← Chapters

အခန်း (၂၆၉)

Vol. 24 Ch. 269

အခန်း (၂၆၉)

Vol. 24 Ch. 269

အခန်း (၂၆၉) - ဒုတိယအစ်ကို

ဘာသာပြန် - အားသစ်

“ဒီမှာ မရှိဘူး... ဘယ်မှာမှ မရှိဘူးပဲ”

လင်းဖုန်း ဆက်လက်လျှောက်လှမ်းလာခဲ့သော်လည်း သူ့ဒုတိယအစ်ကိုလင်းဟိုင်၏ အလောင်းကိုမူ မတွေ့ခဲ့ရပေ။ စင်စစ်တွင် ဤလမ်းတစ်လျှောက်၌ သူ၏တွက်ချက်မှုအရ အလောင်း ၈၀ ခန့်သာ ရှိသည်။

(ဒုတိယအစ်ကိုဟုသာ သုံးပါတော့မည်။)

လူတစ်ရာပါအဖွဲ့ထဲက ကျန်တဲ့သူတွေကရော ဘယ်ရောက်သွားကြတာလဲ။

ဤနေရာတွင် ကျန်လူများထဲမှ အသက်ရှင်သူများကို မတွေ့ရသလို အလောင်းများလည်း ရှိမနေပေ။ တစ်ခုခု ထူးဆန်းနေသည်မှာ သေချာပေ၏။

“ဟင်... ငါ ခုနက စက်ရုပ်တွေကို အပျက်အစီးနယ်မြေထဲ ပြန်ဆုတ်ဖို့ အမိန့်ပေးတဲ့ သတင်းစကားတစ်ခု ကြားဖြတ်ဖမ်းယူမိတယ်။ မကောင်းတော့ဘူး။ ဒီအပျက်အစီးထဲမှာ ဉာဏ်ရည်တုသက်ရှိတွေ ရှိနေတယ်။ သူတို့က အပျက်အစီးတစ်ခုလုံးကိုတောင် ထိန်းချုပ်နိုင်တယ်”

လောင်ဘီသမ်က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် အပြင်ဘက်ရှိ စက်ရုပ်များက တစ်ရုပ်ပြီးတစ်ရုပ် ဆုတ်ခွာလာကြ၏။ စက်ရုပ်အားလုံး အပျက်အစီးနယ်မြေအတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသည်။

“အချက်ပြလှိုင်းက အပျက်အစီးနယ်မြေထဲကနေ လွှင့်တာလား။ လောင်ဘီသမ်... အချက်ပြလှိုင်းရဲ့ ရင်းမြစ်ကို ခြေရာခံလို့ ရလား”

“ရတာပေါ့။ မင်းရှေ့က သိပ်မဝေးတဲ့ နေရာပဲ။ မြေအောက်ကနေ လာတာ”

လင်းဖုန်း လောင်ဘီသမ်၏ လမ်းညွှန်မှုအတိုင်း စင်္ကြံလမ်းတစ်လျှောက် ဆက်သွားလေသည်။ လမ်းချိုးလမ်းကွေ့အနည်းငယ် ဖြတ်သန်းပြီးနောက် အောက်ဘက်ဆီသို့ ဦးတည်ဆင်းသွားသည့် လှေကားထစ်များကို သူ တကယ်တွေ့လိုက်ရသည်။ ထို့အပြင် လှေကားအဝင်ဝကို စောင့်ကြပ်နေသည့် စက်ရုပ်များစွာလည်း ရှိနေသေး၏။

“ဟမ့်”

လင်းဖုန်း အေးစက်စက် နှာမှုတ်လိုက်သည်။ မီတာအနည်းငယ်သာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ဖြင့်ပင် သူ ဤစက်ရုပ်များကို အလွယ်တကူ အနိုင်ယူနိုင်သည်။

ဘုန်း ဘုန်း ဘုန်း

လင်းဖုန်းသည်ကား လျှပ်စီးအလား မြန်ဆန်လှ၏။ စောင့်ကြပ်နေသည့် စက်ရုပ်များကို မတုန့်မဆိုင်း ချက်ချင်းလက်ငင်း အနိုင်ယူလိုက်သည်။ ထို့နောက် သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ လှေကားများက အလွန်နက်ရှိုင်းသည်အထိ ဆင်းသွားကြောင်း တွေ့လိုက်ရသည်။ အောက်တွင် မြေအောက်ခန်းတစ်ခု ရှိနေပုံရ၏။

လှေကားအဆုံးတွင် အလင်းရောင်တစ်ခုလည်း ရှိနေသည်။ လင်းဖုန်း အနည်းငယ်မျှ အံ့ဩသွားရသည်။ သူ ထိုအလင်းရောင်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပြီး သူ့စိတ်စွမ်းအားကို ဖြန့်ကြက်ကြည့်လိုက်သည်။

စိတ်စွမ်းအားသည်ကား မျက်စိဖြင့် မမြင်နိုင်ပေ။ လင်းဖုန်း၏ လက်ရှိစိတ်စွမ်းအားစက်လုံးဖြင့် အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် စိတ်စွမ်းအား အမြောက်အမြားက သူ့ရှေ့ မီတာဒါဇင်ပေါင်းများစွာ ဧရိယာကို ဖုံးလွှမ်းသွားသည်။

သူ့စိတ်စွမ်းအားမှတစ်ဆင့် အလွန်တရာ ကျယ်ဝန်းလှသည့် မြေအောက်ခန်းတစ်ခုကို သူ မြင်လိုက်ရ၏။ မြေအောက်ခန်းထဲတွင်ကား စက်ရုပ်များစွာက ရေပတ်မဝင်နိုင်လောက်အောင် ကြိတ်ကြိတ်တိုး ရပ်နေကြသည်။

မြေအောက်ခန်းအလယ်တွင် ကျောက်တုံးပလက်ဖောင်းများစွာရှိ၏။ သိုင်းသမားတချို့ကို ထိုပေါ်တွင် ကြိုးဖြင့် တုပ်နှောင်ဖမ်းဆီးထားသည်။

သူတို့ထဲတွင် လင်းဖုန်း၏ ဒုတိယအစ်ကို လင်းဟိုင်လည်းတစ်ယောက်အပါအဝင်ပင်။

“အစ်ကို”

ဝုန်း

မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ လင်းဖုန်း မြေအောက်ခန်းထဲသို့ ချက်ချင်း ပြေးဝင်သွားသည်။ တစ်ချိန်တည်းတွင်ပင် စက်ရုပ်များစွာက တုံ့ပြန်လာကြသည်။ လင်းဖုန်း၏ ခန္ဓာကိုယ်က အလျင်အမြန် ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်မီတာ အမြင့်အထိ ကြီးထွားသွားသည်။

ဤမြေအောက်ခန်းက အလွန် ကျယ်ဝန်းပြီး မြင့်မားလှ၏။ လင်းဖုန်း၏ ဆယ်မီတာမြင့်သော တိုက်ပွဲဝင်ခန္ဓာကိုယ်က ဧရာမဘီလူးကြီးတစ်ကောင်အလား ကျောက်တုံးပလက်ဖောင်းများဆီသို့ ချက်ချင်း ပြေးဝင်သွားသည်။ သူ့လက်ဖြင့် တစ်ချက် ဆုပ်ကိုင်လိုက်ရုံဖြင့် ဒုတိယအစ်ကိုကို ချုပ်နှောင်ထားသော အမည်မသိသတ္တုစပ်ကြိုးများက ဂျယ်လီတုံးများအလား အလွယ်တကူ ကျိုးပဲ့သွားစေသည်။

“အစ်ကို”

လင်းဖုန်း သူ့အစ်ကိုလင်းဟိုင်ကို ကယ်တင်လိုက်သည်။

လင်းဟိုင်တစ်ယောက် ယောင်ဝါးဝါး ဖြစ်နေ၏။ တစ်စုံတစ်ယောက်က သူ့နာမည် ခေါ်နေသည်ကို ကြားလိုက်ရသလိုပင်။ သူ့ခေါင်းက အလွန်တရာ နာကျင်ကိုက်ခဲနေသည်။ ထိုအခိုက်အတန့်၌ သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်နှယ် သူ ခံစားနေရသည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရင်းနှီးသလိုလို စိမ်းသက်နေသလိုလို မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

ရင်းနှီးနေသည်က သူ ဤရုပ်သွင်ကို ငယ်စဉ်ကတည်းက မြင်ဖူးခဲ့သောကြောင့် ဖြစ်ပြီး စိမ်းသက်နေသည်က မကြာသေးမီအတောအတွင်း တွေ့ရခဲလွန်းသောကြောင့်ဖြစ်၏။ အထူးသဖြင့် ယခုလက်ရှိတွင် ဤမျက်နှာက အလွန်တရာ ကြီးမားနေသည်။

“ညီလေးလား”

လင်းဟိုင် ခပ်ဖွဖွပြုံးလိုက်သည်။ သူ့ညီငယ်လေး လင်းဖုန်းပင်။ လင်းဖုန်းတစ်ယောက် မည်မျှ ပြောင်းလဲသွားပါစေ သူ လင်းဖုန်းကို မြင်လိုက်သည်နှင့် ဤသူက သူ့ညီလေး လင်းဖုန်းမှန်း သူ တန်းသိလိုက်သည်။

လင်းဟိုင်က လင်းဖုန်း ဤနေရာကို ဘယ်လိုရောက်နေကြောင်း မမေးသလို ဘယ်လိုအကြောင်းကြောင့် ဧရာမ ဘီလူးကြီးတစ်ကောင်အလား ဖြစ်နေသည်ကိုလည်း မမေးပေ။ လင်းဖုန်း ဤနေရာတွင် ရှိနေခြင်းကပင် အရာအားလုံး ရှင်းရှင်းလင်းလင်း ဖြစ်နေချေပြီ။

ဤသူက သူ့မွေးချင်း ညီအရင်းအချာဖြစ်၏။ သူတို့ကြားရှိသွေးက ရေထက် ပိုပျစ်ပေသည်။

“ညီလေး... သူတို့ကို အရင်ကူပြီး အားလုံးကို ကယ်ပေးပါ”

လင်းဟိုင်က သူ့ဘေးရှိ သိုင်းသမားများကို စောင်းငဲ့ကြည့်လိုက်သည်။

လင်းဖုန်း ခေါင်းညိတ်ပြလိုက်၏။ သူ့လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်ရာ သံကြိုးများစွာ ကျိုးပဲ့သွားသည်။ လင်းဟိုင်နှင့် အခြားအသွင်ပြောင်းနယ်ပယ် သိုင်းသမားများ လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဟု ထင်မှတ်ထားခဲ့သော သံကြိုးများကို လင်းဖုန်းက လွယ်လင့်တကူ ရိုက်ချိုးပစ်လိုက်ခြင်းပင်။

ဘုန်း

သို့သော်လည်း ကံမကောင်းသူတချို့လည်း ရှိနေသေး၏။ သူတို့၏ခေါင်းများက ချက်ချင်း ပေါက်ကွဲသွားခဲ့ရသည်။ လင်းဖုန်းအနေဖြင့် လူ ၁၁ ယောက်ကိုသာ ကယ်တင်နိုင်ခဲ့သည်။

“ဝေ... မင်း အဆင်ပြေလား”

လင်းဟိုင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော ဝေကို တွဲကူပေးလိုက်သည်။ အကယ်၍ လင်းဖုန်းသာ အနည်းငယ် နောက်ကျခဲ့ပါက သူ ထပ်တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

“လင်းဟိုင်... သူက မင်းရဲ့ ညီငယ်လား။ မဆိုးဘူး မဆိုးဘူး။ သူက တကယ့်ကို လူတွေကြားက နဂါးတစ်ကောင်ပဲကွ”

ဝေကား ဤသို့သော အချိန်မျိုးတွင်ပင် နောက်ပြောင်ပြောဆိုချင်နေသေး၏။ လင်းဟိုင်က မတတ်နိုင်ဟန်ဖြင့် ပြုံးလိုက်မိသည်။

လင်းဖုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မြေအောက်ခန်းအလယ်ရှိ ဖန်သားပြင်ကြီးပေါ်မှ စက်ရုပ်မျက်နှာကို သူ ကြည့်လိုက်သည်။ လက်ရှိကိစ္စရပ်အားလုံးက ဤစက်ရုပ်မျက်နှာ၏ လက်ချက်ပင်။

အမှန်တကယ်တော့ လောင်းဘီသမ် ကြားဖြတ်ဖမ်းယူမိခဲ့သော အချက်ပြလှိုင်းကလည်း ဤစက်ရုပ်မျက်နှာမှ ပေးပို့ခဲ့ခြင်းသာဖြစ်၏။ အဓိကတရားခံသည်ကား ဤစက်ရုပ်မျက်နှာပင်။

“အစ်ကို... ကျွန်တော် အစ်ကိုတို့ကို အပြင်ကို အရင် လိုက်ပို့ပေးမယ်”

“မလုပ်နဲ့ လင်းဖုန်း။ အပျက်အစီးနယ်မြေကို အရင် ထိန်းချုပ်လိုက်။ ဒါ ငါ့ရဲ့ တာဝန်ပဲ။ ဒါပေမဲ့ ငါ ဒါကို ပြီးမြောက်အောင် မလုပ်နိုင်တော့ဘူး။ မင်းကတော့ လုပ်နိုင်စွမ်း ရှိတယ်။ ငါ မင်းကို တောင်းဆိုပါတယ်ကွာ”

လင်းဟိုင် အံကြိတ်ကာပြောလိုက်သည်။ သူ ဒီအတိုင်း ထွက်မသွားချင်ပေ။ သို့မဟုတ်ပါက သေဆုံးသွားခဲ့သူများ၊ အထူးသဖြင့် သူ့အသက်ကို ကယ်တင်ပေးခဲ့သော ရဲဘော်ရဲဘက်များကို သစ္စာဖောက်ရာ ကျပေလိမ့်မည်။

သူ တံတိုင်းဖြိုသူစစ်ဆင်ရေးတွင် ပါဝင်ခဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူ့ရဲဘော်ရဲဘက်များကို ပေးထားခဲ့သည့်ကတိကို ဖြည့်ဆည်းရန်ဖြစ်သည်။ သူ သေရမည်ဆိုလျှင်ပင် တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရပေမည်။

လင်းဖုန်းက အကြောင်းပြချက်ကို မမေးပေ။ သူ့ဒုတိယအစ်ကို မျက်လုံးများထဲရှိ ပြတ်သားမှုကို သူ ထင်ထင်ရှားရှား ခံစားမိသည်။

“အစ်ကို... အစ်ကိုတို့ အရင်အပြင်ထွက်နှင့်ကြ။ ဒီအပျက်အစီးကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ ကျွန်တော် သိတယ်”

“မင်း သိတယ်လား”

လင်းဟိုင် အသက်ပြင်းပြင်းရှူလိုက်ပြီး အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။ “ညီလေး... မင်းကို ငါ ယုံတယ်။ မင်းဆီက သတင်းကောင်းကို ငါ အပြင်ကနေ စောင့်နေမယ်”

ထိုသို့ပြောပြီးနောက် လင်းဟိုင် လူတိုင်းနှင့်အတူ လှည့်ထွက်သွားတော့သည်။

ယခုလောလောဆယ်အချိန်တွင် အပျက်အစီးနယ်မြေက တကယ်တန်း အလွန်ဘေးကင်းနေသည်။ အကြောင်းမှာ အပြင်ဘက်ရှိ စက်ရုပ်များစွာက ပြန်လည်ဆုတ်ခွာသွားကြပြီ ဖြစ်သောကြောင့်ပင်။ လင်းဖုန်းက သူ့ဒုတိယအစ်ကိုကို အခြားသိုင်းသမားများနှင့်အတူ ထွက်သွားခိုင်းလိုက်သဖြင့် သူတို့ မည်သည့် အန္တရာယ်မျှ ကြုံတွေ့ရမည် မဟုတ်ပေ။

သို့သော် ဤအပျက်အစီးနယ်မြေက နောက်ပိုင်းတွင် အလွန်အန္တရာယ်များလာနိုင်ကြောင်း လင်းဖုန်း သိထားသည်။

“လင်းဖုန်း... အဲ့ဒါက အောက်မှာပဲ”

“အဲ့ဒါလား”

“သက်ရှိတစ်ခု၊ စစ်မှန်တဲ့ စက်ရုပ်သက်ရှိတစ်ခု ဖြစ်လာချင်နေတဲ့ ဉာဏ်ရည်တုတစ်ခုပဲ” လောင်းဘီသမ်၏ လေသံက လေးနက်နေသည်။

ဉာဏ်ရည်တုတစ်ခုက စက်ရုပ်သက်ရှိတစ်ခုအဖြစ် ပြောင်းလဲသွားခြင်းက ဘာကြောင့် ထိုမျှကြောက်စရာကောင်းသည်ကို လင်းဖုန်း မသိသော်လည်း မြေအောက်ခန်းအောက်မှ ထွက်ပေါ်လာသော အန္တရာယ်ရှိသည့် အငွေ့အသက်ကို သူ အနည်းငယ် ခံစားမိနေ၏။ ထိုအငွေ့အသက်က တဖြည်းဖြည်း ပို၍ပင် သိသာလာသည်။

ထို့ကြောင့် လင်းဖုန်း မြေအောက်ခန်းအောက်သို့ တစ်ကိုယ်တည်း ဆင်းသွားသည်။

...

မြေအောက်ခန်းက နက်ရှိုင်းလှသော်ငြား အမှောင်ကျပြီး စိုစွတ်နေသည်ဟု မခံစားရပေ။ တကယ်တန်း အလွန်ခြောက်သွေ့နေသည်။

ဤမြေအောက်ခန်းက စက်ရုံတစ်ခုအလား ကြီးမားလှသည်။ အတွင်းတွင် မီတာရာချီ မြင့်မားပြီး လုံးဝ မည်းနက်နေသည့် ဧရာမစက်ရုပ်ကြီးတစ်ရုပ် ရှိနေ၏။ ထိုနေရာကို စက်ရုပ်ငယ်တချို့က စောင့်ကြပ်နေကြသည်။

မြေအောက်ခန်းရှေ့ရှိ ဖန်သားပြင်ကြီးတစ်ခုပေါ်တွင် ဧရာမစက်ရုပ်မျက်နှာကြီးတစ်ခု ပြသထားသည်။ ထိုအခိုက်အတန့်တွင် စက်ရုပ်မျက်နှာ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပုံရသည်။

“အရာအားလုံး အဆင်သင့်ဖြစ်ပြီ။ လွှဲပြောင်းမှုကို စတင်လိုက်တော့”

စက်ရုပ်မျက်နှာက စကားပြောပြီးသည်နှင့် ဖန်သားပြင်ပေါ်ရှိ ဧရာမစက်ရုပ်မျက်နှာကြီးက အနည်းငယ်တုန်ခါသွားပြီး ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းတွင်ပင် မြေပြင်ပေါ်ရှိ မီတာတစ်ရာကျော် မြင့်မားသည့် ဧရာမစက်ရုပ်ကြီးက ရုတ်တရက် အသက်ဝင်လာပုံရသည်။ လျှပ်စစ်စီးကြောင်းများက စက်ရုပ်၏ ခန္ဓာကိုယ်တစ်လျှောက် ဖြတ်ပြေးသွားပြီး ဧရာမခန္ဓာကိုယ်ကြီးတစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။

အချိန် မည်မျှကြာသွားသည်မသိ။ ဧရာမမဟူရာရောင်သတ္တု စက်ရုပ်ကြီး၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားသည်။ စက်ရုပ်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ပတ်လမ်းများနှင့် ပြွန်ချောင်းများအားလုံး ပေါက်ကွဲကျိုးပဲ့သွားသည်။

ကျွိ

ရုတ်တရက် ဧရာမသတ္တုစက်ရုပ်ကြီး မျက်လုံးပွင့်လာသည်။

All Chapters