← Chapters

အခန်း ၄၃၈

Vol. 44 Ch. 438

အခန်း ၄၃၈

Vol. 44 Ch. 438

အခန်း(၄၃၈) သဘောကျသွားခြင်း

"အရှင်မ၊ စီနီယာအစ်ကို လီပုယီ သေဆုံးသွားပါပြီ။"

ဝမ်ရှိုယီက ခေါက်ထားသော လိုက်ကာရှေ့တွင် လေးနက်သော အမူအရာဖြင့် ဒူးထောက်နေသည်။

သူက လီပုယီ သေဆုံးသွားသည့်အတွက် တိတ်တဆိတ် ဝမ်းသာနေသော်လည်း ဤဝမ်းမြောက်မှုကို အရှင်မ၏ အရှေ့တွင် သိသာထင်ရှားစွာ ပြသ၍မရနိုင်ပေ။

"ငါ သိတယ်။" လိုက်ကာ၏နောက်ကွယ်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ "လီပုယီကို ဓားကျင့်ကြံသူ နှစ်ယောက် သတ်ပစ်လိုက်တာ ငါ မြင်ခဲ့တယ်။ တစ်ယောက်က စုချီနျန်လို့ခေါ်ပြီးတော့ နောက်တစ်ယောက်ကတော့ ဘယ်သူမှန်း မသိရဘူး။ သူတို့က ဓားကို လက်နက်အနေနဲ့ သုံးရုံသက်သက် တက်လှမ်းသူတွေ မဟုတ်ဘဲ အတွင်းအားကျင့်စဉ်တွေ၊ ဝိညာဉ်အမြစ်တွေနဲ့ ဓားသိုင်းတွေ အားလုံးက ဓားတာအို အပေါ်မှာ အခြေခံလည်ပတ်နေတဲ့ ထိပ်တန်း အစစ်အမှန်ဓားကျင့်ကြံသူတွေပဲ။"

ဤစကားကို ကြားသောအခါ ဝမ်ရှိုယိ၏ ရင်ထဲတွင် တင်းကျပ်သွား၏။

ဤကဲ့သို့သော ကျင့်ကြံသူများက နာမည်မသိဘဲ မနေသင့်ပေ။

သို့သော် အခြားဂိုဏ်းများတွင် စုံစမ်းကြည့်သော်လည်း ဤဓားကျင့်ကြံသူများနှင့် ပတ်သက်၍ မည်သည့် သတင်းအချက်အလက်မျှ မရရှိခဲ့။

"အရှင်မ၊ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။ အရှင်မရဲ့ ဝန်ထုတ်ဝန်ပိုးကို ဒီတပည့် မျှဝေထမ်းဆောင်ပေးပါ့မယ်…"

လိုက်ကာနောက်ကွယ်တွင် တိတ်ဆိတ်မှုက ကြီးစိုးနေ၏။

မကြာသေးမီက ဟွာကျင်းသည် ဤလျှို့ဝှက်ဆန်းကြယ်သော ဓားကျင့်ကြံသူများကို မည်သို့ ဖော်ထုတ်ရမည်ကို တွေးတောနေခဲ့သည်။ နက္ခတ်တွက်ချက်မှုဖြင့် သူတို့၏ တည်နေရာကို ရှာမရသလို ကံကြမ္မာဖတ်ရှုခြင်းဖြင့်လည်း သူတို့၏ ကံကြမ္မာကို မဖော်ထုတ်နိုင်ခဲ့ပေ။ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီးနောက် သူက ဘာလုပ်ရမှန်း မသိတော့ပေ။

"မိစ္ဆာချိပ်ပိတ်မျှော်စင် အခြေအနေ ဘယ်လိုရှိလဲ။"

အဖြေမရှာနိုင်သဖြင့် ဟွာကျင်းက စကားစပြောင်းလိုက်သည်။

"အရှင်မကို သတင်းပို့ရရင်တော့ ချင်းလင် မိစ္ဆာချိတ်ပိတ်မျှော်စင်က ကျိုးပေါက်သွားပါပြီ။ အဲဒီအထဲက ကောင်းကင်ရေတွင်း အပြည့်အဝ ပွင့်သွားပြီးတော့ အခုဆိုရင် စီချွမ်ပြည်နယ် တစ်ခုလုံးကို စိတ်ဝိညာဉ် ချီစွမ်းအင်တွေနဲ့ ဖုံးလွှမ်းသွားပါပြီ။ တစ်ပတ်အတွင်းမှာ တာ့ရှားတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးတော့ တက်လှမ်းသူတွေအတွက် သင့်တော်တဲ့ အခြေခံအကျဆုံး ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို ဖန်တီးပေးပါလိမ့်မယ်။"

တာဝန်ကျေစွာ သတင်းပို့ပြီးနောက် ဝမ်ရှိုယီက စကားလမ်းကြောင်းကို မူလနေရာသို့ ပြန်လှည့်လိုက်သည်။

"အရှင်မ၊ ဒါက ကျွန်တော်တို့ဂိုဏ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ အချိန်ပါ။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဓားကျင့်ကြံသူတွေကို သေချာပေါက် ရှာဖွေရပါမယ်။ သူတို့သာ ဆက်ပုန်းကွယ်နေပြီးတော့ ကျွန်တော်တို့ကို နောက်ကွယ်ကနေ နှောင့်ယှက်ဖျက်ဆီးနေမယ်ဆိုရင်..."

ဟွာကျင်း မျက်မှောင်ကြုတ်လိုက်၏။

ဝမ်ရှိုယိ ဘာဖြစ်နေတာလဲ။

ဘာလို့ ခေါင်းခဲစရာ ခေါင်းစဉ်တွေကို လာပြောနေရတာလဲ။

ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ငါ သိရင် ဖြေရှင်းပြီးလောက်ပြီပေါ့။

"ကောင်းကင်ရေတွင်း ပွင့်သွားပြီးတော့ ကျင့်ကြံခြင်းပတ်ဝန်းကျင် အပြည့်အဝ ဖြစ်လာတော့ ဂိုဏ်းအချင်းချင်း ပဋိပက္ခမဖြစ်ရဘူးဆိုတဲ့ တားမြစ်ချက်က မကြာခင် ရုပ်သိမ်းခံရတော့မယ်။" ဟွာကျင်းက ခေတ္တရပ်လိုက်ပြီး စကားစကို ထပ်ပြောင်းလိုက်သည်။

"ရေတွင်းကနေ အာဟာရဖြည့်တင်းပေးလိုက်တဲ့ ဝိညာဉ်ကျောက်စိမ်းကြောတွေက ရှေးဟောင်း မြေလွှာတွေထဲကနေ ပေါ်ထွက်လာပြီးတော့ အရင်းအမြစ်တွေအတွက် ရှုပ်ထွေးတဲ့ တိုက်ပွဲတွေကို မလွဲမသွေ ဖြစ်ပေါ်စေလိမ့်မယ်။ ခွန်းလွန်အင်မော်တယ်နန်းတော်က အရင်းအမြစ် ပေါများပုံပေါက်ပေမယ့် တကယ်တမ်းမှာ ငါတို့လည်း အင်အားပြန့်ကျဲနေပြီ။ ဒီပထမဆုံး အရင်းအမြစ်တိုက်ပွဲလှိုင်းမှာ ငါတို့တွေ အများဆုံး ရရှိအောင် သိမ်းပိုက်ရမယ်။"

"ကောင်းကစောင့်ကြည့်မှုကနေ ပထမဆုံး ဝိညာဉ်ကျောက်စိမ်းကြောတွေရဲ့ တည်နေရာကို တွေ့ထားပြီ။ ထျန်ဖူခရိုင်မှာပဲ။"

ဟွာကျင်း၏ တင်းမာသော မျက်နှာပေါ်တွင် မယိမ်းယိုင်သော ဆုံးဖြတ်ချက်ကို ပြသနေ၏။

သံသရာတိုင်းက ဤဂိုဏ်းများ အဆင့်ပြန်လည် သတ်မှတ်ခြင်း အဆင့်သို့ ရောက်ရှိတတ်သည်။

ရေတွင်းမပွင့်မီ အကြိုတက်လှမ်းသူများကို စုဆောင်းထားသော ဂိုဏ်းများက ယခု အရင်းအမြစ် တိုက်ပွဲများတွင် ယှဉ်ပြိုင်ကြရမည်။ အောင်နိုင်သောဂိုဏ်းများက အနာဂတ်တွင် အားသာချက်များ ရရှိပြီး ခွန်းလွန် အင်မော်တယ်နန်းတော် သို့မဟုတ် မဟာမိုးကြိုးကျောင်းတော်ကဲ့သို့ ဧရာမ ဂိုဏ်းကြီးများပင် ဖြစ်လာနိုင်သည်။

ဟွာကျင်း၏ လေးနက်မှုကို သိရှိသွားသော ဝမ်ရှိုယီက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။ "အရှင်မ ပြောတာ မှန်ပါတယ်။ ကျောက်ကြောတွေအကြောင်း ကြိုသိထားတော့ အသေအချာ ပြင်ဆင်ထားလို့ ရတာပေါ့။ ဒါပေမဲ့... အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဓားကျင့်ကြံသူတွေက လာလုရင်ကော ဘယ်လိုလုပ်မလဲ။"

ဟွာကျင်း မျက်လုံးထဲ မှောင်သွား၏။

စကားလမ်းကြောင်းက အဲဒီဓားကျင့်ကြံသူတွေဆီ ဘယ်လိုလုပ် ပြန်ရောက်သွားတာလဲ။

ဒီကောင်လေးက တမင်သက်သက် လုပ်နေတာလား။

သို့သော် သူ၏စကားများက သူ့ကို အကြံတစ်ခု ရစေခဲ့သည်။

ဝိညာဉ်ကျောက်စိမ်းကြောများက ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးသည်။

စောစီးစွာ ရယူနိုင်ခြင်းက အားသာချက်များကို ပေးစွမ်းပြီး အောက်ခြေဂိုဏ်းများကို ထိပ်တန်းဂိုဏ်းများအား ကျော်တက်နိုင်စေ၏။

ထို့ကြောင့်...

ဤဓားကျောင်းတော်မှ ဓားကျင့်ကြံသူများသည် သေချာပေါက် တိုက်ပွဲထဲ ဝင်ပါလာလိမ့်မည်။

ဟွာကျင်းက မျက်လုံးများကို ကျဉ်းလိုက်ပြီး အစီအစဉ်တစ်ခုကို ဖန်တီးလိုက်သည်။

"သူတို့ လာလုရင် ပိုပြီးတော့တောင် ကောင်းသေးတယ်။ သူတို့ အကုန်လုံးကို ဖမ်းဖို့ ငါကိုယ်တိုင် သတ်ဖြတ်ရေးနဲ့ ထောင်ချောက်အခင်းအကျင်းတွေကို ပြင်ဆင်ထားမယ်။"

"သိပ်ကောင်းတယ်။" ဝမ်ရှိုယိ၏ မျက်လုံးများ အရောင်လက်သွားပြီး အကြိမ်ကြိမ် ဦးခေါင်းတိုက် အရိုအသေပေးလိုက်သည်။ "ဒီတပည့် စိတ်ကူးနဲ့တောင် မမှန်းဆနိုင်တဲ့ ဒီလိုနည်းဗျူဟာမျိုးတွေကို အရှင်မ တစ်ယောက်တည်းကပဲ စဉ်းစားနိုင်တာပါ။ ဒါပေမဲ့... သူတို့တွေက ဘယ်အကြောကို ပစ်မှတ်ထားမလဲဆိုတာ ကျွန်တော်တို့ ဘယ်လို သိနိုင်မလဲ။"

ဟွာကျင်း တိတ်ဆိတ်သွား၏။

မှန်ပေသည်။ ငါးမျှားဖို့ဆိုလျှင် ငါးဘယ်နေရာတွင် ဟပ်မလဲဆိုတာကို သိရန် လိုအပ်သည်။

သာမန် ငါးစာလေးများက ထိုဓားကျင့်ကြံသူများကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။

သူတို့က ထောင်ချောက်များကို ရိပ်မိသွားနိုင်၏။

ကြီးမားလှသော ကျောက်ကြောကြီးတစ်ခုကသာ သူတို့ကို စွန့်စားလာအောင် လုပ်နိုင်လိမ့်မည်။

"မဟာမိုးကြိုးကျောင်းတော်နဲ့ စစ်ခင်းဖို့ ပြင်ထား။"

ဟွာကျင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ "ဒီတစ်ခေါက် ငါတို့ ဝိညာဉ်ကျောက်စိမ်းးကြောတွေကို ပိုပြီး သိမ်းပိုက်ရမယ်။"

လွန်ခဲ့သော သံသရာက ခွန်းလွန်အင်မော်တယ်နန်းတော်နှင့် မဟာမိုးကြိုးကျောင်းတော်တို့သည် အကြီးဆုံး ပင်မသွေးကြောနှစ်ခုကို ရယူခဲ့ကြသည်။ ယခု ဓားကျင့်ကြံသူများကို မျှားခေါ်ရန် ထိုပင်မသွေးကြော နှစ်ခုစလုံးကို သိမ်းပိုက်ဖို့ လိုအပ်၏။

သူတို့ကို ပေါ်လာစေအတွက် သူက အရာအားလုံးကို ပုံအောတော့မည်။

"ဟုတ်ကဲ့ပါ အရှင်မ။"

ဝမ်ရှိုယီ၏ မျက်လုံးများတွင် ရူးသွပ်မှုများ လက်သွား၏။

စစ်ပွဲက ငါနှင့် အလိုက်ဖက်ဆုံးပဲ။

ဟန်ဆောင်ကောင်းတဲ့ အဲဒီကတုံးဘုန်းကြီးတွေက ငါ့ကို အနှောင့်အယှက်ပေးနေတာ ကြာပြီ။

အခြားဂိုဏ်းတွေက တက်လှမ်းသူတွေကို စံသတ်မှတ်ချက်တွေနဲ့ မိမိသဘောဆန္ဒအလျောက် စုဆောင်းပေမယ့် အဲဒီဘုန်းကြီးတွေက ပါရမီရှိရှိ မရှိရှိ၊ လူကြီးလူငယ်မရွေး၊ လူတိုင်းကို ယုံကြည်သူတွေအဖြစ် ပြောင်းပစ်တယ်။

ဒါက အတင်းအကျပ် ဦးနှောက်ဆေးတာ မဟုတ်ဘူးလား။

ထို့ကြောင့် ယခုအခါ ဘုန်းကြီးများ၏ အရေအတွက်က တက်လှမ်းသူများထက် များစွာ သာလွန်နေသည်။

ပုံမှန်အားဖြင့် သူတို့ကို မတွေ့ရခြင်းမှာ ဤတံခါးပိတ်ဘုန်းကြီးများသည် ဗုဒ္ဓစာပေများ လေ့လာခြင်း၌သာ နစ်မြုပ်နေသောကြောင့်ပင်။ သို့သော် ထျန်ဖူခရိုင် ဝိညာဉ်ကျောက်စိမ်းကြော တိုက်ပွဲများအတွက်ဆိုလျှင် ဤတရားအားထုတ်နေသူများပင် လှုပ်ရှားလာကြလိမ့်မည်။

...

ခွန်းလွန်တောင်ခြေတွင် ရပ်လျက် ဝမ်ရှိုယိက တိမ်များကြားတွင် မျောလွင့်နေသော ခွန်းလွန် အင်မော်တယ်နန်းတော်ကို နောက်ပြန်ငေးကြည့်ကာ ရည်မှန်းချက်များဖြင့် ရင်ကော့သွားသည်။

တကယ့်ကို ခမ်းနားကြီးကျယ်တာပဲ။

စွမ်းအားကြီးမား၊ ဉာဏ်ပညာရှိပြီး၊ နားလည်မှုရှိတဲ့ အရှင်မ။

ဒါက ငါ တိုက်ပွဲဝင်ခဲ့ရတဲ့ အရာတွေ အားလုံးပဲ။

စီနီယာနဲ့ C ပြည်နယ်ရဲ့ မိစ္ဆာနှိမ်နင်းသူဗျူရို အပါအဝင်ပေါ့။

"ဒီအခွင့်အရေး လှိုင်းတံပိုးကို စီးနင်းနိုင်ဖို့အတွက် စီနီယာနဲ့ မိစ္ဆာနှိမ်နင်းသူဗျူရိုကို ခွန်းလွန်ရဲ့ သင်္ဘောပေါ်ကို ငါ ခေါ်လာမှဖြစ်မယ်။"

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ဆုံးဖြတ်ချက် ခိုင်မာသွားသည်။

"အရင်းအမြစ် တိုက်ပွဲတွေ နီးလာပြီ။ ပြင်ဆင်ထားဖို့ စီနီယာ့ကို ငါ အသိပေးရမယ်။"

ဝမ်ရှိုယီက ခွန်းလွန်အင်မော်တယ်နန်းတော်မှ ဓားပျံဖြင့် ထွက်ခွာသွားသည်။

အရှင်မ၏ မွေးနေ့ပွဲကို သူ တက်ရောက်နိုင်မည် မဟုတ်သော်လည်း လက်ဆောင်တစ်ခုကို ကြိုတင် ပြင်ဆင်ထားခဲ့သည်။

...

ခွန်းလွန် အင်မော်တယ်နန်းတော် အတွင်း၌။

"အဆင့်မြင့် မဟာပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး ဟုတ်လား။ စိတ်ဝင်စားစရာပဲ..."

ဝမ်ရှိုယီ ဆက်သခဲ့သော ဆေးလုံးကို စစ်ဆေးကြည့်လိုက်ရာ ဟွာကျင်း၏ မျက်လုံးများတွင် စိတ်ဝင်စားမှုများ တောက်ပနေ၏။

သူ၏အဆင့်တွင် ဆေးလုံးကို စားသုံးစရာမလိုဘဲ ၎င်း၏ဂုဏ်သတ္တိများကို အကဲဖြတ်နိုင်သည်။

ဤအဆင့်မြင့် မဟာပြန်လည်ကောင်းမွန်ခြင်းဆေးလုံး၏ အာနိသင်သည် ခွန်းလွန်၏ သာမန် အသက်ပြန်ရှင် ဆေးလုံးများထက် အဆပေါင်း ဒါဇင်ချီ သို့မဟုတ် ရာချီ၍ပင် သာလွန်နေ၏။

ထို့အပြင် ၎င်းကို ဖန်တီးခဲ့သူမှာ ဝမ်ရှိုယီ မဟုတ်ပေ။ ချန်ဟွိုက်အန်ဟု အမည်ရသော နိုးထသူ၊ ထိုCပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို အုပ်ချုပ်ရေးမှူးပင် ဖြစ်သည်။

ဝမ်ရှိုယီ ပေးချင်သော သတင်းစကားကို သူ နားလည်သည်။

ခွန်းလွန် အင်မော်တယ်နန်းတော်အတွက် ချန်ဟွိုက်အန်၏ တန်ဖိုးကို ပြသနေခြင်းပင်။

သူက ချန်ဟွိုက်အန်ကို ထောက်ခံပေးနေခြင်း ဖြစ်သည်။

ဝန်ခံရလျှင်...

ချန်ဟွိုက်အန်၏တန်ဖိုးက သူ၏ မျက်လုံးများကို ဖမ်းစားနိုင်ခဲ့လေပြီ။

…

All Chapters