← Chapters

အခန်း (၂၇၀)

Vol. 24 Ch. 270

အခန်း (၂၇၀)

Vol. 24 Ch. 270

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၇၀) - အဲဒါရောက်လာပြီ

ဘာသာပြန် - အားသစ်

ဘုန်း

လင်းဖုန်း တံခါးကို ဖောက်ထွက်ပြီး အတွင်းသို့ ပြေးဝင်လိုက်သည်။

အတွင်းရောက်သည်နှင့် သူ ပထမဆုံး မြင်လိုက်ရသည်က မြေပြင်ပေါ်ရှိ ဧရာမစက်ရုပ်ကြီးပင်။

ထိုအချိန်တွင် စက်ရုပ်ကြီးက မျက်လုံးပွင့်လာလေပြီ။ သူတို့ အကြည့်ချင်းဆုံမိလိုက်သည်။ လင်းဖုန်းတစ်ယောက် ထိုစက်ရုပ်၏ အကြည့်ထဲတွင် ခံစားချက် အရိပ်အယောင်များ ရှိနေသည်ကို ‌တွေ့လိုက်ရ၏။ ဉာဏ်ရည်တုတစ်ခုကလည်း ခံစားချက်ရှိနိုင်သလော။

“လင်းဖုန်း၊ မြန်မြန်... အဲဒီ ဖျက်ဆီးခြင်းလှံတံကို ယူလိုက်။ အဲဒါက ပထမဆုံး ယဉ်ကျေးမှုရဲ့ ထုတ်ကုန်ပဲ”

“ဖျက်ဆီးခြင်း လှံတံ ဟုတ်လား”

လင်းဖုန်း ဤနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သို့သော် လောင်ဘီသမ်၏ စိုးရိမ်တကြီး ဖြစ်နေသော လေသံကို ထောက်ဆကြည့်လျှင် ဤဖျက်ဆီးခြင်းလှံတံက ထူးခြားလှသည်မှာ သေချာသည်။

ဤဖျက်ဆီးခြင်းလှံတံက ဆယ်မီတာကျော် ရှည်လျား၏။ ကိုယ်ထည်တစ်ခုလုံးတွင် ထူးဆန်းသည့်ပုံစံကွက်များ ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်စွမ်းအင်များ ပါဝင်နေသည်။ သို့သော် ဤစွမ်းအင်က လင်းဖုန်းအတွက် ဆွဲဆောင်မှုမရှိသည့်အပြင် အလွန်အန္တရာယ်များလှသည်ဟုပင် ခံစားရစေသည်။

ထိုစွမ်းအင်တွင် ဖျက်ဆီးခြင်းအလင်းတန်းနှင့် ဆင်တူသည့ အငွေ့အသက်များရှိနေပြီး ပို၍ပင် ပြင်းထန်လှ၏။

လက်ရှိတွင် လောင်ဘီသမ်အနေဖြင့် ဖျက်ဆီးခြင်း လှံတံအကြောင်းကို ရှင်းပြချိန်မရှိတော့ပေ။ သူအနေဖြင့် လင်းဖုန်းကို ရယူရန်သာ အလောတကြီ တိုက်တွန်းနေသည်။

ထို့ကြောင့် လင်းဖုန်း ချက်ချင်း လှုပ်ရှားလိုက်သည်။ သူ ဖျက်ဆီးခြင်း လှံတံရှိရာသို့ ချက်ချင်း ပျံသန်းသွားသည်။

လင်းဖုန်း၏ အရှိန်က မြန်ဆန်လှသည်။ သူ ဖျက်ဆီးခြင်း လှံတံကို ဖမ်းဆုပ်တော့မည့် အနေအထားပင်။ သူ ထိုလှံထဲတွင် ပါဝင်နေသော လုံးဝထူးခြားသည့် စွမ်းအားကိုပင် ခံစားမိနေသည်။

ဤစွမ်းအားက ကြယ်တာရာစွမ်းအားနှင့်လည်းမတူ၊ သတ္တမမြောက် ယဉ်ကျေးမှု၏ နည်းပညာလက်နက်များနှင့်လည်း လုံးဝကွဲပြားသည်။

တပ်

လင်းဖုန်း ဖျက်ဆီးခြင်းလှံတံဆီသို့ ချဉ်းကပ်သွားချိန်တွင် ကြီးမားသည့် သတ္တုလက်တစ်ခုက ဖျက်ဆီးခြင်း လှံတံကို ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး အခြားလက်တစ်ဖက်က လင်းဖုန်းကို ပုတ်ထုတ်လိုက်သည်။

ဘန်း

လင်းဖုန်းသည် တန်ချိန်ပေါင်း တစ်သောင်းခန့်ရှိသော အားဖြင့် အရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ ဟန်ချက်မထိန်းနိုင်တော့ဘဲ နောက်သို့လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်လဲကျသွားသည်။

“ဒီစွမ်းအားက...”

လင်းဖုန်း၏ မျက်နှာက အလွန် လေးနက်တည်ကြည်သွားသည်။ သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျွမ်းကျင်ပိုင်နိုင်ပြီးနောက်ပိုင်း စွမ်းအားပိုင်းတွင် သူနှင့် တန်းတူယှဉ်နိုင်သော ပြိုင်ဘက်မျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်၏။

ဧရာမစက်ရုပ်ကြီးက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးတုန်ခါသွားချိန်တွင် မြေအောက်ခန်းတစ်ခုလုံးလည်း တုန်လှုပ်သွားသည်။ စက်ရုပ်ကြီး၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီး ထရပ်လိုက်ရာ အပေါ်ဘက်ရှိ မျက်နှာကျက်ကိုပင် ဖောက်ထွက်သွားသည်။

ဝုန်း

မြေအောက်ခန်းက လုံးဝပြိုကျသွားပြီး အပျက်အစီးနယ်မြေတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါနေ၏။

ကန့်ကျောက်အခြေစိုက်စခန်းမှ နှင်းခဲဘုရင်နှင့် အသွင်ပြောင်းနယ်ပယ်သိုင်းသမား ရာဂဏန်းမှာ စက်ရုပ်များ ဘာကြောင့် အပျက်အစီးများအတွင်းသို့ ပြန်ဝင်သွားကြသည်ကို တွေးတေမရဖြစ်နေဆဲပင်။

သူတို့ အပျက်အစီးများဆီသို့ ချဉ်းကပ်ရန် သင့် မသင့် တွေဝေနေကြချိန်တွင် ရုတ်တရက် အပျက်အစီးနယ်တစ်ခုလုံးမှာ ငလျင်လှုပ်သည့်အလား ပြင်းပြင်းထန်ထန် တုန်ခါလာသည်။

“ဘာဖြစ်တာလဲ”

“အပျက်အစီးနယ်မြေ ပြိုကျတော့မလားပဲ”

“ပြိုကျမှာလား။ မဖြစ်နိုင်တာ။ ဘာလို့ ရုတ်တရက်ကြီး ပြိုကျရမှာလဲ”

“အပျက်အစီးနယ်မြေ ပြိုကျရင် အဲဒီစက်ရုပ်တွေ မြေမြှုပ်ခံလိုက်ရတော့မှာပေါ့။ ကောင်းလိုက်တာ”

တုန်ခါမှုများက တဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်။ ထို့ကြောင့် နှင်းခဲဘုရင်နှင့် အခြားသူများလည်း အလျင်အမြန် ပြန်လည်ဆုတ်ခွာသွားကြတော့သည်။

အခြားသိုင်းသမားတချို့က ပျော်ရွှင်နေကြသော်လည်း နှင်းခဲဘုရင်၏ မျက်နှာကမူ အလွန်တည်ကြည်လေးနက်နေသည်။ အပျက်အစီးနယ်မြေက အကြောင်းအရင်းမရှိဘဲ ပြိုကျနေခြင်း မဖြစ်နိုင်ပေ။ လင်းဖုန်းနဲ့များ ပတ်သက်နေနိုင်မလား။

ဝုန်း

အပျက်အစီးနယ်မြေ လုံးဝပြိုကျသွားသည်နှင့် တစ်ချိန်တည်းတွင်ပင် မီတာတစ်ရာကျော်မြင့်သည့် ဧရာမစက်ရုပ်ကြီးတစ်ရုပ်က အပျက်အစီးနယ်မြေကြားမှ ထွက်ပေါ်လာသည်။ ထိုစက်ရုပ်၏ ကိုယ်ထည်တစ်ခုလုံးတွင် မဟူရာသတ္တုအရောင်များ တလက်လက်တောက်နေပြီး လက်ထဲတွင်လည်း ထူးဆန်းသည့် လှံတံတစ်ချောင်းကိုင်ထားသည်။

စက်ရုပ်က လှံတံကို မြှောက်လိုက်သည်။ တစ်ဆက်တည်းတွင်ပင် အပျက်အစီးနယ်မြေ၏ ပြင်ပမှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ဆယ်ခု ထွက်ပေါ်လာသည်။ ယင်းတို့မှာ ဖျက်ဆီးခြင်းအလင်းတန်းများပင်။ ထိုအလင်းတန်းများ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသော်လည်း စက်ရုပ်၏ လက်ထဲရှိ လှံတံက အားလုံးကို စုပ်ယူလိုက်သည်။ ထိုကြောက်မက်ဖွယ်ရာ ဖျက်စီးခြင်းအလင်းတန်းများက စက်ရုပ်ကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့ပေ။

“ကပ်ဘေးကြီးပဲ။ ဒါက စစ်မှန်တဲ့ ကပ်ဘေးကြီးပဲ”

နှင်းခဲဘုရင်၏ အသံက စိုးရိမ်တကြီးဖြင့် တုန်ရီနေ၏။ ကြောက်စရာကောင်းလိုက်လေခြင်း။ အလွန်တရာ ကြောက်စရာကောင်းလွန်းလှသည်။ ဤစက်ရုပ်က သူ့ကို အသက်ရှူရ ကျပ်သွားစေသည်။ ယင်းက သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားအဆင့်ကို ကျော်လွန်သွားပြီး အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ပြုလုပ်ထားသည့် သူတော်စင်အဆင့်ကို ရောက်ရှိနေပုံရသည်။

ထိုစက်ရုပ်ကြီးသည်ကား နတ်ဆိုးဘုရင်များနှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။

ထိုအချက်ကို တွေးမိလိုက်သောအခါ နှင်းခဲဘုရင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ နတ်ဆိုးဘုရင်တစ်ပါးပေါ်လာခြင်းကပင် လူသားမျိုးနွယ်အတွက် ကပ်ဘေးတစ်ခု ဖြစ်သည်။

သူတော်စင်ကိုးပါးက ပြင်ပနယ်မြေတွင် နတ်ဆိုးဘုရင်များကို စောင့်ကြည့်ရန် တာဝန်ယူထားကြ၏။ ယခုတွင် ရှေးဟောင်းယဉ်ကျေးမှုမှ စွန့်ပစ်ခဲ့သေည့် စစ်ပွဲစက်ရုပ်တစ်ခု ရုတ်တရက်ပေါ်လာပြီး ထိုစက်ရုပ်၏စွမ်းအားက နတ်ဆိုးဘုရင်များနှင့်ပင် တန်းတူဖြစ်နေသည်။ ထိုသည်က အပြောင်းအလဲအသစ်တစ်ခု ရုတ်တရက် ပေါ်လာခြင်းကို ဆိုလိုသည်။

သူတော်စင်တစ်ပါးမရှိဘဲ ဤစက်ရုပ်ကို မည်သို့ ခုခံမည်နည်း။

“မြန်မြန်... အဓိကဌာနချုပ်ကို သတင်းပို့”

နှင်းခဲဘုရင်၏ အသံက ထိတ်လန့်မှုကြောင့် တုန်ရီနေသည်။ သူက ဂုဏ်ရှိန်ကြီးမားသော ဘုရင်ဘွဲ့ရသိုင်းပညာရှင် နှင်းခဲဘုရင်ဖြစ်သော်လည်း ယခုအချိန်တွင် သူ့ခြေလက်တို့မှာ အေးစက်စက် ဖြစ်သွားသည်။ သူ့၌ ပြန်လည်တိုက်ခိုက်ရန် ရဲစွမ်းသတ္တိပင် မရှိတော့ပေ။

တကယ်လို့ ဒီကြောက်စရာကောင်းတဲ့ စက်ရုပ်ကြီးပေါ်လာပြီဆိုရင် လင်းဖုန်းရော ဘယ်လိုဖြစ်သွားမလဲ။

နှင်းခဲဘုရင်၏ စိတ်ထဲတွင် အနည်းငယ် လေးလံသွားသည်။ လင်းဖုန်းတစ်ယောက် အသက်မရှိတော့သည်လည်း ဖြစ်နိုင်၏။

...

စစ်တပ်အဖွဲ့၏ ဌာနချုပ်ကို ကြယ်ငါးပွင့် ဗိုလ်ချုပ်သုံးဦးက ကြီးကြပ်ထားသည်။

ရှေးဟောင်းယဉ်ကျေးမှု အခြေစိုက်စခန်းတွင် စက်ရုပ်ကပ်ဘေး ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ဤကပ်ဘေးကို ဖြေရှင်းရန် တပ်ဖွဲ့များ စေလွှတ်ခဲ့သော်လည်း ယခုအချိန်အထိ မဖြေရှင်းနိုင်သေးပေ။

“ဗိုလ်ချုပ်... အခြေအနေ အပ်ဒိတ်တစ်ခု ရောက်လာတယ်”

“ချက်ချင်း အစီရင်ခံပါ”

“နှင်းခဲဘုရင်က ကန့်ကျောက်အခြေစိုက်စခန်းကနေ သတင်းပို့လိုက်တယ်။ ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးတွေထဲမှာ မီတာရာချီမြင့်တဲ့ စက်ရုပ်တစ်ရုပ် ပေါ်လာတယ်။ နတ်ဆိုးဘုရင်နဲ့ တန်းတူ ဖြစ်ဖို့များတယ်။ အခြေအနေက အရေးပေါ်ပဲ။ သူတော်စင်တစ်ပါး ဆင်းသက်ပေးဖို့ တောင်းဆိုထားတယ်”

သတင်းအချက်အလက်အရာရှိက နှင်းခဲဘုရင်၏ အစီရင်ခံစာကို ဖတ်ကြားပြီးနောက် ကွပ်ကဲရေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

နတ်ဆိုးဘုရင်။ နတ်ဆိုးဘုရင်လို အဆင့်မျိုးက ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာနိုင်မှာလဲ။

ယခင်က ဖြစ်ပွားခဲ့သော စက်ရုပ်ကပ်ဘေးမှာလည်း အလွန်အန္တရာယ်များသော်လည်း စစ်တပ်အနေဖြင့် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။ ကွပ်ကဲမှုအောက်ရှိ သိုင်းသမားများ အသေအပျောက် များပြားသော်လည်း အခြေအနေကို ထိန်းချုပ်ထားနိုင်ဆဲပင်။

သို့သော် ယခုမူ နတ်ဆိုးဘုရင်နှင့် တန်းတူ စက်ရုပ်တစ်ရုပ် ရုတ်တရက် ပေါ်လာသည်။ သူတော်စင်တစ်ပါးပင် ဆင်းသက်ရန် လိုအပ်နေ၏။ ဤအခြေအနေက စစ်တပ်၏ ထိန်းချုပ်နိုင်စွမ်းကို လုံးဝကျော်လွန်သွားလေပြီ။

သာမန်သိုင်းသမားတစ်ယောက်က သတင်းပို့ခြင်း ဖြစ်ပါက သူတို့အနေဖြင့် သေသေချာချာ စုံစမ်းစစ်ဆေးနိုင်ပေမည်။ သို့သော် ဤသတင်းကို နှင်းခဲဘုရင်ကိုယ်တိုင် ပေးပို့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ တစ်ဖက်လူက နတ်ဆိုးဘုရင် မဟုတ်လျှင်ပင် အနီးစပ်ဆုံး ဖြစ်နေပေလိမ့်မည်။ ထိုကဲ့သို့သော စွမ်းအားမျိုးဖြင့်ဆိုလျှင် သိုင်းသမားများ မည်မျှပင် စေလွှတ်ပါစေ သေရန်ပို့လိုက်ခြင်းသာ ဖြစ်လိမ့်မည်။ အကျိုးမရှိပေ။

သို့သော် သူတော်စင်များက မည်သို့လျှင် အလွယ်တကူ ဆင်းသက်နိုင်ပါမည်နည်း။

“သူတော်စင်တွေကို အခုချက်ချင်း အစီရင်ခံပါ”

ကြယ်ငါးပွင့်ဗိုလ်ချုပ်များပင် ဤကဲ့သို့ ကြီးလေးသည့် ကိစ္စကို ဖြေရှင်းရန် အခွင့်အရေးမရှိပေ။ သူတော်စင်များသာလျှင် နတ်ဆိုးဘုရင်များကို ရင်ဆိုင်နိုင်မည် ဖြစ်သော်လည်း သူတော်စင်ကိုးပါးတွင် လက်ရှိအချိန်၌ အားလပ်ချိန်ရှိနိုင်မည်လော။

အကယ်၍ သူတော်စင်ကိုးပါး ထွက်ခွာသွား၍ နတ်ဆိုးဘုရင်များက ဖျက်ဆီးမှုများပြုလုပ်ပါက အခြားကပ်ဘေးတစ်ခုသာ ထပ်ဖြစ်လာပေလိမ့်မည်။

...

“လာပြီ”

နှင်းခဲဘုရင်၏ မျက်နှာက တည်ကြည်နေသည်။ စက်ရုပ်ကြီး ပေါ်လာပြီးနောက် သူ သိုင်းသမားများကို ခေါ်ဆောင်ကာ ဆုတ်ခွာရန် အဆင်သင့်ဖြစ်နေသော်လည်း စက်ရုပ်၏ အကြည့်က သူတို့ထံ ချက်ချင်းရောက်ရှိလာသည်။

ထွက်ပြေးမလား

ဤကဲ့သို့သော အခြေအနေမျိုးတွင် နတ်ဆိုးဘုရင်နှင့် တန်းတူအဆင့်ရှိ စက်ရုပ်တစ်ရုပ်၏လက်မှ မည်သို့လျှင် ထွက်ပြေးနိုင်မည်နည်း။

သတင်းပေးပို့ထားပြီး ဖြစ်သော်လည်း သူတော်စင်များ ဆင်းသက်လာရန်က ပြောသလောက်မလွယ်ပေ။ သူတော်စင်များ၏ တာဝန်က ပိုမိုခက်ခဲကြောင်း နှင်းခဲဘုရင် ကောင်းကောင်းသိသည်။ သူတို့အနေဖြင့် နတ်ဆိုးဘုရင်များကို အသေအချာ စောင့်ကြည့်နေရသည်။

ထို့ကြောင့် နတ်ဆိုးဘုရင်သစ်တစ်ပါး ပေါ်လာခြင်းက လူသားလောက တစ်ခုလုံးအတွက် ကပ်ဘေးတစ်ခုပင်။

ယခုမျက်မှောက်တွင် ဤကပ်ဘေးက အားလုံးရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလေပြီ။

All Chapters