← Chapters

အခန်း (၂၈၂၇-၂၈၂၈)

Vol. 223 Ch. 2827-2828

အခန်း (၂၈၂၇-၂၈၂၈)

Vol. 223 Ch. 2827-2828

အခန်း(၂၈၂၇)

လင်းထယ်၏ ယုံကြည်ချက်အပြည့်ဖြင့် ထွက်ပေါ်လာသော စကားသံသည် ခန်းမဆောင် တစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားခဲ့ရာ ဂိုဏ်းချုပ် လင်းယန်ချန်းနှင့် အခြား အကြီးအကဲများ၏ အကြည့်အားလုံးသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်သွားခဲ့သည်။

ထိုအကြည့်များထဲတွင် သံသယ အရိပ်အယောင်များလည်း ပါဝင်နေခဲ့၏။

သူတို့ရှေ့တွင် ရပ်နေသည့် လူငယ်သည် ကောင်းကင်အင်မော်တယ် အဆင့်၌သာ ရှိနေသေးသည်။

သို့သော် လင်းထယ်၏ ပြောစကားအရဆိုလျှင် ထိုလူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ရွှေအင်မော်တယ် ပထမအဆင့်ကိုပင် ယှဉ်နိုင်လောက်သည် အထိ ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။

ထိုကဲ့သို့ အဆင့်ကျော်လွန်၍ တိုက်ခိုက်နိုင်သောစွမ်းရည်သည် သာမန် ပါရမီရှင်များတွင် လုံးဝ မဖြစ်နိုင်ပေ။

ယေဘုယျအားဖြင့် ထိုကဲ့သို့သော အံ့ဖွယ်မွန်းစတားများသည် တလော့အဆင့် အင်အားစုကြီးများ၏ ပျိုးထောင်မှုကိုရရှိထားသည့် ထိပ်တန်း ပါရမီရှင်များသာ ဖြစ်တတ်ကြသည်။

ထို့ကြောင့် သူတို့ စိတ်ထဲတွင် တူညီသော အတွေးတစ်ခု တိတ်တဆိတ် ပေါ်ထွက်လာခဲ့၏။

အနက်ရောင် ဝတ်စုံဝတ်လူငယ်သည် တလော့အဆင့် အင်အားစုကြီးတစ်ခုခုမှ ထိပ်တန်းပါရမီရှင် တစ်ဦး ဖြစ်နေနိုင်ပါသလော။

သို့သော် ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့ကိုယ်တိုင် ချက်ချင်း ပြန်ငြင်းဆန်လိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် တလော့အဆင့် အင်အားစုများမှ ပါရမီရှင်များသည် အမြဲတစေ မာနကြီးသူများသာ ဖြစ်သည်။

၎င်းတို့၏ မျက်လုံးထဲတွင် ပိုထျန်းအင်မော်တယ်ဂိုဏ်း ကဲ့သို့ ရွှေအင်မော်တယ်အဆင့် ဂိုဏ်းငယ်လေး တစ်ဂိုဏ်းလောက်ကို အနည်းငယ်မျှ ထည့်တွက်နေမည် မဟုတ်ချေ။

ဤလူငယ်သာ တကယ်ပဲ တလော့အဆင့် အင်အားစုမှ ဖြစ်နေခဲ့မည် ဆိုလျှင် အဘယ်ကြောင့် သူတို့ကဲ့သို့ အားနည်းသော ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ရောက် ကူညီပေးချင်ရပါသနည်း။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ထိုအချိန်တွင် ရွှေအင်မော်တယ် တတိယအဆင့်ရှိ ဆံဖြူအဖိုးအိုက ကျန်းချန်ကို စူးစိုက်ကြည့်ကာ အလွန်တရာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“လင်းထယ်… ဒီလောင်းကြေးထပ် ပြိုင်ပွဲက ငါတို့ ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ အနာဂတ်ရှင်သန်မှုနဲ့ တိုက်ရိုက်ပတ်သက်နေတယ်.. မင်းပြောသလို ဒီမိတ်ဆွေလေးမှာ ရွှေအင်မော်တယ်ပထမအဆင့်ထက် မနိမ့်ကျတဲ့ စွမ်းရည် တကယ်ပဲ ရှိတယ်ဆိုရင် ဒီနေရာမှာ လက်တွေ့ သက်သေပြဖို့တော့ လိုလိမ့်မယ်”

ထိုစကားကို ကြားလိုက်ရလျှင် လင်းထယ်၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

“ပထမ အကြီးအကဲက ကျွန်တော့်စကားကို မယုံတာလား”

သူ၏ လေသံထဲတွင် မကျေမနပ်ဖြစ်နေသော အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

သူက ကျန်းချန်၏ စွမ်းရည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီးသား ဖြစ်သည်။

အကြီးအကဲများ၏ သံသယကြောင့်သာ ကျန်းချန် စိတ်အနှောင့်အယှက် ဖြစ်ပြီး လက်ရှောင်သွားခဲ့မည် ဆိုလျှင် ယင်းမှာ ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွက် အစားထိုးမရနိုင်သည့် ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။

“ငါ မင်းကို မယုံတာ မဟုတ်ပါဘူး”

ဆံဖြူအဖိုးအိုက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ ဒီကိစ္စက ဂိုဏ်းတစ်ခုလုံးရဲ့ ကံကြမ္မာနဲ့ ဆက်စပ်နေတယ်.. ငါဘယ်လိုနည်းနဲ့မှ ပေါ့ပေါ့ဆဆ မလုပ်နိုင်ဘူး”

ထို့နောက် သူက ကျန်းချန် ဘက်သို့ လှည့်ကြည့်လိုက်ပြီး ဂါရဝပြုကာ ပြောလိုက်သည်။

“မိတ်ဆွေလေး.. ငါတို့ရဲ့ လုပ်ရပ်က မင်းကို မလေးမစား လုပ်သလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးပါ”

ကျန်းချန်ကမူ အစမှအဆုံးတိုင် အေးဆေးတည်ငြိမ်စွာ ရှိနေခဲ့သည်။

“ရပါတယ်.. ဒါဆို ခင်ဗျားတို့ ဘယ်လို စမ်းသပ်ချင်လဲ”

ထိုစကားသံ ထွက်လာသည်နှင့် တစ်ပြိုင်နက် ခန်းမထောင့် တစ်နေရာတွင် ထိုင်နေသော မျက်ခုံးထူထူနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရုတ်တရက် ထရပ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါက ချက်ချင်းပင် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

“ငါ ကိုယ်တိုင် စမ်းသပ်မယ်”

“တကယ်လို့ မင်းက ငါ့ရဲ့ တိုက်ကွက် ဆယ်ကွက်ကို ခံနိုင်ရည်ရှိတယ် ဆိုရင် မင်းမှာ ရွှေအင်မော်တယ် ပထမအဆင့်ထက် မနိမ့်ကျတဲ့ စွမ်းအားရှိတယ် ဆိုတာကို သက်သေပြဖို့ လုံလောက်ပြီ”

ထိုသူက ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အကြီးအကဲ တစ်ဦး ဖြစ်သည်။

မကြာသေးမီကမှ ရွှေအင်မော်တယ်အဆင့်သို့ ဖောက်ထွက်နိုင်ခဲ့သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်က သာမန် ရွှေအင်မော်တယ် ပထမအဆင့်များထက်ပင် ပို၍ ထက်မြက်သည်။

ထို့ကြောင့် သူကိုယ်တိုင် စမ်းသပ်မည်ဆိုသည်ကို ကြားလိုက်ရလျှင် ခန်းမအတွင်းရှိ အကြီးအကဲများ အားလုံး သဘောတူလိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ထားလျက် တည်ငြိမ်စွာ ရှေ့တိုး၍ ပြောလိုက်သည်။

“တကယ်လို့ တိုက်ကွက် ဆယ်ကွက် အတွင်းမှာ ခင်ဗျားက ကျွန်တော့်ကို ခြေတစ်လှမ်းပဲဖြစ်ဖြစ် နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့မယ် ဆိုရင် ဒီပွဲကို ကျွန်တော့်ဘက်က အရှုံးလို့ပဲ သတ်မှတ်လိုက်ပါ”

ထိုစကားသံ ထွက်ပေါ်လာသည့် အခါဝယ် ခန်းမတစ်ခုလုံး သေချာပေါက် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်း၏ မျက်လုံးများက ပြူးကျယ်သွားကြ၏။

ရွှေအင်မော်တယ် ပထမအဆင့်၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်တွင် ခြေတစ်လှမ်းမျှ မဆုတ်ဘဲ ရင်ဆိုင်မည်ဟု ပြောရဲခြင်းမှာ သာမန် ဝင့်ကြွားခြင်းမျိုး မဟုတ်တော့ချေ။

ယင်းက ကိုယ်ပိုင် စွမ်းအားအပေါ်တွင် အကြွင်းမဲ့ ယုံကြည်မှု ဖြစ်သည်။

“ဟားဟားဟား..”

မျက်ခုံးထူထူနှင့် အမျိုးသားက ရယ်မောလိုက်သည်။

သို့သော် သူ၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင် မရှိချေ။

ထိုအစား စိတ်ဝင်စားမှုနှင့် လေးစားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဒီလိုစကားမျိုး ပြောရဲတဲ့လူက အရူး မဟုတ်ရင် ပြိုင်ဘက်ကင်းပါရမီရှင်ပဲ.. မင်းက ဒုတိယ အမျိုးအစားလို့ ငါထင်တယ်”

ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ စတိုက်ရန် လက်ဟန်ဖြင့် အချက်ပြလိုက်သည်။

"ဝုန်း"

မျက်ခုံးထူထူ အမျိုးသားက ခြေတစ်လှမ်း တိုးလိုက်သည်နှင့်တစ်ပြိုင်နက် ရွှေအင်မော်တယ် စွမ်းအားများသည် ကမ်းပါးပြိုကျသော ဒီရေအလား တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်။

သူက လက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ သုံးပေခန့် ရှည်သော ရွှေရောင်လက်သီး အလင်းက ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး ကျန်းချန်ထံ တိုက်ရိုက် ဦးတည်လာခဲ့သည်။

ထိုလက်သီးချက်သည် အပြင်ပန်းတွင် သာမန်လောက်သာထင်ရသော်လည်း အတွင်း၌ သိပ်သည်းနက်ရှိုင်းသော ရွှေအင်မော်တယ်စွမ်းအားများ ကိန်းအောင်းနေခဲ့၏။

ထိုတိုက်ခိုက်မှုသာ အပြင်တွင် ဆိုလျှင် မိုင်ထောင်ချီ ဧရိယာကို ချက်ချင်း ပြိုကွဲသွားစေနိုင်လောက်သည်။

သို့သော် ခန်းမအတွင်းရှိ လူအားလုံး၏ အကြည့်အောက်တွင် အံ့ဖွယ်မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

လက်သီးအလင်းက ကျန်းချန်၏ ခန္ဓာကိုယ်နှင့် သုံးပေအကွာသို့ ရောက်လာသည့် အခိုက်တွင် မမြင်ရသော စွမ်းအားတစ်ခုခုနှင့် တိုက်မိသွားသည့် အလား လေထုအလယ်တွင် တိခနဲ ရပ်တန့်သွားခဲ့သည်။

ထို့နောက် ရွှေရောင်လက်သီးအလင်း တစ်ခုလုံးသည် ဓားစွမ်းအင်များ၏ အပိုင်းပိုင်း ခုတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး တဖြည်းဖြည်း ပြိုကွဲသွားကာ အဆုံးသတ်တွင် လေထုထဲ၌ အမှုန်အမွှား အဖြစ် ပျောက်ကွယ်သွားခဲ့သည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

ဂိုဏ်းချုပ် လင်းယန်ချန်းနှင့် အကြီးအကဲ အားလုံး၏ မျက်နှာ အမူအရာများက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

မျက်ခုံးထူထူ အမျိုးသား၏ မျက်ဝန်းများကလည်း အလွန်တရာ လေးနက်သွားခဲ့၏။

“သိပ်ကောင်းတယ်.. နောက်ထပ် တိုက်ကွက်နှစ်ကွက် ထပ် ခံယူကြည့်လိုက်ဦး”

"ဝုန်း.. ဝုန်း"

လက်သီးချက် နှစ်ချက်က ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

သို့သော် ရလဒ်မှာ တူညီနေဆဲပင်။

ထိုကြောက်မက်ဖွယ် လက်သီးစွမ်းအားများသည် ကျန်းချန်၏ ခန္ဓာကိုယ် သုံးပေ အတွင်းသို့ပင် မဝင်ရောက်နိုင်ခဲ့ဘဲ ဓားစွမ်းအင်များဖြင့် အမှုန်အမွှား အဖြစ် ချေဖျက်ခြင်း ခံလိုက်ရပြန်သည်။

ကျန်းချန်သည် အစမှအဆုံးထိ လက်နှစ်ဖက်ကို ကျောနောက်ပစ်ထားလျက် ရပ်နေဆဲပင်။

သူက ခြေတစ်လှမ်းမှလည်း မရွေ့ခဲ့ချေ။

“ထပ်တိုက်ချင်သေးလား”

ကျန်းချန်က မေးလိုက်သည်။

“ဒီတိုက်ခိုက်မှုတွေလောက်က ကျွန်တော့်ကို လှုပ်ရှားစေဖို့ မလုံလောက်သေးဘူး”

ထိုစကားကို ကြားလိုက်ရလျှင် မျက်ခုံးထူထူ အမျိုးသားက ခါးသီးစွာ ရယ်မောလိုက်သည်။

“မတိုက်တော့ဘူး...ငါ အရှုံးပေးတယ်”

သူက သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သော်လည်း ပြိုင်ဘက်၏ အင်္ကျီစကိုပင် မထိနိုင်ခဲ့ချေ။

ထိုအခိုက်အတန့်တွင် သူက ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။

သူရှေ့တွင် ရပ်နေသော လူငယ်သည် သာမန် ပါရမီရှင်တစ်ဦး လုံးဝ မဟုတ်ချေ။

၎င်းက တကယ့် ပြိုင်ဘက်ကင်း မွန်းစတားတစ်ကောင် ဖြစ်သည်။

ဂိုဏ်းချုပ် လင်းယန်ချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် ခန်းမ တစ်ခုလုံးကို ဝေ့ကြည့်ကာ ပြတ်သားစွာ ကြေညာလိုက်သည်။

“အခုကစပြီး မိတ်ဆွေလေး ကျန်းချန်ကို ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းနဲ့ ယှဉ်ပြိုင်မယ့် လောင်းကြေးထပ် ပြိုင်ပွဲမှာ ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ ကိုယ်စားလှယ် အဖြစ် တရားဝင် သတ်မှတ်လိုက်ပြီ.. ဘယ်သူ ကန့်ကွက်စရာ ရှိသေးလဲ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။

အကြီးအကဲ အားလုံးက ကျန်းချန်ကို ကြည့်နေကြသော်လည်း ယခုတစ်ကြိမ်တွင် သူတို့၏ မျက်လုံးများထဲ၌ သံသယများ မရှိတော့ချေ။

ထိုအစား လေးစားမှုနှင့် မျှော်လင့်ချက်တို့သာ ကျန်ရှိနေတော့သည်။

အကြောင်းမှာ ကျန်းချန်၏ ပေါ်ထွက်လာမှုသည် ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွက် အမှောင်ထုကြားမှ ရုတ်တရက် ပေါ်ထွက်လာသည့် အလင်းတန်း တစ်စင်းနှင့် တူနေခဲ့သောကြောင့်ပင်။

အခန်း(၂၈၂၇) ပြီး၏

အခန်း(၂၈၂၈)

ကျန်းချန်အား အသက်သွေးကြောတမျှ အရေးပါသော လောင်းကြေးထပ် ပြိုင်ပွဲ၏ ဒုတိယမြောက် ကိုယ်စားလှယ်အဖြစ် တရားဝင် အတည်ပြုပြီးသည့်နောက်တွင် ဂိုဏ်းချုပ် လင်းယန်ချန်းနှင့် ခန်းမဆောင် အတွင်းရှိ အကြီးအကဲများသည် ကျန်ရှိနေသေးသည့် ကိုယ်စားလှယ် သုံးနေရာအတွက် စိစစ်ရွေးချယ်မှုကို ဆက်လက် ပြုလုပ်ခဲ့ကြသည်။

ယင်းအတွက် ဂိုဏ်းအတွင်း အစွမ်းအထက်ဆုံးဟု သတ်မှတ်ခံထားရသည့် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် ကျင့်ကြံသူ ငါးဦးနှင့်အတူ အလားအလာ အတောက်ပဆုံး လူငယ်ပါရမီရှင် သုံးဦးကိုပါ တစ်ပါတည်း ခေါ်ယူ စမ်းသပ်ခဲ့ကြ၏။

ခန်းမဆောင် တစ်ခုလုံး တုန်ဟည်းသွားမတတ် အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်စေပြီးနောက်တွင် အဆုံးသတ်၌ အတွေ့အကြုံ အရင့်ကျက်ဆုံးဖြစ်သော လင်းထယ် ဦးဆောင်သည့် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူ သုံးဦးကိုသာ လက်ကျန် နေရာများအတွက် အပြီးသတ် ရွေးချယ်နိုင်ခဲ့သည်။

ဤသို့ဖြင့် ကိုယ်စားလှယ် ငါးဦးစလုံး အတည်ပြုပြီးသွားသည့်နောက်တွင် ဂိုဏ်းချုပ် လင်းယန်ချန်းသည် ဂိုဏ်းအတွင်းရှိ အဆင့်မြင့် ရွှေအင်မော်တယ်အဆင့် အကြီးအကဲနှစ်ဦးကို အဖော်ပြုကာ ကျန်းချန် အပါအဝင် ရွေးချယ်ခံထားရသည့် ငါးဦးကို ကိုယ်တိုင် ခေါ်ဆောင်၍ ချိန်းဆိုထားသည့် နေရာ ဆီသို့ ထွက်ခွာလာခဲ့သည်။

ပိုထျန်းအင်မော်တယ်ဂိုဏ်းနှင့် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းတို့၏ အသက်သွေးကြောတမျှ အရေးကြီးသည့် ဤလောင်းကြေးထပ် ပြိုင်ပွဲကို ရွှေအင်မော်တယ်အဆင့် အင်အားစုကြီး နှစ်ခု ကာလရှည်ကြာစွာ အငြင်းပွားနေကြသည့် အင်မော်တယ်သတ္တုတွင်းကြီး၏ အပြင်ဘက်တွင် ကျင်းပရန် သတ်မှတ်ထားခြင်း ဖြစ်သည်။

လေဟာနယ်ကို ဖြတ်သန်းကာ ခရီးနှင်ခဲ့ကြပြီး နာရီဝက်ခန့် အကြာတွင်မူ ကျန်းချန်နှင့် အခြားသူများသည် သတ္တုတွင်းကြီး၏ အပြင်ဘက် နယ်နိမိတ်ရှိ ပိုထျန်း အင်မော်တယ်ဂိုဏ်းဘက်မှ ကြိုတင် တည်ဆောက်ထားသော စခန်းချရာ နေရာသို့ အဆင်ပြေ ချောမွေ့စွာ ရောက်ရှိလာခဲ့ကြသည်။

အင်မော်တယ် သတ္တုတွင်းကြီးကို စတင် တွေ့ရှိခဲ့သည့် အချိန်မှစ၍ ဂိုဏ်းနှစ်ခု စလုံးသည် မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပွားစေရန် သတ္တုတွင်း၏ အပြင်ဘက်၌ အမာခံစခန်းများကို ကိုယ်စီ အပြိုင်အဆိုင် တည်ဆောက်ထားခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် နှစ်ဖက် သဘောတူညီချက်အရ တစ်ဖက်မှ အခြားတစ်ဖက်သို့ ခွင့်ပြုချက် မရှိဘဲ သတ္တုတွင်း ထဲသို့ ခိုးဝင်ကျူးကျော်ခြင်းမျိုး မဖြစ်စေရန်အတွက် အစွမ်းထက် ကျင့်ကြံသူ အမြောက်အမြားကို စခန်းများတွင် နေ့ညမပြတ် အစောင့်အကြပ် အဖြစ် ချထားကြသည်။

ကျန်းချန်နှင့် အခြား ကိုယ်စားလှယ်များသည် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ စခန်းအတွင်း၌ နှစ်ရက်တိုင်တိုင် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။

တတိယမြောက်နေ့၏ အာရုဏ်တက်ချိန်သို့ ရောက်ရှိလာသောအခါတွင်မူ ရွှေအင်မော်တယ်အဆင့် ဂိုဏ်းနှစ်ခုစလုံးသည် ကြိုတင်ချိန်းဆိုထားသည့် အတိုင်း အင်မော်တယ်သတ္တုတွင်း၏ အထက်ကောင်းကင်ယံတွင် တစ်ဖက်နှင့်တစ်ဖက် စစ်ပွဲဆင်နွှဲရန် အသင့်ပြင်ထားသည့် အလား မျက်နှာချင်းဆိုင် ရပ်တန့်လိုက်ကြသည်။

ဖုန်းလဲ့ အင်မော်တယ်ဂိုဏ်းဘက်မှ ရောက်ရှိလာသော လူအင်အားမှာ ဆယ်ဦးခန့် ရှိ၏။

ထိုအုပ်စု၏ အရှေ့ဆုံး၌ ခန့်ညားစွာ ရပ်နေသူမှာ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ငွေရောင် မိုးကြိုးဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။

ထိုသူမှာ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် လဲ့ထျန်းချန်းပင် ဖြစ်၏။

သူ၏ ကျင့်ကြံမှု အဆင့်က ပိုထျန်းအင်မော်တယ် ဂိုဏ်းချုပ် လင်းယန်ချန်းနှင့် မတိမ်းမယိမ်း ဖြစ်သည်။

လဲ့ထျန်းချန်း၏ နောက်တွင်မူ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ သုံးဦးနှင့်အတူ ငွေရောင်မိုးကြိုး ဝတ်စုံများကို ကိုယ်စီ ဝတ်ဆင်ထားသော လူငယ် ကျင့်ကြံသူ ငါးဦး ရပ်နေကြသည်။

ထိုလူငယ်များသည် အသက်အရွယ်အားဖြင့် ကြီးရင့်ခြင်း မရှိသေးသော်လည်း ၎င်းတို့အနက် နှစ်ဦးမှာ ခြေလှမ်းတစ်ဝက်ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီး ကျန်သုံးဦးမှာ ကောင်းကင်အင်မော်တယ် နဝမအဆင့် ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။

အထူးသဖြင့်.ကောင်းကင်အင်မော်တယ် နဝမအဆင့်ရှိ ထိုလူငယ်သုံးဦး၏ အရှိန်အဝါသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ပါရမီရှင်ဟု သတ်မှတ်ခံထားရသော လင်းရှင်းနှင့် နှိုင်းယှဉ်လျှင်ပင် သာလွန်နေသည်မှာ ထင်ရှားနေခဲ့၏။

ကျန်ရှိသည့် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူ နှစ်ဦးမှာလည်း ထိုအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ရွှေအင်မော်တယ် အဆင့်သို့ တက်လှမ်းရန် အလှမ်းမဝေးတော့ပေ။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရလျှင် ကျန်းချန် တိတ်တဆိတ် ခေါင်းခါယမ်းမိလိုက်သည်။

ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ အခြေခံ အင်အားနှင့် နှိုင်းယှဉ်လျှင် ပိုထျန်း အင်မော်တယ်ဂိုဏ်းမှာ အမှန်တကယ်ပင် အဆင့် တစ်ဆင့်မက နောက်ကျ ကျန်ရစ်နေသည်ဟု ဆိုနိုင်၏။

အကယ်၍သာ ယနေ့ပွဲတွင် သူကိုယ်တိုင် ဝင်ရောက် မကူညီခဲ့လျှင် ပိုထျန်း အင်မော်တယ်ဂိုဏ်းသည် သတ်မှတ်ထားသည့် ပြိုင်ပွဲငါးပွဲ အနက် တစ်ပွဲ အနိုင်ရရန်ပင် ခက်ခဲပေလိမ့်မည်။

“လဲ့ထျန်းချန်း... ဒီတစ်ကြိမ် လောင်းကြေးထပ် ပြိုင်ပွဲ အတွက် ခင်ဗျားတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက အသေအချာ ပြင်ဆင်လာခဲ့တာပဲ”

လင်းယန်ချန်းသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း ဘက်မှ ကိုယ်စားလှယ်များကို စူးစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

သူ၏ အမြင်ဖြင့် ထိုလူငယ်များ၏ စွမ်းအား အတိမ်အနက်ကို အကဲခတ်ရန်မှာ မခက်ခဲပေ။

သူတို့၏ ကိုယ်စားလှယ်များနှင့် နှိုင်းယှဉ်လျှင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းဘက်မှ ကိုယ်စားလှယ်များ၏ တိုက်ခိုက်ရေးစွမ်းရည်က သိသိသာသာ မြင့်မားနေခဲ့သည်။

သို့သော် သူတို့အတွက် ကံကောင်းသွားသည်မှာ ဤနေရာတွင် ကျန်းချန် ကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် မွန်းစတားဆန်သော ပါရမီရှင် တစ်ဦး ရှိနေခြင်းပင်။

သို့မဟုတ်လျှင် ယနေ့ လောင်းကြေးထပ် ပြိုင်ပွဲ၌ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် သမိုင်းဝင် အရှက်ရဖွယ် ရှုံးနိမ့်မှုကို ကြုံတွေ့ရမည်မှာ သေချာသလောက် ရှိနေခဲ့သည်။

“လင်းယန်ချန်း... အပိုစကားတွေ ရပ်လိုက်တော့.. ငါတို့နှစ်ဖက်လုံး သဘောတူထားတဲ့ အတိုင်း လောင်းကြေးထပ် ပြိုင်ပွဲ ငါးပွဲမှာ တစ်ပွဲ အနိုင်ရရင် ဒီအင်မော်တယ် သတ္တုတွင်းရဲ့ တူးဖော်ခွင့် ငါးပုံတစ်ပုံကို ရရှိမယ်.. ကဲ... အချိန်မဖြုန်းဘဲ စလိုက်ကြရအောင်”

လဲ့ထျန်းချန်းက စကားဆုံးသည်နှင့် သူ၏ နောက်တွင် အသင့်ရပ်နေသော ကောင်းကင်အင်မော်တယ် နဝမအဆင့် လူငယ်တစ်ဦးကို ခေါင်းငြိမ့်ပြကာ အချက်ပေးလိုက်သည်။

ထိုလူငယ်က ချက်ချင်းပင် ရှေ့သို့ ထွက်လာခဲ့၏။

၎င်းက လျှပ်စီးကြောင်းများ တဖျတ်ဖျတ် လက်နေသော မျက်ဝန်းအစုံဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ကိုယ်စားလှယ်များကို စူးစိုက်ကြည့်လိုက်သည်။

ထိုခဏဝယ် သူ၏ စိန်ခေါ်သံက ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ကျွန်တော်က ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက လဲ့ချီပါ.. ခင်ဗျားတို့ထဲက ကျွန်တော်နဲ့ ဘယ်သူ ရင်ဆိုင်ချင်လဲ”

လဲ့ချီ၏ စိန်ခေါ်သံကို ကြားလိုက်ရလျှင် လင်းယန်ချန်းနှင့် အခြား အကြီးအကဲများသည် မျက်နှာအမူအရာများ အနည်းငယ် ပျက်ယွင်းသွားကြ၏။

အကြောင်းမှာ လဲ့ချီသည် အလွန် ကျော်ကြားသော ထိပ်တန်းပါရမီရှင် တစ်ဦး ဖြစ်နေသောကြောင့်ပင်။

သူသည် နှစ်တစ်သောင်း မပြည့်မီမှာပင် ကောင်းကင်အင်မော်တယ် နဝမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်က သူ့ထက် အဆင့်မြင့်သော ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးကို တိုက်ကွက် သုံးကွက်တည်းဖြင့် အနိုင်ယူခဲ့ဖူးသည်။

ယခု နှစ်ပေါင်းသုံးရာ ထပ်မံ ကုန်လွန်သွားပြီ ဖြစ်ရာ လဲ့ချီ၏ တိုက်ခိုက်ရေးစွမ်းရည်က မည်မျှထိ ကြောက်မက်ဖွယ်ရာ ကောင်းနေမည်ကို မည်သူမျှ ခန့်မှန်းနိုင်ရန် မလွယ်တော့ပေ။

လင်းယန်ချန်း၏ စိတ်ထဲတွင် စိုးရိမ်မှု တစ်ခု ပေါ်ပေါက်လာခဲ့သည်။

သူတို့ ဂိုဏ်းဘက်မှ ရွေးချယ်ထားသော လူငါးဦး အနက် ကျန်းချန် တစ်ဦးတည်းသာ လဲ့ချီကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ ခံစားမိခဲ့သည်။

အကယ်၍သာ ကျန်းချန်က ပထမဆုံးပွဲတွင် ပွဲထွက်ပြီး လဲ့ချီကို အနိုင်ယူခဲ့မည် ဆိုလျှင် နောက်ထပ် ပွဲစဉ်များတွင် ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေများစွာ ပိုမို ကောင်းမွန်သွားလိမ့်မည် ဖြစ်၏။

သို့သော် လင်းယန်ချန်း ဆုံးဖြတ်ချက် မချမီမှာပင် စိတ်လိုက်မာန်ပါ လုပ်ကိုင်တတ်သော လင်းရှင်းသည် ရှေ့ထွက်လာခဲ့သည်။

“လဲ့ချီ... ငါ လင်းရှင်း.. ဒီနေ့ မင်းနဲ့ ရင်ဆိုင်မယ်”

ထိုမြင်ကွင်းကြောင့် လင်းယန်ချန်း၏ မျက်နှာထက်တွင် စိတ်ပျက်သော အမူအရာများ ချက်ချင်း ပေါ်လာခဲ့သည်။

လင်းရှင်း၏ ပါရမီက မနိမ့်ကျသော်လည်း လဲ့ချီနှင့် ရင်ဆိုင်ရာတွင် အနိုင်ရနိုင်ချေ အလွန်တရာ နည်းပါးသည်။

လဲ့ချီက လင်းရှင်းကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်၏။

“လင်းရှင်း.. မင်းက ငါ့လက်ထဲမှာ အရှက်တကွဲ ရှုံးဖူးတာတောင် မမှတ်သေးဘူးလား”

“ဒီနေ့ ငါ မင်းကို အနိုင်ယူပြီး အတိတ်က အရှက်တရား အတွက် ဆယ်ဆပြန်ယူမယ်”

လင်းရှင်း၏ အသံမှာ ဒေါသကြောင့် တုန်ယင်နေခဲ့သည်။

တစ်ချိန်က ဂိုဏ်းပြင်ပ၌ လဲ့ချီ၏ လက်ထဲတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးသော အတိတ်သည် ယနေ့ ပြန်လည် ဆုံတွေ့ချိန်တွင် သူ၏ စိတ်ထဲ၌ မီးတောက်ကဲ့သို့ တစ်ဖန် လောင်ကျွမ်းလာခဲ့ခြင်း ဖြစ်သည်။

“ဟားဟား.. မင်းမှာ အဲဒီအခွင့်အရေး ရှိလာမှာ မဟုတ်ဘူး”

လဲ့ချီက အေးစက်စက် ပြုံးလိုက်သည်။

ယင်းနောက်တွင် တဖျတ်ဖျတ် လက်နေသော ငွေရောင်မိုးကြိုးဓား တစ်လက်သည် သူ၏ လက်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

နောက်ထပ် တစ်ခဏဝယ် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မိုးကြိုးလျှပ်စီးများဖြင့် ဝန်းရံသွားခဲ့ပြီး ကောင်းကင်ယံမှ ပစ်ချလိုက်သည့် မိုးကြိုးတစ်စင်းနှယ် လင်းရှင်းထံ တဟုန်ထိုး တိုးဝင် ခုတ်ပိုင်းလိုက်သည်။

လင်းရှင်းကလည်း သူ၏ အစွမ်းထက်ဆုံး ဓားပညာရပ်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။

"ဝုန်း.. ဝုန်း.."

နှစ်ဦးစလုံးက စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်ကာ လေဟာနယ်ထက်တွင် အပြင်းအထန် တိုက်ခိုက်နေကြသည်။

တောက်ပသော ဓားအလင်းတန်းများနှင့် ဖျက်ဆီးအားပြင်းသော မိုးကြိုး လှိုင်းဂယက်များသည် ကောင်းကင်တစ်ခွင် အဆက်မပြတ် ပေါက်ကွဲ ပျံ့နှံ့နေခဲ့သည်။

လင်းယန်ချန်းနှင့် လဲ့ထျန်းချန်း တို့ပင် ထိုဖျက်ဆီးအား ကြီးမားလှသော လှိုင်းဂယက်များကြောင့် သတ္တုတွင်း မထိခိုက်စေရန် အတွက် ရွှေအင်မော်တယ်အဆင့် အကာအကွယ် အတားအဆီးများကို ချက်ချင်း ခင်းကျင်းခဲ့ကြရသည်။

တစ်ခဏ အတွင်းမှာပင် လေဟာနယ်ထဲရှိ လူငယ်နှစ်ဦးသည် တိုက်ကွက် သုံးဆယ်ကျော် ရင်ဆိုင်ခဲ့ကြပြီးပြီ ဖြစ်သည်။

တိုက်ပွဲကြာလာသည်နှင့် အမျှ လဲ့ချီ၏ တိုက်ခိုက်မှုက ပိုမို ရက်စက်ပြင်းထန်လာပြီး သူ၏ မိုးကြိုးစွမ်းအားများက အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်ထိ ရောက်ရှိလာခဲ့သည်။

လင်းရှင်းကမူ ဒီရေလှိုင်း ကဲ့သို့ အဆက်မပြတ် ဖိနှိပ်လာသော လဲ့ချီ၏ ထိုးစစ်အောက်တွင် တဖြည်းဖြည်း အရေးနိမ့်လာခဲ့သည်။

အဆုံးသတ်တွင် လဲ့ချီသည် လင်းရှင်း၏ ဟာကွက်ကို အမိအရ ဖမ်းဆုပ်၍ တိုက်ခိုက်လိုက်ရာ ငွေရောင်မိုးကြိုးဓားက လင်းရှင်း၏ ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။

"ဝုန်း"

လင်းရှင်းက ခန္ဓာကိုယ် တစ်ခုလုံး နောက်ပြန် လွင့်ထွက်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးအန်သွားခဲ့သည်။

“လင်းရှင်း ရှုံးနိမ့်သွားပြီ”

လင်းယန်ချန်းနှင့် အခြား အကြီးအကဲများ၏ မျက်နှာများက ပိုမို၍ သုန်မှုန်သွားခဲ့သည်။

ပထမဆုံးပွဲတွင် ရှုံးနိမ့်သွား၍ အင်မော်တယ် သတ္တုတွင်း၏ ငါးပုံ တစ်ပုံကို ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းထံ လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

“လင်းယန်ချန်း.. ဒီပထမပွဲမှာတော့ ခင်ဗျားတို့ဘက်က ရှုံးသွားပြီ”

လဲ့ထျန်းချန်းက အောင်နိုင်သူ အပြုံးဖြင့် ပြောလိုက်သည်။

“ကဲ... စည်းမျဉ်းအရ ဒုတိယပွဲ အတွက် ကိုယ်စားလှယ်ကို ခင်ဗျားတို့ဘက်က အရင် ရွေးရမယ့် အလှည့်ပဲ”

လင်းယန်ချန်းက အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီး ကျန်ရှိနေသည့် ကိုယ်စားလှယ်များကို လေးနက်စွာ ကြည့်လိုက်သည်။

ဤဒုတိယပွဲကိုသာ ထပ်မံ ရှုံးနိမ့်သွားမည် ဆိုလျှင် ပိုထျန်းဂိုဏ်းဘက်မှ လူငယ်များ၏ စိတ်ဓာတ်သည် ဟိုးအောက်ဆုံးထိ ကျဆင်းသွားမည်မှာ သေချာ၏။

ထို့ကြောင့် ဤတစ်ပွဲကို မဖြစ်မနေ အနိုင်ရမှသာ ဖြစ်ပေမည်။

လက်ရှိ အခြေအနေအရ ကျန်းချန်မှ လွဲ၍ ကျန်သုံးဦးသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းသားများကို အနိုင်ယူနိုင်မည့် အခွင့်အရေး မရှိသလောက်ပင်။

အဆုံးသတ်တွင် လင်းယန်ချန်းသည် ကျန်းချန်ကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။

“မိတ်ဆွေလေး ကျန်းချန်.. ဒီတစ်ပွဲအတွက် ငါတို့ဂိုဏ်းရဲ့ ကံကြမ္မာကို မင်းလက်ထဲ အပ်နှံလိုက်ပြီ”

“စိတ်ချပါ”

ကျန်းချန်က တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်သည်။

သို့သော် သူက ရှေ့သို့ ခြေတစ်လှမ်း မတိုးမီမှာပင် လင်းယန်ချန်းကို စောင်းငဲ့ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံး၍ ပြောလိုက်သည်။

“ဂိုဏ်းချုပ်လင်း... အမှန်အတိုင်း ပြောရရင် ကျွန်တော် ဒီဒုတိယပွဲကို အနိုင်ယူပေးခဲ့ရင်တောင် ကျန်တဲ့ ပွဲစဥ် အနေအထားအရ ဒီသတ္တုတွင်းရဲ့ ပိုင်ဆိုင်ခွင့် အများစုကို ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက သိမ်းပိုက်သွားဖို့ အခွင့်အရေး များနေတုန်းပဲ”

“ဒါကြောင့် ဂိုဏ်းချုပ်လင်း အနေနဲ့ နှစ်ဖက်စလုံးရဲ့ ကံကြမ္မာကို တစ်ကြိမ်တည်း ပြောင်းလဲပစ်နိုင်မယ့် အလောင်းအစားမျိုးကို လောင်းရဲတဲ့ သတ္တိ ရှိသလား သိချင်ပါတယ်”

အခန်း(၂၈၂၈) ပြီး၏

All Chapters