← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉)

ကွင်းပြင်အတွင်းသို့ ဝင်ရောက်ခြင်း

ကြီးမားလှသော လက်ဝါးကြီးက ကောင်းကင်ယံကို ဖြတ်သန်းဝှေ့ယမ်းသွားပြီး သေခြင်းနှင့် ရှင်ခြင်းတို့၏ အနှစ်သာရများ ပါဝင်ခဲ့သည်။

၎င်းက ထိုက်ရွှမ်းဂိုဏ်း ဂိုဏ်းချုပ် ကိုယ်တိုင် လှုပ်ရှားလိုက်ခြင်း ဖြစ်၏။

“ရှီယင်ချင်း...”

တိမ်သင်္ဘောကြီးမှာ လွှင့်ထွက်သွားခဲ့သော်လည်း မူလနေရာတွင်မူ လူတစ်ဆယ်ကျော်ခန့် ဆက်လက်မတ်မတ်ရပ်နေနိုင်ဆဲ ဖြစ်သည်။

၎င်းတို့ကို ဦးဆောင်လာသူကတော့ ကြီးကျယ်ခမ်းနားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်၏။

သူက ဒေါသထွက်နေပုံရသော်လည်း မျက်လုံးများထဲတွင်မူ စိတ်သက်သာရာရမှု အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့သည်။

ယခင် ရိုင်းစိုင်းသော လုပ်ရပ်က စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်ပုံရပြီး ရလဒ်က သူ့ကို ကျေနပ်အားရစေခဲ့ပုံရ၏။

“ငါ့ဂိုဏ်းရဲ့ တောင်တံခါးဝကို ဝင်လာရင် စည်းမျဉ်းတွေကို လိုက်နာရမယ်... စည်းကျော်မလာနဲ့...”

လေးနက်တည်ကြည်သော အသံတစ်ခုက ကောင်းကင်နှင့် မြေပြင်အနှံ့ ဟိန်းထွက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မီးခိုးရောင်ဝတ်ပုံရိပ်တစ်ခု ဖြည်းညှင်းစွာပေါ်လာပြီး နားထင်များ၌ ဆံပင်ဖြူဖြူများဖြင့် လောကဓံကို ကြံ့ကြံ့ခံထားရသည့် မျက်နှာပိုင်ဆိုင်ထား၏။

သူ၏ ဘယ်ဘက်ပုခုံးက ဗလာဖြစ်နေပြီး အင်္ကျီလက်က လေထဲတွင် တလွင့်လွင့် ရှိနေခဲ့၏။

အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်နေသော်လည်း သူ၏ထံမှ နားလည်ရခက်ပြီး ထူးဆန်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။

“ဒါ ထိုက်ရွှမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား...”

“ဒဏ္ဍာရီလာ သေခြင်းရှင်ခြင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်ကြီးပေါ့...”

“တကယ် အစွမ်းထက်တာပဲ...”

“ဒါပေမဲ့ ဝမ်ရှန်းအဆောက်အဦးရဲ့ တိမ်သင်္ဘောကို လွင့်ပစ်ရဲတယ်ဆိုတော့ ထိုက်ရွှမ်းဂိုဏ်းရဲ့ အကြီးအကဲချုပ်က တကယ် သတ္တိရှိတာပဲ... နောက်ဆက်တွဲ အကျိုးဆက်တွေကို မကြောက်ဘူးလားမသိဘူး...”

ပရိသတ်များအကြား ဆူညံစွာ ဆွေးနွေးနေကြသည်။

သို့သော်လည်း ဝမ်ရှန်းအဆောက်အဦး၏ အပြုအမူက တကယ်ပင် စည်းကျော်နေခဲ့ခြင်း ဖြစ်၏။

ထိုက်ရွှမ်းဂိုဏ်းက သာမန်အင်အားစုတစ်ခု မဟုတ်ပေ။

၎င်းက ပထမအဆင့် အင်အားစုတစ်ခု ဖြစ်လာရန် လွန်စွာ နီးစပ်နေပြီ ဖြစ်သည်။

ဤကဲ့သို့ ရဲရဲတင်းတင်း ဝင်ရောက်လာခြင်းက ရိုသေလေးစားမှု ကင်းမဲ့ရာ ရောက်ပေသည်။

“ဒါက နောက်ပြောင်လိုက်တာပါ... ဂိုဏ်းချုပ်ရှီက စိတ်သဘောထား ပြည့်ဝတဲ့သူဆိုတော့ ရန်ငြိုးဖွဲ့မှာ မဟုတ်ပါဘူး ဟုတ်တယ်မလား...”

သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလျက် ပြောလိုက်သည်။

သူ၏အမည်က ယွမ်ချန်း ဖြစ်ပြီး ဝမ်ရှန်းအဆောက်အဦး၏ ထိပ်တန်းအကြီးအကဲတစ်ဦး ဖြစ်ကာ သေခြင်းရှင်ခြင်းနယ်ပယ်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်၏။

သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး သိကျွမ်းနေပုံရသည်။

“သေချာပေါက် မဟုတ်ဘူးပေါ့... ကျေးဇူးပြုုပြီး ထိုင်ကြပါ...”

ရှီယင်ချင်းက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

ယွမ်ချန်း ခပ်ဖွဖွပြုံးပြီး သူ၏အဖွဲ့ကို ပဉ္စမမြောက် စင်မြင့်ဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။

၎င်းတို့ ရောက်ရှိလာခြင်းနှင့်အတူ အင်အားစုအားလုံး စုံလင်သွားခဲ့ပြီ ဖြစ်၏။

ထိုအချိန် အကြီးအကဲ ရွှမ်းခုန်း၏ လူရိပ်က လေထဲတွင် ပေါ်လာခဲ့သည်။

မျက်နှာက အေးစက်နေပြီး ဝမ်ရှန်းအဆောက်အဦးကို ကြည့်သည့်အခါတွင် အထူးသဖြင့် ပိုမိုအေးစက်နေခဲ့သည်။

သူက နောက်ဆုံးတွင် စကားဆိုလိုက်သည်။

“ဒီနေ့က သုံးဂိုဏ်း သိုင်းပညာပြိုင်ပွဲကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးဖြစ်သလို... ငါတို့ဂိုဏ်းရဲ့ အဆင့်တိုးမြှင့်ခြင်းဆိုင်ရာ အရေးကြီးတဲ့ အခါသမယလည်း ဖြစ်တယ်... မင်းတို့အားလုံး ဒီနေရာကို ရောက်ရှိလာကြတာ ငါတို့ဂိုဏ်းအတွက် ကြီးမားတဲ့ ဂုဏ်ယူစရာပါပဲ...”

“စကားတွေအများကြီး မပြောတော့ဘူး... သိုင်းပညာပြိုင်ပွဲကြီး စတင်ပြီဖြစ်ကြောင်း ငါ ဒီနေရာကနေ ကြေညာလိုက်တယ်...”

“တပည့်များအားလုံး... မိမိတို့ရဲ့ တိုကင်နံပါတ်တွေအလိုက် သတ်မှတ်ထားတဲ့ သိုင်းကွင်းတွေဆီကို သွားကြပါ...”

သူ၏ စကားအဆုံးတွင် စင်မြင့်မြင့်ကြီး ငါးခုဆီမှ အလင်းတန်းများ ပျံသန်းထွက်ပေါ်လာခဲ့ကြပြီး အောက်ခြေရှိ သိုင်းကွင်းပြင်ကြီးဆီသို့ ဦးတည်ပျံသန်းသွားခဲ့ကြသည်။

သိုင်းကွင်းကြီးကို အပိုင်းငါးပိုင်း ခွဲခြားထားသဖြင့် တပည့်ဆယ်ဦးကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင် တိုက်ခိုက်စေနိုင်ခဲ့သည်။

နေရာအများကြီး ထပ်မံခွဲခြားလိုက်ပါက ပိုမိုထိရောက်မြန်ဆန်နိုင်မည် ဖြစ်သော်လည်း ဤအဆင့်ရှိ တိုက်ပွဲများက မြန်ဆန်မှုတစ်ခုတည်းကိုသာ အာရုံစိုက်၍မရပေ။

ကြည့်ရှုသူများ၏ ခံစားချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

တစ်ပြိုင်နက်တည်း တိုက်ပွဲများ အလွန်များပြားနေပါက အာရုံများ ရှုပ်ထွေးသွားနိုင်ပေသည်။

ထိုအရာက သိုင်းပညာပြိုင်ပွဲကြီးအတွက် အမြဲတမ်း သတ်မှတ်ထားခဲ့သည့် စည်းမျဉ်း ဖြစ်၏။

ကြီးမားသော အင်အားစု သုံးခုမှ တပည့်များ သိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာကြရာ စင်မြင့်ပေါ်ရှိ ပရိသတ်များကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

“ကြည့်စမ်း... အဲဒါ ဟန်လျိုယုပဲ...”

“သူက ထိုက်ရွှမ်းဂိုဏ်းကနေ ပထမဆုံး ဝင်သွားတဲ့သူလား...”

“ဒါက ကံသက်သက်ပဲ... သူက အစောဆုံးနံပါတ် တိုကင်ကို နှိုက်မိလို့ ပထမဆုံး တက်ရတာ...”

“ငါ ကြည့်ဦးမယ်... သူ ရင်ဆိုင်ရမှာက ဘီလူးဝိညာဉ်ဂိုဏ်းက တပည့်တစ်ယောက်ပဲ... ကြည့်ရတာ စိမ်းနေတယ်... ပုန်းကွယ်နဂါးစာရင်းရဲ့ ထိပ်ဆုံး အယောက်သုံးဆယ်ထဲမှာ မပါလောက်ဘူး... ဒီပွဲကတော့ တစ်ဖက်သတ် ဖြစ်တော့မှာပဲ...”

အမှန်စင်စစ် ထိုအတိုင်းပင် ဖြစ်၏။

သိုင်းကွင်း၏ ပထမမြောက် ဧရိယာသို့ ဟန်လျိုယု လှမ်းဝင်လိုက်သည်နှင့် ဘီလူးဝိညာဉ်ဂိုဏ်းတပည့်၏ မျက်နှာက ဖြူလျော်သွားခဲ့ပြီး သူ၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာခဲ့သည်။

ဤကဲ့သို့သော ထိပ်တန်းပါရမီရှင်တစ်ဦးကို သူက ဘယ်လိုလုပ် ရင်ဆိုင်နိုင်ပါ့မည်နည်း။

သို့သော်လည်း သူ၏ဂိုဏ်းအတွက် ကြိုးစားကြည့်ရမည် ဖြစ်၏။

“ဘီလူးဝိညာဉ်အတတ် - မြေငလျင်ဖြိုခွဲခြင်း...”

ဘီလူးဝိညာဉ်ဂိုဏ်းတပည့် အော်ဟစ်လိုက်ရာ သူ့ခန္ဓာကိုယ်က ရုတ်တရက် မြင့်မားလာ၏။

ထို့နောက် စစ်မှန်အနှစ်သာရက တောင်တန်းတစ်ခုအဖြစ်ပြောင်းပြီး ဟန်လျိုယုဆီ ဖိချလာခဲ့သည်။

သို့သော်လည်း ဟန်လျိုယု၏ အမူအရာက ပြောင်းလဲခြင်း မရှိခဲ့ပေ။

သူ၏ ညာဘက်လက်သီးကို ဆုပ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပဲ ထိုးချလိုက်သည်။

ဘုန်း...

ချက်ချင်းပဲ ကောင်းကင်ယံမှ ရေကြီးမှုကြီးတစ်ခု ပေါက်ကွဲထွက်လာသကဲ့သို့ တားဆီး၍ မရနိုင်တော့ချေ။

ကြီးမားလှသော လက်သီးအလင်းတန်းက ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ပြီး လွှမ်းမိုးနိုင်သည့်အော်ရာနှင့် ပြည့်နှက်နေကာ ဘီလူးဝိညာဉ်ဂိုဏ်းတပည့်ကို တိုက်ရိုက်ပဲ လွှင့်ထွက်သွားစေခဲ့သည်။

ထို့နောက် သွေးအန်ပြီး သတိလစ်လဲကျသွားခဲ့တော့၏။

ဤမြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများကို တုန်လှုပ်သွားစေခဲ့သည်။

ဟန်လျိုယုက ပုန်းကွယ်နဂါးစာရင်း၏ ထိပ်ဆုံး ဖြစ်နေသော်လည်း ဤနေရာသို့ ရောက်လာသူတိုင်းက ထိပ်သီးများ ဖြစ်ကြသဖြင့် အနည်းဆုံးတော့ လှုပ်ရှားမှုအချို့တော့ ခုခံနိုင်သင့်သည်။

သို့သော်လည်း တစ်ချက်တည်းဖြင့် ပွဲသိမ်းသွားခဲ့သည်။

ခွန်အားက တကယ်ကို ကြောက်စရာကောင်းလှပေသည်။

လက်သီးကို ပြန်ရုပ်သိမ်းလိုက်ရင်း ဟန်လျိုယုက စတုတ္ထမြောက် ဧရိယာရှိရာဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် မီးလျှံများ ကောင်းကင်ယံသို့ မြင့်တက်နေခဲ့ပြီး ပြိုင်ဘက်ကို ဝါးမြိုကာ လွှင့်ပစ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ထိုသူက အစောပိုင်းတိုကင်ကို ရရှိထားသဖြင့် ပထမဆုံးအသုတ်တွင် ပါဝင်လာခဲ့သည့် တွမ့်မူလုံချွဲ ဖြစ်၏။

သို့သော်လည်း သူ၏ကံကတော့ ထိုမျှမကောင်းခဲ့ဘဲ အခြားသော ဘီလူးဝိညာဉ်ဂိုဏ်းတပည့်တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့အကြားတွင် လျှို့ဝှက်မဟာမိတ်ဖွဲ့ထားကြသော်လည်း တိုက်ခိုက်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

သူတို့နှစ်ဦးက ခဏမျှ အကြည့်ချင်းဆုံသွားခဲ့ကြပြီး ၎င်းတို့အကြားတွင် မီးပွားများ လွင့်စင်ကာ တစ်ဦးကိုတစ်ဦး နားလည်ကြောင်း အချက်ပြလိုက်ကြသည်။

ဤအရာက နောက်ဆုံးတိုက်ပွဲ ဖြစ်လာလိမ့်မည်။

သိုင်းပညာပြိုင်ပွဲကြီး ပြီးဆုံးသွားပါက နှစ်ဦးစလုံး အဆင့်တက်လှမ်းကြမည်ဖြစ်ပြီး ပုန်းကွယ်နဂါးစာရင်း၌ ပါနိုင်တော့မည်မဟုတ်ပေ။

အကြည့်ချင်းဆုံမှုက ခဏမျှသာဖြစ်ပြီး အခြားသော ပွဲစဉ်များအတွက် နေရာဖယ်ပေးရန် အကြည့်လွှဲလိုက်ကြသည်။

အခြားသော ဧရိယာများရှိ တိုက်ပွဲများကတော့ ထိုမျှမမြန်ဆန်ခဲ့ကြချေ။

အချို့သော ပြိုင်ပွဲဝင်များက အဆင့်တူဖြစ်နေကြသဖြင့် တိုက်ပွဲများ ရှည်ကြာနေခဲ့သည်။

လူတိုင်းက မိမိတို့၏ ဂိုဏ်းများအတွက် အစွမ်းကုန် ကြိုးစားနေကြသဖြင့် ပွဲအများစုက တစ်ဖက်သတ်မဟုတ်ပဲ ကြည့်ကောင်းနေခဲ့သည်။

အမွှေးတိုင်တစ်ဝက်ခန့် ကုန်လွန်သွားခဲ့ပြီးနောက် ပထမဆုံးအသုတ် တိုက်ပွဲများ ပြီးဆုံးသွားခဲ့သည်။

ခြုံငုံပြောရလျှင် ထိုက်ရွှမ်းဂိုဏ်းက အသာစီးရရှိခဲ့ပြီး ၎င်းတို့၏ တပည့်များက တစ်ဦးနှင့်တစ်ဦး ဆုံတွေ့ခြင်းမရှိဘဲ ပြိုင်ဘက်များကို အနိုင်ယူနိုင်ခဲ့ကြသည်။

ဤအရာက အခြားအင်အားစုသုံးခု၏ အထက်ပိုင်းတွေကို မျက်မှောင်ကြုတ်သွားစေခဲ့ပြီး အနည်းငယ် မကျေမနပ်ဖြစ်သွားစေခဲ့၏။

တိုကင်နှိုက်ခြင်းက ကံတရားသက်သက်သာ ဖြစ်ပြီး သူတို့ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့ကြသဖြင့် တရားမျှတမှုရှိ၏။

ထိုက်ရွှမ်းဂိုဏ်းက ကံကောင်းသွားခဲ့ခြင်းသာ ဖြစ်ပြီး ကံတရားကလည်း ခွန်အား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်မဟုတ်ပါလား။

“ကြည့်ရတာ ငါတို့တပည့်တွေက ပိုသာပုံပဲ...”

သိုင်းပညာတောင်ထိပ်သခင် ရှန်ကွမ်းကျိ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူ့လို ဓားမော့နည်းစနစ် ကျင့်ကြံသူများသည် များသောအားဖြင့် ပွင့်လင်းပြီး ရဲရင့်ကြ၏။

“ရှန်ကွမ်းကျိ... ဒါက ပထမဆုံးအသုတ်ပဲ ရှိသေးတာ... သိပ်ပြီး ဘဝင်မမြင့်ပါနဲ့ဦး...”

တွမ့်မူယန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။

“ဒုတိယနဲ့ တတိယအသုတ်တွေလည်း ဒီအတိုင်းပဲ ဖြစ်လာမှာပါ...”

ရှန်ကွမ်းကျိ သူ၏ဘူးသီးခြောက်ဘူးထဲကနေ အရက်တစ်ငုံ သောက်ရင်း ပြောလိုက်သည်။

သူ၏ မောက်မာသော အမူအရာက အခြားသော ခေါင်းဆောင်များ၏ မျက်လုံးများကို တွန့်လိမ်သွားစေပေမယ့် အလျင်အမြန်ပဲ ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ကြသည်။

“ဂျူနီယာညီလေးမုန့်... မင်းအလှည့်ရောက်ပြီ...”

လန်ချန်းက ချဉ်းကပ်လာရင်း ပြောလိုက်သည်။

“မင်းက နံပါတ် ၁၆...”

“သိပြီ...”

မုန့်ချန်ချင်း မတ်တတ်ရပ်လိုက်သည်။

နံပါတ် ၁၆ ဖြစ်ခြင်းက သူက နံပါတ် ၁၇ နှင့် ရင်ဆိုင်ရမည်ကို ဆိုလိုခြင်း ဖြစ်၏။

သူကတော့ ဘယ်သူဖြစ်သည်ကို ဂရုမစိုက်ပေ။

ဘယ်သူပဲဖြစ်ဖြစ် အနိုင်ယူခြင်းကိုသာ ခံရလိမ့်မည် ဖြစ်သည်။

အခန်း (၁၃၀)

သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်းဓားသိုင်း - ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးခြင်း

“စီနီယာမုန့် ကံကောင်းပါစေ..."

ရုတ်တရက် ရင်းနှီးသော အသံတစ်သံ အနားမှ ထွက်ပေါ်လာခဲ့သည်။

မုန့်ချန်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ ကုန်းလင်းရွယ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ပုံမှန်အားဖြင့် ကုန်းလင်းရွယ်ကဲ့သို့ ပင်လယ်ခွဲခြင်းနယ်ပယ်တွင် ရှိနေသူတစ်ဦးအနေဖြင့် ဤနေရာသို့ ရောက်မလာသင့်သော်လည်း ဤအရာက သူမ၏ ဆရာဖြစ်သူ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ဖို့များပေသည်။

“ငါတို့ အရင်အတိုင်းပဲ ခေါ်ကြရအောင်...”

မုန့်ချန်ချင်း သူမကို ဂျူနီယာညီမလေးကုန်း ဟု ခေါ်ဆိုရန် ကြိုးစားခဲ့သော်လည်း ထိုစကားလုံးကို ပြော၍မထွက်နိုင် ဖြစ်နေခဲ့သည်။

“အင်း... အင်း...”

ကုန်းလင်းရွယ်လည်း အနည်းငယ် အနေရခက်သွားခဲ့ရသည်။

လူအများစုက သူတို့၏ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းချင်း သိပ်မကွာခြားတတ်ကြသဖြင့် အခေါ်အဝေါ်များကို ပြောင်းလဲခဲကြသည်။

မုန့်ချန်ချင်းကဲ့သို့ လူမျိုးကတော့ တကယ်ကို ရှားပါးလွန်းလှပေသည်။

“ကြိုးစားနော်...”

ကုန်းလင်းရွယ်၏ လှပသော မျက်လုံးများက ရေပြင်အလား ကြည်လင်နေခဲ့ပြီး သူမ၏ ဖြူဖွေးသော လက်သီးလေးကို မြှောက်လျက် အားပေးလိုက်သည်။

“အင်း... ငါ ကြိုးစားမှာပါ...”

မုန့်ချန်ချင်း ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် အောက်ခြေရှိ သိုင်းကွင်းအတွင်းသို့ ပျံသန်းဆင်းသက်လိုက်တော့သည်။

သူ၏ ပေါ်ထွက်လာမှုက အခြားသော ထိပ်သီးတပည့်များ၏ အာရုံစိုက်မှုကို သဘာဝအတိုင်း ဆွဲဆောင်သွားခဲ့သည်။

သူတို့သည် လွန်ခဲ့သော ရက်အနည်းငယ်က ဂိုဏ်းချုပ်ခန်းမဆောင်အတွင်းမှ မြင်ကွင်းကို မေ့လျော့ခြင်းမရှိကြသေးဘဲ ကောင်းစွာ မှတ်မိနေကြဆဲ ဖြစ်၏။

တာအိုဖန်တီးခြင်းနယ်ပယ် အဆင့် ၂ တက်လှမ်းကာစ တပည့်တစ်ဦး...

ဂိုဏ်းချုပ်အနေဖြင့် သူ့ကို ဤမျှအထိချီးမွမ်းရအောင် အတိအကျ ဘာကြောင့်နည်း။

သူတို့က မုန့်ချန်ချင်း၏ အရည်အချင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရရန် စူးစမ်းချင်စိတ် ပြင်းပြနေကြ၏။

မုန့်ချန်ချင်း ဆင်းသက်လိုက်သည်နှင့် နေမီးတောက်တောင်ကြားမှ လူတစ်ယောက်လည်း သိုင်းပြိုင်ကွင်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

အသက်နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်ခန့် ရှိပြီး ဆံပင်ဝါဝါနှင့် လူငယ်တစ်ဦး ဖြစ်ကာ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မီးလျှံများထုတ်လွှတ်လျက် ကြီးမားသော ဖိအားများကို ပေးစွမ်းနေခဲ့သည်။

“အဲဒါ ပုန်းကွယ်နဂါးစာရင်းရဲ့ အဆင့် ၂၇ မှာ ရှိတဲ့ ကျဲ့လော့ မဟုတ်လား...”

“ဒီနေ့ ဘာတွေဖြစ်နေတာလဲ... ဘာလို့ ဒီလို အစွမ်းထက်တဲ့သူတွေက အစောကြီး ထွက်လာကြတာလဲ... အကောင်းဆုံးတွေကို နောက်ဆုံးမှ ထုတ်ပြမယ်လို့ ငါ ထင်ထားတာ...”

“ထိပ်ဆုံး အယောက်သုံးဆယ်ထဲက ဘယ်သူမဆို သိုင်းပညာချီကို နားလည်သဘောပေါက်ထားတဲ့ အစွမ်းထက်လူတွေကြီးပဲ... သူနဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ဘယ်သူဖြစ်မလဲ မသိဘူး...”

လူများက ဆူညံစွာ ဆွေးနွေးနေကြသည်။

ထို့နောက် ဓားအလင်းတန်းတစ်ခုက သိုင်းကွင်းပြင်အတွင်းသို့ ဆင်းသက်လာခဲ့၏။

“အဲဒါ ဘယ်သူလဲ... ကြည့်ရတာ စိမ်းနေတယ်...”

မုန့်ချန်ချင်း၏ ပေါ်ထွက်လာမှုက လူအများအပြားကို ဝေခွဲမရ ဖြစ်သွားစေခဲ့သည်။

၎င်းတို့၏ မှတ်ဉာဏ်ထဲတွင် ရှာဖွေကြည့်ခဲ့ကြသော်လည်း ထိပ်ဆုံး အယောက်သုံးဆယ်စာရင်းတွင် သူ့ကို မြင်တွေ့ခဲ့ဖူးခြင်း မရှိကြချေ။

ထို့ကြောင့် အဆင့်နိမ့်များမှ ဖြစ်ရပေမည်။

ထို့အပြင် မုန့်ချန်ချင်း၏ ကျင့်ကြံခြင်းအဆင့်က ၎င်းတို့ကို အံ့အားသင့်သွားစေခဲ့သည်။

တာအိုဖန်တီးခြင်းနယ်ပယ် အဆင့် ၂?...

ထိုအရာက နောက်ပြောင်နေသည်လား။

ဤကဲ့သို့သော ထိပ်တန်းပါရမီရှင်များအကြား တိုက်ပွဲအတွက် ထိုက်ရွှမ်းဂိုဏ်းက တတာအိုဖန်တီးခြင်းနယ်ပယ် အဆင့် ၂ တပည့်တစ်ဦးကို စေလွှတ်လိုက်သည်?

ဤအရာက အခြားအင်အားစုနှစ်ခုကို အလွယ်တကူ အနိုင်ပေးလိုက်သလိုပင်။

“နေဦး... သူက မကြာသေးခင်က နေမီးတောက်တောင်ကြားက တပည့်နှစ်ယောက်ကို အနိုင်ယူပြီး ပုန်းကွယ်နဂါးစာရင်းရဲ့ အဆင့် ၃၈ ကို ရောက်သွားတဲ့သူ မဟုတ်ဘူးလား...”

“ကြားတာတော့ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကတည်းက ဓားချီကို နားလည်ထားတာတဲ့...”

တစ်စုံတစ်ယောက်က ရုတ်တရက် ပြောလိုက်ရာ အခြားသူများလည်း ပြန်လည်မှတ်မိသွားကြသည်။

“သြော်... သူကိုး...”

“သူ တာအိုဖန်တီးခြင်းနယ်ပယ်ကို ဒီလောက်မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်မယ်လို့ မထင်ထားဘူး...”

လူတိုင်း သဘောပေါက်သွားကြသည်။

ဂိုဏ်းအနေဖြင့် သူ့အား သိုင်းပြိုင်ပွဲပါဝင်ရန် စေလွတ်လိုက်တာ မဆန်းတော့ပေ။

သိုင်းပညာချီကို ပိုင်ဆိုင်ထားခြင်းက သာမန်ထိပ်သီးအများစုကို ကိုင်တွယ်ရန် အရည်အချင်းပြည့်မီစေသည်မဟုတ်ပါလား။

“နှမြောစရာပဲ... ထိပ်ဆုံး အယောက်သုံးဆယ်ထဲက တစ်ယောက်နဲ့ ဒီလောက်အစောကြီး ဆုံရတယ်လို့...”

အချို့က သက်ပြင်းချလိုက်ကြသည်။

သိုင်းပညာချီက သာမန်သိုင်းပညာရှင်များအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိသော်လည်း မည်သည့် ထိပ်တန်းပါရမီရှင်မဆို ၎င်းကို ပိုင်ဆိုင်ထားကြစမြဲ ဖြစ်သည်။

ထို့ပြင် ၎င်းတို့၏ ကျင့်ကြံခြင်းနှင့် စစ်မှန်အနှစ်သာရ ပိုမိုများရာ သူ ဘယ်လိုလုပ် အနိုင်ရနိုင်မည်နည်း။

“ဟုတ်တယ်... ကြည့်ရတာတော့ ထိုက်ရွှမ်းဂိုဏ်းအနေနဲ့ ပထမဆုံး ရှုံးနိမ့်တဲ့ တပည့် ထွက်ပေါ်လာတော့မယ့်ပုံပဲ...”

ယခင် ပွဲစဉ်များတွင် ထိုက်ရွှမ်းဂိုဏ်းက အားလုံး အနိုင်ရရှိခဲ့ပြီး ရှုံးနိမ့်မှု မရှိသေးချေ။

ဆွေးနွေးမှုများက မုန့်ချန်ချင်း၏ ရှုံးနိမ့်မှုကို ကြိုတင်ဆုံးဖြတ်ထားခဲ့ကြပြီ ဖြစ်သည်။

“တောက်... ဒီကောင်တွေက ငါတို့ သခင်လေးအပေါ် ဘာယုံကြည်ချက်မှ မရှိကြဘူးပဲ...”

မုန့်မိသားစုဝင်တစ်ဦးက စိတ်မသက်မသာ ဖြစ်လျက် ညည်းတွားလိုက်သည်။

ထိုမှတ်ချက်များက အဓိပ္ပာယ်ရှိနေသော်လည်း ကြားရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်ရပေသည်။

“သခင်လေး... ကြိုးစားထား...”

မိသားစုဝင် အမျိုးသမီးတစ်ဦးက မျက်နှာလေး နီရဲလျက် မတ်တတ်ရပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

၎င်းကို မြင်လိုက်ရချိန်တွင် အခြားသော မိသားစုဝင်များကလည်း သူတို့၏ သခင်လေးကို အားပေးရန် မတ်တတ်ရပ်လိုက်ကြတော့သည်။

ဤမြင်ကွင်းက ပတ်ဝန်းကျင်ရှိလူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး မုန့်ချန်ချင်းမိသားစုဝင်များ ရောက်နေခြင်းကို အံ့အားသင့်သွားခဲ့သည်။

မိသားစု၏ တည်ရှိမှုကို ခံစားမိလိုက်သဖြင့် မုန့်ချန်ချင်း စင်မြင့်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ မိသားစုဝင်များနှင့် အဒေါ်ဖြစ်သူတို့ ရှေ့ဆုံးတန်းတွင် ထိုင်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

ထိုအခါ သူ့မျက်လုံးများက တုန်ခါသွားခဲ့၏။

“မိသားစုဝင်တွေလာတာကို ဂိုဏ်းက ငါ့ကို ဘာလို့ အကြောင်းမကြားခဲ့တာလဲ...”

မုန့်ချန်ချင်း အများကြီး တွေးမနေတော့ဘဲ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဤအရာက ကောင်းသည်။

သူ၏ လက်ရှိခွန်အားကို အဒေါ်ဖြစ်သူအား ပြသနိုင်မည် မဟုတ်ပါလား။

“ဒါဆို မင်းက ငါ့ရဲ့ ဂျူနီယာညီလေး ချွေးချန်ကို အနိုင်ယူခဲ့တဲ့သူပေါ့...”

ပတ်ပတ်လည်မှ အသံများကို ကြားလိုက်ရချိန်တွင် ကျဲ့လော့၏ မျက်လုံးများက မည်းမှောင်သွားခဲ့သည်။

“ဟုတ်တယ်...” မုန့်ချန်ချင်း မျက်ခုံး အနည်းငယ် ပင့်လိုက်သည်။

ကြည့်ရတာ ငါ အကောင်သေးသေးလေးတွေကို နှိမ်နင်းလိုက်တော့ အကောင်ကြီးကြီးတွေ ထွက်လာပဲ...

“မင်းရဲ့ ခွန်အားက မဆိုးပါဘူး... ဒါပေမဲ့ မင်းရဲ့ကံကတော့ ငါနဲ့ ဆုံရတဲ့အတွက် မကောင်းဘူးပဲ... ဒီနေ့ မင်း ဒီနေရာမှာပဲ ရှုံးနိမ့်ရလိမ့်မယ်...”

ကျဲ့လော့က ဖြည်းညှင်းစွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့... သိုင်းပြိုင်ပွဲအတွင်းမှာ မင်းကို ငါ အပြင်းအထန် ဒဏ်ရာရအောင် လုပ်မှာမဟုတ်ပါဘူး... ဒါပေမဲ့ သင်ခန်းစာတစ်ခုတော့ ပေးရမှာပေါ့...”

မုန့်ချန်ချင်း ပြောစရာစကားမရှိဖြစ်သွားသည်။

သူက ယခုအချိန်အထိ စကားတစ်ခွန်းသာ ပြန်လည်ဖြေကြားရသေးသော်လည်း ဤလူကတော့ စကားလုံးများစွာကို ပြောကြားနေခဲ့ပြီး ယခင်က ရှုယို့နှင့် ချွေးချန်တို့ကဲ့သို့ပင် ယုံကြည်ချက်များ လွန်ကဲနေခဲ့သည်။

“နေမီးတောက်တောင်ကြားက လူတွေက တကယ်ကို တစ်ပုံစံတည်းပဲနော်...”

မုန့်ချန်ချင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

“ဘာကို တစ်ပုံစံတည်း ဖြစ်တာလဲ...”

ကျဲ့လော့ မျက်မှောင်ကြုတ်လိုက်၏။

“မောက်မာတာလေ...”

မုန့်ချန်ချင်းက ပြန်လည်ဖြေကြားလိုက်ရာ သူ၏ စကားလုံးများကြောင့် ပရိသတ်များအကြား တိတ်ဆိတ်သွားခဲ့ရသည်။

ကျဲ့လော့ အသက်ပြင်းပြင်း ရှူလိုက်ပြီး အကြည့်များမှာ ပိုမိုအေးစက်လာခဲ့သည်။

“မင်းခွန်အားက မင်းပါးစပ်နဲ့ယှဥ်နိုင်ဖို့ မျှော်လင့်တယ်...”

ဘုန်း!

ကျဲလော့ ချက်ချင်းလှုပ်ရှားလိုက်၏။

သူ၏မကျေနပ်ချက်တွေအတွက် မုန့်ချန်ချင်းကို အလျှင်အမြန်ရှင်းပစ်ဖို့ စိတ်အားထက်သန်နေပုံပင်။

“နတ်ဘုရားမီးလျှံ နေမင်းချိုးရေစင် - မဟာနေမင်း ကောင်းကင်လောင်ကျွမ်းခြင်း...”

အတိုင်းအဆမဲ့သော မီးလျှံများက ကျဲ့လော့၏ လက်ဝါးများဆီကနေ ပေါက်ကွဲထွက်လာခဲ့ပြီး လောင်ကျွမ်းနေသည့် နေနှစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။

ပြင်းထန်လှသော အပူရှိန်က လေထုကို လောင်ကျွမ်းစေခဲ့ပြီး အကယ်၍ ပတ်ပတ်လည်တွင် အကာအကွယ်အစီရင်များသာ မရှိပါက ကြည့်ရှုသူများပါ ထိခိုက်သွားနိုင်ပေသည်။

“နတ်ဘုရားမီးလျှံ နေမင်းချိုးရေစင် လက်ဝါး... ဒါက နေမီးတောက်တောင်ကြားရဲ့ မြေကမ္ဘာအဆင့်မြင့် သိုင်းပညာတစ်ခုပဲ... စွမ်းအားကြီးမားပြီး ကျဲ့လော့က ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီ...”

“အခု မုန့်ချန်ချင်းအတွက် အနိုင်ရဖို့ အခွင့်အရေး မရှိတော့ဘူး...”

စင်မြင့်ပေါ်ရှိ လူအများအပြား ခေါင်းခါယမ်းလိုက်ကြသည်။

ကျဲ့လော့၏ သိုင်းပညာရပ်က မကြာသေးမီကမှ ကျွမ်းကျင်မှုအဆင့်တွင်သာ ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

“ဒူးထောက်စမ်း...”

ကျဲ့လော့ သူ၏ လက်ဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ အရှိန်အဝါက လွမ်းမိုးနိုင်စွမ်းကြီးလှသည်။

တောက်လောင်နေသည့် နေနှစ်စင်းက ပိုမိုကြီးမားလာခဲ့ပြီး မုန့်ချန်ချင်းထံသို့ ကျဆင်းသွားခဲ့သည်။

ဤကဲ့သို့သော တိုက်ခိုက်မှုကို အကယ်၍ မရှောင်တိမ်းနိုင်ပါက ပြင်းထန်သော ဒဏ်ရာကို ရရှိသွားစေနိုင်ပေသည်။

“တကယ်ပဲ ထိပ်ဆုံး အယောက်သုံးဆယ်ထဲက ကျွမ်းကျင်သူတစ်ယောက်ပဲ... ဒီကောင့်ခွန်အားက တကယ်အစွမ်းထက်တယ်...”

မုန့်ချန်ချင်းက သူ၏ ညာဘက်လက်ကို ဓားရိုးပေါ်တွင် တင်ထားလျက် မတ်မတ်ရပ်နေရင်း တွေးလိုက်သည်။

ယခုအချိန်အထိ သူ ရင်ဆိုင်ခဲ့ရသမျှတွင် အသန်မာဆုံး ပြိုင်ဘက် ဖြစ်ပြီး သာမန်နည်းစနစ်များက လုံလောက်လိမ့်မည် မဟုတ်ပေ။

ဝှက်ဖဲကို အသုံးပြုရမည် ဖြစ်သည်။

ခဏမျက်လုံးကို မှိတ်လိုက်ပြီး ပြန်လည်ဖွင့်လိုက်ချိန်တွင် မုန့်ချန်ချင်း၏ အမူအရာက သတ်ဖြတ်ခြင်းအရှင်သခင်တစ်ဦး ဆင်းသက်လာသည့်အလား သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဘုန်း!

ကြီးမားကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခု ကောင်းကင်ယံသို့ ထိုးထွက်လာပြီး ပတ်ဝန်းကျင်ရှိ အပူလှိုင်းများကို ဆုတ်ဖြဲကာ ဧရိယာတစ်ခုလုံးကို အေးစက် ဆိတ်သုဉ်းသွားစေခဲ့သည်။

“သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်း - ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးခြင်း...”

မုန့်ချန်ချင်း၏ မျက်လုံးများထဲတွင် မည်သည့်ခံစားချက်မျှ ရှိမနေခဲ့ပေ။

သူက ညာဘက်လက်ကို မြှောက်ပြီး လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းကို ဓားသဏ္ဌာန် ပြုလုပ်လိုက်ရာ သူ၏ လက်ထိပ်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ လည်ပတ်လာခဲ့သည်။

ဘုန်း!

နောက်တစ်စက္ကန့်တွင် မီးခိုးရောင်အလင်းတန်းများ လိမ့်တက်လာပြီး မိုးထိအောင်မြင့်မားသည့် ဧရာမဓားကြီးတစ်လက်အဖြစ် ပေါင်းစည်းသွားခဲ့သည်။

၎င်း ပေါ်ထွက်လာသည်နှင့်အမျှ သတ်ဖြတ်ခြင်းအရှိန်အဝါက ပုံသဏ္ဌာန်တစ်ခုအဖြစ် ထင်ရှားလာခဲ့ပြီး သိုင်းကွင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့ကာ အကာအကွယ်အစီရင်များပင် ပြိုလဲလုမတတ် အက်ကွဲလာခဲ့သည်။

ရွစ်!

ဧရာမဓားကြီး တောက်လောင်နေသည့် နေနှစ်စင်းကို ပိုင်းဖြတ်သွားပြီး ရပ်တန့်မရသည့်အလား ကျဲ့လော့ထံသို့ ဆက်လက်တိုးဝင်သွားခဲ့သည်။

All Chapters