← Chapters

အခန်း (၂၈၂၅-၂၈၂၆)

Vol. 223 Ch. 2825-2826

အခန်း (၂၈၂၅-၂၈၂၆)

Vol. 223 Ch. 2825-2826

အခန်း(၂၈၂၅)

"မင်း... မင်း ဘယ်သူလဲ.. ငါတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းနဲ့ ရန်သူ ဖြစ်ချင်တာလား"

သူတို့၏ ခေါင်းဆောင်ဖြစ်သူ မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျန်းချန်၏ လက်ညှိုး တိုက်ကွက်အောက်တွင် လုံးဝ ခုခံနိုင်ခြင်းမရှိဘဲ အစအနပင် မကျန်ရှိသည်အထိ အသက်ပျောက်သွားခဲ့ရသည်ကို မြင်လိုက်ရလျှင် ကျန်ရှိနေသေးသည့် စန်းရှန် အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူ တစ်ဒါဇင်ခန့်သည် သွေးပျက်မတတ် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

ရွှေအင်မော်တယ် ပထမအဆင့် ဖြစ်သည့် သူတို့၏ ခေါင်းဆောင်ပင်လျှင် သူတို့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေး၏ လက်ညှိုးတိုက်ကွက်ကို မတားဆီးနိုင်လျှင် သူတို့ကဲ့သို့ အဆင့်နိမ့် ကောင်းကင် အင်မော်တယ်များသည် မည်ကဲ့သို့ ခုခံနိုင်စွမ်း ရှိပါမည်နည်း။

စင်စစ် စန်းရှန်အင်မော်တယ်ဂိုဏ်းသည် ပတ်ဝန်းကျင် မိုင်ပေါင်းတစ်သိန်း ဧရိယာအတွင်း၌ အရှိန်အဝါ ကြီးမားသည့် နာမည်ကျော် အင်မော်တယ်ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်သည်။

စန်းရှန်အင်မော်တယ်ဂိုဏ်းသည် တလော့ အဆင့် အင်အားစု တစ်စု မဟုတ်သည့်အပြင် ဂိုဏ်းအတွင်း၌ ကာကွယ် စောင့်ရှောက်ပေးမည့် တလော့အင်မော်တယ် တစ်ပါးမှ ရှိမနေသော်လည်း အလွန်တရာ နက်ရှိုင်းသည့် အမွေအနှစ်များရှိသည်။

အတိတ်ကာလကဆိုလျှင် ဂိုဏ်းအတွင်း၌ တလော့အင်မော်တယ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦး ပေါ်ထွန်းခဲ့ဖူးသလို ထိုပုဂ္ဂိုလ် ချန်ထားရစ်ခဲ့သည့် တလော့အဆင့် အဖိုးတန် အမွေအနှစ်များနှင့် လျှို့ဝှက်ချက် များစွာသည်လည်း ယနေ့တိုင် ဂိုဏ်းအတွင်း၌ တည်ရှိနေဆဲ ဖြစ်၏။

ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် စန်းရှန်အင်မော်တယ်ဂိုဏ်းသည် ရွှေအင်မော်တယ်အဆင့် အင်အားစုများထဲတွင် တလော့ အဆင့်သို့ ရောက်ရှိရန် လက်တစ်ကမ်းအလိုသာ လိုအပ်တော့သည့် အခြေအနေမျိုး ဖြစ်ရာ တလော့အဆင့် အင်အားစုမှလွဲ၍ ကျန်ရှိသည့် မည်သည့် ရွှေအင်မော်တယ်အဆင့် အင်အားစုကမျှ ၎င်းတို့ကို အလွယ်တကူ ထိပါးရဲကြမည် မဟုတ်ချေ။

ထို့ကြောင့်ပင် စန်းရှန်အင်မော်တယ်ဂိုဏ်းမှ လူများသည် သူတို့၏ အသက်ဘေးမှ လွတ်မြောက်ရန်အတွက် စန်းရှန်အင်မော်တယ်ဂိုဏ်း၏ ဂုဏ်သတင်းကို အသုံးချ၍ ကျန်းချန်ကို ကြောက်လန့် တုန်လှုပ်သွားအောင် တမင်တကာ ခြိမ်းခြောက် ပြောဆိုလိုက်ကြခြင်းပင်။

"စန်းရှန်အင်မော်တယ်ဂိုဏ်း ဟုတ်လား.. အဲဒါက အဆင့်မရှိတဲ့ ဂိုဏ်းငယ်လေးလား.. ငါက ဘာဖြစ်လို့ တစ်ခါမှ မကြားဖူးရတာလဲ"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူက လက်ဟန်များ ပြုလုပ်လိုက်ရာ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်သည် သူ၏လက်ဖဝါးကြားတွင် စုစည်းလာခဲ့သည်။

တစ်ဖက်လူက မည်သည့် အဖွဲ့အစည်းမှ ဖြစ်နေပါစေ၊ ဤကိစ္စရပ်တွင် ဝင်ရောက် စွက်ဖက်ရန် သူကိုယ်တိုင် ပြတ်သားစွာ ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်ရာ မည်သည့် အကြောင်းရင်းနှင့်မှ တွန့်ဆုတ်နေမည် မဟုတ်ဘဲ ၎င်းတို့အားလုံးကို မြေလှန်သတ်ဖြတ်ပစ်မည်သာ ဖြစ်သည်။

"ဝုန်း"

ကြောက်မက်ဖွယ် စည်းတံဆိပ်ကြီးက စန်းရှန်အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူ တစ်ဒါဇင်ကျော် အပြင် ၎င်းတို့ ရှိနေသည့် ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးကိုပါ တိုက်ရိုက် ပိတ်ဆို့လိုက်၏။

ထိုလူများက သူတို့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အသုံးချ၍ မည်မျှပင် အသည်းအသန် ရုန်းကန်ကြိုးစားစေကာမူ ခန္ဓာကိုယ်က အနည်းငယ်မျှပင် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

ယင်းအခိုက်အတန့်တွင် ကျန်းချန်၏ စည်းတံဆိပ်ကြီးက ကောင်းကင်ယံကနေ ဝုန်းခနဲ ကျဆင်းလာ၍ သူတို့အားလုံးကို အမှုန်အမွှားအဖြစ် ချေမှုန်း ဖျက်ဆီးပစ်သည်ကို မျက်စိသူငယ်ဖြင့် ထိုင်ကြည့်နေရုံမှ တစ်ပါး သူတို့အတွက် အခြား မရှိတော့ချေ။

"ငါတို့ နှစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်မိတ်ဆွေလေး"

အန္တရာယ်အားလုံး ချုပ်ငြိမ်းသွားသည်ကို မြင်လိုက်ရလျှင် အဘိုးအို လင်းထယ်သည် သက်ပြင်း တစ်ချက် ချလိုက်ပြီး သူ၏ ဘေးမှ လူငယ်ပါရမီရှင်နှင့် အတူ ကျန်းချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကာ စိတ်ရင်းဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြောကြားလိုက်သည်။

ကျန်းချန်ကမူ အသာအယာ ခေါင်းညိတ်ပြလိုက်ရင်း ပြတ်သားစွာ ပြောဆိုလိုက်သည်။

"အရင်ဆုံး ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာကြစို့.. ဘေးကင်းတဲ့ နေရာ တစ်ခုခုကို ရောက်ရှိသွားပြီးမှပဲ အေးအေးဆေးဆေး ဆက်ပြောကြတာပေါ့"

"ကောင်းပါပြီ မိတ်ဆွေလေး.. ကျေးဇူးပြုပြီး ငါတို့နောက်ကို လိုက်ခဲ့ပါ"

လင်းထယ်သည်လည်း ယခုတိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာက အချိန်အကြာကြီး နေထိုင်ရန် အတွက် ဘယ်လိုမှ မသင့်တော်တော့မှန်း ကောင်းစွာ သဘောပေါက်၏။

ထို့ကြောင့် ကျန်းချန်နှင့်အတူ အဆိုပါ နေရာကနေ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

လမ်းခရီး တစ်လျှောက်တွင် လင်းထယ်၏ အသေးစိတ် မိတ်ဆက် ရှင်းပြမှုများကြောင့် သူ ယခု ရောက်ရှိနေသည့် နေရာက ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ အနောက်မြောက်ဘက် စွန်းစွန်းတွင် တည်ရှိပြီး တရားဥပဒေ စိုးမိုးမှုမရှိသည့် ဝိရောဓိ အမည်ရ နယ်မြေ တစ်ခုဖြစ်မှန်း ကျန်းချန် ကောင်းစွာ သိရှိ နားလည်သွားခဲ့သည်။

ဤဝိရောဓိနယ်မြေ အတွင်း၌ အင်မော်တယ်ဘုရင်အဆင့် အင်အားစုကြီးများ တည်ရှိမနေသော်လည်း စွမ်းအားကြီးမားသော တလော့အဆင့် အင်အားစုကြီး အတော်များများ တည်ရှိကြသလို ထိုက်ယီအဆင့် အင်အားစုကြီး အချို့ပင်လျှင် လျှို့ဝှက်စွာ အခြေစိုက် လှုပ်ရှားလျက် ရှိကြသည်။

လင်းထယ်တို့၏ ပိုထျန်းအင်မော်တယ် ဂိုဏ်းငယ်လေးသည် မူလက ဤဝိရောဓိနယ်မြေမှ မဟုတ်ပါချေ။

ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် နာမည်ကျော် တလော့အဆင့် အင်အားစုကြီး တစ်ခု ဖြစ်သည့် ပိယွင်အင်မော်တယ် နန်းတော်ကို မတော်တဆ ပြစ်မှားမိခဲ့သောကြောင့် ပိယွင်အင်မော်တယ်နန်းတော်မှ ကျင့်ကြံသူများ၏ ရက်ရက်စက်စက် ချေမှုန်းဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

ထိုစဉ်က ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ စွန့်စားလွတ်မြောက်လာခဲ့ကြသည့် တပည့်အချို့သည် ဤဝိရောဓိနယ်မြေ အတွင်းသို့ ထွက်ပြေးလာခဲ့ကြပြီး နောက်တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အနိုင်နိုင် ရုန်းကန်၍ ပြန်လည် အသက်သွင်း တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ယနေ့ခေတ် ကာလတွင် ရှိနေသည့် ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် အတော်လေး အင်အားနိမ့်ကျသည့် သာမန် ရွှေအင်မော်တယ် အဆင့် ဂိုဏ်းငယ်လေး တစ်ခုမျှသာ ဖြစ်၏။

ဤကဲ့သို့ ပြိုင်ဆိုင်မှု ပြင်းထန်သော ဝိရောဓိနယ်မြေ အတွင်း၌ ဆိုလျှင် သူတို့ဂိုဏ်းသည် ဒုတိယတန်းစား အင်အားစု အဆင့်၌ပင် မပါဝင်ဘဲ အခြားသော ဂိုဏ်းကြီးများ ကြားထဲတွင် အသက်ရှင်သန်နိုင်ရေး အတွက် နေ့စဉ်နှင့်အမျှ မနည်းရုန်းကန် လှုပ်ရှားနေရသည့် အခြေအနေ ဖြစ်သည်။

မကြာသေးမီက လင်းထယ်သည် သူ၏ နံဘေးမှ ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ထူးချွန်သော လူငယ်ပါရမီရှင်ကို စောင့်ရှောက်ရင်း ဂိုဏ်းပြင်ပသို့ ခရီးထွက်ခဲ့ရာကနေ ရှေးဟောင်း နေရာ တစ်ခု၌ မတော်တဆ ကံကောင်းထောက်မစွာဖြင့် တလော့အဆင့် အင်မော်တယ် သိုင်းပညာရပ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော်လည်း သူတို့၏ ကံကောင်းမှုက သိပ်မကြာလိုက်ဘဲ မရှေးမနှောင်းမှာပင် စန်းရှန် အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ သတိပြုမိခြင်းကို ခံလိုက်ရပြီး ထိုသိုင်းပညာရပ်ကို လုယူရန် အတွက် စန်းရှန်အင်မော်တယ်ဂိုဏ်း၏ ရက်စက်စွာ လိုက်လံဖမ်းဆီးကို ခံခဲ့ရ၏။

အကယ်၍ ယနေ့တွင် ကျန်းချန်နှင့်သာ ကံအကြောင်း မလှဘဲ မတော်တဆ မဆုံတွေ့ခဲ့ရလျှင် လင်းထယ်တို့ သားအဖနှစ်ဦးလုံးသည် စန်းရှန် အင်မော်တယ်ဂိုဏ်း၏ လက်အောက်သို့ ကျရောက်ကာ သေဆုံးသွားခဲ့ကြမည်မှာ မြေကြီး လက်ခတ်မလွဲပင်။

"မိတ်ဆွေလေး ကျန်းချန်.. ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းက အဆင့်နိမ့်နယ်မြေ ဖြစ်တဲ့ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာကနေ ဆင်းသက်လာခဲ့တာကို အင်မော်တယ်လောကထဲမှာ သိတဲ့သူက လက်ချိုးရေတွက်လို့တောင် ရတယ်.. မင်းက ဘယ်လိုလုပ် သိနေရတာလဲ"

လင်းထယ်က ဘေးကင်းရာသို့ ရောက်ရှိသွားသည့် အခါတွင် ကျန်းချန်ကို လေးနက်စွာ စိုက်ကြည့်လိုက်ပြီး သူ၏ စိတ်ထဲ၌ အစဉ်အမြဲ ကြီးစိုးနေသည့် မေးခွန်းကို စူးစမ်းစွာ မေးမြန်းလိုက်သည်။

ကျန်းချန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြန်လည်ပြောကြားလိုက်သည်။

"ကျွန်တော် အဆင့်နိမ့်နယ်မြေမှာ ရှိနေတုန်းက အကြောင်းအမျိုးမျိုးကြောင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဆီကို မတော်တဆ ရောက်ခဲ့ဖူးတယ်.. အဲဒီတုန်းက ပိုထျန်းအင်မော်တယ်ဂိုဏ်းနဲ့ အတော်လေးကို နက်နက်ရှိုင်းရှိုင်း ပတ်သက်ခဲ့ဖူးလို့ပါ"

လင်းထယ်က ကျန်းချန်၏ စကားကို ကြားလိုက်ရလျှင် ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ခနဲ ဖြစ်သွားခဲ့ပြီး အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်သည်။

မူလက သူသည် သူ့ရှေ့မှ လူငယ်လေးကို ခရမ်းရောင်မီးလျှံကောင်းကင်နယ်မြေ အတွင်းရှိ တလော့အဆင့် အင်အားစု သို့မဟုတ် ထိုက်ယီအဆင့် အင်အားစုများက ဂရုတစိုက် ပျိုးထောင်ထားသည့် ထိပ်တန်းပါရမီရှင် တစ်ဦး ဖြစ်လိမ့်မည်ဟု တထစ်ချ အခိုင်အမာ တွေးထင်ထားခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် သူတို့ကဲ့သို့ပင် အဆင့်နိမ့်နယ်မြေ စကြဝဠာထဲကနေ အင်မော်တယ်လောကသို့ တက်လှမ်းလာခဲ့သည့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

​အဆင့်နိမ့်နယ်မြေ စကြဝဠာကနေ အင်မော်တယ်လောကသို့ ခက်ခဲစွာ တက်လှမ်းလာခဲ့ရသည့် ကျင့်ကြံသူ၏ လက်ရှိ အသက်အရွယ်ဖြင့် ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ တစ်ဦးကို မျက်စိတစ်မှိတ်အတွင်း အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိနေခြင်းသည် တစ်လောကလုံးကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်လောက်သည့် အံ့ဖွယ်စွမ်းရည်ပင် ဖြစ်သည်။

ထို့နောက်တွင်မူ ကျန်းချန်သည် ပိုထျန်း အင်မော်တယ်ဂိုဏ်းနှင့် ပတ်သက်သည့် နက်နဲသည့် မေးခွန်းများကို အသေးစိတ် မေးမြန်းကြည့်လိုက်သည့်အခါ လင်းထယ်သည် လင်းရှီယောင် ရှိနေသည့် အချက်အလက်များနှင့် ပတ်သက်၍ လုံးဝ သိရှိထားခြင်း မရှိပုံရသည်ကို ရိပ်မိလိုက်သည်။

ယခင်က ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ပိယွင်အင်မော်တယ်နန်းတော်၏ အင်အား အလုံးအရင်းဖြင့် ချေမှုန်းခြင်းကို ခံရပြီးနောက်တွင် ဂိုဏ်းမှ တပည့်များသည် အုပ်စုအသီးသီး ကွဲလျက် အသက်လု ထွက်ပြေးခဲ့ရသည်။

ထိုအထဲမှ လင်းထယ် အပါအဝင် လူတစ်စုသည် ဤဝိရောဓိနယ်မြေ အတွင်းသို့ မတော်တဆ ရောက်ရှိလာခဲ့ကြပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ပြန်လည် တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။

အခြားတစ်ဖက်မှ လင်းရှီယောင်ကမူ ပိုထျန်းအင်မော်တယ်ဂိုဏ်း ပျက်စီးသွားစဉ်က အသက်ရှင် ကျန်ရစ်ခဲ့ကြသည့် အခြားသော လျှို့ဝှက်အုပ်စု တစ်စုမှ မျိုးဆက်တစ်ခု ဖြစ်နိုင်၏။

ထိုအုပ်စုသည် အဝေးသို့ ထွက်မပြေးခဲ့ကြဘဲ လင်းရှီယောင်ကိုပင် ရန်သူတော် ဖြစ်သည့် ပိယွင်အင်မော်တယ်နန်းတော် အတွင်းသို့ သစ္စာခံအဖြစ် ခိုးကြောင်ခိုးဝှက် ဝင်ရောက်စေခဲ့ပြီး အချိန်အခါကောင်းကို စိတ်ရှည်စွာ စောင့်ဆိုင်းလျက် ပိယွင်အင်မော်တယ်နန်းတော်ကို အမြစ်ပြတ် ချေမှုန်းနိုင်မည့် အခွင့်အလမ်းကို ရှာဖွေနေခဲ့ကြသည်။

ဤဝိရောဓိနယ်မြေ အတွင်းရှိ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် လင်းရှီယောင်နှင့် တိုက်ရိုက် ပတ်သက် ဆက်နွှယ်မှု မရှိသေးဟု ဆို၍ ရသော်လည်း ကျန်းချန်ကမူ အဘိုးအို လင်းထယ်၏ စိတ်ရင်းမှန်ဖြင့် လှိုက်လှဲစွာ ဖိတ်ခေါ်မှုကြောင့် ပိုထျန်းအင်မော်တယ်ဂိုဏ်း ဆီသို့ လိုက်ပါသွားရန် ဆုံးဖြတ်လိုက်သည်။

အမှန်အတိုင်း ပြောရမည် ဆိုလျှင် သူက ခရမ်းရောင်မီးလျှံကောင်းကင်နယ်မြေ အတွင်းသို့ ယခုမှ ရောက်ရှိခါစ ဖြစ်၍ အရာအားလုံး အစိမ်းသက်သက် ဖြစ်နေခဲ့သည်။

လောလောဆယ်တွင် အခြေချရန်အတွက် ကောင်းမွန်သည့်နေရာလည်း မတွေ့သေးချေ။

ထို့ပြင် ဤဝိရောဓိနယ်မြေ အတွင်းရှိ ပိုထျန်းအင်မော်တယ်ဂိုဏ်း ဆိုသည်မှာလည်း ယခင်က သူနှင့် ရေစက် ရှိခဲ့ဖူးသည့် ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ စစ်မှန်သော သွေးမျိုးဆက် တစ်ခုပင် မဟုတ်ပါလား။

လင်းရှီယောင်ကို ပိယွင်အင်မော်တယ်နန်းတော်အား ရင်ဆိုင်ချေမှုန်းမည့် ကိစ္စရပ်များတွင် အစွမ်းကုန် ကူညီပေးမည်ဟု သူယခင်က ကတိကဝတ် ပြုထားခဲ့ဖူးသည် ဖြစ်ရာ သူ၏ ကတိစကားကို ဘယ်လိုနည်းနှင့်မှ ဖောက်ဖျက်မည် မဟုတ်ပေ။

သို့သော်လည်း တလော့အဆင့် အင်အားစုကြီး တစ်ခုကို တစ်ကိုယ်တော် ရင်ဆိုင်ချေမှုန်းရန် ဆိုသည်မှာ မည်သို့မျှ မလွယ်ကူသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။

ယခု ဤနေရာ၌ ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် တွေ့ဆုံခွင့်ရပြီ ဖြစ်ရာ ၎င်းတို့ကို ဝိရောဓိနယ်မြေ အတွင်း၌ အင်အားတောင့်တင်းပြီး လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာအောင် နောက်ကွယ်ကနေ ကူညီပံ့ပိုးပေးရန် သူဆုံးဖြတ်လိုက်သည်။

သို့မှသာ နောင်တစ်ချိန်တွင် ရန်သူတော်ဖြစ်သည့် ပိယွင်အင်မော်တယ်နန်းတော်ကို ရင်ဆိုင်တိုက်ခိုက်မည့် အချိန်၌ ၎င်းတို့သည်လည်း အတိုင်းအတာ တစ်ခုအထိ အားကိုးရသည့် အခန်းကဏ္ဍကနေ ပါဝင် ကူညီလာနိုင်မည် မဟုတ်ပါလား။

သုံးရက်မျှ အချိန်ကာလ ကုန်ဆုံးသွားပြီးနောက်တွင် အဘိုးအို လင်းထယ်၏ ရိုသေစွာ ဦးဆောင်လမ်းပြမှုအောက်၌ ကျန်းချန် တို့သည် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အခြေစိုက်စခန်းဆီသို့ ဘေးကင်းစွာ ရောက်လာခဲ့သည်။

လင်းထယ်က သူတို့ကို ဂိုဏ်း၏ ဂုဏ်ထူးဆောင် ဧည့်သည်တော် အဖြစ် ကောင်းစွာ သတ်မှတ်ပေးခဲ့ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွင်းရှိ အကောင်းဆုံးသော အဆောင်၌ အေးချမ်းစွာ နေထိုင်စေခဲ့သည်။

သို့သော် ကျန်းချန် တို့ကို စနစ်တကျ နေရာချထားပေးပြီး သည့်နောက်တွင် လင်းထယ်သည် ဂိုဏ်းအတွင်း၌ အလွန်တရာ အရေးတကြီး ကိုင်တွယ် ဖြေရှင်းရမည့် ပြဿနာတစ်ခုခု ရှိနေပုံရပြီး ကျန်းချန်ကို အားနာစွာ နှုတ်ဆက်ကာ ချက်ချင်းပင် အလျင်စလို ထွက်ခွာသွားခဲ့သည်။

ထို့နောက် ရက်အနည်းငယ် အကြာထိ လင်းထယ်သည် ကျန်းချန် ရှိရာ အဆောင်ဆီသို့ နောက်ထပ် တစ်ကြိမ် ရောက်ရှိလာခြင်း မရှိတော့ချေ။

၎င်းပြင် ပိုထျန်းအင်မော်တယ် ဂိုဏ်းတစ်ခုလုံးရှိ မည်သည့်ကျင့်ကြံသူကမျှ ကျန်းချန်တို့ နှစ်ဦးကို လာရောက်နှောက်ယှက်ခြင်း သို့မဟုတ် ဂရုစိုက်ခြင်းမျိုး လုံးဝ မရှိကြတော့ပေ။

လင်းထယ်က ကျန်းချန် တို့ကို ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွင်းသို့ ခေါ်ဆောင်လာပြီးသည့်နောက်တွင် ကျန်းချန် တို့၏ တည်ရှိမှုကို တစ်ဂိုဏ်းလုံးက လုံးဝ မေ့လျော့သွားကြသည့် အလား ထင်မှတ်ရ၏။

သို့သော်လည်း ကျန်းချန်က သူ၏ ထက်မြက်သော နတ်အသိစိတ် အာရုံခံနိုင်စွမ်းကို အသုံးချလိုက်ရာ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း၌ ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွင်းရှိ လေထုနှင့် အခြေအနေ အားလုံးက သိသိသာသာ တင်းမာလာကြောင်း ခပ်ရေးရေး ခံစားသိရှိခဲ့သည်။

ဂိုဏ်း၏ နောက်ကွယ်တွင် ကြီးကျယ်သော ကိစ္စ တစ်ခုခု ဖြစ်ပျက် ပြောင်းလဲနေသည့် အလားပင်။

ထို့နောက် နောက်ထပ် နှစ်ရက်မျှသော အချိန်ကာလက ထပ်မံ ကုန်ဆုံးသွားခဲ့သည်။

ရက်အတော်ကြာအောင် အစအန ပျောက်ကွယ်နေခဲ့သည့် လင်းထယ်သည် အဆုံးသတ်တွင် အလွန်တရာ ပင်ပန်းနွမ်းနယ်ပြီး စိုးရိမ်ပူပန်သည့် အသွင်အပြင်ဖြင့် ကျန်းချန် ရှိရာ အဆောင် ဆီသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့သည်။

သူသည် ကျန်းချန်ကို အလွန်တရာ အားနာသည့် အမူအရာဖြင့် ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။

"မိတ်ဆွေလေး ကျန်းချန်... တကယ်ကို အားနာပါတယ်.. ဒီရက်အနည်းငယ် အတွင်းမှာ ဂိုဏ်း​ကိစ္စတွေနဲ့ ရုန်းထွက်လို့မရအောင် အလုပ်ရှုပ်နေခဲ့လို့ပါ.. မင်းတို့ အပေါ်မှာ လျစ်လျူရှုထားမိသလို ဖြစ်သွားခဲ့တဲ့ အတွက် ကျေးဇူးပြုပြီး တောင်းပန်ပါတယ်"

"ကိစ္စမရှိပါဘူး"

ကျန်းချန်ကမူ သူ၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရင်း လင်းထယ်ကို တည်ငြိမ်စွာ စိုက်ကြည့်၍ မေးမြန်းလိုက်သည်။

"ခင်ဗျား ဒီနေ့ ကျွန်တော့်ဆီကို ရောက်လာတာက ပြီးခဲ့တဲ့ရက်တွေက လျစ်လျူရှုထားမိတဲ့ အတွက် တကူးတက လာရောက်တောင်းပန်ဖို့ သက်သက်တော့ မဟုတ်လောက်ဘူး ထင်တယ်"

"မိတ်ဆွေလေး ကျန်းချန် ခန့်မှန်းတာ တကယ်ကို မှန်ကန်ပါတယ်.. ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းက သိပ်မကြာသေးခင်ကစပြီး ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားနိုင်လောက်တဲ့ အခက်အခဲ တချို့နဲ့ ကြုံတွေ့ခဲ့ရတယ်"

လင်းထယ်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

"အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီအဘိုးကြီး ဒီတစ်ခေါက် မင်းဆီကို လာရောက်ရတဲ့ ရည်ရွယ်ချက်က ငါတို့ဂိုဏ်း အတွက် မင်းဆီကနေ အကူအညီတောင်းမလို့ပါ"

ကျန်းချန်က ခေါင်းညိတ်ပြလိုက်ရင်း တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

"ပြောပါဦး... ခင်ဗျားတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းမှာ ဘာကိစ္စတွေ ဖြစ်ပျက်နေလို့လဲ"

"ဒါက ရှင်းပြရရင် နည်းနည်းတော့ ရှည်မယ်.."

လင်းထယ်က စိတ်အစုံကို တည်ငြိမ်အောင် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် ဂိုဏ်းအတွင်း၌ လက်ရှိ ဖြစ်ပျက်နေသည့် အရေးကြီး အကြောင်းအရာ အားလုံးကို ကျန်းချန် သိရှိစေရန်အတွက် စတင်၍ အသေးစိတ် ရှင်းပြခဲ့သည်။

သိပ်မကြာသေးမီက ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ကျင့်ကြံသူများသည် ဂိုဏ်း၏ အနီးတစ်ဝိုက်ရှိ နယ်မြေတစ်ခု၌ မည်သူမျှ တူးဖော်ခြင်း မရှိသေးသည့် အဖိုးတန် အင်မော်တယ်သတ္တုတွင်း အသစ် တစ်ခုကို ကံကောင်းထောက်မစွာဖြင့် အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့သည်။

အကယ်၍ ဤသတ္တုတွင်း အတွင်းရှိ အင်မော်တယ်ကျောက်တုံးများကိုသာ အောင်မြင်စွာ တူးဖော် အသုံးချနိုင်ခဲ့မည် ဆိုလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အင်အားနှင့် အဆင့်အတန်းသည် အချိန်တိုအတွင်း သိသိသာသာ တိုးတက်လာမည်မှာ သေချာပေါက် မြေကြီးလက်ခတ် မလွဲပေ။

ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် အဖိုးတန် အင်မော်တယ်သတ္တုတွင်းကို ရှာဖွေတွေ့ရှိချိန်က စ၍ ပြင်ပလူများ မသိရှိစေရန် အတွက် နည်းလမ်း မျိုးစုံဖြင့် အစွမ်းကုန် လျှို့ဝှက်ထားခဲ့သည်။

သို့သော် သိပ်မကြာခင်မှာပင် ၎င်းတို့နှင့် အနီးအနား နယ်မြေတွင် အခြေစိုက် လှုပ်ရှားနေသည့် အခြားသော ရွှေအင်မော်တယ်အဆင့် ဂိုဏ်းကြီး တစ်ခု၏ သတိပြုမိခြင်းကို ခံလိုက်ရသည်။

ထို့ကြောင့် ဤရက်ပိုင်းအတွင်း ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် အဆိုပါ ရွှေအင်မော်တယ်အဆင့် ဂိုဏ်းကြီးသည် သတ္တုတွင်းကို လုယူရန်အတွက် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြရာ အင်အားချင်း မမျှတမှုကြောင့် ပိုထျန်း အင်မော်တယ်ဂိုဏ်းက အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည့် အပြင် ဂိုဏ်း၏ အမာခံ ကျင့်ကြံသူများ ဖြစ်သည့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ထက်မက တိုက်ပွဲအတွင်း ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရ၏။

ထိုကဲ့သို့သော အခြေအနေဆိုးများကြောင့် လင်းထယ်သည် ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ နောက်ဆုံး မျှော်လင့်ချက်အနေဖြင့် ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည့် ကျန်းချန်ထံ မျက်နှာပူစွာဖြင့် အကူအညီ လာရောက် တောင်းခံခဲ့ခြင်း ဖြစ်သည်။

အခန်း(၂၈၂၅) ပြီး၏

အခန်း(၂၈၂၆)

ကျန်းချန်က တစ်ခဏမျှ မျက်လုံးမှိတ်ကာ စဉ်းစားတွေးတောလိုက်ပြီးနောက် တည်ငြိမ်သော လေသံဖြင့် တိုက်ရိုက် မေးမြန်းလိုက်သည်။

“ရန်သူ့ဘက်က အင်အား အခြေအနေက ဘယ်လိုရှိလဲ”

ထိုစကားသံထဲတွင် ငြင်းဆန်လိုသည့် အရိပ်အယောင် တစ်စက်မျှ မပါဝင်ကြောင်း သတိထားမိသွားပြီး လင်းထယ်၏ မျက်နှာတစ်ခုလုံးတွင် ဝမ်းသာသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။

“သူတို့ရဲ့ အင်အားက ပိုထျန်း အင်မော်တယ်ဂိုဏ်းထက် နည်းနည်းလေး ပိုသန်မာရုံပါပဲ.. တကယ်တမ်းပြောရရင် သိပ်မကွာပါဘူး”

လင်းထယ်က လျင်မြန်စွာ ရှင်းပြလိုက်၏။

ယခုတစ်ကြိမ် ပိုထျန်းအင်မော်တယ်ဂိုဏ်းနှင့် ထိပ်တိုက်ရင်ဆိုင်နေသည့် အင်အားစုမှာ “ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း” ဟု အမည်ရသော ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။

ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ အခြေခံအင်အားသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းနှင့် သိပ်မကွာပေ။

ဂိုဏ်းနှစ်ခုလုံးသည် ရွှေအင်မော်တယ်အဆင့် အင်အားစုများသာ ဖြစ်ကြပြီး ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းတွင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ခန့် ရှိသည်။

ထိုသူများအနက် အသန်မာဆုံး ပုဂ္ဂိုလ်မှာ ရွှေအင်မော်တယ် ဆဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အလုံးစုံအင်အားမှာ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းထက် အနည်းငယ် နိမ့်ကျသည်ဟု ဆိုနိုင်သော်လည်း တကယ်တမ်း သိပ်အကွာကြီးတော့ မဟုတ်ချေ။

သိပ်မကြာခင်က အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားသော အင်မော်တယ် သတ္တုတွင်းကြီးကို အပိုင်စီးနိုင်ရန်အတွက် ဂိုဏ်းနှစ်ခု အကြားတွင် သွေးချောင်းစီး စစ်ပွဲကြီးတစ်ပွဲ အမှန်တကယ် ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်း ပိုထျန်းအင်မော်တယ်ဂိုဏ်းဘက်မှ ရွှေအင်မော်တယ်အဆင့် အမာခံ ကျင့်ကြံသူ နှစ်ဦးအထိ ဆုံးရှုံးခဲ့ရသလို ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းဘက်မှလည်း အလွန်ကြီးမားသော အဖိုးအခကို ပြန်လည် ပေးဆပ်ခဲ့ရသည်။

တိုက်ပွဲသာ ဆက်လက် ပြင်းထန်နေဦးမည် ဆိုလျှင် အဆုံးသတ်၌ နှစ်ဖက်စလုံး အလဲလဲအပြိုပြိုဖြင့် ပျက်စီးသွားရမည့် အခြေအနေသို့သာ ဦးတည်သွားလိမ့်မည် ဖြစ်၏။

ယင်းရလဒ်မျိုးကို ဂိုဏ်းနှစ်ခု စလုံးက မမြင်လိုကြပေ။

ထို့ကြောင့် နှစ်ဖက် ခေါင်းဆောင်များက အပြန်အလှန် သဘောတူညီချက်တစ်ရပ်ကို ချမှတ်ခဲ့ကြသည်။

ယင်းမှာ လောင်းကြေးထပ် ပြိုင်ပွဲကို ဆင်နွှဲရန် ဖြစ်သည်။

ဂိုဏ်းနှစ်ခုမှ “ရွှေအင်မော်တယ်အဆင့်” ကျင့်ကြံသူများက ပြိုင်ပွဲတွင် ပါဝင်ခွင့်မရှိဘဲ ရွှေအင်မော်တယ် အ​ဆင့်အောက်ရှိ ထူးချွန်သော ပါရမီရှင် ငါးယောက်စီကိုသာ စေလွှတ်၍ ယှဥ်ပြိုင်စေမည် ဖြစ်သည်။

တစ်ပွဲအနိုင်ရလျှင် အင်မော်တယ်သတ္တုတွင်း တူးဖော်ပိုင်ခွင့်၏ ငါးပုံ တစ်ပုံကို ရရှိမည် ဖြစ်၏။

ဆိုလိုသည်မှာ နိုင်ပွဲတစ်ပွဲ ရတိုင်း သတ္တုတွင်း၏ အစိတ်အပိုင်း တစ်ခုကို သိမ်းပိုက်နိုင်မည့် အဓိပ္ပါယ်ပင်။

လင်းထယ်၏ စကားများကို နားထောင်ပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းက ဖျပ်ခနဲ လင်းလက်သွားခဲ့သည်။

“ရွှေအင်မော်တယ်အဆင့်တွေ ပါဝင်ခွင့် မရှိဘူးဆိုရင်.. ဒီလောင်းကြေးထပ်ပွဲမှာ အမြင့်ဆုံး ပါဝင်နိုင်မယ့်သူတွေက ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်ပေါ့.. ဟုတ်တယ်မလား”

လင်းထယ်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်.. ဒီပြိုင်ပွဲကို ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ပါရမီရှင်တွေကြားက ပြိုင်ပွဲလို့တောင် ပြောလို့ရတယ်”

ထိုစကားကို ကြားလိုက်ရလျှင် ကျန်းချန်က အနည်းငယ် တွေးတောလိုက်သည်။

ယခုအခါ သူ၏ ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အင်မော်တယ်နဝမအဆင့်သာ ရှိသေးသော်လည်း သူ၏ အခြေခံအုတ်မြစ်နှင့် တိုက်ခိုက်ရေးစွမ်းရည်ကမူ သာမန်လူများနှင့် လုံးဝ မတူချေ။

ရွှေအင်မော်တယ်အဆင့်နှင့် ကောင်းကင်အင်မော်တယ်အဆင့်တို့ကြားမှ ကွာဟချက်က အလွန်ကြီးမားသော်လည်း သူ၏ လက်ရှိ စွမ်းရည်ဖြင့် ဆိုလျှင် သာမန် ရွှေအင်မော်တယ် ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်ရန်မှာ ပြဿနာမရှိလောက်ဟု ကျန်းချန် ယုံကြည်ထားသည်။

ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်တွင် သူနှင့် လက်ရည်တူ မွန်းစတားမျိုး မရှိသရွေ့ သူ့ကို အမှန်တကယ် ခြိမ်းခြောက်နိုင်သူမှာ အတော် ခဲယဉ်းသည်။

ထို့ပြင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည်လည်း သာမန် ရွှေအင်မော်တယ် ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်၏။

ထို့ကြောင့် အံ့ဖွယ်မွန်းစတားဆန်သော ပါရမီရှင်မျိုး ပေါ်ထွက်လာနိုင်ခြေ အလွန်တရာ နည်းပါးသည်။

လင်းထယ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"ငါတို့ဂိုဏ်းရဲ့ ရွှေအင်မော်တယ်အဆင့် အရေအတွက်က သူတို့နဲ့ သိပ်မကွာပေမဲ့ ရွှေအင်မော်တယ် အဆင့်အောက်က မျိုးဆက်သစ်တွေရဲ့ အင်အားကတော့ သူတို့ထက် အများကြီး အားနည်းတယ်”

“အရင်တုန်းက ပိုထျန်းအင်မော်တယ်ဂိုဏ်းက တလော့အဆင့် အင်အားစု ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့အထိ ရောက်ခဲ့ဖူးတယ်...ဒါပေမဲ့ ပိယွင်အင်မော်တယ်နန်းတော်က အဲဒီအခွင့်အရေးကို လုံးဝ မပေးခဲ့ဘူး”

လင်းထယ်၏ လေသံထဲတွင် ခါးသီးမှုများ ပါဝင်နေခဲ့သည်။

“အခုရှိနေတဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းဆိုတာက အဲဒီအချိန်က အသက်ဘေးကနေ လွတ်မြောက်လာတဲ့ တပည့်တစ်စု အနိုင်နိုင် ရုန်းကန်ပြီး ပြန်လည် တည်ထောင်ထားတဲ့ ဂိုဏ်းပဲ”

“ဒါကြောင့် အရင်းအမြစ် လုံလုံလောက်လောက် မရှိခဲ့ဘူး.. ဒီလောင်းကြေးထပ် ပြိုင်ပွဲ ငါးပွဲမှာ တစ်ပွဲလောက် အနိုင်ရဖို့တောင် ကံအတော်ကောင်းမှ ဖြစ်နိုင်လိမ့်မယ်”

ထိုစကားများကို ပြောနေစဉ် လင်းထယ်၏ မျက်နှာပေါ်တွင် ဖိအား အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

ထို့ကြောင့်ပင် သူက မျက်နှာပူစွာဖြင့် ကျန်းချန်ထံ အကူအညီ လာတောင်းရခြင်း ဖြစ်သည်။

သူက ကျန်းချန်၏ စစ်မှန်သော စွမ်းရည်ကို အပြည့်အဝ မသိသော်လည်း ကျန်းချန်က ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်ကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။

ကျန်းချန်သာ ဝင်ရောက် ကူညီမည်ဆိုလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် အနည်းဆုံး တစ်ပွဲလောက်တော့ သေချာပေါက် အနိုင်ရပေလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် နားလည်ပြီ”

“ဒါနဲ့ လောင်းကြေးထပ် ပြိုင်ပွဲက ဘယ်တော့ စမှာလဲ”

သူ၏ မျက်ဝန်းထဲတွင် နက်ရှိုင်းသော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။

စင်စစ် ပိုထျန်းအင်မော်တယ်ဂိုဏ်းသို့ ကျန်းချန် ယခုတစ်ကြိမ် လာရောက်ခြင်းမှာ ဂိုဏ်းကို ပြန်လည် ထူထောင်ပေးရန်နှင့် အနာဂတ်တွင် ပိယွင်အင်မော်တယ် နန်းတော်ကို ပြန်လည်ရင်ဆိုင်နိုင်မည့် အင်အားစု တစ်စု အဖြစ် တည်ဆောက်ပေးရန် ဖြစ်သည်။

ထို့ကြောင့် ဤအင်မော်တယ် သတ္တုတွင်းကြီးသည် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အနာဂတ် အတွက် အတော်လေး အရေးပါနေခဲ့၏။

“နောက်ထပ် သုံးရက်အကြာမှာ ကျင်းပမှာပါ”

လင်းထယ်၏ အသံထဲတွင် ဝမ်းသာသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

“မိတ်ဆွေလေး ကျန်းချန်.. ဒါဆို ငါနဲ့အတူ ဂိုဏ်းချုပ်ဆီ သွားကြရအောင်”

“ကောင်းပြီ”

ကျန်းချန်က တိုက်ရိုက်ပင် သဘောတူလိုက်သည်။

သို့သော် လင်းထယ်က တခဏမျှ တုံ့ဆိုင်းနေပြီးမှ အလေးအနက် မေးလိုက်သည်။

“မင်းရဲ့ အဖော်ကို အကြောင်းကြားဖို့ လိုဦးမလား”

ကျန်းချန်က လက်တစ်ဖက်ကို အသာ ဝှေ့ယမ်းလိုက်သည်။

“မလိုဘူး...သူက အခု ကျင့်ကြံရာမှာ အရေးကြီးတဲ့အချိန်ကို ရောက်နေတယ်.. သွားမနှောင့်ယှက်တာ အကောင်းဆုံးပဲ”

စင်စစ် ပိုထျန်းအင်မော်တယ်ဂိုဏ်းသို့ ရောက်ကတည်းကပင် ကျန်းချန်သည် ကျိယောင်ကို အချိန်မျှော်စင် အတွင်းသို့ ခေါ်ဆောင်ထားပြီးသား ဖြစ်သည်။

သူက အင်မော်တယ်ကျောက်တုံး သောင်းချီ ပေးအပ်ထားကာ အချိန်စီးဆင်းမှု ဆယ်ဆမြန်သော မျှော်စင် အတွင်း၌ စိတ်အေးလက်အေး ကျင့်ကြံနိုင်ရန် စီစဉ်ပေးထားခဲ့သည်။

ကျိယောင်၏ ဘိုးဘေးဖြစ်သည့် ကျိလင်အင်မော်တယ် သားရဲသည် ယခင်က အင်မော်တယ်ဘုရင်နှင့်ပင် ယှဉ်နိုင်ခဲ့သည့် ကမ္ဘာဦး သားရဲကြီး ဖြစ်၏။

ထို့ကြောင့် ကျိယောင်၏ သွေးမျိုးဆက်နှင့် ပါရမီသည် သာမန်လူများနှင့် လုံးဝမတူပေ။

လုံလောက်သော အရင်းအမြစ်များသာ ရှိနေသရွေ့ သူ၏ တိုးတက်နှုန်းသည် အခြားသူများကို ထိတ်လန့်သွားစေနိုင်လောက်အောင် မြန်ဆန်နေလိမ့်မည် ဖြစ်သည်။

“စိတ်ချပါ မိတ်ဆွေလေး ကျန်းချန်”

“ဒီပတ်ဝန်းကျင်ကို ဘယ်တပည့်မှ မချဉ်းကပ်ရဲအောင် ကျွန်တော် ကိုယ်တိုင် အမိန့်ထုတ်ထားပါ့မယ်”

လင်းထယ်က အလေးအနက် ကတိပေးပြီးနောက်တွင် ကျန်းချန်ကို ခန်းမဆောင် တစ်ခု ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုခန်းမဆောင် အတွင်း၌ ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် လင်းယန်ချန်းနှင့် အကြီးအကဲများသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းနှင့် ယှဉ်ပြိုင်ရမည့် လောင်းကြေးထပ် ပြိုင်ပွဲ အတွက် ပါဝင်မည့် ကိုယ်စားလှယ်နေရာ ငါးခုကို အလေးအနက် ဆွေးနွေးနေကြသည်။

“ဒီပြိုင်ပွဲက ငါတို့ဂိုဏ်းရဲ့ အနာဂတ်နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်”

လင်းယန်ချန်း၏ အသံက ခန်းမတစ်ခုလုံးကို ပဲ့တင်ထပ်သွား၏။

“ဘယ်သူတွေကို စေလွှတ်သင့်လဲဆိုတာ မင်းတို့ အမြင်တွေ ပြောကြပါဦး”

“ဒါက စဉ်းစားနေစရာတောင် မလိုပါဘူး”

ရွှေအင်မော်တယ် ပထမအဆင့် အဘိုးအိုတစ်ဦးက ချက်ချင်း ပြောလိုက်သည်။

“ငါတို့ဂိုဏ်းမှာ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် ငါးယောက်ပဲ ရှိတာ.. အဲဒီ ငါးယောက်ကိုပဲ ယှဥ်ပြိုင်စေရမှာပေါ့”

“မဟုတ်သေးဘူး”

ရွှေအင်မော်တယ် တတိယအဆင့် ဆံဖြူအဖိုးအို တစ်ဦးက ခေါင်းခါယမ်းလိုက်သည်။

“နယ်ပယ်အဆင့် မြင့်တိုင်း တိုက်ခိုက်နိုင်စွမ်း မြင့်တယ်လို့ မဆိုလိုဘူး.. လင်းရှင်းကို နေရာတစ်ခု ပေးသင့်တယ်.. သူက ကောင်းကင်အင်မော်တယ် နဝမအဆင့်ပဲ ရှိသေးပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သာမန် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်တွေထက် မနိမ့်ဘူး”

ထိုစကားကို အခြား အကြီးအကဲများကလည်း ဝိုင်းဝန်း သဘောတူလိုက်ကြသည်။

ဂိုဏ်းချုပ် လင်းယန်ချန်းက ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ… လင်းရှင်းက ပထမဆုံး ကိုယ်စားလှယ်ပဲ”

“ကျန်တဲ့ လေးနေရာအတွက် ဆက်ဆွေးနွေးကြရအောင်”

သို့သော် ထိုအချိန်မှာပင် ခန်းမတံခါးဝကနေ ကျယ်လောင်သော အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

“ဂိုဏ်းချုပ်.. ဒီအဘိုးကြီးလင်းထယ်က လောင်းကြေးထပ် ပြိုင်ပွဲ အတွက် အကောင်းဆုံး ကိုယ်စားလှယ် တစ်ယောက် ခေါ်လာခဲ့ပါတယ်”

စကားသံ ဆုံးသည်နှင့် ခန်းမအတွင်းရှိ လူအားလုံး၏ အကြည့်များသည် တံခါးဝ ဆီသို့ တစ်ပြိုင်နက် ရောက်ရှိသွားကြ၏။

ထိုအခါ လင်းထယ်က အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို ခေါ်ဆောင်လာမှန်း တွေ့လိုက်ရသည်။

လင်းယန်ချန်း၏ အကြည့်က ထိုလူငယ်အပေါ်သို့ ကျရောက်သွားခဲ့၏။

ယင်းနောက် သူ၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

“လင်းထယ်.. ဒီလူငယ်က ဘယ်သူလဲ”

လင်းထယ်က ချက်ချင်းပင် ဦးညွှတ်ဂါရဝပြုကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်… ဒါက မိတ်ဆွေလေး ကျန်းချန်ပါ...သူ့အကူအညီသာ မရှိခဲ့ရင် ကျွန်တော် ပိုထျန်း အင်မော်တယ်ဂိုဏ်းဆီ အသက်ရှင်လျက် ပြန်ရောက်လာနိုင်မှာ မဟုတ်ဘူး”

“မိတ်ဆွေလေးကျန်းချန်ရဲ့ ကျင့်ကြံမှုက ကောင်းကင်အင်မော်တယ် အဆင့်မှာပဲ ရှိသေးပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ ရွှေအင်မော်တယ် ပထမအဆင့်ထက် လုံးဝ မနိမ့်ကျဘူး”

“သူက ဒီလောင်းကြေးထပ် ပြိုင်ပွဲ အတွက် ကျွန်တော်တို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ အကြီးမားဆုံး ဝှက်ဖဲ ဖြစ်လာနိုင်ပါတယ်”

အခန်း(၂၈၂၆) ပြီး၏

All Chapters