အခန်း (၂၈၀)
Vol. 24 Ch. 280
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၈၀) - သူတော်စင်လင်းဖုန်း
ဘာသာပြန် - အားသစ်
လင်းမိသားစုအတွင်း၌မူ လင်းဇနီးမောင်နှံနှစ်ဦးမှာ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက စိုးရိမ်ပူပန်နေခဲ့ကြရသည်။
သူတို့၏ ဒုတိယမြောက်သားဖြစ်သူ လင်းဟိုင်တစ်ယောက် ဤကဲ့သို့ ရုတ်တရက် သေဆုံးသွားခဲ့ရသည်ဖြစ်ရာ သူတို့ မည်သို့ ဝမ်းမနည်းဘဲ နေပါမည်နည်း။ သို့သော်လည်း သူတို့ မဖြေဆည်နိုင်ဖြစ်နေစဥ်မှာတင် လင်းဖုန်းကလည်း ထပ်မံ ထွက်ခွာသွားပြန်သည်။ သူ အသက်ရှင်လျက် ရှိ မရှိကိုပင် မသိရပေ။ တစ်ခဏအတွင်းမှာပင် လင်းမိသားစု ဗီလာကြီးတစ်ခုလုံး လေးလံထိုင်းမှိုင်းသည့် အငွေ့အသက်များဖြင့် လွှမ်းခြုံစိုးမိုးသွားရသည်။
“ကျွန်မတို့ လင်းဖုန်းရဲ့ ဆက်သွယ်ရေးကိရိယာဆီကို နောက်တစ်ခေါက်လောက် ထပ်ပြီး ခေါ်ကြည့်ရင် မကောင်းဘူးလား” အမေလင်းက ဆက်မအောင့်ထားနိုင်တော့ဘဲ မေးလိုက်သည်။
“ဖုန်းမခေါ်သေးနဲ့ဦး။ ဖုန်းအာက အခု ကိုယ်စားလှယ်တော်တစ်ယောက် ဖြစ်နေပြီ။ သူ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတာကို သဘာဝကျကျပဲ ကောင်းကောင်းသိပါတယ်။ သူ ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ သူ့ကို လုပ်ခွင့်ပေးလိုက်ပါ။ ဘယ်လိုဖြစ်ဖြစ် ငါတို့အားလုံးက သူ့ကို ပံ့ပိုးပေးရမှာပဲ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်သင့်ဘူး”
အဖေလင်းက တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သော်လည်း သူ့လက်များကမူ အနည်းငယ် တုန်ယင်နေ၏။ သူကိုယ်တိုင်လည်း ထင်သလောက် တည်ငြိမ်မနေကြောင်း ထင်ရှားလှပေသည်။
သူ၏ ဒုတိယမြောက်သားက သေဆုံးသွားခဲ့လေပြီ။ အကယ်၍ လင်းဖုန်းသာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက လင်းမိသားစု၏ ယာယီဩဇာလွှမ်းမိုးမှုက လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် လင်းမိသားစုသည်လည်း မူလအခြေအနေသို့ ပြန်လည်ကျဆင်းသွားပေလိမ့်မည်။
သို့သော်လည်း အဖေလင်းက လင်းဖုန်းကို မတားဆီးခဲ့ပေ။ သူ လင်းဖုန်းကို ယုံကြည်သည်။
“ဟင်... တီဗီမှာ ဘာလို့ ပုံရိပ်တွေ မလာတော့တာလဲ”
ဧည့်ခန်းထဲတွင် တီဗီကြည့်နေသော လင်းချန်က ရုတ်တရက် ရုပ်မြင်သံကြားလိုင်းအားလုံး တိတ်ဆိတ်သွားသည်ကို သတိပြုမိလိုက်သည်။
မကြာမီမှာပင် တီဗီပေါ်၌ ပုံရိပ်များ ထပ်မံ ပေါ်ထွက်လာသည်။ သို့သော်လည်း စမတ်ကျကျ ဝတ်ဆင်ထားသည့ သတင်းတင်ဆက်သူနှစ်ဦး ပေါ်လာခဲ့ခြင်းဖြစ်၏။
“အထူးသတင်း ထုတ်ပြန်ချက် ဖြစ်ပါတယ်။ သူတော်စင်ကိုးပါးက လူသားမျိုးနွယ်ရဲ့ ဒသမမြောက်သူတော်စင်သူတော်စင်လင်းဖုန်း ပေါ်ထွက်လာခြင်းအတွက် ပူးတွဲ လက်မှတ်ရေးထိုးပြီး ဂုဏ်ပြုလိုက်ပါတယ်”
ထိုစာသားကို မြင်လိုက်ရသောအခါ လင်းချန် ကြောင်အသွားရသည်။ သူတော်စင် ဟုတ်လား။ သူတော်စင်ဆိုသည်ကို သူမ မည်သို့ မသိဘဲနေပါမည်နည်း။
လူသားမျိုးနွယ်အတွင်းရှိ လူတိုင်းနီးပါး သူတော်စင်များအကြောင်းကို သိကြသည်။ သူတော်စင်ကိုးပါးက လူသားမျိုးနွယ်၏ အဓိကဒေါက်တိုင်ကြီးများဖြစ်ကြပြီး အမြဲတစေ သူတော်စင်ကိုးဦးသာ ရှိခဲ့၏။ ဒါက ဘာကို ဆိုလိုတာလဲ။ ဒသမမြောက်သူတော်စင် ပေါ်ထွက်လာပြီ ဟုတ်လား။
ထိုမျှသာမက ထိုဒဿမမြောက်သူတော်စင်က လင်းဖုန်း ဖြစ်နေသည်။ နာမည်တူ တိုက်ဆိုင်နေခြင်းများလော။
“အဖေ... အမေ... အစ်ကိုကြီး... ဒီသတင်းကို လာကြည့်ကြပါဦး...”
လင်းချန်က လင်းဇနီးမောင်နှံနှင့် အစ်ကိုကြီးဖြစ်သူကို အလျင်အမြန် လှမ်းခေါ်လိုက်သည်။
ဒသမမြောက်သူတော်စင် သူတော်စင်လင်းဖုန်းနှင့်ပတ်သက်သည့် အချက်အလက်အားလုံး တီဗီဖန်သားပြင်ပေါ်တွင် ပေါ်ထွက်လာတော့သည်။
သူတော်စင်လင်းဖုန်းကို ဗဟိုပင်လယ်မြို့တွင် မွေးဖွားခဲ့၏။ သူက ငယ်စဉ်ကတည်းက ထူးဆန်းသည့် ရောဂါတစ်ခုကို ခံစားခဲ့ရပြီး ပုံမှန်မဟုတ်သောကိုယ်တွင်းအင်္ဂါ ချို့ယွင်းမှုအဖြစ် သတ်မှတ်ခြင်းခံရကာ အသက်ရှင်ရန် အချိန်အများကြီး မကျန်တော့ပေ။
အနန္တလမ်းစဉ်အကယ်ဒမီသို့ တက်ရောက်ပြီးနောက် သူ ရှေ့တန်းစစ်မျက်နှာပြင်ရှိ နဂါးတောင်အခြေစိုက်စခန်းသို့ စေလွှတ်ခံရရန် မိမိသဘောဆန္ဒအလျောက် လျှောက်ထားခဲ့သည်။
နဂါးကျောက်တုံးမြို့ တိုက်ပွဲတွင် သူတော်စင်လင်းဖုန်းက အခြေအနေကို ပြောင်းလဲစေခဲ့ပြီး တီကောင်သားရဲများ၏ တိုက်ခိုက်မှုကို ခြေမှုန်းနိုင်ခဲ့သည်။ သူ၏ ထူးခြားပြောင်မြောက်လှသော စွမ်းဆောင်ရည်များကြောင့် လူသားမျိုးနွယ်၏ သူရဲကောင်းတံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။
သူတော်စင်လင်းဖုန်းက ကျောက်တုံးမြို့တွင် လှုပ်ခတ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး သိုင်းသမားများနှင့်ပတ်သက်သည့် မကောင်းသော စီမံခန့်ခွဲမှုအချို့ကို ဖယ်ရှားပေးခဲ့ကာ သိုင်းသမားများအတွက် မူဝါဒအသစ်ကို အကောင်အထည်ဖော်ရန် ကူညီပေးခဲ့သည်။
သူတော်စင်လင်းဖုန်းက တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းသို့ ဝင်ရောက်ကာ ကြမ်းကြုတ်သားရဲများနှင့် တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် သူ ဗဟိုပင်လယ်မြို့ကြီး၏ ကိုယ်စားလှယ်တော် ဖြစ်လာခဲ့သည်။ သူ၏ ဒုတိယမြောက်အစ်ကို လင်းဟိုင် သေဆုံးမှုကြောင့် သူ ပြင်ပနယ်မြေ နယ်စပ်ဒေသသို့ သွားရောက်ကာ လူသားမျိုးနွယ်အတွက် ကပ်ဘေးကြီးတစ်ခုနှင့် ဆုံတွေ့ခဲ့ရသည်။ သူတော်စင်လင်းဖုန်းက အခြေအနေကို နောက်တစ်ကြိမ် ပြန်လည်ပြောင်းလဲပေးခဲ့ပြီး ဤကပ်ဘေးကြီး ပေါ်ထွက်လာမှုကို တားဆီးပေးခဲ့သည်။
တီဗီစခရင်ပေါ်တွင် ပြသနေသည်များမှာ လင်းဖုန်း ငယ်စဉ်ကတည်းက အကြောင်းအရာများ၊ နဂါးကျောက်တုံးမြို့တော် တိုက်ပွဲနှင့် ကျောက်တုံးမြို့တော်တွင် အထိကရုဏ်းဖြစ်စေခဲ့သည့် မြင်ကွင်းများအားလုံးကို အသေးစိတ် မိတ်ဆက်ပေးနေခြင်း ဖြစ်သည်။
ပိုမိုအရေးကြီးသည်က နောက်ဆုံးတွင် လင်းဖုန်း မီတာ ၂၀၀ အမြင့်ရှိ ဧရာမဘီလူးကြီးအဖြစ် အသွင်ပြောင်းကာ မီတာ ၁၀၀ မြင့်သော ဖျက်ဆီးခြင်းစက်ရုပ်ကြီးနှင့် တိုက်ခိုက်နေသည့်မြင်ကွင်း ပါဝင်နေခြင်းပင်။ တိုက်ပွဲ၏ ပြင်းထန်မှုကို တီဗီမှတစ်ဆင့်ပင် ကောင်းကောင်း ခံစားမိနိုင်ပေသည်။
ကပ်ဘေးကြီး။ ဤသည်ကား အစစ်အမှန် ကပ်ဘေးကြီးတစ်ခုပင်။ တီဗီစခရင်ပေါ်ရှိ သိပ်သည်းလှသည့် စက်ရုပ်များကို ကြည့်ရင်း လူတိုင်း ကြက်သီးမွေးညင်းထသွားကြရသည်။
လူသားမျိုးနွယ်က သူတို့ပင်မသိလိုက်ဘဲ ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် လင်းဖုန်းကြောင့် ကယ်တင်ခံလိုက်ရခြင်း ဖြစ်ပေ၏။ လူအများစုကမူ ထိုအကြောင်းကို ဘာမှ မသိကြသေးပေ။
“ဖုန်းအာ အသက်ရှင်နေတာပဲ...”
အမေလင်း အခုမှ သက်ပြင်းချနိုင်တော့သည်။ သိပ်သည်းလှသည့် စက်ရုပ်များနှင့် ဧရာမစက်ရုပ်ကြီးကို ကြည့်ရင်း သူမရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မိနေဆဲပင်။
“သူ အသက်ရှင်နေရုံတင် ဘယ်ကမလဲ... သူက သူတော်စင်တစ်ပါး ဖြစ်လာပြီလေ။ ဒသမမြောက်သူတော်စင်။ သူက ငါတို့ လင်းမိသားစုရဲ့ အစစ်အမှန် နဂါးတစ်ကောင်တင် ဘယ်ကတော့မလဲ။ သူက တကယ့် နတ်ဘုရားနဂါးတစ်ကောင်ပဲ”
အဖေလင်းလည်း အလွန်တရာ စိတ်အားထက်သန်နေသည်။ သူက စီးပွားရေးလောကကို လွှမ်းမိုးထားနိုင်ခဲ့သူ ဖြစ်သော်လည်း ယခုအခိုက်အတန့်တွင် မည်သို့ စကားဆိုရမည်ကိုပင် မတွေးတတ်တော့ဘဲ သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ချေ။
သူတော်စင်များ... မြင့်မြတ်လှသည့် သူတော်စင်များ။ ယခုအချိန်မှစ၍ လင်းမိသားစုသည် ကမ္ဘာပေါ်ရှိ ထိပ်တန်းမိသားစုကြီးများထဲမှ တစ်ခု ဖြစ်လာပေပြီ။
ယခင်က လင်းမိသားစုအနေဖြင့် ဤကဲ့သို့သောအရာမျိုးကို စိတ်ကူးပင် မယဉ်ရဲခဲ့ကြပေ။
လင်းယုံလည်း ဆွံ့အသွားရသည်။ သူ တိုးတိုးလေး ရေရွတ်မိလိုက်သည်။ “သူက လွန်ခဲ့တဲ့ နှစ်ရက်ကတင် ကိုယ်စားလှယ်တော် ဖြစ်နေသေးတာကို အခု သူတော်စင်ဖြစ်သွားပြီ ဟုတ်လား။ ငါကလည်း သူတော်စင်တစ်ပါးရဲ့ အစ်ကိုကြီး ဖြစ်သွားတာပေါ့”
လင်းယုံအနေဖြင့် မယုံနိုင်ဖြစ်နေသည်ကလည်း မဆန်းပါချေ။ ဤကိစ္စက အလွန်တရာ တုန်လှုပ်စရာကောင်းပြီး မယုံနိုင်စရာ ကောင်းလွန်းလှသည်။ သူ လင်းဖုန်း အသွင်ပြောင်းနယ်ပယ် သိုင်းသမား ဖြစ်လာခြင်းကို လက်ခံနိုင်သည်။ လင်းဖုန်း ကိုယ်စားလှယ်တော်ဖြစ်လာခြင်းကိုလည်း လက်ခံနိုင်သည်။ ထို့အပြင် လင်းဖုန်း သာလွန်နတ်ဘုရားနယ်ပယ်သိုင်းသမား ဖြစ်နေခြင်းကိုပင် သူ လက်ခံနိုင်သည်။
သို့ပေသော်ငြား… သူတော်စင် ဟုတ်လား။
ဤခုန်ပျံကျော်လွှားမှုက အလွန်တရာ ကြီးမားလွန်းလှသဖြင့် လင်းယုံပင်လျှင် နားမလည်နိုင်တော့ချေ။
သို့သော်လည်း လင်းမိသားစု မည်သို့ပင် တွေးတောနေပါစေ အဓိက သတင်းမီဒီယာကြီးများကမူ ဤသတင်းကို အလုံးအရင်းဖြင့် ထုတ်ပြန်ကြေညာနေခဲ့ကြလေပြီ။ သူတော်စင်ကိုးပါးက အတည်ပြုပေးထားခဲ့ပြီဖြစ်ရာ သံသယဖြစ်ဖွယ်မရှိဘဲ လင်းဖုန်းက ယခုအချိန်မှစ၍ လူသားမျိုးနွယ်၏ ဒသမမြောက် သူတော်စင်သူတော်စင်လင်းဖုန်း ဖြစ်ပေတော့မည်။
လင်းမိသားစုသာ ထိတ်လန့်သွားခဲ့ရသည် မဟုတ်ပေ။ တီဗီလိုင်းများနှင့် သတင်းမီဒီယာအားလုံးနီးပါးက ဤသတင်းကို ကြေညာလိုက်သောအခါ လူသားလောကတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။ မုန်တိုင်းတစ်ခုအလား လူတိုင်း ဝမ်းသာအားရ အော်ဟစ်အောင်ပွဲခံနေကြတော့သည်။
သူတော်စင်... ဒသမမြောက် သူတော်စင်
တချို့လူများက မယုံနိုင်စရာကောင်းသည်ဟု ထင်မြင်ကြပြီး တချို့က သံသယဝင်နေကြသော်လည်း ဒသမမြောက်သူတော်စင် ပေါ်ထွက်လာခြင်းက လူသားမျိုးနွယ်အတွက် များစွာအဓိပ္ပာယ်ရှိလှသည်။ ကိုးယောက်မြောက်သူတော်စင် ပေါ်ထွက်လာခဲ့ပြီးကတည်းက လူသားမျိုးနွယ်အတွင်း၌ သူတော်စင်တစ်ပါး ထပ်မံ ပေါ်ထွက်လာခဲ့ခြင်း မရှိသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။
တချို့သောလူများကမူ နှစ်ပေါင်းတစ်ရာအတွင်း၌ပင် ဆယ်ယောက်မြောက် သူတော်စင်တစ်ပါး ပေါ်ထွက်လာရန် မလွယ်ကူဟုပင် ပြောဆိုခဲ့ကြဖူးသည်။
သို့သော် ယခုမူ ဒသမမြောက်သူတော်စင် ပေါ်ထွက်လာခဲ့လေပြီ။ ဒဿမမြောက်သူတော်စင် ပေါ်ထွက်လာသည်က ထင်မှတ်မထားသည့် ကိစ္စရပ်ဖြစ်သော်လည်း ထိုသူတော်စင်က လင်းဖုန်းဖြစ်နေခြင်းကမူ ယုံနိုင်စရာပင်မရှိချေ။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ပြီး ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့သည့် ပါရမီရှင် လင်းဖုန်းပင် ဖြစ်နေသည်တကား။
အချိန်မည်မျှသာ ကြာမြင့်သေးသနည်း။ သို့သော် သူက ဒသမမြောက်သူတော်စင် သူတော်စင်လင်းဖုန်း ဖြစ်လာခဲ့ချေပြီ။
လင်းဖုန်း၏ စွမ်းဆောင်ချက်များကိုလည်း အားတက်သရော ဆွေးနွေးနေကြသည်။ ကျန်သူတော်စင်ကိုးပါးကဲ့သို့ပင် သူ၏ စွမ်းဆောင်ချက် များစွာက ယခုအခါ ဒဏ္ဍာရီများ ဖြစ်လာခဲ့ချေပြီ။ ထိုမျှသာမက လင်းဖုန်းကိုယ်တိုင်လည်း ဒဏ္ဍာရီတစ်ခု ဖြစ်လာပြီဖြစ်၏။
သူ၏ အတိတ်က စွမ်းဆောင်ချက်များဖြစ်သည့် နဂါးကျောက်တုံးမြို့တိုက်ပွဲ၊ ကျောက်တုံးမြို့တွင် အထိကရုဏ်းဖြစ်စေခဲ့ခြင်း စသည်တို့က ဒဏ္ဍာရီများအလား ဖြစ်လာခဲ့သည်။
အကျိုးသက်ရောက်မှု အရှိဆုံး ဗီဒီယိုကမူ လင်းဖုန်းနှင့် ဧရာမစက်ရုပ်ကြီးတို့၏ နောက်ဆုံး တိုက်ပွဲမြင်ကွင်းပင်။ ထိုဗီဒီယိုကို စစ်တပ်က ရိုက်ကူးထားခဲ့ခြင်းဖြစ်ပြီး သူတော်စင်ကိုးပါး၏ သဘောတူညီချက်ဖြင့် လူသိရှင်ကြား ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ဤသည်ကလည်း လင်းဖုန်းအား သူရဲကောင်းတစ်ဦး၊ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးအဖြစ် ပုံဖော်ရန်အတွက်ပင်။
သူတော်စင်တိုင်းက လူသားများ၏ မျက်စိထဲတွင် ကောင်းမွန်သော ပုံရိပ်တစ်ခုစီရှိကြပြီး လင်းဖုန်းသည်လည်း ထိုနည်းလည်းကောင်းပင်။
ဧရာမစက်ရုပ်ကြီးနှင့် တိုက်ပွဲတွင် လင်းဖုန်း အားကုန်ထုတ်သုံးနေသည်ကို လူတိုင်း မြင်တွေ့နိုင်သည်။ ထိုသို့ဖြင့် နောက်ဆုံးတွင် လင်းဖုန်း အနိုင်ရရှိခဲ့သည်။ ဤကဲ့သို့သော အရှိန်အဟုန်ကြီးမားလှသည့် အခြေအနေကြီးအောက်တွင် လင်းဖုန်း လူသားမျိုးနွယ်၏ ဒသမမြောက်သူတော်စင် ဖြစ်လာခြင်းကို မည်သူမျှ သံသယမဝင်ကြတော့ပေ။
သဘာဝကျစွာပင်... လင်းဖုန်းက ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်မှာတင် သူတော်စင် ဖြစ်လာခဲ့သည်ဟူသည့် အချက်ကိုမူ ရွေးချယ်၍ ဖုံးကွယ်ထားခဲ့ကြသည်။ လင်းဖုန်းနှင့်ပတ်သက်သည့် အချက်အလက်အားလုံးက အဆင့်မြင့် လျှို့ဝှက်ချက်များ ဖြစ်လာသည်။ သူတော်စင်ကိုးပါးမှလွဲ၍ မည်သူမျှ လင်းဖုန်း၏ အချက်အလက်များကို ကြည့်ရှုခွင့် မရှိကြပေ။
ထို့ကြောင့် အချို့သော သိုင်းသမားများက သံသယဝင်နေကြဆဲဖြစ်သည်။ သူတို့အားလုံးက လင်းဖုန်းတစ်ယောက် စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်မပြီမြောက်သေးဟု သံသယဝင်နေကြသော်လည်း ဤသည်က အလုံးစုံ အခြေအနေကြီးကို မထိခိုက်စေပါချေ။ သတင်းမီဒီယာများ၏ ဝိုင်းဝန်းကြေညာမှုအောက်တွင် အချိန်တိုအတွင်းမှာပင် ကမ္ဘာတစ်ခုလုံး လူသားမျိုးနွယ်၌ ဒသမမြောက်သူတော်စင် ပေါ်ထွက်လာခြင်းအတွက် အောင်ပွဲခံနေကြတော့သည်။
အနန္တလမ်းစဉ်အကယ်ဒမီ၊ ဗဟိုပင်လယ်တက္ကသိုလ်၊ နဂါးတောင်အခြေစိုက်စခန်း၊ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း၊ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်း၊ ဝင်ရိုးစွန်းမြို့တော်...
လင်းဖုန်း ရောက်ရှိခဲ့ဖူးသည့် နေရာတိုင်း၌ လင်းဖုန်းနှင့် ယခင်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသူတိုင်း စိတ်လှုပ်ရှားကာ ရူးသွပ်ကုန်ကြတော့သည်။ သူတို့က မိမိတို့ လင်းဖုန်းနှင့် ယခင်က ရင်းနှီးခဲ့ဖူးကြောင်းကို အခြားသူများကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောဆိုနေကြတော့သည်။
ဝင်ရိုးစွန်းအကယ်ဒမီမှ ချူချန်းသည်လည်း ဤသတင်းကို ကြားလိုက်ရသောအခါ ဆွံ့အသွားရသည်။ သူမ၏ အခန်းဖော်များနှင့် သူငယ်ချင်းများအားလုံးလည်း အံ့အားသင့်သွားကြသည်။ သူတို့ ယခင်က တွေးခဲ့ကြသည်မှာ လင်းဖုန်းက တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ပထမဆု ရရှိနိုင်ခဲ့ခြင်းကပင် လုံလုံလောက်လောက် ထူးချွန်နေပြီဟု။
သို့သော် ယခုမူ လင်းဖုန်းက သူတော်စင်တစ်ပါး ဖြစ်လာခဲ့ပြီဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ဩဇာအာဏာအရှိဆုံး လူဆယ်ဦးထဲမှ တစ်ဦးဖြစ်လာကာ ကမ္ဘာ့ထိပ်ဆုံးတွင် ရပ်တည်နေခဲ့ပြီ ဖြစ်ပေသည်။ ချူချန်းကိုယ်တိုင်ပင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့်ပတ်သက်၍ အနည်းငယ် ဝေဝါးပြီး စိမ်းသက်သလို ခံစားလိုက်ရသည်။
သူတော်စင်လင်းဖုန်းဆိုသူက သူမ သိကျွမ်းခဲ့သော လင်းဖုန်း တကယ်ပဲ ဟုတ်ပါရဲ့လား။