အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း (၁၂၅)
တောအုပ်ထဲမှာ ထိုးထွက်နေတဲ့ သစ်ပင်
မုန့်ချန်ချင်း ဝေခွဲမရ ဖြစ်သွားခဲ့သည်။
စကတည်းက ယခုအထိ သူသည် မည်သည့်စကားတစ်ခွန်းမျှ မဆိုဘဲ ငြိမ်ငြိမ်လေးသာ နေခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့် ဂိုဏ်းသခင်က သူ့ကို ရုတ်တရက်ကြီး ချီးမွမ်းလိုက်ရသနည်း။
ပတ်ဝန်းကျင်မှ တုန်လှုပ်မှု၊ အားကျမှု သို့မဟုတ် မနာလိုမှုများဖြင့် ပြည့်နှက်နေသော အကြည့်များကို ခံစားမိရင်း သူသည် တောအုပ်ထဲတွင် ထိုးထွက်နေသဖြင့် လေတိုက်ခံနေရသည့် သစ်ပင်ကြီးတစ်ပင်ကဲ့သို့ အမှန်တကယ် ခံစားလိုက်ရသည်။
သို့သော်လည်း မုန့်ချန်ချင်း မည်သည့်တုန်လှုပ်မှုကိုမျှ မရှိခဲ့ပေ။
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား၊ ယုံကြည်မှုဆိုသည်မှာ အစွမ်းထက်မြက်မှုကနေ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
သူ၏ သက်တူရွယ်တူများ၏ အကြည့်သက်သက်က သူ့ကို ဖိအားမပေးနိုင်ပေ။
၎င်းတို့အားလုံး ဝိုင်းဖွဲ့တိုက်ကြလျှင်ပင် သူ၏ပြိုင်ဘက် ဖြစ်လာကြမည်မဟုတ်။
ဤသို့တွေးရင်း ခပ်ဖွဖွ ပြုံးလိုက်ပြီး အပြင်သို့ ထွက်ခွာရန် လှည့်လျှောက်လိုက်သည်။
လန်ချန်းက ခဏမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် သူ၏နောက်မှ လိုက်လာခဲ့၏။
မုန့်ချန်ချင်းတွင် ထူးခြားသော အရည်အချင်းများ ရှိကြောင်း၊ အထူးသဖြင့် သူ၏ ထူးချွန်လှသော နားလည်နိုင်စွမ်းကို သူ သိထားသည်။
သို့သော် ထိုသို့ဆိုလျှင်ပင် ဆန်းကြယ်လှသော ဂိုဏ်းသခင်ထံမှ ဤကဲ့သို့သော ချီးမွမ်းမှုကို ရရှိရန်တော့ မလုံလောက်သေးချေ။
လန်ချန်း တွေးတောနေသကဲ့သို့ အခြားသူများလည်း တွေးတောနေကြသည်။
သူတို့အားလုံးက အဓိကခန်းမထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။
“မုန့်ချန်ချင်း...”
ဟန်လျိုယုက နောက်ဆုံးတွင် သူ၏မှင်တက်မှုထဲကနေ သတိပြန်ဝင်လာပြီး သူ၏လက်များကို အနည်းငယ် တင်းတင်းဆုပ်လိုက်မိသည်။
သူ ဤအမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး သူတန်ဖိုးထားရသော အရာတစ်ခုခုက လက်လွတ် ဆုံးရှုံးတော့မည့်အတိုင်း စိတ်မသက်မသာ ဖြစ်ရသည့် ခံစားချက်မျိုးကိုလည်း ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
တပည့်များ ထွက်ခွာသွားပြီးနောက် ခန်းမဆောင်၏ တံခါးများ ပိတ်သွားခဲ့ပြီး အတွင်း၌ လူခုနစ်ဦးသာ ကျန်ရစ်တော့သည်။
တောင်ထွတ်သခင် ခြောက်ဦးနှင့် ဂိုဏ်းသခင်တို့ ဖြစ်၏။
“စီနီယာအစ်ကိုတို့၊ စီနီယာအစ်မတို့... မတွေ့ရတာ ကြာပြီနော်...”
ဂိုဏ်းသခင်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“မတွေ့ရတာ ကြာပြီပဲ...”
မိုဆူကွမ်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
“မင်း ပြီးခဲ့တဲ့အကြိမ် ထွက်လာတုန်းက ငါတံခါးပိတ်ကျင့်ကြံနေလို့ လွဲသွားခဲ့တယ်...”
“နင့်ရဲ့ အရှိန်အဝါကို ကြည့်ရတာတော့ သိသိသာသာကို တိုးတက်လာပုံပဲ...”
ဆေးဘုရင်တောင်ထိပ်၏ သခင်ဖြစ်သူ၊ ကြင်နာပြီး နူးညံ့သောအမူအရာ ရှိသည့် သက်ကြီးအမျိုးသမီးက ပြောလိုက်သည်။
“ဟုတ်တယ်... ကျွန်တော့်ရဲ့ ကျင့်ကြံရေးနည်းစနစ်ကို အဆင့်တစ်ခု ထပ်တိုးမြှင့်နိုင်ခဲ့ပါတယ်...”
ဂိုဏ်းသခင်က ခေါင်းညိတ်လိုက်၏။
“ဂိုဏ်းရဲ့ ကိစ္စရပ်တွေက အများကြီးပဲ... မင်းတို့နဲ့ ဒီမှာ အချိန်ဖြုန်းပြီး အလကား စကားစမြည်ပြောနေဖို့ ငါ့မှာ အချိန်မရှိဘူး...”
မဟာအကြီးအကဲက ရုတ်တရက် ဖြတ်ပြောလိုက်သဖြင့် လူတိုင်း ငြိမ်ကျသွားကြသည်။
ဂိုဏ်းသခင်ကလည်း စိတ်ပျက်လက်ပျက် ပြုံးရုံသာ ပြုံးနိုင်ပြီး စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ရသည်။
“တစ်ဆယ့်သုံးယောက်မြောက် ဂျူနီယာညီမလေးဆီက လာတဲ့ သတင်းအရတော့... ဒီတစ်ကြိမ် သိုင်းပြိုင်ပွဲရဲ့ ဒိုင်လူကြီးတွေက ဗဟိုပြည်နယ်ကဖြစ်ပြီး သူတို့က နေမီးတောက်တောင်ကြားအတွက် တစ်ခုခု ယူဆောင်လာကြတယ်လို့ သိရတယ်...”
ဤအရာကို ကြားလိုက်ရချိန်တွင် တောင်ထွတ်သခင် ခြောက်ဦးစလုံး မျက်ခုံးများ တွန့်သွားခဲ့ကြသည်။
“မင်း ဆိုလိုတာက ဒီသိုင်းပြိုင်ပွဲမှာ နေမီးတောက်တောင်ကြား တပည့်တွေရဲ့ခွန်အားက တိုးတက်လာလိမ့်မယ်လို့ ဆိုလိုတာလား...”
မဟာအကြီးအကဲ မေးလိုက်သည်။
“ဖြစ်နိုင်ချေ အများကြီး ရှိတယ်...”
ဂိုဏ်းသခင်က ပြန်ဖြေလိုက်၏။
“ဟမ့်... ဒါတွေ အားလုံးက မင်းရဲ့ အတိတ်က အမှားတွေကြောင့်ပဲ...”
မဟာအကြီးအကဲ၏ မျက်နှာက အတိတ်က ကိစ္စရပ်များကို ပြန်လည်တွေးတောမိရင်း မည်းမှောင်သွားခဲ့သည်။
သူ ထွက်ခွာသွားချင်သော်လည်း ဇွတ်အတင်း ဆက်နေလိုက်ရ၏။
“ကျွန်တော်တို့ ပထမအဆင့်အတန်းကို တိုးမြှင့်ဖို့က ပိုပြီး ခက်ခဲလာမယ့်ပုံပဲ...”
ရှန်ကွမ်းကျီက သူ၏ မုတ်ဆိတ်ရှည်ကို သပ်ရင်း သက်ပြင်းချလိုက်သည်။
“နေမီးတောက်တောင်ကြားဆိုတာ စကတည်းက ငါတို့ ထိုက်ရွှမ်းဂိုဏ်းကို ဖိနှိပ်ဖို့ တည်ဆောက်ထားတာပဲ... မဟုတ်ရင် အသစ်တိုးမြှင့်ထားတဲ့ အင်အားစုတစ်ခုက ဘယ်လိုလုပ် ဒီလောက် မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်မှာလဲ...”
အစီရင်တောင်ထိပ်သခင်ဖြစ်သည့် အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။
သူမက နုပျိုမှုကို ထိန်းသိမ်းထားသည့် ဆေးလုံးအချို့ကို သောက်သုံးထားပုံရပြီး အတော်လေး နုပျိုသောပုံစံ ရှိသည်။
“နေမီးတောက်တောင်ကြားရဲ့ အသန်မာဆုံးတပည့်က မွေးရာပါ မီးလျှံခန္ဓာကိုယ် ပိုင်ရှင်ပဲ...”
မိုဆူကွမ်းက တွေးတောရင်း ပြောလိုက်သည်။
“ဒါကြောင့် သူတို့ ဘာကို ယူဆောင်လာနိုင်မလဲဆိုတာ ငါ ခန့်မှန်းလို့ ရတယ်...”
၎င်းကို ကြားလိုက်ရချိန်တွင် အခြားသူများလည်း အတွေးနက်သွားပုံရသည်။
“အကယ်၍ အဲဒီအရာသာ အမှန်တကယ် ဖြစ်နေရင် ဟန်လျိုယုတောင် ရှုံးလိမ့်မယ်...”
မဟာအကြီးအကဲက အသက်ပြင်းပြင်း ရှူလိုက်သည်။
“ရှီယင်ချင်း... ငါ မသေခင်မှာ ဂိုဏ်းကို အဆင့်အတန်း တိုးမြှင့်တာကို သေချာပေါက် မြင်သွားရမယ်လို့ ငါ ပြောခဲ့တယ်... ဒါက ငါတို့ဂိုဏ်းရဲ့ မျိုးဆက်ပေါင်းများစွာ တောင့်တခဲ့တဲ့ ဆန္ဒပဲ...”
“အစ်ကို ၂... စိတ်မပူပါနဲ့...”
ရှီယင်ချင်းက ချက်ချင်း ပြောလိုက်သည်။
“လျိုယုက သန်မာတယ်ဆိုပေမဲ့ သူက ဒီပြိုင်ပွဲရဲ့ သော့ချက် မဟုတ်ပါဘူး...”
“သူ မဟုတ်ရင် ဘယ်သူလဲ...”
မဟာအကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။
“မင်း ခုနက ပြောခဲ့တဲ့ မုန့်ချန်ချင်းကို ဆိုလိုတာလား...”
“သူ့မှာ ကြီးမားတဲ့ အလားအလာနဲ့ ကံတရားတွေ ရှိနေပေမဲ့ အလားအလာဆိုတာ အပြည့်အဝ အကောင်အထည် မဖော်နိုင်မချင်း အလားအလာသက်သက်ပဲ... ဓားချီလား... ဒီထဲက ဘယ်သူ့မှာ မရှိလို့လဲ...”
“ငါ အရင်ကတည်းက ပြောခဲ့တယ်... ငါတို့ တစ်ယောက်ယောက်ကို ပျိုးထောင်မယ်ဆိုရင် စောင့်ဆိုင်းပြီး စမ်းသပ်မနေဘဲ ချက်ချင်း လုပ်သင့်တယ်လို့...”
“အစ်ကို ၂... ကျေးဇူးပြုပြီး ကျွန်တော့်ကို စကားပြောခွင့်ပေးပါဦး...”
ရှီယင်ချင်း အနည်းငယ် အကူအညီမဲ့စွာ ပြောလိုက်ရသည်။
အစ်ကို ၂ က ဤကဲ့သို့ပင် ဖြစ်သည်။
စကားစလိုက်သည်နှင့် ရေတံခွန်ကဲ့သို့ အဆက်မပြတ် စီးဆင်းတော့သည်။
“အရင်ကတော့ မဟုတ်နိုင်ပေမဲ့... ခုနတင်ပဲ ကျွန်တော် သူ့ဆီကနေ စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်...”
“ဘာလဲ...”
မိုဆူကွမ်းက မုန့်ချန်ချင်းသည် သူ၏ ဝိညာဉ်တောင်ထိပ်က တပည့်ဖြစ်သဖြင့် မေးလိုက်သည်။
“ဒါ...”
ရှီယင်ချင်းက ပြုံးပြီး လက်ချောင်းကို လှုပ်ရှားလိုက်ရာ ခန်းမအတွင်းရှိ မြင်ကွင်းက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
အဓိကခန်းမ၏ အပြင်ဘက်တွင် မုန့်ချန်ချင်းသည် ကျောက်တုံးကြီးတစ်ခုကို မှီပြီး သက်တောင့်သက်သာရှိသော ပုံစံဖြင့် ရင်ပြင်၏ အစွန်းတွင် ရပ်နေသည်။
မလှမ်းမကမ်းတွင် ပါရမီရှင်တပည့် အချို့က သူ့ကို လှမ်းကြည့်ရင်း လက်ညှိုးထိုးကာ တိုးတိုးတိုးတိုး ပြောဆိုနေကြသည်။
ဂိုဏ်းသခင်၏ စကားလုံးများက ၎င်းတို့ကို ဝေခွဲမရ ဖြစ်စေပြီး မကျေမနပ် ဖြစ်စေခဲ့တာ ထင်ရှား၏။
ဘာလို့လဲ... ဘာလို့ တာအိုဖန်တီးခြင်းနယ်ပယ်ဝင်ခါစ သာမန်ပါရမီရှင်တစ်ယောက်က ဘာလို့ ဂိုဏ်းသခင်၏ ဤကဲ့သို့သော ချီးမွမ်းမှုကို ရရှိရတာလဲ...
၎င်းတို့ထဲက မည်သူမဆို သူတို့ကိုယ်သူတို့ သူ့ထက် ပိုမိုသန်မာသည်ဟု ခံစားနေကြရသည်။
သို့သော်လည်း တင်းကျပ်သော ဂိုဏ်းစည်းကမ်းများနှင့် မဟာအကြီးအကဲ ရှိနေခြင်းကြောင့် ၎င်းတို့ ပြဿနာမရှာရဲကြပေ။
“ဟေး...”
အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
မုန့်ချန်ချင်း လှည့်ကြည့်လိုက်ရာ မိုရှောင်ယုကို မြင်လိုက်ရသည်။
သူမက ကျောက်တုံးကြီးတစ်ခုကို ဆွဲယူလာပြီး ၎င်းအပေါ်တွင် ရပ်ကာ သူနှင့် မျက်လုံးချင်း ဆုံလိုက်သည်။
“ဘာကိစ္စရှိလို့လဲ...”
မုန့်ချန်ချင်း မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
“ပြောစမ်းပါဦး... နင် ဂိုဏ်းသခင်နဲ့ အရင်ကတည်းက သိနေတာလား... မဟုတ်ရင် သူက ဘာလို့ ငါ့ကို မချီးမွမ်းဘဲ နင့်ကို ချီးမွမ်းရတာလဲ... ငါက ပုန်းကွယ်နဂါးစာရင်းမှာ အဆင့် ၄ ရှိတာနော်...”
မိုရှောင်ယုက လက်ပိုက်လျက် အနည်းငယ် စိတ်ဆိုးမာန်ဆိုးဖြင့် မေးလိုက်သည်။
“ကောင်းကင်နဲ့ မြေကြီးကို သက်သေတည်ပါတယ်... ဒီနေ့က ငါ ဂိုဏ်းသခင်နဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာပါ...”
မုန့်ချန်ချင်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
“တကယ်လား...”
မိုရှောင်ယုက သံသယ ဖြစ်နေဆဲပင်။
သူမ၏ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သော သဘာဝကြောင့် ဖြစ်နိုင်သည်။
အရာရာတိုင်းတွင် အကောင်းဆုံး ဖြစ်ရန် အမြဲတမ်း ရည်မှန်းထားတတ်သည်။
သူမက မုန့်ချန်ချင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီဟု ထင်မှတ်ထားခဲ့သော်လည်း ယနေ့တွင် သူက သူမထက် ထပ်မံ၍ ထူးချွန်ပြသွားခဲ့ပြန်ပြီ။
ဂိုဏ်းသခင်၏ ချီးမွမ်းမှုမျိုးကို သူမ တစ်ကြိမ်မျှ မရရှိဖူးခဲ့ပေ။
တကယ်ကို စိတ်တိုစရာကောင်း၏။
“သေချာတာပေါ့... ငါက ရိုးသားတဲ့လူပါ၊ ဘယ်တော့မှ မလိမ်ဘူး...”
မုန့်ချန်ချင်းက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
“ငါ မယုံဘူး... နင့်ပုံစံက လူလိမ်ကြီးနဲ့ တူတယ်...”
မိုရှောင်ယုက သူမ၏ လက်သီးဆုပ်လေးများကို မြှောက်ပြလိုက်သည်။
“နင် သိုင်းပြိုင်ပွဲမှာ ငါနဲ့ တွေ့ဖို့ ဆုတောင်းထားလိုက်... ငါက နင့်ထက် ပိုသန်မာတယ်ဆိုတာ သက်သေပြဖို့ နင့်ကို တရားမျှတစွာနဲ့ အနိုင်ယူပြမယ်...”
“ပြိုင်ပွဲမှာ တွေ့တယ်ဆိုတာ ငါတို့ဂိုဏ်းအချင်းချင်း ပြန်တိုက်ခိုက်ရမှာလေ... ဒါက အခြားအင်အားစုတွေကိုပဲ အကျိုးအမြတ် ရစေလိမ့်မယ်...”
မုန့်ချန်ချင်းက ပြန်ပြောလိုက်သည်။
“အင်း... ဟုတ်သားပဲ... ဒါဆို ဘယ်သူက အဆင့်ပိုမြင့်လဲဆိုတာ ကြည့်ကြတာပေါ့...”
မိုရှောင်ယုက ထောက်ခံလိုက်သည်။
“ကောင်းပြီ... ဒါပေမဲ့ လောင်းကြေးတော့ ရှိရမယ်လေ...”
မုန့်ချန်ချင်းက အကြံပြုလိုက်၏။
“ဘာလောင်းကြေးလဲ...”
မိုရှောင်ယုက မေးလိုက်သည်။
“အကယ်၍ ငါက နင့်ထက် အဆင့်ပိုမြင့်သွားရင်... နင် ငါ့ရဲ့ တောင်းဆိုချက်တစ်ခုကို သဘောတူရမယ်...”
“ဘာတောင်းဆိုချက်လဲ...”
“ငါ့ရဲ့ အကြီးမားဆုံး ဝါသနာက မိတ်ဆွေဖွဲ့တာပဲ... နင် ငါ့ရဲ့ မိတ်ဆွေဖြစ်ဖို့ သဘောတူရင် ရပြီ...”
“သူငယ်ချင်းလား...”
မိုရှောင်ယု မှင်တက်သွားခဲ့သည်။
ဤကဲ့သို့သော တောင်းဆိုချက်မျိုး ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
“ကောင်းပြီ... ငါ သဘောတူတယ်... ဒါပေမဲ့ နင်က ငါ့အောက် အဆင့်နိမ့်သွားရင်တော့...”
မိုရှောင်ယု ခါးထောက်ပြီး ချစ်စရာကောင်းသော မျက်နှာလေးပေါ်တွင် ကလူမြူဆန်သော အပြုံးလေးဖြင့် ပြောလိုက်သည်။
“နင် တစ်သက်လုံး ငါ့ကို စီနီယာအစ်မလို့ ခေါ်ရမယ်... ပြီးတော့ ငါ့ရဲ့ နောက်လိုက် လုပ်ရမယ်...”
အခန်း (၁၂၆)
သိုင်းပညာပြိုင်ပွဲကြီး စတင်ခြင်း
“ပြဿနာမရှိဘူး...”
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။
“ပါးစပ်နဲ့ ပြောရုံနဲ့ မရဘူး... လာ၊ လက်သန်းချင်း ချိတ်ကြမယ်...”
မိုရှောင်ယုက သူမ၏ လက်သန်းလေးကို ဆန့်ထုတ်ပေးလိုက်၏။
“ကောင်းပါပြီ...”
မုန့်ချန်ချင်း သူမ၏ ကလေးဆန်သော အမူအရာကို သဘောကျမိရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။
နေရောင်ခြည်အောက်တွင် သူတို့နှစ်ဦး၏ လက်သန်းလေးများ ချိတ်ဆက်သွားခဲ့ကြသည်။
သို့သော်လည်း ကွက်တိပင် လူရိပ်တစ်ခု ချဉ်းကပ်လာခဲ့ပြီး သူ၏အရှိန်အဝါကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ဘာလုပ်မလို့လဲ...”
မိုရှောင်ယုက အရင်ဆုံး တုံ့ပြန်လိုက်ပြီး မုန့်ချန်ချင်း၏ ရှေ့တွင် ကာရပ်လိုက်သည်။
ဝိညာဉ်တောင်ထိပ်၏ အသန်မာဆုံး ဂျူနီယာညီမလေးအနေဖြင့် သူမ စံပြပြသရမည် ဖြစ်၏။
ရောက်လာသူက ဟန်လျိုယုဖြစ်ပြီး သူက မိုရှောင်ယုကို လျစ်လျူရှုကာ အကြည့်များက မုန့်ချန်ချင်းထံသို့သာ စိုက်ကြည့်ထားခဲ့သည်။
ထိုအရာက ပတ်ဝန်းကျင်ရှိ တပည့်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့၏။
ဒုန်း... ဒုန်း... ဒုန်း...
မြေပြင်က တုန်ခါသွားခဲ့ပြီး ရှီညီအစ်ကိုများက ရွေ့လျားနေသော တောင်ငယ်လေးများကဲ့သို့ ချဉ်းကပ်လာကြသည်။
“မင်း ဘာလိုလို့လဲ...”
ရှီယောင်က ကျင့်ကြံဆင့်အရ ဟန်လျိုယုထက် များစွာ အားနည်းသော်လည်း ပြင်းထန်စွာ ပြောဆိုလိုက်သည်။
“အစ်ကိုကြီးမုန့်ကို ပြဿနာရှာဖို့ မစဉ်းစားနဲ့... မဟုတ်ရင် မင်းကို ရိုက်ပစ်မယ်...”
ရှီကွမ်က ဘာမှမပြောသော်လည်း ထပ်တူထပ်မျှ ပြင်းထန်သော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ဟန်လျိုယု မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိသည်။
မုန့်ချန်ချင်းတွင် ဤကဲ့သို့သော အကာအကွယ်ပေးမည့်သူများ ရှိနေသည်ကို သူ အံ့ဩသွားခဲ့၏။
ရှီညီအစ်ကိုအကြောင်း သူ ကြားဖူးသည်။
သူတို့က ကြီးမားသော အောင်မြင်မှုများ ရရှိရန် သေချာနေသည့် ထိပ်တန်းခန္ဓာကိုယ်သန့်စင်ခြင်း သွေးမျိုးဆက်ကြောင့် လူသိများကြသည်။
ဤမြင်ကွင်းက မုန့်ချန်ချင်း၏ စိတ်ကို လှုပ်ခတ်သွားစေခဲ့သည်။
“စိတ်မပူပါနဲ့...”
သူက ပြုံးလိုက်ပြီး မိုရှောင်ယု၏ ကော်လံစကနေ မကာ သူမကို သူ၏နောက်သို့ ပို့လိုက်သည်။
“ဟေး...”
မိုရှောင်ယု လန့်သွားခဲ့ပြီး သိက္ခာကျသွားသလို ခံစားရကာ မုန့်ချန်ချင်း၏ ခြေထောက်ကို ဒေါသတကြီး လက်သီးဖြင့် ထုတော့သည်။
ထို့အပြင် ကိုက်ရန်ပင် ကြိုးစားသေးသော်လည်း အရာမထင်ခဲ့ပေ။
နောက်ဆုံးတွင် သူမ၏ သွားများပင် ကျိုးမတတ် ဖြစ်ကာ ငိုချင်စိတ် ပေါက်သွားခဲ့ရသည်။
သူ၏ သန်မာလှသော ခန္ဓာကိုယ်ကို သူမ မည်သို့မျှ မတတ်နိုင်မှန်း သိသွားခဲ့ရ၏။
မုန့်ချန်ချင်းကတော့ မိုရှောင်ယု၏ ရုန်းကန်မှုများကို အာရုံမစိုက်ခဲ့ပေ။
သူ၏ လက်ရှိ ခန္ဓာကိုယ်အစွမ်းနှင့်ဆိုလျှင် သူမ၏ ကြိုးစားမှုများက အလဟသပင် ဖြစ်သည်။
“စီနီယာအစ်ကိုဟန်... ငါ့အတွက် ဘာကိစ္စများ ရှိလို့လဲ...”
သူက တည်ငြိမ်စွာ မေးလိုက်သည်။
နှစ်ဦးက ထိပ်တိုက်ရင်ဆိုင်နေကြပြီး သူတို့၏ အရှိန်အဝါများက အပ်ဖျားချင်း တိုက်မိသကဲ့သို့ ဖြစ်နေသည်။
မုန့်ချန်ချင်းက တာအိုဖန်တီးခြင်းနယ်ပယ်အဆင့် ၂ သာ ရှိသေးသော်လည်း တာအိုဖန်တီးခြင်းနယ်ပယ်အဆင့် ၉ ရှိသော ဟန်လျိုယုကို ကြောက်ရွံ့သည့် အရိပ်အယောင်မျှ မပြဘဲ အေးချမ်းသော အမူအရာကို ထိန်းသိမ်းထားသည်။
“ငါတို့ရဲ့ ဂိုဏ်းသခင်က မင်းကို ဘာလို့ ဒီလောက်တောင် တန်ဖိုးထားရလဲဆိုတာ ငါ နားမလည်ပေမဲ့ ငါက တပည့်တွေထဲမှာ အသန်မာဆုံးဆိုတာကို ငါ သက်သေပြမယ်... ဘယ်သူမှ ငါ့ကို ကျော်ဖြတ်လို့မရဘူး...”
ဟန်လျိုယုက လှုပ်ခတ်၍မရသော ယုံကြည်မှုများဖြင့် ကြေညာလိုက်သည်။
ပြောပြီးသည်နှင့် လှည့်ထွက်သွားခဲ့၏။
မုန့်ချန်ချင်း ဆွံ့အသွားခဲ့ရသည်။
“မင်းကတော့ ခပ်မိုက်မိုက်ကိုက်ဖမ်းတာတော့ တော်တာပဲ... လာကြွားပြီးတော့ လှည့်ထွက်သွားတယ်, ဟမ့်...”
မုန့်ချန်ချင်း ခေါင်းခါယမ်းလိုက်ရင်း ထိုအတွေးကို ဖျောက်ဖျက်လိုက်ပြီး ဟန်လျိုယုကို ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။
ကြည့်နေကြသော တပည့်များကမူ စိတ်ပျက်သွားခဲ့ကြသည်။
သူတို့က မုန့်ချန်ချင်းခွန်အားကို အကဲဖြတ်ရန် စိတ်လှုပ်ရှားစရာ ထိပ်တိုက်တွေ့မှုတစ်ခု မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်သည်။
အများစုကမူ သူ၏ အရည်အချင်းအပေါ် သံသယ ရှိနေကြဆဲဖြစ်ပြီး ဂိုဏ်းသခင်၏ မျက်နှာသာပေးမှုကို အခြားသော အကြောင်းပြချက်များကြောင့်ဟု သတ်မှတ်နေကြသည်။
“မင်းကြောင့် ငါ့ဘောင်းဘီပေါ် တံတွေးတွေ ပေကုန်ပြီ...”
မုန့်ချန်ချင်းက မကျေမနပ်ပုံစံဖြင့် အောက်သို့ ငုံ့ကြည့်ရင်း ပြောလိုက်သည်။
“ဟွန့်... ငါ့ကော်လံစကို လာကိုင်တဲ့အတွက် ဒါ နင့်ထိုက်နဲ့ နင့်ကံပဲ...”
မိုရှောင်ယုက သူမ၏ သွားများကို ပွတ်ရင်း ပြန်ပက်လိုက်သည်။
ထို့နောက် သူအသားဘယ်လောက်မာကြောင်း ရေရွတ်နေလိုက်သည်။
“ကျေးဇူးပါပဲ ညီလေးတို့...”
မုန့်ချန်ချင်းက သူ အကူအညီမလိုသည့်တိုင်အောင် ၎င်းတို့၏ ရပ်တည်ပေးမှုကို အသိအမှတ်ပြုကာ ပြောလိုက်သည်။
“အစ်ကိုကြီးမုန့်... ယဥ်ကျေးလွန်းနေပါပြီ... ကျွန်တော်တို့ အမေက သင်ပေးထားတယ်... မိတ်ဆွေတွေအတွက်ဆိုရင် ဓားနဲ့ထိုးပေးရမယ်တဲ့...”
ရှီယောင်က ယုံကြည်မှုအပြည့်ဖြင့် ရင်ဘတ်ပုတ်ပြီး ပြောလိုက်သည်။
ဖြန်း!
ရှီကွမ်က စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ညီဖြစ်သူ၏ ခေါင်းကို ရိုက်လိုက်သည်။
“အဲဒါ မိတ်ဆွေတွေအတွက် မားမားမတ်မတ်ရပ်တည်ရမယ်လို့ပြောတာဟ... ဓားနဲ့ထိုးရမယ်လို့ ပြောတာမဟုတ်ဘူး... မင်း ဘာတွေ သင်ထားတာလဲ...”
မုန့်ချန်ချင်း ၎င်းတို့၏ အမူအရာများကို ကြည့်ရင်း မရယ်ဘဲ မနေနိုင်ခဲ့ပေ။
အချိန်များက ကုန်ဆုံးသွားခဲ့ပြီး မကြာခင်မှာပင် မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့သည်။
တောင်ထွတ်သခင်များသည် အဓိကခန်းမကြီးထဲကနေ ထွက်လာခဲ့ကြသဖြင့် ယခင်က ပေါ့ပေါ့ပါးပါး နေနေကြသော တပည့်များသည် ချက်ချင်း တန်းစီလိုက်ကြ၏။
“သွားကြစို့...”
မဟာအကြီးအကဲ ဦးဆောင်ပြီး မုန့်ချန်ချင်းကို မျှော်လင့်မထားသော အသိအမှတ်ပြုမှုများ ပါဝင်နေသည့် အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
အခြားသော တောင်ထွတ်သခင်များလည်း မထွက်ခွာမီ မုန့်ချန်ချင်းကို ထပ်တူထပ်မျှ စိတ်ဝင်စားသော အကြည့်များဖြင့် လှမ်းကြည့်ခဲ့ကြသည်။
“မဆိုးဘူး ကောင်လေး...”
မိုဆူကွမ်းက သိနားလည်သော အပြုံးဖြင့် မုန့်ချန်ချင်း၏ ပုခုံးကို ပုတ်လိုက်ပြီးနောက် ဓားအလင်းတန်းတစ်ခုကို ဆင့်ခေါ်ကာ ထွက်ခွာသွားခဲ့သည်။
မုန့်ချန်ချင်း မျက်မှောင်ကြုတ်လျက် တွေးတောနေမိသည်။
ဝိညာဉ်တောင်ထိပ်သို့ ဓားအလင်းတန်းက ဆင်းသက်လာခဲ့၏။
“အားလုံး ကောင်းကောင်း အနားယူကြ... နောက်ခြောက်ရက်နေရင် ဂိုဏ်းသုံးဂိုဏ်း သိုင်းပညာပြိုင်ပွဲကြီး စတော့မယ်... ကောင်းကောင်း စွမ်းဆောင်ကြ...”
မိုဆူကွမ်းက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့...”
တပည့်များက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
မိုဆူကွမ်းက ခန်းမဆောင်အတွင်းသို့ ပြန်ဝင်သွားခဲ့ပြီး တပည့်များကလည်း သူတို့ကိုယ်သူတို့ ပြင်ဆင်ရန်အတွက် ထွက်ခွာသွားကြတော့သည်။
“ဂျူနီယာညီလေးမုန့်... သိုင်းပညာပြိုင်ပွဲကြီးမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရပါစေလို့ ဆုတောင်းပေးပါတယ်...”
လန်ချန်း မုန့်ချန်ချင်းကို ဂါရဝပြုရန် ကျန်ရစ်နေခဲ့ရင်း ပြောလိုက်သည်။
“စီနီယာအစ်ကိုလန်က ငါ့အပေါ် ယုံကြည်မှု ရှိနေတာလား...”
မုန့်ချန်ချင်းက မေးလိုက်၏။
“ငါတစ်ယောက်တည်း မဟုတ်ပါဘူး... တောင်ထွတ်သခင်တွေကလည်း မင်းကို ယုံကြည်ကြတယ်...”
လန်ချန်းက မုန့်ချန်ချင်း၏ ထူးခြားသော အရှိန်အဝါကို သတိပြုမိရင်း ပြန်ဖြေလိုက်သည်။
ပြောပြီးနောက် သူလည်း ထွက်ခွာသွားခဲ့သည်။
မုန့်ချန်ချင်း ကောင်းကင်ကြီးကို မော့ကြည့်ရင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“ငါ တကယ်ပဲ ငါ့ရဲ့ခွန်အားကို ပြသရတော့မယ်... မဟုတ်ရင် ငါ့ရဲ့ နောင်လာမယ့် အရင်းအမြစ်တွေက ဘယ်ကနေ ရောက်လာမှာလဲ...”
အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မကြာခင်မှာပင် ဂိုဏ်းသုံးဂိုဏ်း သိုင်းပညာပြိုင်ပွဲကြီး ကျင်းပမည့် နေ့ရက်သို့ ရောက်ရှိလာခဲ့သည်။
အရုဏ်တက်ချိန်တွင် ထိုက်ရွှမ်းဂိုဏ်း၏ ထူးခြားသော တာအိုခေါင်းလောင်းသံက ထွက်ပေါ်လာခဲ့ပြီး ၎င်း၏အသံက မိုင်ပေါင်းရာချီအထိ ပျံ့နှံ့သွားခဲ့သည်။
တောင်တံခါး၏ အပြင်ဘက်တွင် ရှိနေကြသူများပင်လျှင် ၎င်းကို ကြားနိုင်ကြသည်။
လူတိုင်း မျက်လုံးများ ဖွင့်လိုက်ကြပြီး အချို့က အပြင်သို့ ထွက်ကာ ထိုက်ရွှမ်းဂိုဏ်းရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ယနေ့သည် ဂိုဏ်း၏ အဆင့်တိုးမြှင့်ခြင်းအတွက် အလွန်အရေးကြီးမှန်း သိနေကြသောကြောင့် ဖြစ်သည်။
ကောင်းကင်ယံတွင် တိမ်တိုက်သင်္ဘောများ ချဉ်းကပ်လာခဲ့ကြပြီး တစ်စင်းချင်းစီက ကြီးမားသော အင်အားစု သုံးခုကို ကိုယ်စားပြုနေကြသည်။
၎င်းတို့က နေမီးတောက်တောင်ကြား၊ ဘီလူးဝိညာဉ်ဂိုဏ်းနှင့် လေတိမ်မြို့တော်တို့ ဖြစ်ကြသည်။