← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁)

“အလင်းလိုက်ဓားသိုင်း” နှင့် ဂိုဏ်းချုပ်ကြီး၏ ဆင့်ခေါ်မှု...

မျက်တောင်တစ်ခတ်အတွင်းမှာတင် ရက်ပေါင်း ၂၀ ကျော် ကုန်ဆုံးသွားခဲ့သည်။

ဂိုဏ်းသုံးဂိုဏ်း သိုင်းပညာပြိုင်ပွဲကြီးသည် တဖြည်းဖြည်း နီးကပ်လာနေပြီး ရက်အနည်းငယ်သာ လိုတော့သည်။

ဂိုဏ်းအတွင်း လူဦးရေ တိုးပွားလာမှုကို သိသိသာသာ ခံစားရနိုင်သည်။

ဤပွဲကြီးသည် ဂိုဏ်းအတွက် အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သောကြောင့် အခြားနေရာများတွင် တာဝန်ပေး စေလွှတ်ထားသော သန်မာသည့် ပုဂ္ဂိုလ်အများအပြားသည် အုပ်စုလိုက် ပြန်လည်ရောက်ရှိလာကြသည်။

တစ်သက်တွင် တစ်ကြိမ်သာ ကြုံတွေ့ရနိုင်သည့် ပွဲမျိုး ဖြစ်သည်။

ထို့အပြင် ဖိတ်ကြားခံရသည့် အခြားအင်အားစုများမှ လူများလည်း ရောက်ရှိလာကြပြီး ထျန်လင်စီရင်စုအတွင်းရှိ ထင်ရှားကျော်ကြားသူ အားလုံးသည် မကြုံစဖူး စုဝေးနေကြသည်။

မှန်ပါသည်၊ ဤအရာများအားလုံးသည် မုန့်ချန်ချင်းနှင့် ဘာမှမသက်ဆိုင်ပေ။

ဤကာလအတွင်း နေ့စဉ် ကျင့်ကြံခြင်းနှင့် တာအိုသင်ခန်းစာပို့ချမှုတွေ နားထောင်ခြင်းအပြင် သူငယ်ချင်းဖွဲ့ခြင်းကိုသာ အာရုံစိုက်ခဲ့သည်။

အခြားပါရမီရှင်များ၏ ပင်ကိုယ်အရည်အချင်းများကို မလိုအပ်တော့သော်လည်း အဆင့်မြင့်စွမ်းရည်များအဖြစ် ပယ်ဖျက်နိုင်သည် မဟုတ်ပါလား။

သူ၏ကြိုးပမ်းအားထုတ်မှုကြောင့် ဝိညာဥ်တောင်ထိပ်၏ ကျန်ရှိသော တပည့် ၇ ယောက်ကို သူငယ်ချင်းအဖြစ် အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့သည်။

ရရှိလာသော စွမ်းရည်များကို ပယ်ဖျက်လိုက်သောအခါ စွမ်းရည်ရွေးချယ်ကဒ် ၃ကဒ်၊ စွမ်းရည်ရယူကဒ် ၃ ကဒ်၊ မြေကမ္ဘာအဆင့် ကျွမ်းကျင်ကဒ် ၃ ကဒ် ရရှိခဲ့သည်။

ပမာဏသည် များပြားသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ သိပ်မများလှပေ။

စွမ်းရည် စုစုပေါင်း ၆ ခုကို ပယ်ဖျက်ခဲ့သော်လည်း ပယ်ဖျက်ခြင်းသည် အမြဲတမ်း ပစ္စည်းများ ထွက်မလာတတ်သဖြင့် ယခုတစ်ကြိမ်တွင် အချို့သည် ဘာမှထွက်မလာခဲ့ပေ။ ကံတရားအပေါ်တွင်သာ မူတည်သည်။

သို့သော်လည်း အဆင့်မြင့်စွမ်းရည်များသည် ရရှိရန် အခွင့်အလမ်း ပိုများပြီး အရည်အသွေးလည်း ပိုကောင်းသည်။

မိုရှောင်ယုက သင်ခန်းစာတစ်ခုပြီးတိုင်း ချက်ချင်းထွက်ခွာသွားပြီး အရိပ်အယောင်ပင် ရှာမရအောင် ပျောက်ကွယ်သွားတတ်သဖြင့် မုန့်ချန်ချင်း အနည်းငယ် နောင်တရနေခဲ့သည်။

ထို့ကြောင့် သူငယ်ချင်းအဖြစ် ထည့်သွင်းရန် အခွင့်အရေး မရခဲ့ပေ။

သို့သော်လည်း သူက အလျှင်မလိုပေ။

လက်ရှိအင်အားနှင့်တင် ဂိုဏ်းသုံးဂိုဏ်း သိုင်းပညာပြိုင်ပွဲကြီးအတွက် လုံလောက်စွာ ပြင်ဆင်ပြီးသား ဖြစ်သည်။

ပွဲမတိုင်မီ ရရှိသမျှ အရာအားလုံးသည် အပိုဆုလာဘ်မျှသာ ဖြစ်လိမ့်မည်။

ခန်းမဆောင်အတွင်း၌ အချက်အလက်ဇယားကို ဖွင့်လိုက်သည်။

[အိမ်ရှင် - မုန့်ချန်ချင်း]

[မျိုးနွယ် - လူသား]

[ကျင့်ကြံဆင့် - ဒုတိယအဆင့် တာအိုဖန်တီးခြင်းနယ်ပယ်]

[အမြစ်ရိုး - ပထမအဆင့်]

[သိမြင်နားလည်မှု - ထူးချွန်]

[ပါရမီစွမ်းရည် - ဝိညာဉ်မျက်လုံး၊ သံမဏိလက်...]

[သွေးမျိုးဆက် - ကျောက်တုံးလူသား၊ အစွမ်းထက်နတ်ဆိုးမျောက်ဝံ]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ - “သန့်စင်သောဝိညာဉ် သတ်ဖြတ်ခြင်းဓားသိုင်း” (ပြီးပြည့်စုံခြင်း)၊ “ကောင်းကင်တိမ်လွှားနဂါးခြေလှမ်း” (အခြေခံ)၊ “အလင်းလိုက်ဓားသိုင်း” (ကျွမ်းကျင်)...]

[မပေါင်းစပ်ရသေးသော ပင်ကိုယ်အရည်အချင်းများ - မရှိ]

[ကျန်ရှိသော ဆုလာဘ်များ - စွမ်းရည်ရွေးချယ်ကဒ် ၆ ကဒ်၊ စွမ်းရည်ရယူကဒ် ၁ ကဒ်၊ သိမ်မွေ့အဆင့်ကျွမ်းကျင်ကဒ် ၃ ကဒ်၊ မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၃ ကဒ်]

အဆင့် ၁ အမြစ်ရိုးကို ပေါင်းစပ်ပြီးနောက် သူ၏ကျင့်ကြံခြင်းအရှိန်အဟုန်သည် ကောင်းကင်သို့ ပျံတက်သွားသကဲ့သို့ မြန်ဆန်လာခဲ့သည်။

ရက်ပေါင်း ၂၀ ကျော်အတွင်း၌တင် အဆင့်ငယ်တစ်ခုကို တိုက်ရိုက် ကျော်ဖြတ်နိုင်ခဲ့၏။

“ဒီလောက်များတဲ့ရွေးချယ်ကဒ်တွေနဲ့ လက်တလော မိတ်ဆွေဖွဲ့ရာမှာ ကံတရားအပေါ် မှီခိုနေဖို့ မလိုတော့ဘူး...”

မုန့်ချန်ချင်း ကျေနပ်စွာ တွေးလိုက်သည်။

သို့ပေမယ့် သူအကျေနပ်ဆုံးက စွမ်းရည်ရယူကဒ်ဖြစ်သည်။

ထိုကဲ့သို့သောကဒ်ကို ရရှိရန် အလွန်ရှားပါးလှသဖြင့် သူက မျှော်လင့်ချက်အများကြီးမထားခဲ့ပေ။

ယခင်က တစ်ကြိမ်သာ ရဖူးခဲ့၏။

အံံ့အားသင့်စွာပဲ ဤတစ်ချိန် အမှန်တကယ် ပေါ်လာခဲ့သည်။

ဤကဒ်သည် ရွေးချယ်ကဒ်များထက် များစွာ ပိုမိုလွမ်းမိုးနိုင်စွမ်းကြီးသည်။

ရွေးချယ်ကဒ်သည် မိတ်ဆွေဖွဲ့ချိန်နှင့် နှစ်သက်မှုတိုးလာချိန်တွင် စွမ်းရည်တစ်ခုကို ရွေးချယ်ခွင့်ပြုသသည်။

သို့ပေမယ့် ရယူကဒ်မှာမူ နှစ်သက်မှုအဆင့်ကို ဂရုစိုက်စရာမလိုဘဲ မည်သည့်မိတ်ဆွေထံမှမဆို လိုချင်သော စွမ်းရည်ကို တိုက်ရိုက်ရယူနိုင်သည်။

လုံးဝကို လွမ်းမိုးနိုင်စွမ်းကြီး၏။

“ဒီကဒ်ကို အရေးကြီးတဲ့ အချိန်ကျမှ သုံးရမယ်...”

မုန့်ချန်ချင်း တွေးလိုက်သည်။

လိုချင်သော ပင်ကိုယ်အရည်အချင်းအများစုကို ရွေးချယ်ကဒ်များနှင့် ရရှိနိုင်သောကြောင့် အလွယ်တကူ မသုံးရန် ဆုံးဖြတ်လိုက်သည်။

“နောက်တစ်ခုက သိုင်းပညာကျွမ်းကျင်မှုကို မြှင့်တင်ရအောင်...”

သိုင်းပညာစာရင်းရှိ “အလင်းလိုက်ဓားသိုင်း” ကို အာရုံစိုက်ကာ ဆုံးဖြတ်လိုက်သည်။

ဤကာလအတွင်း ဝိညာဥ်တောင်ထိပ်၏ အမျိုးမျိုးသော ဓားသိုင်းများအကြောင်း များစွာ လေ့လာခဲ့သည်။

မိုဆူကွမ်းသည်ပင် တောင်ထွတ်၏ မြင့်မြတ်သောကျမ်းစာဖြစ်သော “ဝိညာဥ်ဓားကျမ်း”စာအုပ်ကို ပြသခဲ့သည်။

အထူးသဖြင့် ၎င်း၏မြေကမ္ဘာအဆင့်အပိုင်းဖြစ်၏။

၎င်း၏အတွင်း၌ ဝိညာဥ်တောင်ထိပ်၏ အသန်မာဆုံး မြေကမ္ဘာအဆင့် ဓားသိုင်းဖြစ်သည့် “သန့်စင်သောဝိညာဉ် သတ်ဖြတ်ခြင်းဓားသိုင်း” ကို တွေ့ခဲ့ရသည်။

နောက်ထပ်အကောင်းဆုံးမှာ မဟာဓာတ်ကြီးငါးပါးလည်ပတ်ခြင်းဓားသိုင်း ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ ဓာတ်ကြီးငါးပါးကို စုပ်ယူဖို့လိုအပ်၏။

(ဒြပ်စင်ငါးပါးကို ဓာတ်ကြီးငါးပါးဟု ပြောင်းလဲသုံးပါမည်)

ရွှေဓာတ်တစ်ခုတည်းကိုကိုယ်စားပြုသည့် မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းနှင့် မတူပေ။

ဓာတ်ကြီးငါးပါးသည် အပြန်အလှန် သက်ရောက်မှုရှိပြီး တစ်ခုနှင့်တစ်ခု အားဖြည့်ပေးကာ အဆုံးမဲ့ စည်းချက်ညီစွာ ကျင့်ကြံခြင်းကို ဖြစ်ပေါ်စေသည်။

ဓားသိုင်း၏ ဓာတ်ကြီးငါးပါးကို ပေါင်းစပ်ပြီး ပေါက်ကွဲအားကောင်းခြင်း၊ ကာကွယ်ရေး ကောင်းမွန်ခြင်း သို့မဟုတ် အဆက်မပြတ် တိုက်ခိုက်နိုင်ခြင်း အစရှိသည့် အမျိုးမျိုးသော ပြင်းထန်သည့် သက်ရောက်မှုများကိုလည်း ထုတ်လုပ်နိုင်သည်။

ဤဓားသိုင်းသည် အလွန်ပြည့်စုံပြီး ကြောက်မက်ဖွယ်ကောင်းလှသဖြင့် တောင်ထွတ်သခင်၏ မျိုးနွယ်ဆက်များသာ သင်ယူခွင့်ရှိပြီး လူတိုင်း သင်ယူခွင့်မရှိပေ။

တပည့်များထဲတွင် တောင်ထွတ်သခင်၏ တိုက်ရိုက်တပည့်များ ဖြစ်ကြသော လန်ချန်းနှင့် မိုရှောင်ယုတို့သာ ၎င်းကို လေ့ကျင့်ကြသည်။

အခြားသူများမှာမူ မလေ့ကျင့်ကြပေ။

“သန့်စင်သောဝိညာဉ် သတ်ဖြတ်ခြင်းဓားသိုင်း” သည် ထိုမျှလောက် မပြည့်စုံသော်လည်း အပြင်းထန်ဆုံး တိုက်စစ်စွမ်းအားကိုသာ လိုက်စားသည့် အဆုံးစွန်သော လှံတစ်စင်းကဲ့သို့ ဖြစ်သည်။

၎င်းသည် “မဟာဓာတ်ကြီးငါးပါး လည်ပတ်ခြင်းဓားသိုင်း” ပင် မယှဉ်နိုင်သောအရာ ဖြစ်သည်။

မြင့်မားသော ခက်ခဲမှုနှင့် လူကို သတ်ဖြတ်ခြင်းတာအိုထဲသို့ လမ်းမှားရောက်သွားစေနိုင်သော အလားအလာသာ မရှိလျှင် လူအများအပြားသည် ၎င်းကို ရွေးချယ်ကြလိမ့်မည်ဖြစ်သည်။

အခြားသော ဓားသိုင်းများအကြောင်းကိုလည်း လေ့လာခဲ့ပြီး အမြင်များကို များစွာ ကျယ်ပြန့်စေခဲ့သည်။

အခြားတပည့် ၇ ယောက်ထံမှ သက်ဆိုင်ရာ ဓားသိုင်းများကို ရရှိခဲ့သော်လည်း “သန့်စင်သောဝိညာဉ် သတ်ဖြတ်ခြင်းဓားသိုင်း” ကပင် လုံလောက်နေပြီဖြစ်သောကြောင့် ပေါင်းစပ်ရန် မလိုအပ်ပေ။

“အလင်းလိုက်ဓားသိုင်း” သည်လည်း ဓားကျမ်းစာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ဓားသိုင်းတစ်ခု မဟုတ်ပေ။

လှုပ်ရှားမှုသိုင်းကွက်တစ်ခု ဖြစ်ပြီး အဆင့်မြင့် မြေကမ္ဘာအဆင့်တစ်ခု ဖြစ်ကာ “ကောင်းကင်တိမ်လွှားနဂါးခြေလှမ်း” ထက် များစွာသာလွန်သည်။

ဤလှုပ်ရှားမှုသိုင်းတွင် မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ တောင်ထွတ်သခင်၏ မျိုးနွယ်ဆက်များမက မည်သူမဆို ရယူနိုင်သည်။

မေးမြန်းပြီးနောက် မိုဆူကွမ်းသည် ထိုနေရာတွင်တင် ချက်ချင်း သင်ကြားပေးခဲ့သည်။

အသုံးပြုရန် ခိုင်လုံသော အကြောင်းပြချက်တစ်ခုသာ လိုအပ်သည်။ တပည့်အများအပြားသည် ဤလှုပ်ရှားမှုသိုင်းကွက်ကို သင်ယူခဲ့ကြပြီးဖြစ်သောကြောင့် ၎င်းတို့ထံမှ လွယ်ကူစွာ ရရှိနိုင်သည်။

“စနစ်... ‘အလင်းလိုက်ဓားသိုင်း’ ကို မြှင့်တင်မယ်...”

မုန့်ချန်ချင်း ပြောလိုက်သည်။

ဒင်!

[မြေကမ္ဘာအဆင့် ကျွမ်းကျင်ကဒ် တစ်ကဒ် အသုံးပြုနေပါသည်...]

[အလင်းလိုက်ဓားသိုင်း’ ကို ပြီးပြည့်စုံခြင်း အဆင့်သို့ မြှင့်တင်ပြီးပါပြီ...]

ဤစကားတွေထွက်ပေါ်လာသည်နှင့် မုန့်ချန်ချင်းစိတ်ထဲ အတွေးအမြင်တွေ လိမ့်တက်လာခဲ့သည်။

“ကောင်းကင်တိမ်လွှားနဂါးခြေလှမ်း” ၏ ပုံရိပ်ယောင်သဘာဝနှင့် နှိုင်းယှဉ်ပါက “အလင်းလိုက်ဓားသိုင်း” သည် အလွန်အမင်းမြန်ဆန်သော အရှိန်အဟုန်အကြောင်းဖြစ်ပြီး တာတိုပေါက်ကွဲအားနှင့် တာဝေးလိုက်လံဖမ်းဆီးခြင်း နှစ်ခုစလုံးတွင် ထူးချွန်သည်။

သူ၏အကြီးမားဆုံးအားနည်းချက်မှာ လှုပ်ရှားမှုဖြစ်သောကြောင့် အသေးစိတ်အချက်အလက်များကိုနားလည်ပြီးနောက် မုန့်ချန်ချင်း သင်ယူရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။

ယခုအခါတွင် ဤအားနည်းချက်သည် လုံးဝ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်ဖြစ်သည်။

ခဏအကြာတွင် မြှင့်တင်ခြင်း ပြီးဆုံးသွားခဲ့သည်။

မုန့်ချန်ချင်းခန္ဓာကိုယ် အနည်းငယ်တုန်ခါနေပြီး ဂရုတစိုက်မကြည့်လျှင် သတိမထားမိနိုင်ပေ။

“တကယ်ကို မယုံနိုင်စရာကောင်းတဲ့ အရှိန်ပဲ...”

မုန့်ချန်ချင်းတွေးပြီး အနည်းငယ်တုန်လှုပ်သွား၏။

လွန်ခဲ့သည့်တစ်ခဏကတင် သူက ခန်းမကို တစ်ပတ်ပတ်ပြီးသွားပြီဖြစ်သည်။

အရှိန်ကြောင့်သာ နေရာမှမရွေ့ဟု ထင်နေရတာဖြစ်သည်။

“အဆင့်မြင့်မြေကမ္ဘာအဆင့်လှုပ်ရှားမှုနည်းစနစ်က မျှော်လင့်ထားတဲ့အတိုင်းပဲ...” မုန့်ချန်ချင်း ပြုံးလိုက်သည်။

ဤလှုပ်ရှားမှုနည်းစနစ်နှင့် သူ၏ခွန်အားနောက်တစ်ကြိမ် သိသိသာသာ တိုးမြင့်လာမည်ဖြစ်သည်။

“သန့်စင်သောဝိညာဉ် သတ်ဖြတ်ခြင်းဓားသိုင်း” မှ ဓားကွက်များနှင့် ပေါင်းစပ်လိုက်လျှင် စွမ်းအားသည် စိတ်ကူး၍ပင် ရနိုင်မည် မဟုတ်ပေ။

“ဂျူနီယာညီလေးမုန့်...”

ရုတ်တရက် ခန်းမဆောင်အပြင်ဘက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုသူမှာ ဤကာလအတွင်း တော်တော်လေး ရင်းနှီးလာခဲ့သည့် လန်ချန်း ဖြစ်သည်။

“စီနီယာအစ်ကိုကြီးလန်...”

မုန့်ချန်ချင်း ခန်းမတံခါးကိုဖွင့်ရင်း ပြန်လည် ထူးလိုက်သည်။

“မင်းရဲ့ ကျင့်ကြံခြင်းကို ငါ နှောက်ယှက်မိပြီလား...”

လန်ချန်းပြုံးပြီး မေးလိုက်သည်။

“မဖြစ်ပါဘူး၊ ကျွန်တော် ခုလေးတင် ကျင့်ကြံလို့ပြီးတာ...”

မုန့်ချန်ချင်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“စီနီယာအစ်ကိုကြီးလန်မှာ အရေးကြီးတဲ့ ကိစ္စရှိလို့လား...”

“ဟုတ်တယ်၊ ပြင်ဆင်ထားလိုက်ဦး... ငါတို့ ဂိုဏ်းသခင်တောင်ထိပ်ကို သွားရမယ်...”

လန်ချန်းပြောလိုက်သည်။

“ဂိုဏ်းချုပ်ကြီးက မင်းကို တွေ့ချင်နေတယ်...”

အခန်း (၁၂၂)

ဤအရာက တကယ်ကို ဆရာကြီးတွေပဲနေတဲ့ဂိုဏ်းပဲ၊ လူတိုင်းက ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားကြတယ်

ဤစကားကို ကြားလိုက်ရချိန်တွင် မုန့်ချန်ချင်း အံ့အားသင့်သွားခဲ့သည်။

ဂိုဏ်းချုပ်ကြီးက ဆင့်ခေါ်တယ် ဟုတ်လား...

ဂိုဏ်းအတွင်း၌ အလွန်ဆန်းကြယ်လှသော ပုဂ္ဂိုလ်မှာ တောင်ထွတ်သခင်အသီးသီး မဟုတ်ဘဲ ဆယ်စုနှစ်ပေါင်းများစွာ လူလုံးပြလေ့မရှိသည့် ဂိုဏ်းချုပ်ကြီး ဖြစ်သည်။

သူက ခေါင်းပဲမြင်ရပြီး အမြီးကိုမူ ရှာမရနိုင်သည့် နဂါးတစ်ကောင်ကဲ့သို့ပင်။

“ငါတို့တင်မကဘူး... ကျန်တဲ့တောင်ထွတ် ၆ ခုက သိုင်းပညာတပည့်တွေလည်း သွားကြမှာ...”

လန်ချန်းက ရှင်းပြလိုက်သည်။

“သိုင်းပြိုင်ပွဲမတိုင်ခင် စုဝေးပွဲတစ်ခုလို့ သတ်မှတ်လို့ရတယ်... ဒါထက် ဂိုဏ်းသုံးဂိုဏ်း သိုင်းပညာပြိုင်ပွဲကြီးကလည်း ၆ ရက်ပဲ လိုတော့တာလေ...”

“နားလည်ပြီ...”

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်ပြီး အနည်းငယ် မျှော်လင့်တောင့်တမိသွားသည်။

ယခုအချိန်အထိ ဝိညာဉ်တောင်ထိပ်၏ ထိပ်သီးပါရမီရှင်များနှင့်သာ တွေ့ဆုံဖူးသေးသည်။ ကျန်ရှိသော တောင်ထွတ် ၆ ခုမှ လူများနှင့် မတွေ့ရသေးပေ။

၎င်းတို့အားလုံးက နောင်တွင် ရင်းနှီးရမည့် မိတ်ဆွေလောင်းလျာများ မဟုတ်ပါလား။

“ကောင်းပြီ... ဒါဆို သွားကြတာပေါ့... ကျွန်တော့်မှာ ပြင်ဆင်စရာ ဘာမှမရှိဘူး...”

မုန့်ချန်ချင်း ခန်းမဆောင်အပြင်ဘက်သို့ ခြေလှမ်းလှမ်းလိုက်သည်။

“ကောင်းပြီ...”

ဝိညာဉ်ခန်းမဆောင်တွင် အခြားလူအများစု ရောက်ရှိနေကြပြီ ဖြစ်သည်။

မိုဆူကွမ်းသည်လည်း မိုရှောင်ယုနှင့်အတူ ခန်းမဆောင်ထဲမှ ထွက်လာခဲ့သည်။

မိုရှောင်ယုက မိုဆူကွမ်း၏ သမီးအရင်းမဟုတ်ဘဲ ခရီးသွားလာစဉ် တွေ့ရှိခဲ့သည့် မိဘမဲ့မိန်းကလေးတစ်ဦး ဖြစ်သည်။

သူမကို ခေါ်ဆောင်လာခဲ့ပြီးနောက် သူ၏မျိုးရိုးအမည်ကို ပေးခဲ့ခြင်းဖြစ်သည်။

ဤအရာက အမှန် ဖြစ်စေ၊ မဖြစ်စေ ဘယ်သူမှ ဂရုမစိုက်ကြဘဲ အရေးမကြီးလှပေ။

ဟွန့်...

မုန့်ချန်ချင်းကို မြင်သည်နှင့် မိုရှောင်ယုက သေးငယ်သော လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်လုံးများထဲတွင် ပြိုင်ဆိုင်လိုစိတ်များ ပြည့်နှက်နေခဲ့ရာ မုန့်ချန်ချင်းကို အနည်းငယ် အကူညီမဲ့သွားစေခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ဤမိန်းကလေးငယ်ကို မပြစ်မှားခဲ့ဖူးသော်လည်း သူမက သူ့အပေါ် ပြင်းထန်သော ရန်လိုမှု ရှိနေပုံရသည်။

တွေ့သည့်အကြိမ်တိုင်းတွင်လည်း သူမ၏ အသာစီးရလိုမှုကို ကြေညာနေသကဲ့သို့ စိုက်ကြည့်တတ်ပြီး အတွေးများကို မျက်နှာပေါ်တွင် အထင်အရှား ရေးသားထားတတ်၏... ရိုးရှင်းပြီး ဖြူစင်လှသည်။

သို့သော်လည်း မိုရှောင်ယုက မွေးရာပါဓားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် အသန်မာဆုံးဖြစ်သည်မှာ အမှန်ပင်။

လန်ချန်းပင် သူမကို မယှဉ်နိုင်ပေ။

“လူစုံပြီဆိုရင် သွားကြစို့...”

မိုဆူကွမ်း မုန့်ချန်ချင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

တောင်ထိပ်သခင်က သူ့ကို အလေးအနက်ထားသည်မှာ မဆန်းပေ။

သူ၏ကျင့်ကြံခြင်းက နေ့စဉ်နှင့်အမျှ တိုးတက်နေပုံရသည်။ မကြာသေးမီကမှ တာအိုဖန်တီးခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ယခုအခါ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မိုဆူကွမ်း ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ခြေဖဝါးအောက်တွင် ကြီးမားသော ဓားအလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။

ထို့နောက် လူတိုင်း ၎င်းအပေါ်သို့ တက်လိုက်ကြပြီး ဓားအလင်းတန်းက ဖျတ်ခနဲ လက်သွားကာ ဂိုဏ်းသခင်တောင်ထိပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

“ဒါက ဘယ်လိုစွမ်းအားလဲ...”

ခြေဖဝါးအောက်ရှိ ဓားအလင်းတန်းက စစ်မှန်အနှစ်သာရသက်သက်ဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ အခြားသော တည်ရှိမှုတစ်ခုလည်း ပါဝင်နေကြောင်း မုန့်ချန်ချင်း အာရုံခံမိသည်။

၎င်းက ပြင်းထန်သည့်တွန်းကန်အားရှိပြီး ပိုမိုနက်ရှိုင်းစွာ စုံစမ်းစစ်ဆေးရန် ကြိုးပမ်းမှုမှန်သမျှကို ပိတ်ဆို့ထားသည်။

“ဒါက ဝိညာဉ်စွမ်းအားပဲ...”

ရုတ်တရက် နားထဲသို့ အသံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။

မုန့်ချန်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ တောင်ထွတ်သခင်၏ အသံဖြစ်ကြောင်း သိလိုက်သော်လည်း တောင်ထွတ်သခင်က ရှေ့တွင် ကျောပေးလျက် ရပ်နေဆဲဖြစ်သည်ကို သတိပြုမိ၏။

“နတ်ဘုရားရရှိခြင်းနယ်ပယ်က သိုင်းပညာရှင်တွေက အသိစိတ်ပင်လယ်ကို ဖွင့်လှစ်နိုင်ပြီး စိတ်ဝိညာဥ်လျှို့ဝှက်ချက်တွေကို အဆက်မပြတ်စူးစမ်းနေရတာ... ဒါ့ကြေင့် ဝိညာဉ်စွမ်းအားကို ထုတ်လုပ်နိုင်တာပဲ... ဒါက ဝိညာဉ်စွမ်းအားရဲ့ အရိုးရှင်းဆုံးအသုံးပြုမှုဖြစ်တဲ့ စိတ်ချင်းဆက်သွယ်ခြင်းပဲ...”

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

စိတ်ဝိညာဥ်လျှို့ဝှက်ချက်များအကြောင်းကို ယခင်က ကြားဖူးခဲ့သည်။

၎င်းက လူ့ခန္ဓာကိုယ်၏ အလွန်ဆန်းကြယ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဦးနှောက်၏အနက်ပိုင်းတွင် တည်ရှိသည်ဟု ဆိုကြသည်။

ရှေးဟောင်းစာအုပ်အချို့တွင်မူ စိတ်ဝိညာဥ်လျှို့ဝှက်ချက်များကို အပြည့်အဝ ဖော်ထုတ်နိုင်လျှင် ထာဝရရှင်သန်ခြင်း၏ သော့ချက်ကို ရှာဖွေနိုင်လိမ့်မည်ဟု ချဲ့ကားရေးသားထားကြသည်။

တာအိုဖန်တီးခြင်းနယ်ပယ်၏ အလွန်တွင် နတ်ဘုရားရရှိခြင်းနယ်ပယ် ရှိသည်။

ဂိုဏ်းသုံးဂိုဏ်း သိုင်းပညာပြိုင်ပွဲကြီးပြီးနောက် ဤဆန်းကြယ်ပြီး အစွမ်းထက်သော နယ်ပယ်သို့ ခြေလှမ်းလှမ်းနိုင်ရန် သိပ်မကြာတော့ဟု ယုံကြည်နေသည်။

တွေးတောနေစဉ်အတွင်း ဓားအလင်းတန်းက ဂိုဏ်းသခင်တောင်ထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုက်ရွှမ်းဂိုဏ်း၏ တောင်ထွတ် ၇ ခုအနက် ဂိုဏ်းသခင်တောင်ထိပ်က အမြင့်ဆုံးနှင့် အခမ်းနားဆုံး ဖြစ်သည်။

သို့သော်လည်း လူသူနည်းပါးလှသောကြောင့် အနည်းငယ် ခြောက်ကပ်ကပ် ဖြစ်နေသည်။

ဓားအလင်းတန်း ဆင်းသက်လိုက်ချိန်တွင် လူအချို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ဝတ်စုံများကို ကြည့်ရသရွေ့ ၎င်းတို့က သိုင်းပညာတောင်ထိပ်မှ ဖြစ်ကြသည်။

“မတွေ့တာကြာပြီနော် ညီ ၆...” ခေါင်းဆောင်ဖြစ်သူက ပြုံးလျက် နှုတ်ဆက်လိုက်သည်။

သူက မိုဆူကွမ်းနှင့် အသက်အရွယ်တူပုံရပြီး ဆံပင်များ ဖြူစပြုနေသော်လည်း အရပ်ရှည်ကာ ထည်ဝါသော ခန္ဓာကိုယ်ရှိသည်။

ကျောပြင်တွင် ဓားမကြီးတစ်လက်ကို လွယ်ထားပြီး ထူထဲသော မျက်ခုံးမွှေးများနှင့် မျက်လုံးကြီးများ ရှိသည်။

သူက သိုင်းပညာတောင်ထိပ်သခင် ရှန်ကွမ်းကျီ ဖြစ်သည်။

“အစ်ကို ၅... ကျွန်တော့်ကို ညီ ၆ လို့ မခေါ်ပါနဲ့လို့ ပြောထားတယ်မဟုတ်လား...”

မိုဆူကွမ်းက မတတ်နိုင်သလို ပြောလိုက်သည်။

“ညီ ၆” ဟူသော ခေါ်ဝေါ်မှုတွင် အမှားအယွင်းမရှိသော်လည်း သူ့အတွက် အမြဲတမ်း အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားရစေသည်။

“ဟဲဟဲဟဲ... ငါ့အတွက်တော့ ခေါ်ရတာ အဆင်ပြေပါတယ်...”

ရှန်ကွမ်းကျီ ရယ်မောလိုက်ပြီးနောက် ကျားတစ်ကောင်ကဲ့သို့ စူးရှသော မျက်လုံးများက အခြားလူများကြားတွင် ရပ်နေသည့် မုန့်ချန်ချင်းထံသို့ ကျရောက်သွားခဲ့သည်။

ထိုအခါ မုန့်ချန်ချင်း ချက်ချင်းပဲ ပြင်းထန်သော လေပြင်းများကြားထဲ ရောက်ရှိသွားပြီး လွှမ်းမိုးချုပ်ကိုင်ထားသော ဓားအရှိန်အဝါများဖြင့် ဝန်းရံခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“ဒီတော့ ဒါက ငါတို့ရဲ့ အနာဂတ်...”

ရှန်ကွမ်းကျီက စကားစဖြတ်လိုက်ပြီး ဆက်ပြောရန်မသင့်တော်ကြောင်း သတိပြုမိသွားသည်။

စကားလုံးများကို ပြန်ရုတ်သိမ်းလိုက်သော်လည်း ကျေနပ်ပုံရ၏။

“မဆိုးဘူး... မဆိုးဘူး... ဂိုဏ်းရဲ့အကူအညီမပါဘဲ ကျင့်ကြံခြင်းက ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ... တကယ်ကို ကြီးမားတဲ့ ပါရမီ...”

သူစကားမဆုံးမီ မိုဆူကွမ်းက သူ၏ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်ပြီး မတတ်နိုင်သလို ကြည့်ကာ ပြောလိုက်သည်။

“စကားကို သတိထားပါ...”

ရှန်ကွမ်းကျီက မိမိအမှားကို သတိပြုမိသွားပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

"ဒီလိုခွန်အား..."

စကားဝိုင်းကို ဂရုမစိုက်ဘဲ မုန့်ချန်ချင်း တွေးလိုက်သည်။

ရှန်ကွမ်းကျီ၏ အကြည့်မှ ထွက်ပေါ်လာသော ဖိအားက ပြင်းထန်လွန်းလှသည်။

ဒါက သိုင်းပညာတောင်ထိပ်သခင်၏ အစွမ်းပေါ့... ငါ့ရဲ့ တောင်ထွတ်သခင်ထက်တောင် ပိုပြီး သန်မာနေပုံရတယ်...

သိုင်းပညာတောင်ထိပ်က ဓားမော့သိုင်းပညာကို အထူးပြုသည်။

ဓားသိုင်း သို့မဟုတ် ဓားမော့သိုင်း မည်သည့်အရာက ပိုမိုသာလွန်သည်ဟူသော အဖြေ အတိအကျမရှိသော်လည်း နောက်ဆုံးတွင် ကျင့်ကြံသူအပေါ်၌သာ မူတည်သည်။

ဤအတွေးနှင့်အတူ ကြည့်ရှုရေးမျက်လုံးကို အသက်သွင်းလိုက်သည်။

သိုင်းပညာတောင်ထိပ်၏ ခေါင်းဆောင်တွင် အထင်ကြီးစရာကောင်းသော အချက်အလက်ဇယား ရှိနေမည်မှာ သေချာလှသဖြင့် သံသယကို အတည်ပြုချင်နေမိသည်။

အခြေခံအချက်အလက်-

[အမည် - ရှန်ကွမ်းကျီ]

[မျိုးနွယ် - လူသား]

[ကျင့်ကြံဆင့် - နတ်ဘုရားရရှိခြင်းနယ်ပယ် အဆင့် ၅ (ယာယီ)]

ပင်ကိုယ်ပါရမီအချက်အလက်-

[အမြစ်ရိုး - အဆင့် ၂]

[နားလည်နိုင်စွမ်း - သာလွန်]

[ပါရမီစွမ်းရည် - ဓားမော့အရိုး]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ - “အသက်မဲ့ဓားမော့ကျမ်း - နတ်ဘုရားသတ်ဖြတ်ခြင်းအပိုင်း” (ကျွမ်းကျင်)...]

အချက်အလက်ဇယားကို စစ်ဆေးပြီးနောက် မုန့်ချန်ချင်း လက်သီး အနည်းငယ် ဆုပ်လိုက်သည်။

ယခင်သံသယက အတည်ပြုနိုင်ခဲ့ပြီ ဖြစ်၏။

ကျမ်းဆောင်စောင့်အကြီးအကဲနှင့် မိမိ၏ တောင်ထွတ်သခင်တင်မကဘဲ အခြားသော တောင်ထွတ်သခင်များသည်လည်း စစ်မှန်သော ကျင့်ကြံဆင့်ကို ချိတ်ပိတ်ထားကြပြီး ၎င်းတို့၏ အမှန်တကယ် အစွမ်းထက်မှုထက် များစွာ လျှော့ချပြသထားကြသည်။

အခြားသော ပဟေဠိဖြစ်စရာအချက်တစ်ခုမှာ တောင်ထွတ်သခင်တစ်ဦး၏ အမြစ်ရိုးက အဆင့်၂ သာ ရှိခြင်းဖြစ်သည်။

သို့သော် သေချာတွေးကြည့်ပြီးနောက် အဓိပ္ပာယ်ရှိကြောင်း နားလည်သွားခဲ့သည်။

ဒုတိယအဆင့်က ထူးချွန်သော အဆင့်တစ်ခုဖြစ်ပြီး မြင့်မားသော အောင်မြင်မှုများဆီသို့ ဦးဆောင်နိုင်စွမ်း ရှိသည်။

ထို့အပြင် ကျင့်ကြံခြင်းလမ်းစဉ်က အမြစ်ရိုးတစ်ခုတည်းအပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ပေ။

၎င်းက အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။

“ဒီဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေက ငါထင်ထားတာထက် အများကြီး ပိုနက်ရှိုင်းတာပဲ...”

မုန့်ချန်ချင်းအကြည့်ကို ပြန်ရုတ်သိမ်းပြီး တွေးလိုက်သည်။

လူတိုင်းက စစ်မှန်သော ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားကြတယ်...

ဒါရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က ဘာဖြစ်မလဲ...

All Chapters