစည်းလိုက်ပြီး ထိုစွမ်းအားများကို ဧရာမ အနက်ရောင် မြွေကြီး တစ်ကောင် အဖြစ် ပြောင်းလဲကာ ကျန်းချန် ဆီသို့ ဒေါသတကြီး ဟိန်းဟောက်၍ တိုးဝင်စေခဲ့သည်။
ကျန်းချန်က သူ၏ လက်တစ်ဖက်ကို လေထဲတွင် အသာအယာ ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် ဓားချီ တစ်ခုသည် ဟင်းလင်းပြင်ထဲကနေ ဝုန်းခနဲ ပေါက်ကွဲ ထွက်လာခဲ့ပြီး တိုးဝင်လာသည့် အနက်ရောင်မြွေကြီးကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
တို့ဟူးတုံး တစ်ခုကို လှီးဖြတ်လိုက်သကဲ့သို့ပင် ဧရာမ အနက်ရောင်မြွေကြီးသည် ကျန်းချန်၏ ဓားစွမ်းအား အောက်တွင် တစ်ခဏ အတွင်း နှစ်ခြမ်းကွဲကာ ပျက်စီးသွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် မီးခိုးရောင် ဝတ်စုံဝတ် လူလတ်ပိုင်း အရွယ် ကျင့်ကြံသူ၏ မျက်နှာအမူအရာက ပိုမို၍ လေးနက်သွားခဲ့၏။
စောစောက တိုက်ကွက်တွင် သူက အင်အား အကုန်အစင်ကို ထုတ်သုံးခဲ့ခြင်း မရှိသော်လည်း ယင်းမှာ ရွှေအင်မော်တယ်ပထမအဆင့် ကျင့်ကြံသူ တစ်ဦး၏ စစ်မှန်သော စွမ်းအား ဖြစ်၍ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ရှိ ကျင့်ကြံသူ တစ်ဦးပင်လျှင် အလွယ်တကူ ခုခံ ချေမှုန်းနိုင်မည့် အရာမျိုး မဟုတ်သည်မှာ သေချာ၏။
သို့သော်လည်း သူ့ရှေ့ရှိ လူငယ်လေးကမူ ယင်းတိုက်ကွက်ကို အလွန်တရာ အေးဆေး ပေါ့ပါးစွာဖြင့်ပင် ချေမှုန်းနိုင်ခဲ့သည်။
ယင်းက ဤလူငယ်လေးသည် စစ်မှန်သော ရွှေအင်မော်တယ်အဆင့်နှင့် ရင်ဆိုင်နိုင်သည့် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည်ကို အမှန်တကယ် ပိုင်ဆိုင်ထားကြောင်း သက်သေပြလိုက်ခြင်းပင် မဟုတ်ပါလား။
"ကောင်လေး.. မင်းက အရည်အချင်း တချို့ ရှိသားပဲ.. ဒါကြောင့်လည်း ငါ့ရဲ့ ရှေ့မှာ ဒီလောက်အထိ မောက်မာရဲတာကိုး"
မီးခိုးရောင် ဝတ်စုံဝတ် လူလတ်ပိုင်းသည် ကျန်းချန်ကို အငြိုးတကြီးဖြင့် သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ် အတွင်းရှိ ရွှေအင်မော်တယ် စွမ်းအားများကို အကုန်အစင် ထုတ်ဖော်လိုက်ရာ ထင်းရူးသားဖြင့် ပြုလုပ်ထားပုံရသည့် ရှေးဟောင်း အင်မော်တယ် ဓားတစ်လက်သည် သူ၏ လက်ဖဝါးပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုရှေးဟောင်း အင်မော်တယ်ဓား ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ထက်ရှသော ဓားအလင်းတန်းများသည် မိုင်ပေါင်း ရာချီ ကျယ်ပြောသည့် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
အဝါရောင်သန်းနေသည့် ဓားအလင်းတန်း များစွာသည် ကောင်းကင်ယံထက်တွင် ခန့်ညားသော ဓားတောင်တန်းကြီး တစ်ခုအလား အလျင်အမြန် စုစည်းသွားပြီး အဆုံးသတ်တွင် ဟင်းလင်းပြင် တစ်ခုလုံးကို ချေမှုန်းဖျက်ဆီးနိုင်စွမ်း ရှိသည့် ပေတစ်ထောင်မြင့်သော တောင်ကြီး တစ်လုံး အသွင်သို့ ပြောင်းလဲကာ ကျန်းချန် ရှိရာ ဆီသို့ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။
"မိတ်ဆွေလေး.. သတိထားပါ.. ဒါက တလော့အဆင့် ဓားသိုင်းဖြစ်တဲ့ စန်းရှန်ဓားသိုင်းပဲ"
ဤကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ လင်းထယ်ဟု အမည်ရသည့် အဘိုးအိုသည် မျက်နှာတစ်ခုလုံး သွေးဆုတ်မတတ် ပျက်ယွင်းသွားပြီး ကျန်းချန်ကို အလန့်တကြား အော်ဟစ်ကာ အလျင်အမြန် သတိပေးလိုက်သည်။
စန်းရှန်ဓားသိုင်းသည် စန်းရှန် အင်မော်တယ်ဂိုဏ်း၏ ထိပ်တန်း အင်မော်တယ် သိုင်းပညာရပ် တစ်ခု ဖြစ်သည်။
သူ၏ လက်ရှိ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်နှင့်သာ တစ်ဖက်လူ အင်အားကုန် ထုတ်သုံးလိုက်သည့် ဤစန်းရှန်ဓားသိုင်းနှင့် ရင်ဆိုင်ရလျှင် မသေဆုံးခဲ့လျှင်ပင် ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် ဒဏ်ရာရရှိသွားမည်မှာ ရာနှုန်းပြည့် သေချာ၏။
"ကိုယ့်အရည်အချင်း ကိုယ်မသိဘူးပဲ"
ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး လက်ညိုးမှ ဓားစွမ်းအားကို ထုတ်ဖော်လိုက်သည်။
"ဝုန်း"
ထောင်သောင်းမကသော ဓားအလင်းတန်းများဖြင့် ဖွဲ့စည်းထားသည့် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်း၏ ပေတစ်ထောင်မြင့်သော တောင်ကြီးသည် ကျန်းချန်၏ ဆန်းကြယ်သော ဓားစွမ်းအား ရှေ့မှောက်တွင် ဆပ်ပြာပူဖောင်း ပေါက်ကွဲသွားသကဲ့သို့ တစ်ခဏအတွင်း အပိုင်းပိုင်းအစစ ပေါက်ကွဲပျက်စီးကာ ဓားချီ အစအနများ အဖြစ် လေထဲတွင် လွင့်စင်ပြန့်ကျဲသွားခဲ့သည်။
ကျန်းချန်၏ လက်ညှိုးမှ ထွက်ပေါ်လာသော စွမ်းအားများသည် ထိုမျှနှင့် မပြီးသေးဘဲ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရှေ့သို့ ဆက်လက် တိုးဝင်သွားခဲ့ပြီး အလွန်တရာ ထိတ်လန့်တုန်လှုပ်နေသည့် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်း၏ မျက်စိရှေ့မှောက်မှာပင် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်း အရွယ် ကျင့်ကြံသူ၏ လက်ထဲ၌ ကိုင်စွဲထားသည့် ရှေးဟောင်း ထင်းရှူးဓား ပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဂျွတ်"
ကြွပ်ဆတ်သော အက်ကွဲသံ တစ်သံ လေထဲ၌ ထွက်ပေါ်လာခဲ့ပြီးနောက် ထူးခြားသော ရှေးဟောင်း ထင်းရှူးဓားကြီးသည် တစ်လက်မချင်းစီ အပိုင်းပိုင်းအစစ အက်ကွဲ ပျက်စီးသွားခဲ့သည်။
အဆုံးသတ်တွင်မူ ကျန်းချန်၏ လက်ကျန် ဓားစွမ်းအားများသည် မီးခိုးရောင် ဝတ်စုံဝတ် လူလတ်ပိုင်း အရွယ်ကျင့်ကြံသူ၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။
နောက်ထပ် တစ်စက္ကန့်အတွင်းမှာပင် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလို ကောင်းကင်ယံ၌ ဝုန်းခနဲ ပေါက်ကွဲသွားခဲ့ကာ ရနံ့ဆိုးလှသော သွေးမှုန်များအဖြစ် အောက်ဘက်မြေပြင်ဆီ တဖွဲဖွဲ ကျဆင်းသွားခဲ့သည်။
ကျန်းချန်၏ လက်ရှိ ကောင်းကင်အင်မော်တယ် နဝမအဆင့်ဖြင့်သာ စွမ်းအားများကို အကုန်အစင် ထုတ်သုံးလိုက်လျှင် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်အထိ တိုက်ခိုက် ချေမှုန်းနိုင်မည်ကို အတိအကျ မသိရသော်လည်း ဤကဲ့သို့ သာမန် ရွှေအင်မော်တယ် ပထမအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန်အတွက်မူ ကြက်သတ် သကဲ့သို့ အလွန်တရာ လွယ်ကူနေခဲ့၏။
ထိုခဏဝယ် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
ကျန်ရှိနေသေးသော မီးခိုးရောင်ဝတ်စုံဝတ် ကျင့်ကြံသူတစ်ဒါဇင်ကျော်ဖြစ်စေ၊ ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ လင်းထယ်တို့ ဖြစ်စေ၊ ၎င်းတို့အားလုံး၏ အကြည့်များသည် လုံးဝ မှင်တက်နေကြပြီး အချိန်အတော်ကြာသည်အထိ ပြန်လည် ရုန်းမထွက်နိုင်ခဲ့ကြပေ။
ထိုကောင်လေးက လက်ညှိုးမှ ဓားစွမ်းအားဖြင့် အခြားသူများ ပင်ပန်းတကြီး ကျင့်ကြံခဲ့ရသည့် တလော့အဆင့် ဓားသိုင်းကို လွယ်ကူစွာ ချေမှုန်းပစ်ခဲ့သည့် အပြင် အင်မော်တယ်ဓားကိုပါ ရစရာမရှိအောင် ဖျက်ဆီးပစ်ခဲ့ကာ ရွှေအင်မော်တယ် ပထမအဆင့် ရှိသူကိုပင် အမှုန့်ချေ သတ်ဖြတ်နိုင်ခဲ့သည်။
သူတို့ ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေးသည် ဤမျှအထိ ကြောက်မက်ဖွယ် အစွမ်းထက်လိမ့်မည်ဟု သူတို့အားလုံး လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
"တကယ့်ကို အနှိုင်းမဲ့ အစွမ်းထက်လွန်းတာပဲ.."
လင်းထယ်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက် တအံ့တသြ ရေရွတ်လိုက်သည်။
သူ၏ ညှိုးငယ်နေသော မျက်နှာထက်တွင် ဝမ်းသာသည့် အရိပ်အယောင်များ ရုတ်ချည်း ပေါ်ပေါက်လာခဲ့၏။
အစောပိုင်းတွင် သူက ကျန်းချန်ကို မြင်မြင်ချင်း စွန့်စား၍ အကူအညီ တောင်းခံခဲ့ရခြင်းမှာ ကျန်းချန်၏ သွင်ပြင်လက္ခဏာသည် အလွန်တရာ ထူးခြားနေသည့် အပြင် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေရှိ တလော့အင်အားစုကြီး တစ်ခုခုဆီမှ ဆင်းသက်လာသည့် ပါရမီရှင် လူငယ်တစ်ဦး ဖြစ်နိုင်ခြေ များသောကြောင့် သူတို့ ကြုံတွေ့နေရသည့် သေရေးရှင်ရေး အခက်အခဲကို ကူညီ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု စိတ်တွင်းမှ ခံစားမိခဲ့သောကြောင့် ဖြစ်သည်။
သို့သော်လည်း ကျန်းချန်က နောက်ခံ အင်အားကိုပင် ထုတ်သုံးရန် မလိုဘဲ သူ၏ ကိုယ်ပိုင်ခွန်အား စစ်စစ်ဖြင့် ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ တစ်ဦးကို သူတို့ မျက်စိရှေ့မှာပင် အလွယ်တကူ အမှုန့်ချေ သတ်ပစ်နိုင်လိမ့်မည်ဟု မထင်ထားချေ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုလူငယ်လေး၏ ထူးခြားဆန်းကြယ်သော စွမ်းရည်နှင့် အဆင့်အတန်းသည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ အတွင်းရှိ ထိပ်တန်း တလော့ အင်အားစုကြီးများမှ ထိပ်သီး ပါရမီရှင်များနှင့် ယှဉ်နိုင်ရုံတင်မကဘဲ ၎င်းတို့ထက်ပင် အဆပေါင်း များစွာ သာလွန်နေမှန်း ထင်ရှားနေသည် မဟုတ်ပါလား။
အခန်း(၂၈၂၄) ပြီး၏