အခန်း ၄၃၆
Vol. 44 Ch. 436
အခန်း(၄၃၆) မင်း ဂိုဏ်းချုပ် လုပ်ရမယ်
ချန်ဟွိုက်အန်က တောက်ပသော အနာဂတ်တစ်ခုကို စိတ်ကူးယဉ်နေစဉ်မှာပင်…
သူ့ခြေထောက်ပေါ်မှ အဖိအဆွဲအားက ရုတ်တရက် ပြင်းထန်လာသည်။
ယခင် ယောင်ချီမှ အမျိုးသမီးတပည့်က ခွန်အားမဆိုးလှသော်လည်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ အလွန် သတိထားနေပုံရသည်။
ခြေထောက် နှိပ်နယ်သည့် လုပ်ငန်းတွင် အလွန်အမင်း သတိထားလွန်းခြင်းက ရှောင်ကြဉ်ရမည့်အရာပင်။
သတိထားလွန်းသည် ဆိုသည်မှာ သင့်တော်သည့် အဖိအဆွဲအား မသုံးရဲခြင်းကို ဆိုလိုပြီး၊ အားမလုံလောက်လျှင် ဧည့်သည်များ သဘောကျမည် မဟုတ်ပေ။
"မဆိုးဘူး၊ မဆိုးဘူး။ မင်း နောက်ဆုံးတော့ အရှိန်ရလာပြီပဲ။"
ချန်ဟွိုက်အန်က သက်သောင့်သက်သာဖြင့် မျက်လုံးမှိတ်ကာ လဲလျောင်းနေရင်း ရယ်မောလိုက်သည်၊ "အင်း၊ ဒီအဖိအဆွဲလေးအတိုင်း ထိန်းထား။ ပြီးပြည့်စုံတယ်။ မင်းမှာ ပါရမီရှိတယ်... ဒီအတိုင်း ဆက်လုပ်ရင် မင်းကို ကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးပေးမယ်။"
အခန်းတစ်ခုလုံး သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွား၏။
ယောင်ချီမြင့်မြတ်နယ်မြေမှ အမျိုးသမီး ကျင့်ကြံသူက ဘေးတွင် ရပ်လျက် အနေခက်စွာဖြင့် ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်။
ကျန်းမုန့်ချူးက မျက်နှာကြက်ကို စိုက်ကြည့်ကာ အုတ်ကြွပ်ပြားများကို ရေတွက်နေ၏။
နံရံကိုကပ်ရပ်နေသော လင်းရှီးတောင်ကြား တပည့်က ရှက်ရွံ့နေသော အမူအရာဖြင့် စကားပြောချင်သော်လည်း မျိုသိပ်ထားပုံရသည်။
ဤထူးဆန်းသော လေထုထဲတွင်…
ချန်ဟွိုက်အန်၏ခြေထောက်ကို နှိပ်နယ်ပေးနေသော မိန်းကလေးက စကားပြောလာသည်။ "ဒီအဖိအဆွဲကို ဆရာ သဘောကျရင် ပြီးတာပါပဲ။ ဒါက ကျွန်မရဲ့ တာဝန်သက်သက်ပါ။"
"အင်း၊ အဖိအဆွဲက ကောင်းပါတယ်။ ဒါပေမဲ့…"
ချန်ဟွိုက်အန် အေးခဲသွား၏။
ဒီအသံက... ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။
နှိပ်တဲ့သူ ပြောင်းလိုက်တာလား။
သူက မျက်လုံးဖွင့်ပြီး ရုတ်တရက် ထထိုင်လိုက်သည်။ သူ့ခြေထောက်ကို နှိပ်နယ်ပေးနေသူက ဝန်ဆောင်သူ နံပါတ်-၁၁ လုံးဝ မဟုတ်ပေ။ နံပါတ်-၁၁က နံရံကိုမှီပြီး ရပ်နေ၏။ သူ့ခြေထောက်ကို ကိုင်တွယ်နေသူက သူ့တပည့် လီချင်းရန် ဖြစ်နေသည်။
ခြေထောက်ကို ပွေ့ပိုက်ထားတဲ့ခံစားချက်က ကွာခြားနေတာ ဒါကြောင့်ကိုး။
A-cupနဲ့ C-cup ကြားက ကွာခြားချက်က တော်တော်ကြီးမားတာပဲ။
"ဘယ်လိုလဲ၊ ဆရာ။ တပည့်ရဲ့ အဖိအဆွဲနဲ့ သွေးကြောအမှတ်တွေကို တိတိကျကျ ဖိနှိပ်ပေးတာက ဆရာ့ကို သဘောကျစေရဲ့လား"
"လီချင်းရန်။ မင်း ဒီမှာ ဘာလုပ်နေတာလဲ။"
ချန်ဟွိုက်အန်က အလိုအလျောက်ပင် ခြေထောက်ကို နောက်သို့ ရုပ်ရန် ကြိုးစားလိုက်သော်လည်း လီချင်းရန်က ချက်ချင်းပင် သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်း ပွေ့ဖက်ထားလိုက်သည်။
"ဆရာက ခရီးကြမ်းတွေ သွားခဲ့ရတာလေ။ တပည့်တစ်ယောက်အနေနဲ့ ရိုသေမှုပြတာ မှန်ကန်ပါတယ်။" သူမက ချန်ဟွိုက်အန်၏ ခြေထောက်ကို ဆုပ်ကိုင်ထားလျက် ခပ်တည်တည်ဖြင့် ပြောသည်။၊ "တခြားသူတွေ လုပ်နိုင်ရင် ကျွန်မက ဘာလို့ မလုပ်နိုင်ရမှာလဲ။"
"ငါ ဆိုလိုတာ အဲဒါမဟုတ်ဘူး။ ဒီလို အလုပ်ကြမ်းမျိုးက မလိုအပ်ပါဘူး…"
"ဆရာက ဒီတပည့်ကို ရွှေရောင်အနှစ်သာရ အဆင့်ရှိတဲ့ ယောင်ချီကျင့်ကြံသူတစ်ယောက်ထက် အောက်ကျတယ် ထင်နေတာလား။"
လီချင်းရန်၏ မျက်လုံးများ မှေးမှိန်သွားပြီး မျက်နှာလွှဲသွားကာ သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။ "ကျွန်မ နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မက စစ်တပ်မိသားစုက မွေးလာတဲ့ နိမ့်ကျတဲ့ ဇာစ်မြစ်က သမီးတစ်ယောက်ပဲလေ။ ဒီယောင်ချီကျင့်ကြံသူလိုမျိုး မဟုတ်ဘူး။ အင်မော်တယ် မိသားစုမှာ မွေးဖွားလာတယ်။ ငယ်ငယ်ကတည်းက စိတ်ဝိညာဉ် ချီစွမ်းအင်တွေနဲ့ ရေချိုးခဲ့တယ်၊ စိတ်ဝိညာဉ် ဆေးဖက်ဝင်အပင်တွေ၊ စမ်းရေတွေနဲ့ အာဟာရဖြည့်တင်းခဲ့တယ်။ သူ့လက်တွေက ကျွန်မထက် အများကြီး ပိုနူးညံ့မှာပေါ့။ ဆရာ သူ့ကို ပိုသဘောကျတာ သဘာဝကျပါတယ်။"
ဤစကားကို ကြားသောအခါ ယောင်ချီမှ အမျိုးသမီး ကျင့်ကြံသူမှာ ချွေးစေးများ ပြန်လာသည်။
ကျန်းမုန့်ချူးက နေ့လယ်စာ ဖက်ထုပ်စားရန်အတွက် ရှာလကာရည်ပင် မလိုတော့ဟု ခံစားလိုက်ရသည်။
လင်းရှီးတောင်ကြား အမျိုးသမီး တပည့်က စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ထွက်ပြေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသော်လည်း မလှုပ်မယှက် ရပ်နေရသည်။
"ငါ အဲဒီလို မပြောခဲ့ပါဘူး။"
ချန်ဟွိုက်အန်လည်း ချွေးစေးတွေ ပျံနေသည်။
ငါ့ ရဲ့အနှိပ်လေ့ကျင့်ရေး အစီအစဉ်က လျှို့ဝှက်ချက် မဟုတ်ဘူးလား။
လီချင်းရန် ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ။
သူ့တပည့်လေး စိတ်ကောက်နေသည်ကို မြင်သောအခါ သေချာရှင်းပြရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ "ဆရာက ဒီအလုပ်ကို အောက်ခြေသိမ်း အလုပ်လို့ပဲ သတ်မှတ်တာ။ အစေခံတွေနဲ့ပဲ ထိုက်တန်တာလေ။ အဲဒါကြောင့် မင်းကို မခိုင်းခဲ့တာ။ အမှန်အတိုင်း ပြောရရင် မင်းကို ဒီလိုအလုပ် ခိုင်းရမှာ ဆရာ ရှက်လို့ပါ။"
"ဘာလို့ ရှက်ရမှာလဲ။"
လီချင်းရန်က ချန်ဟွိုက်အန်၏ ခြေထောက်ကို မေးစေ့တွင် ကပ်ထားပြီး နှုတ်ခမ်းစူကာ ပြောသည်။ "ဒီတပည့်က ဆရာ့ရဲ့ရည်းစား မဟုတ်ဘူးလား။ ဆရာကရော ဒီတပည့်ရဲ့ရည်းစား မဟုတ်ဘူးလား။ ရည်းစားတွေက ဒီလိုကိစ္စတွေ လုပ်ပေးတာ ပုံမှန်ပဲ မဟုတ်ဘူးလား။"
ချန်ဟွိုက်အန် မျက်လုံးထဲ ကြယ်များ လည်သွား၏။
ကျောက်ရင်းတစ်ယောက် လီချင်းရန်ကို ထိုအတွေးများ ရိုက်သွင်းပေးလိုက်သည်မှာ သေချာကြောင်း သူ သံသယဝင်မိသည်။
ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင်…
ချစ်သူရည်းစား ဆက်ဆံရေးတစ်ခုတွင် အပြန်အလှန် ခြေထောက်နှိပ်နယ်ပေးခြင်းက လုံးဝ ပုံမှန်ကိစ္စပင် ဖြစ်သည်။
သို့သော် သူလာခဲ့သော ကမ္ဘာမြေတွင်…
ပုံမှန်အားဖြင့် ကောင်လေးများကသာ ကောင်မလေးများ၏ ခြေထောက်ကို နှိပ်နယ်ပေးလေ့ရှိသည်။
ကောင်မလေးက ကောင်လေးရဲ့ ခြေထောက်ကို နှိပ်နယ်ပေးရန်မှာ...
များသောအားဖြင့် ချစ်သူရည်းစား ဆက်ဆံရေးထက် ပိုက်ဆံနှင့် လိုက်လျောပေးသည့် အစီအစဉ်မျိုးကိုသာ ရည်ညွှန်းလေ့ရှိသည်။
"ဒီတပည့် နားလည်ပါပြီ။" လီချင်းရန်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။ "ဆရာက ကျွန်မကို လိမ်ခဲ့တာပဲ။ ဆရာက ကျွန်မရဲ့ရည်းစား အစစ်အမှန် ဖြစ်ဖို့ တစ်ခါမှ ရည်ရွယ်မထားခဲ့ဘူး။"
ချန်ဟွိုက်အန် ဘာလုပ်ရမှန်း မသိတော့လောက်အောင် ဖြစ်သွားသည်။
လီချင်းရန်က သူ့ခြေထောက်ကို ဖက်တွယ်ထားသဖြင့် မတ်တတ်ရပ်ရန် ကြိုးစားဖို့က မဖြစ်နိုင်။
အတင်းအကျပ် ခြေထောက်ကို ဆွဲထုတ်လိုက်လျှင်လည်း သူ့ကို နာကျင်စေနိုင်သည်။
သူက ထိုင်ခုံပေါ်တွင် တစ်ဝက်တစ်ပျက် လှဲလျောင်းနေလျက်သား ပိတ်မိနေပြီး အလောတကြီးဖြင့် ရှေ့သို့ ကိုင်းလာသည်။ "ငါ ဘယ်သူ့ကိုမှ မလိမ်ခဲ့ပါဘူး။ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ရဲပါတယ်။"
သူက ကျိန်ဆိုရန် လက်ချောင်းလေးချောင်းကို မြှောက်လိုက်စဉ်…
လီချင်းရန်က နီရဲနေသော မျက်လုံးများဖြင့် နောက်သို့ လှည့်ကြည့်ပြီး နှုတ်ခမ်းစူလျက် ပြောသည်။ "ဒါဆို... ဒါဆို ဆရာ ဒီတပည့်ကို ခြေထောက် နှိပ်ခွင့်ပေးမှာလား။"
"ပေးမှာပေါ့။" ချန်ဟွိုက်အန်က ချက်ချင်း သဘောတူလိုက်သည်။
"ဆရာက ဒီတပည့် နှိပ်ပေးတာကို ပိုသဘောကျလား ။ဒါမှမဟုတ် အဲဒီ အမျိုးသမီးကျင့်ကြံသူရဲ့…"
"မင်း နှိပ်ပေးတာကိုပေါ့။"
"ဆရာက နောက်နောင် ခြေထောက်နှိပ်ဖို့ တခြားမိန်းကလေးတွေကို ရှာဦးမှာလား။"
"မရှာတော့ပါဘူး။ ယောကျ်ားလေးတွေကိုပဲ ခိုင်းတော့မယ်။"
"ဒါဆို ဆရာက မိန်းကလေးတွေကို မနှစ်သက်ဘူးပေါ့..."
"အဲဒီလို မဟုတ်ပါဘူး။" ချန်ဟွိုက်အန် သက်ပြင်းချလိုက်သည်။ "အခုကစပြီး မင်း တစ်ယောက်တည်းပဲ။ မင်း နှိပ်ပေးတာပဲ ငါ သဘောကျတယ်။ တခြားဘယ်သူကမှ လာစမ်းကြည့်ရင် သူတို့ကို သေတဲ့အထိ ကန်ပစ်မယ်။"
ဤကြေညာချက်အပြီးတွင် လုံးဝ တိတ်ဆိတ်သွား၏။
ယောင်ချီအမျိုးသမီး တပည့်က အေးစက်သောနံရံကို မှီကာ တုန်ယင်နေသည်။
ကျန်းမုန့်ချူးက မျက်နှာကြက်ကို ဆက်လက် စိုက်ကြည့်နေရင်း မသိမသာဖြင့် ဘေးသို့ တဖြည်းဖြည်း ရွေ့သွားသည်။
လင်းရှီးတောင်ကြား အမျိုးသမီး တပည့်က ထောင့်ချိုးလေးထဲသို့ လုံးဝ ဝင်ရောက် ပုန်းအောင်းနေပြီဖြစ်သည်။
သွားပြီ။
ဓားကျောင်းတော်ဘိုးဘေးကြီးနဲ့ သူ့တပည့်ကြားက မသင့်တော်တဲ့ ဆက်ဆံရေး တစ်ခုကို ရှာဖွေတွေ့ရှိသွားသလို ဖြစ်နေပြီ။
ကောလာဟလတွေအရ ဓားကျောင်းတော် ဘိုးဘေးကြီးက ထူးဆန်းတဲ့ အမူအကျင့်တွေ ရှိတယ်တဲ့...
ဒီနေ့များ ငါ နှုတ်ပိတ်ခံရတော့မှာလား။
"မင်းတို့တွေ ဘာလို့ ဒီမှာ ရှိနေကြသေးတာလဲ။" ချန်ဟွိုက်အန်က အခန်းတွင်းသို့ မှောင်မိုက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ငါ့ကို နှိပ်ပေးဖို့ ငါ့တပည့် ရှိနေပြီ။ မင်းတို့မှာ အလုပ်တာဝန်တွေ မရှိဘူးလား။ ထွက်သွားကြ။"
"ဘိုးဘေးကြီး၊ ဒီဂျူနီယာရဲ့ ဝမ်ကျိုင်နို့ကို အအေးခံဖို့ လိုနေလို့ပါ။ သွားခွင့်ပြုပါဦး။"
ကျန်းမုန့်ချူးက သေဒဏ်မှ လွတ်ငြိမ်းခွင့်ရသူတစ်ဦးကဲ့သို့ ထွက်ပြေးသွားသည်။
ယောင်ချီနှင့် လင်းရှီးတောင်ကြားမှ အမျိုးသမီး ကျင့်ကြံသူများသည်လည်း ကမန်းကတန်း ဆုတ်ခွာသွားသည်။
...
လူအားလုံး ထွက်သွားပြီးနောက် အခန်းငယ်လေးမှာ တိတ်ဆိတ်သွား၏။
ထိုတိတ်ဆိတ်မှုထဲတွင် ထူးခြားပြီး ရင်းနှီးကျွမ်းဝင်သော တင်းမာမှုတစ်ခုက ရစ်ဝဲနေသည်။
လီချင်းရန်က မျက်နှာရဲလျက် စကားမပြောဘဲ ဆက်လက် နှိပ်နယ်ပေးနေသည်။
အစောပိုင်းက သူ၏ရဲတင်းမှုက သူ့ကိုယ်တိုင်ကိုပင် အံ့ဩသွားစေခဲ့သည်။
သူ၏ နှလုံးသားသည် ပြေးနေသော သမင်တစ်ကောင်ကဲ့သို့ ခုန်ပေါက်နေခဲ့သော်လည်း ထိုအခိုက်အတန့်တွင် ရဲစွမ်းသတ္တိက အဆဆယ်ဆခန့် ကြီးထွားလာခဲ့သည်။
ထိုအချိန်က မည်သည့်စကားလုံးမျှ အလွန် ရဲတင်းလွန်းသည်ဟု မခံစားခဲ့ရပေ။
ယခု ဆရာနှင့် နှစ်ယောက်တည်း ကျန်ခဲ့သောအခါ ရှက်ရွံ့မှုများက သူ့ကို လွှမ်းမိုးသွား၏။
သူက ခြေထောက်နှိပ်နယ်ခြင်းအပေါ်တွင်သာ အာရုံစူးစိုက်ထားပြီး ချန်ဟွိုက်အန်၏ ခြေထောက်ကို သေချာစွာ ဂရုစိုက်ရမည့် တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများကဲ့သို့ သဘောထားကာ ကိုင်တွယ်နေသည်။
"ချင်းရန်..."
အဆင့်မြင့်ဝိညာဉ်စွမ်းအင် မော်ဂျူးဒီဇိုင်းများနှင့်သာ အလုပ်ရှုပ်နေသော ချန်ဟွိုက်အန်က လီချင်းရန်၏ အခြေအနေကို သတိမထားမိခဲ့ပေ။
သူ၏ ရုတ်တရက်စကားပြောလိုက်မှုက လီချင်းရန်ကို လန့်ဖျပ်သွားစေသည်။
"ရှင်။ ဆရာ... ဘာများလဲ။"
လီချင်းရန်က မျက်နှာ ပိုမို နီမြန်းသွားကာ ချန်ဟွိုက်အန်၏ ခြေထောက်ကို နှိပ်နယ်နေရင်း မျက်တောင်များ တဖျပ်ဖျပ် ခတ်သွားပြီး အကြည့်များက မသေချာမရေရာစွာ ဟိုဒီ ရွေ့လျားနေသည်။
"ငါက ချင်းယွန်ဘုံနဲ့ တခြား ကမ္ဘာနှစ်ခုစလုံးမှာ ဂိုဏ်းတွေ တည်ထောင်ဖို့ စီစဉ်ထားတယ်။"
"ငါက အချိန်ဇယားရှုပ်ပြီးတော့ ယုံကြည်ရတဲ့လူ နည်းပါးလို့ ချင်းယွန်ဘုံကဂိုဏ်းကို မင်းဆီ အပ်နှင်းဖို့ ရည်ရွယ်ထားတယ်။ ကျန်းယိပိုင်ကတော့ တခြားကမ္ဘာက ဂိုဏ်းကို ကြီးကြပ်ပေးလိမ့်မယ်။"
"ရှင်…" လီချင်းရန်၏ မျက်လုံးများ အံ့ဩတကြီး ပြူးကျယ်သွား၏။
"ဆရာ၊ ဆရာက... ကျွန်မကို ဂိုဏ်းတစ်ခု ဦးဆောင်စေချင်တာလား။"
"အတိအကျပဲ။" ချန်ဟွိုက်အန် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ကမ္ဘာငယ်လေးတွေက ကန့်သတ်ချက်တွေ ရှိနေသေးတယ်။ အဓိက ကမ္ဘာကြီးတွေမှာ အခြေချတဲ့ ဂိုဏ်းတွေကသာ ကောင်းကင်ကံကြမ္မာတွေကို အသုံးချနိုင်တာ။ ဒါကြောင့် ငါတို့ရဲ့ ဂိုဏ်းကို ချင်းယွန်ဘုံထဲမှာ တည်ထောင်မယ်။"
"ဒါပေမဲ့... ဒါပေမဲ့ ဆရာက ကျွန်မကို ခန့်အပ်တာမျိုး မလုပ်သင့်ပါဘူး။ ဒါ... ဒါက မသင့်တော်ဘူးလေ။" လီချင်းရန်က လက်များကို အလောတကြီး ဝှေ့ယမ်းပြသည်။
"အဓိပ္ပာယ်မရှိတာ။ ဖိအားတွေကနေ တွန်းအားတွေ ဖြစ်လာတာပဲ။"
ချန်ဟွိုက်အန် ပြုံးလိုက်ပြီး အခွင့်အရေးကို အရယူကာ ပြောသည်၊ "မင်းက ငါ့ရဲ့ရည်းစား မဟုတ်ဘူးလား။ မင်းရဲ့ ရည်းစား တစ်ယောက်အနေနဲ့ အပြင်ဘက်မှာ တိုက်ပွဲဝင်ရမယ်ဆိုတော့ ငါတို့ရဲ့ ခြေကုပ်စခန်းကို ငါ့ရည်းစားရဲ့ စောင့်ရှောက်မှုအောက်မှာ ထားခဲ့ရမှာပေါ့။"
အမှန်အတိုင်း ပြောရလျှင် အရည်အချင်း ပြည့်မီသူ အများအပြား ရှိနိုင်သည်။
သို့သော် ပုံရိပ်ယောင်ကောင်မလေး ဂိမ်းစနစ်နှင့် ထူးခြားသောချိတ်ဆက်မှုက လီချင်းရန်ကို အသင့်တော်ဆုံး ဖြစ်စေခဲ့သည်။
ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူက ပြည့်စုံကျယ်ပြန့်သော ကြီးကြပ်မှု တိုက်ရိုက်စောင့်ကြည့်ရေး ကွန်ရက်တစ်ခုကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
ဒီထက် ပိုပြီးပြည့်စုံတာ ဘာရှိနိုင်ဦးမှာလဲ…
အရေးအကြီးဆုံးမှာ….
သူ့မျက်လုံးထဲတွင် လီချင်းရန် တစ်ယောက်တည်းသာ သူ့ဘေးတွင် ရပ်တည်ရန် ထိုက်တန်ခြင်းပင်။
…