အခန်း (၂၇၁)
Vol. 24 Ch. 271
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၇၁) - လင်းဖုန်းပေါ်လာပြီ
ဘာသာပြန် - အားသစ်
“နတ်ဘုရားနယ်မြေ၊ ပေါ်ထွက်လာလော့”
နှင်းခဲဘုရင်က ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများအားလုံး ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် ကြယ်တာရာစွမ်းအားစက်ကွင်းက မုန်တိုင်းများဖြင့် ပြည့်နှက်နေသည့် နတ်ဘုရားနယ်မြေတစ်ခုကို ဖန်တီးလိုက်သည်။
ဤနတ်ဘုရားနယ်မြေက ဧရာမ မဟူရာရောင်သတ္တုစက်ရုပ်ကြီးကို ဖုံးအုပ်သွားသည်။ သို့သော် မုန်တိုင်းများက မည်မျှပင် ပြင်းပြင်းထန်ထန် ဝိုင်းရံဖျက်ဆီးနေပါစေ ထိုစက်ရုပ်အပေါ် မည်သည့် ခြိမ်းခြောက်မှုမျှ ဖြစ်စေပုံမရပေ။
ဧရာမသတ္တုစက်ရုပ်ကြီး၏ မျက်လုံးနီများက အနည်းငယ် လင်းလက်သွားသည်။ ထို့နောက် ကြီးမားလှသည့် စက်ရုပ်လက်မောင်းကို ဆန့်ထုတ်ကာ ပြင်းထန်သည့် ခွန်အားဖြင့် ဆုပ်ကိုင်လိုက်သည်။
ခလွပ်
နှင်းခဲဘုရင်တစ်ယောက် သူ့နတ်ဘုရားနယ်မြေ အပိုင်းပိုင်း စုတ်ပြတ်သွားသလို ခံစားလိုက်ရ၏။ ထိုအခိုက်အတန့်၌ ကြယ်တာရာစွမ်းအားစက်ကွင်း၏ ဟန်ချက်ကလည်း ချက်ချင်းပျက်စီးသွားတော့သည်။
ဝုန်း
နှင်းခဲဘုရင်၏ နတ်ဘုရားနယ်မြေမှာ တစ်ဒင်္ဂအတွင်း လုံးဝပေါက်ကွဲသွားတော့သည်။ နတ်ဘုရားနယ်မြေပေါက်ကွဲခြင်းမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ ကြယ်တာရာစွမ်းအားများက အရပ်မျက်နှာအနှံ့အပြားသို့ ပေါက်ကွဲပျံ့နှံ့သွား၏။ တချို့အသွင်ပြောင်းနယ်ပယ် သိုင်းသမားများပင် ထိခိုက်မိကာ ထက်ဝက်ကျော်ခန့်အထိ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်သွားရသည်။
နတ်ဘုရားနယ်မြေဖြင့်ပင် ဤစက်ရုပ်ကို မတားဆီးနိုင်ခဲ့ပေ။ တကယ်တန်း စက်ရုပ်၏အမြင်တွင် နှင်းခဲဘုရင်သည်ကား မည်သည့် ခြိမ်းခြောက်မှုမျှ မရှိပေ။
“ဆုတ်ခွာကြ။ အမြန်ဆုံး ဆုတ်ခွာကြ။ တတ်နိုင်သလောက် အဝေးဆုံး ပြေးကြ...”
နှင်းခဲဘုရင်၏ မျက်နှာက သွေးရောင်ပင် မရှိတော့ပေ။ သူ့ရှေ့မှ စက်ရုပ်ကို တားဆီးနိုင်သည့်စွမ်းအား သူ့တွင်မရှိတော့ပေ။ သူတော်စင်တစ်ပါးသာလျှင် ဤစက်ရုပ်ကို တားဆီးနိုင်လိမ့်မည်။
စက်ရုပ်ကြီးက သူ့ခြေထောက်ကို မြှောက်လိုက်ပြီး ဧရာမ စက်ရုပ်ခြေထောက်ဖြင့် နှင်းခဲဘုရင်ကို တောင်တန်းကြီးတစ်ခုပြိုကျလာသည့်အလား နင်းချလိုက်သည်။ ဤနင်းချမှုက နှင်းခဲဘုရင်ကို အပိုင်းပိုင်း အစစ ကြေမွသွားစေရန် လုံလောက်သည်။
ထိုစွမ်းအားကို နှင်းခဲဘုရင်၏ ခန္ဓာကိုယ်ထဲတွင် ကျန်နေသေးသည့် ကြယ်တာရာစွမ်းအားစွမ်းအား အနည်းငယ်မျှဖြင့် ခုခံဖို့အတွက် လုံးဝမဖြစ်နိုင်ပေ။
နှင်းခဲဘုရင် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ သူက ဤကပ်ဘေးအတွင်း ပထမဆုံး ကျဆုံးမည့် ဘုရင်ဘွဲ့ရသိုင်းပညာရှင် ဖြစ်လာတော့မည်ပင်။
“မဖြစ်နိုင်ဘူး...”
“နှင်းခဲဘုရင်တောင် မတားနိုင်ဘူးဆိုရင် ငါတို့အားလုံး ပြီးပြီပဲ”
“အဲ့ဒါ ဘာကြီးလဲ”
ဧရာမစက်ရုပ်ကြီးကို ကြည့်ကာ မည်သူမျှ တားဆီးနိုင်စွမ်းမရှိကြောင်း သိလိုက်ရသည်။ သာလွန်နတ်ဘုရားနယ်ပယ်တွင်ပင် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် နှင်းခဲဘုရင်တောင် မတားနိုင်လျှင် မည်သူ တားနိုင်အံ့နည်း။
အကယ်၍ ဤစက်ရုပ်သာ အိမ်ပြန်လမ်းရှိ လူသားမြို့များဆီသို့ ဝင်ရောက်လာပါက နောက်ဆက်တွဲ ဆိုးကျိုးများက စဉ်းစား၍ပင် ရနိုင်မည်မဟုတ်ပေ။ နတ်ဆိုးဘုရင်တစ်ပါး လွတ်မြောက်သောင်းကျန်းသည့် ကပ်ဘေးနှင့်ပင် ထပ်တူထပ်မျှဖြစ်လာနိုင်သည်။
လူတိုင်းက ကောင်းကင်မှ ကျဆင်းလာသော ကြီးမားလှသည့် ခြေထောက်ကိုသာ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေမိကြသည်။ ဤစက်ရုပ်ကို မည်သူ တားဆီးပေးနိုင်မည်နည်း။
ဘုန်း
မဟာပထဝီမြေကြီးပင် တုန်ခါသွားစေသည့် ပေါက်ကွဲသံကြီးတစ်ခု ဟိန်းထွက်လာသည်။ ဖုန်မှုန့်များက လေထဲတွင် လွင့်ပျံပြည့်နှက်နေပြီး အပျက်အစီးနယ်မြေသည်လည်း ပိုမို ပျက်စီးသွားရ၏။
နှင်းခဲဘုရင်တစ်ယောက် အံ့အားသင့်သွားသည်။ သူ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မိမိကိုယ်ကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ သူ ဘာမှမဖြစ်ဘူးလား။
“ညီလေး”
လင်းဟိုင်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားသည်။
သူ ဘာကို မြင်လိုက်ရတာလဲ။လင်းဖုန်း။ အဲဒါ လင်းဖုန်းပဲ။
လင်းဖုန်းက စက်ရုပ်ကြီ၏ ဧရာမခြေထောက်ကြီးကို လက်တစ်ဖက်ဖြင့် ထိန်းထား၏။ ဆယ်မီတာ မြင့်သည့် လင်းဖုန်းက မီတာရာချီမြင့်သော စက်ရုပ်ကြီးရှေ့တွင်မူ လူပုလေးတစ်ယောက်အလား ဖြစ်နေသည်။
သို့သော် ထိုအခိုက်အတန့်တွင် လင်းဖုန်းသည်ကား လူတိုင်း၏ နှလုံးသားထဲ၌ မယိမ်းမယိုင်နိုင်သည့ သူရဲကောင်းကြီးတစ်ဦး ဖြစ်သွားသည်။
“သွားတော့”
လင်းဖုန်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အံ့သြနေဆဲဖြစ်သည့် နှင်းခဲဘုရင်ကို ပြောလိုက်သည်။
နှင်းခဲဘုရင် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး အသံတိုးတိုးဖြင့် “ငါက နှင်းခဲဘုရင်ပါ။ ငါ့အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ တစ်ခုခု ဖြစ်လာရင်...”
“သွားကြတော့”
လင်းဖုန်း၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးထဲသို့ နစ်ဝင်သွားသော်လည်း အခြားလက်တစ်ဖက်ဖြင့် နှင်းခဲဘုရင်ကို ဆွဲယူကာ အဝေးသို့ ပြင်းပြင်းထန်ထန် ပစ်ထုတ်လိုက်သည်။
ဝုန်း
ဧရာမစက်ရုပ်ကြီးက ရုတ်တရက် ဆောင့်နင်းချလိုက်ရာ လေထဲတွင် ဖုန်မှုန့်များဖြင့ါ ပြည့်နှက်သွားသည်။ နှင်းခဲဘုရင် မြေပေါ်တွင် ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားသော်လည်း သူ မကျေမနပ်မဖြစ်ပေ။ လင်းဖုန်းက သူ့အသက်ကိုပင် ပဓာနမထားဘဲ သူ့ကို ကယ်တင်နေခြင်းသာဖြစ်ကြောင်း သူကောင်းကောင်းသိသည်။
“ညီလေး... မင်း မသေရဘူး”
“လင်းဖုန်း...”
လင်းဟိုင် လက်သီးကို တင်းတင်းဆုပ်ထားလိုက်မိသည်။ နှင်းခဲဘုရင်လည်း နောင်တများဖြင့် ပြည့်နှက်နေ၏။
လင်းဖုန်းတစ်ယောက် မြေကြီးထဲသို့ နင်းချခံလိုက်ရသည်။ သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျွမ်းကျင်ပြီးနောက်ပိုင်း တစ်ခါမှဤမျှလောက် အခြေအနေဆိုးဝါးခဲ့ဖူးခြင်းမရှိပေ။
လင်းဖုန်း ထပ်မံတွန့်ဆုတ်မနေတော့ဘဲ မြေကြီးထဲမှ ရုတ်တရက် ခုန်ထွက်လာသည်။
“သူ အသက်ရှင်သေးတယ်”
“ဟားဟား... သူ တကယ် အသက်ရှင်နေတာပဲ။ နှင်းခဲဘုရင်အနေနဲ့ ငါ မင်းကို ငါ့အသက်နဲ့ထပ်တူ ကျေးဇူးတင်စကားဆိုချင်တယ်”
လက်ရှိလင်းဖုန်း၏ အကြည့်များက အေးစက်နေသည်။ သူ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ သူ ဤဧရာမစက်ရုပ်ကြီးဆီမှ ဖိအားကြီးကြီးမားမား ခံစားနေရသည်။ ဤစက်ရုပ်ကြီးသည်ကား သူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရရှိပြီးနောက် ကြုံတွေ့ရသည့် အင်အားအကြီးဆုံး ပြိုင်ဘက် ဖြစ်သည်မှာ အသေအချာပင်။
“ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်”
လင်းဖုန်း၏ ခန္ဓာကိုယ်က မှိုင်းဝသွားသည့် မီးပုံးပျံအလား ဖောင်းကားလာပြီး ဧရာမစက်ရုပ်ကြီးနှင့် အရွယ်အစားတူ မီတာတစ်ရာကျော်အထိ အလျင်အမြန် ကြီးထွားလာသည်။
သို့သော် ယင်းက အဆုံးသတ်မဟုတ်သေးပေ။ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ဆက်လက် ကြီးထွားလာသည်။ မျက်စိတစ်မှိတ်အတွင်း ၁၈၂ မီတာအထိ ရောက်ရှိသွားသည်။ ဤသည်က လက်ရှိလင်းဖုန်း၏ အင်အားအကြီးဆုံး အခြေအနေပင်။
အကယ်၍သာ ဖျက်ဆီးခြင်းအလင်းတန်း ၁၀ ခုကြောင့် ပြင်းပြင်းထန်ထန် ထိခိုကမပျက်စီးသွားခဲ့ခြင်း မရှိပါက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ပို၍ပင် ကြီးမားနိုင်သေးသည်။ သို့သော် ယခုမူ မီတာ ၁၈၀ ကျော်ခန့်သာ ရှိတော့သည်။
သို့သော် မီတာ ၁၈၀ ကျော်သာ ရှိသည့်တိုင် ဧရာမ စက်ရုပ်ကြီးထက် ပိုမိုကြီးမားနေဆဲပင်။ ထိုအရွယ်အစားက စက်ရုပ်ကြီးထက် နှစ်ဆနီးပါး မြင့်မားသဖြင့် လင်းဖုန်းက စက်ရုပ်ကြီးကို အပေါ်စီးမှပင် ကြည့်နိုင်နေသည်။
လင်းဖုန်း ရုတ်တရက် စက်ရုပ်ကြီးထက် ပိုမိုကြီးမားလာသည်ကို မြင်လိုက်ရသောအခါ နှင်းခဲဘုရင်၊ လင်းဟိုင်နှင့် အခြားသူများအားလုံး အံ့ဩတကြီးဖြစ်သွားကြသည်။
အထူးသဖြင့် နှင်းခဲဘုရင်က ပို၍ပင် အံ့အားသင့်နေမိသည်။ သူ လင်းဖုန်း၏ ခန္ဓာကိုယ်တွင် ကြယ်တာရာစွမ်းအားလှုပ်ရှားမှုကို လုံးဝမခံစားရပေ။ ထို့ပြင် မည်သည့်သိုင်းပညာကမှ ခန္ဓာကိုယ်ကို ဤမျှအထိ ကြီးထွားအောင် လုပ်နိုင်မည် မဟုတ်ပေ။
နှင်းခဲဘုရင်တို့အဆင့်တွင် လျှို့ဝှက်ချက်များစွာက တကယ့်လျှို့ဝှက်ချက် မဟုတ်တော့ပေ။ အတွေးတစ်ခုက သူ၏ ခေါင်းထဲသို့ ချက်ချင်းဝင်ရောက်လာသည်။
“ရှေးဟောင်းယဉ်ကျေးမှုရဲ့ အမွေအနှစ်တစ်ခုများလား”
အကယ်၍ ယင်းက အမှန်ပင် ရှေးဟောင်းယဉ်ကျေးမှု၏ အမွေအနှစ်ဆိုလျှင် ကိစ္စကြီတစ်ရပ်ဖြစ်ပေ၏။ နတ်ဘုရားနယ်ပယ်နှင့် သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတချို့က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ရရှိနိုင်ရန် အသည်းအသန် ကြိုးစားနေကြသည်။
သို့သော် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို အမှန်တကယ် ရရှိနိုင်သူကမူ အလွန်တရာ နည်းပါးလှသည်။ သူတော်စင်ကိုးဦးစလုံး ရှေးဟောင်း အပျက်အစီးနယ်မြေများထဲသို့ ဝင်ရောက်ခဲ့ကြပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ရရှိခဲ့ဖူးကြသည်ချည်းသာ ဖြစ်၏။
ရှေးဟောင်းယဉ်ကျေးမှုများမှ တွေ့ရှိရသည့် အရာများက လူတစ်ယောက်၏ စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်။
လင်းဖုန်း၏ လက်ရှိစွမ်းဆောင်ရည်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ခုကြောင့် ဖြစ်သည်မှာ အသေအချာပင်။ ထို့ပြင် ဤအမွေအနှစ်မှာလည်း အလွန်တရာ ကြောက်စရာကောင်းလှပေသည်။ လင်းဖုန်းက ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းသာ ပြုလုပ်ရသေးသော်လည်း နတ်ဆိုးဘုရင်နှင့် တန်းတူညီမျှဖြစ်သည့် စက်ရုပ်တစ်ရုပ်ကို တိုက်ခိုက်နိုင်ခြင်းက လင်းဖုန်း၏ စွမ်းအားကို သက်သေပြနေသည်။
ဤစွမ်းဆောင်ရည်မှာ သူတော်စင်များကို မမီနိုင်လျှင်ပင် သိပ်မကွာတော့ပေ။
နှင်းခဲဘုရင်၏ မျက်နှာအမူအရာက အလွန်လေးနက်တည်ကြည်နေ၏။ သူ အရာရာတိုင်းကို တွေးတောနေမိသည်။ အကယ်၍ ယနေ့ကိစ္စသာ ပျံ့နှံ့သွားပါက လင်းဖုန်းအတွက် အခက်အခဲ ဖြစ်လာနိုင်ပေသည်။ သို့သော် အကယ်၍ လင်းဖုန်းသာ အမြင့်ဆုံးအဆင့်ရှိ သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်နှင့် စွမ်းအားတူပြီး သူတော်စင်တစ်ပါးနှင့် နီးစပ်နေပါက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ရရှိထားခြင်းက သူ့အတွက် ဘာမှအခက်တွေ့စေနိုင်မည် မဟုတ်ပေ။
နှင်းခဲဘုရင်က အကြောင်းကိစ္စများစွာကို စဉ်းစားတွေးတောနေသော်လည်း လင်းဖုန်းကမူ ထိုမျှ အတွေးများမနေပေ။ လက်ရှိ သူ ရင်ဆိုင်နေရသည့် စက်ရုပ်က သူ့ကို ဖိအားများစွာ ပေးနေသည်။
လင်းဖုန်း လက်သီးတစ်ချက် တိုက်ရိုက်ထိုးချလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားက စက်ရုပ်ကို တောင်ကြီးတစ်တောင်အလား ဖိချလာ၏။ စောစောက စက်ရုပ်၏ နင်းချမှုထက် အားမနည်းသည့်ပြင် ပို၍ပင် ပြင်းထန်နိုင်သေးသည်။
သို့သော် စက်ရုပ်၏မျက်လုံးတွင် နီရဲရဲအလင်းတစ်ခု လက်သွားသည်။ ထို့နောက် လင်းဖုန်း၏ လက်သီးကို တိုက်ရိုက်ပြန်ထိုးချကာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဝုန်း
မြေပြင်တစ်ခုလုံး သွက်သွက်ခါသွားပြီး ကြောက်မက်ဖွယ်ရာစွမ်းအားများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ လင်းဖုန်းနှင့် စက်ရုပ်ကြီးတို့ နှစ်ဦးစလုံး နောက်သို့ အနည်းငယ်ဆုတ်သွားကြသည်။ စွမ်းအားပိုင်းတွင် လင်းဖုန်းနှင့် စက်ရုပ်တို့က သူမသာ ကိုယ်မသာ ဖြစ်၏။
လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် တန်းတူ စွမ်းအားရှိသည့် ပြိုင်ဘက်ကို ကြုံတွေ့ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်ပေသည်။
“ထပ်လာစမ်း”
လင်းဖုန်း ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ နည်းစနစ်တချို့ကို စတင်အသုံးပြုလိုက်သည်။ ခုခံမှုမှလွဲ၍ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ အားသာချက်မှာ စွမ်းအားဖြစ်သည်။ ထို့ပြင် တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ခံနိုင်ရည်က အဆုံးမရှိသလောက်ပင်။
လင်းဖုန်း၏ လက်သီးများက မိုးစက်မိုးဖွားများအလား ရွာကျလာသည်။ စက်ရုပ်ကလည်း နောက်မကျပေ။ နှစ်ဦးစလုံး အနီးကပ်တိုက်ခိုက်နေကြပြီး လက်သီးကို လက်သီးချင်း၊ လက်ဝါးကို လက်ဝါးချင်း၊ စွမ်းအားကို စွမ်းအားချင်း တိုက်ရိုက် ထိပ်တိုက်တွေ့နေကြသည်။
ထိုကဲ့သို့သော စွမ်းအားမျိုးရှေ့တွင် မည်သည့်သိုင်းပညာရပ် သို့တည်းမဟုတ် ကြယ်တာရာစွမ်းအားမျှ အသုံးမဝင်တော့ပေ။