← Chapters

အခန်း ၄၃၇

Vol. 44 Ch. 437

အခန်း ၄၃၇

Vol. 44 Ch. 437

အခန်း(၄၃၇) လျှောက်မလုပ်ပါနဲ့ ဂိုဏ်းချုပ်

"မဖြစ်ဘူး။ ဒါက အဆင်မပြေဘူး။ ကျွန်မကို ဂိုဏ်းချုပ်လုပ်ခိုင်းတာက ကလေးဆန်လွန်းတယ်။" လီချင်းရန်က နှုတ်ခမ်းကို ကိုက်လိုက်သည်။ "ဒီတပည့်က ရွှေရောင်အနှစ်သာရ အဆင့်ပဲ ရှိသေးတာ။ ဒီလိုတာဝန်ကြီးကို ထမ်းဆောင်ဖို့ မသင့်တော်သလို လေးစားမှုလည်း ရမှာ မဟုတ်ဘူး။ ချင်းယွန်ဘုံမှာ တင်းကျပ်တဲ့ အဆင့်အတန်း ခွဲခြားမှုတွေ ရှိတယ်။ ကျွန်မထက် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေက ကျွန်မကို ဂိုဏ်းချုပ်အဖြစ် ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။"

သေချာ စဉ်းစားပြီးနောက် သူက မသင့်တော်ဟုသာ ခံစားနေရဆဲ ဖြစ်သည်။ သူက ချန်ဟွိုက်အန်ကို အရိုအသေပေးလိုက်သည်။ "ဆရာ။ ဆရာ့ရဲ့ အမိန့်ကို ပြန်စဉ်းစားပေးပါ။"

ချန်ဟွိုက်အန်က လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ရွှီး…

ကျန်းမုန့်ချူးက ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုကို ဆုတ်ဖြဲကာ သူတို့ရှေ့တွင် ချက်ချင်း ပေါ်လာပြီး လေပြင်းကြောင့် လီချင်းရန်၏ဆံပင်များ ဘေးသို့ လွင့်ထွက်သွား၏။ "ဘိုးဘေးကြီး၊ ဘာများ အမိန့်ရှိပါသလဲ။"

အဘိုးကြီးက အခုလေးတင် ဖွင့်ထားသော ဝမ်ကျိုင်နို့ဘူးကို ကိုင်ထားဆဲပင်။

သူက တကယ်ပဲ နို့ဘူးကို အအေးခံဖို့ ပြန်သွားခဲ့တာကိုး။

"ငါ ချင်းယွန်ဘုံမှာ ဂိုဏ်းအသစ်တစ်ခု တည်ထောင်ဖို့ စီစဉ်ထားတယ်။"

"သိပ်ကောင်းတာပေါ့။ လုံးဝ ပြဿနာမရှိပါဘူး။"

"လီချင်းရန်ကို ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ထားတယ်။"

"သိပ်ကောင်းတာပေါ့။ လုံးဝ ပြဿနာမရှိပါဘူး။"

ချန်ဟွိုက်အန်က လက်ကို ဝှေ့ယမ်းပြလိုက်သည်။ "ကောင်းပြီ၊ မင်း သွားလို့ရပြီ။"

"ဟုတ်ကဲ့ပါ။" ကျန်းမုန့်ချူးက ပြန်လည်ဖြေကြားပြီးနောက် အခြား ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုထဲသို့ ဝင်ရောက်ကာ အခန်းထဲမှ ပျောက်ကွယ်သွားသည်။

ချန်ဟွိုက်အန်က လီချင်းရန်ကို ရယ်ကျဲကျဲဖြင့် ကြည့်လိုက်သည်။

ပေးချင်သော သတင်းစကားက ရှင်းလင်းနေသည်။

ကျန်းမုန့်ချူးလို ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးကတောင် သဘောတူနေပြီ ဆိုမှတော့ ငြင်းဆန်စရာ ဘာအကြောင်းရှိသေးလို့လဲ…

"ဆရာ၊ လူတစ်ယောက်ရဲ့ အမြင်က အများစုကို ကိုယ်စားမပြုပါဘူး။" လီချင်းရန်က ခါးသက်သက်အပြုံးဖြင့် ဆံပင်များကို သပ်တင်လိုက်သည်။ "ဦးလေးကျန်းက ဆရာနဲ့ ပတ်သက်မှုရှိလို့ သဘောတူတာပါ။ ဒီတပည့်ကို လေးစားလို့ မဟုတ်ပါဘူး။"

ချန်ဟွိုက်အန်က တိတ်နေပြီး အသံအနည်းငယ် ကွဲပြားသော လက်ဖျောက်တစ်ချက်ကိုသာ ထပ်တီးလိုက်သည်။

သူတို့အထက်ရှိ အမိုးပေါ်မှ အုတ်ကြွပ်ပြားများက လေးလံသောအရာတစ်ခု ကျဆင်းလာသလို ရွေ့လျားသွားပြီး ဓားကျောင်းတော်ဂိုဏ်းချုပ် စုချီနျန်က အပေါက်မှတစ်ဆင့် ငုံ့ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် လီချင်းရန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"ဘိုးဘေးကြီး၊ ကျွန်တော် ဘာများ အလုပ်အကျွေးပြုရမလဲ။"

"ငါ ချင်းယွန်ဘုံမှာ လီချင်းရန်ကို ဂိုဏ်းချုပ်အဖြစ်ထားပြီးတော့ ဂိုဏ်းသစ်တစ်ခု တည်ထောင်ဖို့ စီစဉ်ထားတယ်။"

"သိပ်ကောင်းတာပေါ့။ ဘာအကူအညီတွေ လိုအပ်ပါလဲဆိုတာ ပြောသာပြောလိုက်ပါ။"

"ဘာမှမလိုပါဘူး။ မင်းရဲ့ အမြင်ကို သိချင်ရုံပါ။"

"ကျွန်တော့်မှာ အမြင်ရှိတယ်။"

ချန်ဟွိုက်အန် မျက်ခုံးပင့်သွား၏။ စုချီနျန်တစ်ယောက် ယခုတလော သူ့ကိုယ်သူ အရမ်း အထင်ကြီးနေ သလားဟု တွေးလိုက်မိသည်။

သို့သော် ဓားကျောင်းတော်ဂိုဏ်းချုပ်က ဖားယားသော အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည်။ "ဘိုးဘေးကြီး၊ ကျွန်တော့်ကို ဂုဏ်ထူးဆောင် အကြီးအကဲရာထူးလေးများပေးဖို့ လီချင်းရန်ကို ပြောပေးလို့ရမလား။ ကျွန်တော် အဲဒီရာထူးကို တစ်ခါမှ မရဖူးဘူး။ ရဖို့လည်း မလွယ်လောက်ဘူး။ အဲဒီခံစားချက်ကို မြည်းစမ်းကြည့်ချင်လို့ပါ။"

ဪ။ ဒါကြောင့်ကိုး။

ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်ပြီး လီချင်းရန်ဘက်သို့ လှည့်လိုက်သည်။ "ကဲ ဂိုဏ်းချုပ်လီ၊ အကြီးအကဲစုကို ဒီဘွဲ့နာမည်လေး ပေးလိုက်ကြမလား။"

"ဂိုဏ်းချုပ်လီ" ဆိုသည်မှာ မိမိကို ရည်ညွှန်းကြောင်း လီချင်းရန် နားလည်ရန် အချိန်ခဏ ယူလိုက်ရပြီး သူ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။

"ဆရာ။ ကျွန်မကို ဒီလိုမျိုး စနောက်နေရလား။" သူက ကန့်ကွက်လိုက်သည်။ "ဘာလို့ ဂိုဏ်းချုပ်စုက ဒီလိုကိစ္စတွေအတွက် ဒီတပည့်ရဲ့ ခွင့်ပြုချက်ကို လိုအပ်မှာလဲ။"

"မင်းက အခု ဂိုဏ်းချုပ်ဖြစ်နေပြီလေ။ မင်းရဲ့ စကားက ဥပဒေပဲ။" ချန်ဟွိုက်အန်က အပေါ်သို့ မော့ကြည့်လိုက်ပြီး သူ၏အမူအရာမှာ ရုတ်တရက် လေးနက်သွားသည်။ "ဂိုဏ်းချုပ်စု၊ ဂုဏ်ထူးဆောင အကြီးအကဲရာထူး ပေးလိုက်ပြီ မဟုတ်ဘူးလား။ ဘယ်လောက်ကြာကြာ ခိုးနားထောင်ဖို့ စီစဉ်ထားသေးလဲ။"

"တောင်းပန်ပါတယ်။ ဘိုးဘေးကြီး။ အခုပဲ သွားပါပြီ။" စုချီနျန်က အုတ်ကြွပ်ပြားများကို ပြန်စီပြီး ပျောက်ကွယ်သွား၏။

အခန်းတွင်းသို့ တိတ်ဆိတ်မှု ပြန်လည်ရောက်ရှိလာသည်။

ချန်ဟွိုက်အန်က ခေါင်းငုံ့ထားသော လီချင်းရန်ကို သေချာကြည့်လိုက်သည်။

အဆုံးတွင်တော့ ဆုံးဖြတ်ချက်က လီချင်းရန် အပေါ်တွင်သာ မူတည်သည်။ သူ ဆန္ဒမရှိပါက ချန်ဟွိုက်အန် အတင်းအကျပ် လုပ်မည်မဟုတ်ပေ။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လီချင်းရန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ချန်ဟွိုက်အန်၏ အကြည့်ကို လေးနက်သော ဆုံးဖြတ်ချက်ဖြင့် ပြန်လည် ရင်ဆိုင်လိုက်သည်။

"ဆရာ၊ ဒီတပည့်က ဂိုဏ်းချုပ်ဖြစ်ဖို့ တကယ် လိုလို့လား။"

သူ၏ ယိမ်းယိုင်နေသောလေသံကို ကြားသောအခါ၊ ချန်ဟွိုက်အန်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "လုံးဝကို လိုအပ်တယ်။"

"ဒါဆို... ဆရာ့ရဲ့ ရာထူးက ဘာဖြစ်မလဲ။"

"ဂိုဏ်းရဲ့ ဘိုးဘေးကြီးအနေနဲ့ ဆက်ရှိနေမှာပေါ့၊" ချန်ဟွိုက်အန်က ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။

"ဂိုဏ်းချုပ်က အာဏာအရှိဆုံး မဟုတ်ဘူးလား။" လီချင်းရန်က ထပ်မေးသည်။

"ပုံမှန်အခြေအနေဆိုရင်တော့ ဟုတ်ပါတယ်။"

"ဒါဆိုရင်တော့ ပုံမှန်ဆို ဆရာကလည်း..." သူက သတ္တိမွေးရန် တွန့်ဆုတ်နေသည်။ "ဆရာကလည်း ဂိုဏ်းချုပ်ရဲ့ အမိန့်တွေကို နာခံဖို့ လိုတယ် မဟုတ်ဘူးလား။"

ချန်ဟွိုက်အန် စဉ်းစားလိုက်သည်။

ဘိုးဘေးကြီးများက အမှန်တကယ်ပင် သက်တမ်းအရင့်ဆုံး ပုဂ္ဂိုလ်များဖြစ်ပြီး ပုံမှန်အားဖြင့် ဂိုဏ်းချုပ်၏ အမိန့်များကို လိုက်နာရန် ကင်းလွတ်ခွင့် ရှိကြသည်။

သို့သော် ဂိုဏ်းအများစုတွင် ဂိုဏ်းချုပ်များနှင့် ဘိုးဘေးကြီးများက ပဋိပက္ခမရှိဘဲ သဟဇာတဖြစ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားကြသည်။

လုပ်ရိုးလုပ်စဉ် ကိစ္စများအတွက် ဆုံးဖြတ်ချက်များက ဂိုဏ်းချုပ်အပေါ်တွင်သာ မူတည်လေ့ရှိသည်။

ဂိုဏ်းတစ်ခုလုံး၏ အနာဂတ်အပေါ် သက်ရောက်မှုရှိသော အရေးကြီးသည့် ပြဿနာများအတွက်သာ ဂုဏ်ထူးဆောင် အကြီးအကဲ သို့မဟုတ် ဘိုးဘေးကြီးများ၏ ဝင်ရောက်စွက်ဖက်မှုကို တောင်းဆိုကြသည်။

ထို့ကြောင့် ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်၏။

"မှန်တယ်။ ဂုဏ်ထူးဆောင် အကြီးအကဲနဲ့ ဘိုးဘေးကြီးတွေတောင်မှ ပုံမှန်အခြေအနေအောက်မှာ ဂိုဏ်းချုပ်ရဲ့ အာဏာကို လေးစားရတယ်။ ဂိုဏ်းချုပ်က ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့အုပ်ချုပ်မှုအာဏာကို ကိုင်စွဲထားတာလေ။ အကြီးအကဲတွေဘက်ကနေ အလွန်အမင်း ဝင်ရောက်စွက်ဖက်တာက အုပ်စုကွဲတွေကို ဖြစ်စေပြီးတော့ ညီညွတ်တဲ့ ခေါင်းဆောင်မှုကို တားဆီးသလို ဖြစ်ပြီး နောက်ဆုံးမှာတော့ ပြိုကွဲသွားစေလိမ့်မယ်။"

"ဒီတပည့် နားလည်ပါပြီ။" လီချင်းရန် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

သူက ရင်ဘတ်ရှေ့တွင် လက်သီးကို ဆုပ်လျက် လေးနက်သော ဂုဏ်သိက္ခာဖြင့် ကြေညာလိုက်သည်။ "ဒါဆိုရင် ဒီတပည့်က ဂိုဏ်းချုပ်ရာထူးကို လက်ခံပါတယ်။"

လီချင်းရန်၏ စကားများ ဆုံးသွားသည့် အခိုက်အတန့်တွင်...

စနစ်အသိပေးချက်တစ်ခု ချန်ဟွိုက်အန်၏ မြင်ကွင်းတွင် ပေါ်လာ၏။

[ အဓိကတာဝန် ၄.၀ကို ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်။ မြင့်မြတ်နယ်မြေနှစ်ခုကို စိန်ခေါ်ခြင်း၊ သူတို့၏ လျှို့ဝှက်ကြံစည်မှုကို ဖော်ထုတ်ခြင်း (လက်ရှိ အခြေအနေ - ယွဲ့ချန်ချီ၊ ယွန်စုရှင်းနှင့် လီချင်းရန် အားလုံး အသက်ရှင်လျက် ရှိနေသည်) ]

[ ဆုလာဒ် - ပြန်လည်မွေးဖွားခြင်းကြာပန်း (အသေးစိတ် - ဖရိုဖရဲဖြစ်မှုမှ မွေးဖွားလာပြီး သံသရာတွင် သေဆုံးသည်။ နွီဝါးမြေကြီးတွင် စိုက်ပျိုးပါ။ မျိုးစေ့အိမ်ကို အမှုန့်ကြိတ်ပြီး အသက်ရှင်နေသောဝိညာဉ်နှင့် ရောစပ်ပါက မူလစွမ်းအား၏ ၅၀%ကို ပြန်လည်ရရှိစေမည့် ရုပ်ပိုင်းဆိုင်ရာ ပုံစံတစ်ခုကို ပြန်လည် တည်ဆောက်နိုင်မည် ဖြစ်သည်။ ငြင်းပယ်မှု မရှိပါ။ မွေးရာပါ ပါရမီများ အားလုံး ပြီးပြည့်စုံစွာ ပြန်လည်ရရှိမည် ) ]

"လခွမ်းတဲ့မှ။ တကယ့် ရတနာပဲ။" ချန်ဟွိုက်အန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

အဓိကတာဝန် ဆုလာဒ်များက ရက်ရောကြောင်း သူ အမြဲ သိထားသော်လည်း ယခုအရာမှာ အိပ်ချင်နေချိန် ခေါင်းအုံးရသကဲ့သို့ ဖြစ်နေသည်။

ဤပြန်လည်မွေးဖွားခြင်းကြာပန်းနှင့်ဆိုလျှင်၊ အဘိုးကြီးကျန်း၏ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲကို ဖြေရှင်းနိုင်ပြီ ဖြစ်သည်။

သတင်းကောင်းကို ကျန်းယိပိုင်နှင့် မဝေမျှနိုင်ခင် ဒုတိယ အသိပေးချက်တစ်ခု ပေါ်လာသည်။

[ အဓိကတာဝန် ၅.၀ - သင်၏ ပုံရိပ်ယောင်ကောင်မလေးကို ထိပ်တန်းဂိုဏ်းချုပ်တစ်ဦး ဖြစ်လာရန် ကူညီပေးပါ။ အချိန်ကန့်သတ်ချက် - ချင်းယွန်ဘုံ နှစ်(၁၀၀) ]

[ ရာစုနှစ်တစ်ခုအတွင်း မပြီးမြောက်ပါက ကောင်းကင်အတိဒုက္ခအတွင်း ပုံရိပ်ယောင်ကောင်မလေး သေဆုံးသည် အထိ ဖြစ်နိုင်သည် ]

"ဒါဆို ပုံရိပ်ယောင်ကောင်မလေးဂိမ်းကတောင် လီချင်းရန်ကို သေချာ ပြုစုပျိုးထောင်စေချင်နေတာပေါ့…" ချန်ဟွိုက်အန်ပ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။ ၎င်းက သူ၏ ကိုယ်ပိုင် အစီအစဉ်များနှင့် အတိအကျ ကိုက်ညီနေသည်။

သူက ပုံရိပ်ယောင်ကောင်မလေးစနစ်နှင့် အချိန်အတော်ကြာအောင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရနိုင်သည်။

သူ၏ဘေးတွင် မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေသော လီချင်းရန်၏ အမူအရာကို သတိပြုမိသဖြင့် သူက ခေါင်းကို ပုတ်ပေးလိုက်သည်။

"သိပ်ကောင်းတာပေါ့။ အလားအလာ အရမ်းကို ရှိတယ်။ ဒီနေ့ကစပြီး၊ မင်းက ဂိုဏ်းချုပ်ဖြစ်ပြီ။ မင်းကိုယ်မင်း ဂုဏ်သိက္ခာရှိရှိ နေရမယ်။ ခြေထောက် နှိပ်တာတွေ ထပ်မလုပ်နဲ့တော့။ တကယ်တော့ ငါ့ခြေထောက်တွေလည်း ပြေလျော့သွားပါပြီ။ ဒီမှာတင် ရပ်လိုက်ကြတာပေါ့။"

သာမန် ဝန်ဆောင်သူ နံပါတ်-၁၁သာဆိုလျှင် သူက အချိန်ပိုယူရန် ပျော်ရွှင်စွာ သဘောတူမည်ဖြစ်သည်။ သို့သော် လီချင်းရန်ကိုယ်တိုင် ဝန်ဆောင်မှုပေးနေသဖြင့် တပည့်လေးကို ပင်ပန်းစေရန် မရက်စက်နိုင်ပေ။

သူ အံ့ဩသွားသည်မှာ လီချင်းရန်က နောက်ဆုတ်သွားသော သူ၏ခြေထောက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားပြီး ပြတ်သားစွာ ကြေညာလိုက်ခြင်းပင်။

"အကြီးအကဲချန်။ ဒီဂိုဏ်းချုပ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ခြေထောက်ကို ဘယ်လိုရုပ်သိမ်းရဲတာလဲ။ အဲဒီမှာပဲ ငြိမ်ငြိမ်နေစမ်းပါ။"

ဤကဲ့သို့ အာဏာပြရာတွင် လေ့ကျင့်မှု မရှိသည်မှာ ထင်ရှားသဖြင့် သူ၏စကားများသည် စိုးရိမ်စိတ်ကြောင့် အနည်းငယ် ထစ်ငေါ့နေသည်။

ချန်ဟွိုက်အန်က လုံးဝ နားမလည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

"ကဲ ကဲ။ အဲဒီလောက်တောင် အားယူနေတာ အခုမှ လာပြီး အာဏာပြမလို့လား။"

"ဘာအာဏာပြတာလဲ…" လီချင်းရန်က နှိပ်နယ်ပေးနေရင်း တင်းမာသော အမူအရာကို ထိန်းသိမ်းထားပြီး ထူးဆန်းစွာ ရင့်ကျက်သော လေသံဖြင့် ပြောသည်။ "ဂိုဏ်းထဲမှာ ကျွန်မက ဂိုဏ်းချုပ်ဖြစ်ပြီးတော့ ဆရာက ဘိုးဘေးကြီးပါ။ အပြင်ဘက်မှာတော့ ကျွန်မက ဆရာ့တပည့်အဖြစ် ဆက်ရှိနေမှာပါ။ တရားဝင်ကိစ္စတွေမှာ ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး။"

"ပြီးတော့ ဒီဂိုဏ်းချုပ်ရဲ့ လက်ရှိလုပ်ရပ်တွေက ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလုပ်အကျွေးပြုနေတာပဲ။"

ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ချန်ဟွိုက်အန်က ရယ်မောလိုက်သည်။ "ငါ့ခြေထောက်ကို နှိပ်ပေးတာက ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘယ်လို သက်ဆိုင်နေလို့လဲ။"

"ဆရာက ကျွန်မတို့ရဲ့ အမြင့်ဆုံး တိုက်ခိုက်ရေး အင်အားစုလေ။ ထိန်းသိမ်းတာ ညံ့ဖျင်းလို့ ဆရာ့ရဲ့ အခြေအနေ ကျဆင်းသွားမယ်ဆိုရင် အဲဒါက ဒီဂိုဏ်းချုပ်ရဲ့ ကျရှုံးမှုပဲ ဖြစ်လိမ့်မယ်။"

သူက လက်များကို ချန်ဟွိုက်အန်၏ပေါင်မှ ဖယ်ရှားလိုက်ပြီး ဒူးကို ဖွဖွလေး ပုတ်လိုက်သည်။ "မှောက်လိုက်။"

...

ခြေထောက် နှိပ်နယ်ပေးပြီးနောက်တွင် ပခုံးနှင့် ကျောပြင်တစ်ခုလုံး နှိပ်နယ်မှုများ ဆက်လက် ရောက်လာသည်။

အကြိမ်ကြိမ် ဖြောင်းဖျပြီးမှသာ လီချင်းရန်က ရပ်တန့်ရန် သဘောတူခဲ့သည်။

ဂိမ်းစနစ်မှတစ်ဆင့် အာရုံခံစားမှုများကို ချိန်ညှိရန် အသုံးပြုခဲ့သော ငွေကြေးများက အရေးမကြီးပေ။

သို့သော် လီချင်းရန်သာ လင်းရှီးတောင်ကြား တပည့်များ သင်ပေးသည့်အတိုင်း သွေးကြောဖိနှိပ်မှု အပြည့်အစုံကို ဆက်လက်လုပ်ဆောင်ခဲ့မည်ဆိုလျှင် နောက်တစ်ဆင့်မှာ နဂါးအရွတ် ဆွဲထုတ်ခြင်း ဖြစ်သွားပေလိမ့်မည်။

မည်ကများ ၎င်းကို ပေါ့ပေါ့ပါးပါး လုပ်လိမ့်မည်နည်း။

သူ့ကို လိမ္မာပါးနပ်စွာ ဖယ်ရှားရန်မှလွဲ၍ ချန်ဟွိုက်အန်တွင် ရွေးချယ်စရာ မရှိတော့ပေ။

"နောက်ဆုံး အထောက်အကူပြု ပစ္စည်းကလွဲရင် အရာအားလုံး အဆင်သင့်ဖြစ်နေပြီ။"

ချန်ဟွိုက်အန်က မျက်လုံးများကို ကျဉ်းလိုက်သည်။

ချင်းယွန်ဘုံတွင် ဂိုဏ်းတစ်ခု တည်ထောင်ရန် ဆုံးဖြတ်ပြီးနောက်...

သူ နောက်တွန့်နေမည် မဟုတ်ပေ။

သူ၏ကမ္ဘာငယ်လေးထဲမှ ထွက်ခွာလာပြီးနောက် ချင်းယွန်ဘုံ၏ အလယ်ပိုင်းတိုက်ကြီးရှိ ခြောက်သွေ့နေသော တောင်တန်းဒေသတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ဒိုင်မန်းရှင်းများကြားမှ တံခါးပေါက်တစ်ခုကို ဖွင့်လိုက်ပြီး ကမ္ဘာငယ်လေး တည်ဆောက်ရေး စတိုးဆိုင်သို့ ဝင်ရောက်ကာ ပရောဂျက် အတော်များများကို သူ၏ ဈေးခြင်းထဲသို့ ထည့်လိုက်သည်။

ငွေရှင်းမည့်အချိန်တွင် အသိပေးချက်တစ်ခု ပေါ်လာ၏။

[ အထူးသတ်မှတ်ချက်များ ပြည့်မီသွားပါပြီ။ အဆင့်မြင့်ဝိညာဉ်စွမ်းအင်မော်ဂျူးနှင့် အထူးဝိညာဉ်ကျောက်ကြော တစ်ခုကို ဝယ်ယူရန် အတည်ပြုပါမည်လား ]

"အတည်ပြုတယ်။"

…

All Chapters