← Chapters

အခန်း (၂၇၂)

Vol. 24 Ch. 272

အခန်း (၂၇၂)

Vol. 24 Ch. 272

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၇၂) - သတ်ဖြတ်ရေးစက်ရုပ်

ဘာသာပြန် - အားသစ်

“ဗိုလ်ချုပ်... နောက်ဆုံးရရှိတဲ့ သတင်းအရ နတ်ဆိုးဘုရင်အဆင့် စက်ရုပ်ကြီးကို လောလောဆယ် ဟန့်တားထားနိုင်ပါပြီ။ ကန့်ကျောက်အခြေစိုက်စခန်းက သိုင်းသမားတွေနဲ့ နှင်းခဲဘုရင်တို့လည်း ယာယီအားဖြင့် ဘေးကင်းသွားပါပြီ”

စစ်တပ်ကွပ်ကဲရေးခန်းမအတွင်း၌ ဗိုလ်မှူးတစ်ဦးက ကြယ်ငါးပွင့် ဗိုလ်ချုပ်သုံးဦးထံသို့ နောက်ဆုံးအခြေအနေကို အစီရင်ခံနေသည်။

“နတ်ဆိုးဘုရင်အဆင့် စက်ရုပ်ကို ဟန့်တားထားနိုင်တယ် ဟုတ်လား။ သူတော်စင်တစ်ပါးပါးက အချိန်ရလို့ သွားတားတာလား”

စစ်တပ်က ဤစက်ရုပ်ကို နတ်ဆိုးဘုရင်အဆင့် စက်ရုပ်ဟု ယာယီအမည်ပေးထားပြီး ယင်းက နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ပင် ခြိမ်းခြောက်မှုကြီးမားသည်ဟု ဆိုလိုပေ၏။ သူတော်စင်များမှလွဲ၍ မည်သူမျှ နတ်ဆိုးဘုရင်တစ်ပါးကို မခုခံနိုင်သလို ခဏတာမျှ ပိတ်ဆို့ဟန့်တားရန်ပင် အလွန်ခက်ခဲလှသည်။

နတ်ဆိုးဘုရင်များကို သူတော်စင်များကသာ ရင်ဆိုင်နိုင်သည်ဟူသောအချက်က သံမဏိစည်းကမ်းတစ်ခုအလား ဖြစ်နေပေပြီ။

“သူတော်စင် မဟုတ်ပါဘူးဗျ... လင်းဖုန်းပါ”

“လင်းဖုန်း… ဟုတ်လား”

“တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပြိုင်ပွဲက လင်းဖုန်းပါ။ သူက...အခုဆို အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ဒုတိယအကြိမ်ပြီးမြောက်ထားတဲ့ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်ပဲ ဖြစ်ရပါမယ်”

ဗိုလ်မှူး၏ အစီရင်ခံချက်ကို ကြားလိုက်ရသောအခါ ကြယ်ငါးပွင့် ဗိုလ်ချုပ်သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ စစ်တပ်၏ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ကြသည့် သူတို့အနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲအကြောင်း ကောင်းကောင်းသိကြပြီး ထိုပြိုင်ပွဲမှတစ်ဆင့် နာမည်ကျော်ကြားလာခဲ့သည့် လင်းဖုန်းအကြောင်းကိုလည်း သဘာဝကျကျ သိရှိထားကြသည်။

လင်းဖုန်းက အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ယောက်သာ မဟုတ်ပါလော။ သူက ဘယ်လိုလုပ် ရုတ်တရက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ဒုတိယအကြိမ်အထိ တက်လှမ်းသွားရသနည်း။

“လင်းဖုန်းရဲ့ အချက်အလက်တွေကို အခုချက်ချင်း ရှာကြည့်ကြစမ်း”

မကြာမီ လင်းဖုန်း၏ အသေးစိတ် အချက်အလက်များက စစ်တပ်စနစ်အတွင်းမှ ထွက်ပေါ်လာသည်။ လင်းဖုန်း မွေးဖွားချိန်မှစ၍ အနန္တလမ်းစဉ်အကယ်ဒမီသို့ တက်ရောက်ခဲ့ခြင်း၊ နောက်ဆုံးတွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ခြင်း၊ နဂါးကျောက်တုံးမြို့၏ ကပ်ဘေးကို ပြောင်းလဲပေးခဲ့ခြင်း၊ ကျောက်တုံးမြို့တွင် အထိကရုဏ်းဖြစ်ခဲ့ခြင်းနှင့် နောက်ဆုံးတွင် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ၌ အကြီးကျယ်ဆုံးမြင်းနက်အဖြစ် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ခြင်း စသည့် အချက်အလက်များအားလုံးက အလွန် ပြည့်စုံလှသည်။

“ဗိုလ်ချုပ်... လင်းဖုန်းက မကြာသေးခင်ကတင်ပဲ ဗဟိုပင်လယ်မြို့ကြီးရဲ့ ကိုယ်စားလှယ်တော်အဖြစ် ခန့်အပ်ခံထားရတာပါ။ သူက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ဒုတိယအကြိမ်ပြီးမြောက်ထားတဲ့ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်ဖြစ်ကြောင်း ပညာရှင်အဖွဲ့အစည်းကလည်း အတည်ပြုထားပြီးပါပြီ။ ဒါ့အပြင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကိုယ်တိုင် ကြားဝင်ပြီး လင်းဖုန်းကို ကိုယ်စားလှယ်တော်အဖြစ် ခန့်အပ်ခဲ့တာပါ”

ကြယ်ငါးပွင့် ဗိုလ်ချုပ်သုံးဦးစလုံး လင်းဖုန်း ကိုယ်စားလှယ်ဖြစ်ခြင်း၊ မဖြစ်ခြင်းကို အရေးမစိုက်ပေ။ သူတို့ အလေးအနက်ထားသည်မှာ လင်းဖုန်းက ဤနတ်ဆိုးဘုရင်အဆင့် စက်ရုပ်ကြီးကို မည်သို့ကြောင့် ခုခံနိုင်နေသနည်းဟူသောအချက်သာ ဖြစ်၏။

“လင်းဖုန်းနဲ့ အဲဒီစက်ရုပ်ကြီးတို့ တိုက်ခိုက်နေတဲ့ မြင်ကွင်းကို ဖန်သားပြင်ပေါ် ချက်ချင်း လွှင့်တင်လိုက်”

မကြာမီ စစ်တပ်ကွပ်ကဲရေးခန်းမရှိ ဖန်သားပြင်ကြီးပေါ်တွင် လင်းဖုန်းနှင့် စက်ရုပ်ကြီးတို့၏ တိုက်ပွဲမြင်ကွင်း ပေါ်လာသည်။ နှစ်ဦးစလုံးက မီတာရာချီ၍ မြင့်မားကြပြီး အထူးသဖြင့် လင်းဖုန်းမှာ မီတာ ၂၀၀ နီးပါးအထိ မြင့်မားနေသည်။

နှစ်ဦးစလုံး စစ်မှန်သည့် ခန္ဓာကိုယ်စွမ်းအားသက်သက်ကိုသာ အသုံးပြုကာ တိုက်ခိုက်နေကြ၏။ တိုက်ကွက်တစ်ခုစီက မြေပြင်တစ်ခုလုံးကို အပြင်းအထန် တုန်ခါသွားစေပြီး ဖျက်အားပြင်းဗုံးတစ်လုံး ပေါက်ကွဲသည့်အလား ထင်မှတ်ရသည်။ သူတို့တိုက်ပွဲမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအားက မြို့တစ်မြို့ကိုပင် အလွယ်တကူ ပျက်စီးသွားစေနိုင်သည်။

ယင်းကား အမှန်တကယ်ပင် နတ်ဆိုးဘုရင်အဆင့် စွမ်းအား ဖြစ်ပေ၏။

“လင်းဖုန်းက သူတော်စင်တစ်ပါး မဟုတ်ပေမဲ့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက သူတော်စင်တစ်ပါးနဲ့တောင် ရင်ပေါင်တန်းနိုင်နေပြီ... ရှေးဟောင်းယဉ်ကျေးမှုတစ်ခုရဲ့ အမွေအနှစ်ကြောင့်ပဲ ဖြစ်ရမယ်”

ကြယ်ငါးပွင့် ဗိုလ်ချုပ်သုံးဦးစလုံး၏ မျက်နှာများက တည်ကြည်သွားကြသည်။ သို့သော် ဤသည်က အဆုံးတွင် ကောင်းမွန်သောကိစ္စရပ်သာဖြစ်၏။ ဤစက်ရုပ်ကြီးကို တားဆီးထားနိုင်သူ ရှိနေသရွေ့ ကပ်ဘေးကြီးတစ်ခု ဖြစ်မလာနိုင်တော့ပေ။

“လင်းဖုန်းရဲ့ အချက်အလက်တွေကို အဆင့်မြင့်လျှို့ဝှက်ချက်အဖြစ် ချက်ချင်း သတ်မှတ်လိုက်။ ပြီးတော့ သူတော်စင်ကိုးပါးဆီကို ချက်ချင်း အစီရင်ခံစာပို့မယ်”

ဗိုလ်ချုပ်သုံးဦးစလုံး ဤကိစ္စ၏ အရေးကြီးပုံကို သိကြသည်။ သူတော်စင်တစ်ပါး မဟုတ်သော်လည်း သူတော်စင်နှင့် တန်းတူ တိုက်ခိုက်နိုင်စွမ်းရှိသော အစွမ်းထက် သိုင်းပညာရှင်တစ်ဦး လူသားမျိုးနွယ်ထဲတွင် ပေါ်ထွက်လာခြင်းပင်။

ဤသည်ကား လူသားမျိုးနွယ်အတွက် ကောင်းချီးတစ်ရပ် ဖြစ်ပေ၏။

...

လင်းဖုန်းကမူ မိမိကိုယ်ကိုယ် စစ်တပ်အဆင့်မြင့်ပုဂ္ဂိုလ်များ၏ အာရုံစိုက်ခြင်း ခံရသည်၊ သူတော်စင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် နှိုင်းယှဉ်ခံရသည်ကို မသိပေ။ ယခုအချိန်တွင် သူ၏ တစ်ခုတည်းသော အတွေးမှာ သူ့ရှေ့ရှိ စက်ရုပ်ကြီးကို အပြတ်အသတ် အနိုင်ယူရန်သာ ဖြစ်သည်။

လင်းဖုန်း အစွမ်းကုန် ထုတ်ကာ ထိုးနှက်တိုက်ခိုက်လိုက်သည်။ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ ခုခံမှုနှင့် ပြန်လည်ကုစားနိုင်စွမ်းက အံ့မခန်းပင်။ အကယ်၍ အမြဲတစေ ပျက်စီးသွားသည့် ဒဏ်ရာမျိုးမဟုတ်ပါက မည်မျှပင် ပြင်းထန်သော ဒဏ်ရာဖြစ်ပါစေ မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာနိုင်သည်။

လင်းဖုန်း လက်သီးတစ်ချက်စီတိုင်းတွင် ခန္ဓာကိုယ်စွမ်းအားအားလုံးကို ထည့်သွင်းမြှပ်နှံထားသည်။ ထို့ပြင် သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကြောင့် ခန္ဓာကိုယ်၏ တစ်လက်မချင်းစီတိုင်းက ကြောက်စရာအကောင်းဆုံး လက်နက်များ ဖြစ်နေ၏။

လင်းဖုန်း ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံဖွဲ့စည်းနိုင်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ စိတ်လွတ်ကိုယ်လွတ်နှင့် အာရုံစိုက်ကာ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိပေ။ သူ စိုးရိမ်ပူပန်မှုများ ကင်းဝေးစွာဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်၏ အားသာချက်ကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့သည်။

ဧရာမစက်ရုပ်ကြီးနှင့် လင်းဖုန်းတို့မှာ ကမ္ဘာဦးသားရဲကြီးနှစ်ကောင်အလား အရူးအမူး တိုက်ခိုက်နေကြသည်။ လင်းဖုန်းက သူ၏ အားကောင်းလှသည့်ခုခံမှုနှင့် စွမ်းအားကို အသုံးချကာ အကြောက်အလန့်မရှိ တိုက်ခိုက်နေ၏။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအားတစ်ခုစီက ရစ်ချာစကေး ၁၀ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သည့်အလား မဟာပထဝီမြေကြီးကို သိမ့်သိမ့်တုန်သွားစေသည်။ (ရစ်ချာစကေး = ငလျင်ပြင်းအားတိုင်းယူနစ်)

အပျက်အစီးနယ်မြေကို ဗဟိုပြု၍ ပတ်ဝန်းကျင် ကီလိုမီတာအနည်းငယ်က လုံးဝပျက်စီးခြင်းအတိ ဖြစ်သွား၏။ ဤဧရိယာတစ်ခုလုံးက လင်းဖုန်းနှင့် စက်ရုပ်ကြီးတို့၏ တိုက်ပွဲကွင်းပြင်ဖြစ်နေသည်။

တိုက်ပွဲကို စောင့်ကြည့်နေကြသူများဖြစ်သည့် နှင်းခဲဘုရင်နှင့် ကျန်သူများကမူ ဆယ်ကီလိုမီတာကျော် အကွာအဝေးသို့ ကမန်းကတန်း ဆုတ်ခွာသွားခဲ့ကြလေပြီ။ တိုက်ပွဲမှ ထွက်ပေါ်လာသော နောက်ဆက်တွဲလှိုင်းကယက် အနည်းငယ်ကပင် သူတို့ကို တမလွန်သို့ ရောက်သွားစေနိုင်သည်။

သို့သော် ဤသည်ကလည်း သူတို့အတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုပင်။ သူတို့နှစ်ဦးစလုံး၏ တိုက်ခိုက်ပုံက သာမန်သိုင်းသမားများနှင့် လုံးဝကွဲထွက်နေ၏။ ထူးခြားသည့်‌ မွေးရာပါစွမ်းရည်များ မပါရှိဘဲ ကြမ်းကြုတ်သားရဲများကဲ့သို့ စစ်မှန်သည့် ခန္ဓာကိုယ်ချင်း အသားကုန် တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုတို့၏ စွမ်းအားက အလွန်တရာ ပြင်းထန်လှရာ ကြည့်နေသူတို့‌အနေဖြင့် အနားသို့ ချဉ်းကပ်ရန်ပင် အရည်အချင်းမရှိကြပေ။

သို့သော် တိုက်ပွဲကြာမြင့်လာသည်နှင့်အမျှ လင်းဖုန်းတစ်ယောက် သူ့ရှေ့မှ စက်ရုပ်ကြီးမှာ တိုက်ခိုက်မှုများမှ လေ့လာသင်ယူနေကြောင်း တဖြည်းဖြည်း သတိပြုမိလာသည်။ ဟုတ်ပေ၏... စက်ရုပ်ကြီးက လေ့လာနေခြင်းပင်။ သူ၏တိုက်ခိုက်ရေး နည်းစနစ်များက အဆက်မပြတ် တိုးတက်လာနေသည်။ ကနဦးက အကြမ်းထည်တိုက်ခိုက်မှုမှသည် ယခုအခါ တိကျသေချာသည့် တိုက်ကွက်များဖြစ်လာ၏။ စက်ရုပ်ကြီး၏ လေ့လာသင်ယူမှုအရှိန်က အလွန် မြန်ဆန်လွန်းလှပေသည်။

“လင်းဖုန်း... သူ့ကို ဆက်ပြီးတော့ အချိန်ဆွဲမနေနဲ့တော့။ ချက်ချင်း ဖျက်ဆီးပစ် ဒါမှမဟုတ်လည်း အမြန်ဆုံး ထွက်သွားတော့။ အဲ့ဒီဥာဏ်ရည်တုက ဒီဖျက်ဆီးခြင်းစက်ရုပ်နဲ့ တဖြည်းဖြည်း ပေါင်းစပ်သွားပြီ။ ဒီစက်ရုပ်က တတိယယဉ်ကျေးမှုက ဖျက်ဆီးခြင်းလှံတံနဲ့ ပေါင်းစပ်ဖို့ သီးသန့်ဖန်တီးခဲ့တဲ့ သတ်ဖြတ်ရေးစက်ရုပ်ပဲ။ သူက အခု ဒီသတ်ဖြတ်ရေးစက်ရုပ်နဲ့ လုံးဝ ပေါင်းစပ်သွားပြီး ဖျက်ဆီးခြင်းလှံတံရဲ့ စွမ်းအားကို ပေါင်းစပ်နေတာ။ ပေါင်းစပ်မှုအောင်မြင်သွားတာနဲ့ မင်း အန္တရာယ်ရှိလာလိမ့်မယ်”

လောင်ဘီသမ်က အချိန်မီ သတိပေးလိုက်သည်။ သူက ဤစက်ရုပ်ကြီး၏ နောက်ခံသမိုင်းကြောင်းကို သိရှိထားပုံရ၏။

“ဖျက်ဆီးခြင်းစက်ရုပ် ဟုတ်လား။ တတိယယဉ်ကျေးမှုရဲ့ စစ်ပွဲသုံးစက်ရုပ်ပေါ့... ပြီးတော့ ခုနက ဖျက်ဆီးခြင်းအလင်းတန်းလိုမျိုး ဖျက်ဆီးခြင်းလှံတံနဲ့ ပေါင်းစပ်နေတာလား”

ထိုအချက်ကို တွေးမိလိုက်သောအခါ လင်းဖုန်း ရင်ထဲ၌ တုန်လှုပ်မှုတစ်ခု ဖြတ်ပြေးသွားသည်။

သူ ယခင်က ဖျက်ဆီးခြင်းအလင်းတန်းနှင့် ကြုံတွေ့ခဲ့ဖူးသည်။ ထိုဖျက်ဆီးခြင်းအလင်းတန်းများမှ ဇီဝိန်ချုပ်စွမ်းအားက သူ့ကို ရင်တုန်ပန်းတုန် ဖြစ်စေခဲ့ပြီး သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကိုပင် အမြဲတမ်းအတွက် ပျက်စီးဆုံးရှုံးမှုမျိုး ဖြစ်စေခဲ့သည်။

ယခုတွင် ဤစက်ရုပ်က ဖျက်ဆီးခြင်းလှံတံနှင့် ပေါင်းစပ်နေပြီဖြစ်ရာ လင်းဖုန်းအနေဖြင့် တစ်ဖက်သူကို စိတ်ကြိုက်လုပ်ခွင့်ပေး၍ မရတော့ပေ။

လင်းဖုန်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ သူသည် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်ကို သေသေချာချာ ပြန်လည်ဆင်ခြင်လိုက်သည်။ ဒီရေလှိုင်းများကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း အဆက်မပြတ် အရှိန်အဟုန်ပြင်းပြင်း တိုးဝင်လာခြင်း... ဤသည်က ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ အစစ်အမှန်အနှစ်သာရပင်။

ဝုန်း

လင်းဖုန်း ခန္ဓာကိုယ်အတွင်းရှိ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားများအားလုံး အပြည့်အဝ နိုးထလာသည်။ သူ မျက်လုံးအစုံကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။ မျက်စိဖြင့် ကြည့်မနေတော့ဘဲ စိတ်စွမ်းအားဖြင့်သာ ဖျက်ဆီးခြင်းစက်ရုပ်ကို ပစ်မှတ်ထားလိုက်သည်။

လင်းဖုန်း၏ လက်သီးများက မိုးစက်မိုးဖွားများအလား စက်ရုပ်ကြီးပေါ်သို့ အရူးအမူး ကျဆင်းလာတော့သည်။ သူ၏ တိုက်ခိုက်မှုများက ချက်ချင်းပင် ဆထမ်းပိုး တိုးပွားကာ ပြင်းထန်လာပြီး သူ့ရှေ့မှ ဖျက်ဆီးခြင်း စက်ရုပ်ကို ပြန်လည်ခုခံရန်ပင် အချိန်မပေးတော့ပေ။

ဘုန်း

လင်းဖုန်း လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးခြင်းစက်ရုပ်ကို လွင့်စင်သွားစေလိုက်သည်။ ထို့နောက် ချက်ချင်း ရှေ့တိုးကာ ထပ်မံ နင်းချလိုက်သည်။

ဖျောင်း

ဖျက်ဆီးခြင်းစက်ရုပ်၏ လက်မောင်းတစ်ဖက်မှာ ချက်ချင်း ကျိုးပဲ့သွားပြီး စက်ရုပ်၏ သတ္တုခန္ဓာကိုယ်ပေါ်တွင် ပထမဆုံးအကြိမ် ပျက်စီးမှုအရိပ်အယောင် ပေါ်လာသည်။

သို့သော် ဤသည်က အစပျိုးခြင်းသာ ရှိသေး၏။ လင်းဖုန်း ဝမ်းသာသွားပြီး ဖျက်ဆီးခြင်းစက်ရုပ်၏ လက်မောင်းကို ချက်ချင်း ဆွဲကိုင်ကာ အားကုန်ဆွဲဖြဲပစ်လိုက်သည်။

ရွှစ်

ဖျက်ဆီးခြင်းစက်ရုပ်၏ လက်မောင်းတစ်ဖက်က ချက်ချင်း အဆွဲဖြဲခံလိုက်ရသော်လည်း အခြားလက်တစ်ဖက်က လင်းဖုန်း၏ လက်မောင်းကို ရုတ်တရက် လှမ်းဆွဲပြီး အားကုန် ပြန်လည်ဆွဲဖြဲလိုက်သည်။

လင်းဖုန်း၏ လက်မောင်းအတွင်းရှိ ဆဲလ်များက အလျင်အမြန် ပုံပြောင်းသွားပြီး ပျော့ပျောင်းသည့် ရော်ဘာအလား ချောမွတ်သွားသည်။ ထို့ကြောင့် အလွန်ရှည်လျားစွာ ဆွဲဆန့်ခြင်း ခံလိုက်ရသော်လည်း သူ့လက်မောင်းက မည်သည့်ထိခိုက်ဒဏ်ရာမျှ မရခဲ့ပေ။

“သေစမ်း”

လင်းဖုန်း၏ ခန္ဓာကိုယ်ထဲမှ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားများ ထပ်မံပေါက်ကွဲထွက်လာသည်။ သူ ဖျက်ဆီးခြင်းစက်ရုပ်၏ ဦးခေါင်းကို ချိန်ရွယ်ကာ တူကြီးတစ်ချောင်းအလား အားကုန်ထုချလိုက်သည်။

ဝုန်း

ရုတ်တရက် လင်းဖုန်း၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ စက်ရုပ်၏ လက်ထဲတွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိ အနက်ရောင်လက်နေသည့် လှံတံတစ်ချောင်း ပေါ်လာလေပြီ။

All Chapters