အခန်း (၂၇၃)
Vol. 24 Ch. 273
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၇၃) - ဖျက်ဆီးခြင်းလှံတံ
ဘာသာပြန် - အားသစ်
“ဖျက်ဆီးခြင်းလှံတံလား”
လင်းဖုန်း၏ မျက်နှာအမူအရာက ချက်ချင်း တည်ကြည်လေးနက်သွားသည်။ လောင်ဘီသမ်က သူ့ကို အကြိမ်ကြိမ် သတိပေးထားခဲ့သဖြင့် ဤဖျက်ဆီးခြင်းလှံတံအကြောင်းကို သူ ကောင်းကောင်း သိထားသည်။
ယခုအခါ ဤဖျက်ဆီးခြင်းလှံတံက ဖျက်ဆီးခြင်းစက်ရုပ်၏ လက်ထဲတွင် ပေါ်လာပြီး အလွန်နီးကပ်သည့် အကွာအဝေးမှ အပြင်းအထန် ဝှေ့ယမ်း ခုတ်ချလာလေပြီ။
ရွှစ်
လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က မည်မျှအထိ ကြီးမားလှသနည်း။
သူ ရှောင်တိမ်းလိုက်လျှင်ပင် ဤဖျက်ဆီးခြင်းလှံတံ၏ တိုက်ကွက်ကို လုံးဝလွတ်မြောက်အောင် ရှောင်ကွင်းနိုင်ဖို့ မဖြစ်နိုင်ပေ။ ဖျက်ဆီးခြင်းလှံတံ အသာအယာ ထိမှန်ရုံမျှဖြင့် သူ့လက်မောင်းမှာ မီးတောက်တစ်ခု တောက်လောင်နေသည့်အလား ချက်ချင်းကျွမ်းလောင်သွားသည်။
လင်းဖုန်း၏ လက်မောင်းပေါ်ရှိ မရေမတွက်နိုင်သော ဆဲလ်များမှာ ပြင်းထန်သည့် မီးတောက်တစ်မျိုးဖြင့် လောင်ကျွမ်းခံလိုက်ရသလို ဖြစ်သွားသည်။ ဖျက်ဆီးခြင်းလှံတံထဲတွင် အရာအားလုံးကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေနိုင်သည့် ဆန်းကြယ်သော ဇီဝိန်ချုပ်စွမ်းအားတစ်ခု ပါဝင်နေ၏။
ထို့ကြောင့် ဖျက်ဆီးခြင်းလှံတံ၏ ထိမှန်ခံလိုက်ရချိန်တွင် လင်းဖုန်း၏ လက်မောင်းပေါ်ရှိ မရေမတွက်နိုင်သော ဆဲလ်များက လုံးဝဥဿုံ လောင်ကျွမ်းပျက်စီးသွားရသည်။ သူ့လက်မောင်းမှာ မူလက အလွန်ကြီးမားသော်လည်း စက္ကန့်ပိုင်းအတွင်း ညှိုးနွမ်းသွားသည့် ပန်းတစ်ပွင့်အလား အလျင်အမြန် ပြိုကွဲပျက်စီးသွားသည်။
ဘုန်း
လင်းဖုန်း ခြေတစ်ချက်ကန်ထုတ်ကာ ဖျက်ဆီးခြင်းစက်ရုပ်ကို လွင့်စင်သွားစေသည်။ သူ့လက်မောင်းပေါ်ရှိ ဆဲလ်များ၏ ဖွဲ့စည်းပုံကို ပုံစံအမျိုးမျိုး ပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း အချည်းနှီးသာ။ ဆဲလ်များအတွင်းရှိ ကြောက်မက်ဖွယ်ရာ ဇီဝိန်ချုပ်စွမ်းအားက လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို အလျင်အမြန် ဖျက်ဆီးနေဆဲပင်။
စက္ကန့်ပိုင်းအတွင်းတွင်ပင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က အနည်းဆုံး နှစ်မီတာခန့် ဆုံးရှုံးသွားရသည်။
“ဖြတ်တောက်ပစ်ရမယ်”
မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ လင်းဖုန်း ဖျက်ဆီးခြင်းလှံတံ၏ ထိမှန်ခြင်းကို ခံလိုက်ရသော လက်တစ်ပိုင်းကို စွန့်လွှတ်လိုက်သည်။ သူ၏ မူလက ၁၈၂ မီတာမြင့်သော တိုက်ပွဲဝင်ခန္ဓာကိုယ်မှာ ချက်ချင်းပင် ၁၇၈ မီတာသို့ ကျုံ့ဝင်သွား၏။ စုစုပေါင်း လေးမီတာခန့် ဆုံးရှုံးသွားရခြင်းပင်။
ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်သည် အရွယ်အစားအပေါ်တွင် အခြေခံသည်။ ခန္ဓာကိုယ် ပိုမိုကြီးမားလေ ဆဲလ်များ ပိုမိုသိပ်သည်းစွာ ဖွဲ့စည်းနိုင်လေဖြစ်ပြီး ဆဲလ်အရေအတွက် ပိုများလေ စွမ်းအင်များကို ပိုမိုသိုလှောင်နိုင်ကာ တိုက်ပွဲဝင်ခန္ဓာကိုယ်က ပိုအစွမ်းထက်လေ ဖြစ်သည်။
အကယ်၍ အရွယ်အစားနှင့် ဆဲလ်အရေအတွက် လျော့နည်းသွားလျှင် ထိုသည်က အမြဲတမ်းပျက်စီးစေသည့် ဒဏ်ရာကို ရရှိသွားခြင်းဖြစ်ပြီး အင်အား လျော့နည်းသွားမည်ကို ဆိုလိုသည်။
ယခု လင်းဖုန်း၏ အခြေအနေက ထိုနည်းလည်းကောင်းပင်။ ယခင်က ဖျက်ဆီးခြင်းအလင်းတန်းကြောင့် သူ အမြဲတမ်းအတွက် ပျက်စီးစေသည့် ဒဏ်ရာကို ရရှိခဲ့ပြီးဖြစ်သဖြင့် ခန္ဓာကိုယ်အရွယ်အစား အနည်းငယ် သေးငယ်သွားခဲ့ရသည်။ ယခုအခါ ထပ်မံ ဒဏ်ရာရရှိပြန်သဖြင့် သူ့ခန္ဓာကိုယ်မှာ ပိုမိုကျုံ့ဝင်သွားရပြန်သည်။
ယင်းကို မူလအခြေအနေအတိုင်း ပြန်လည်ကျင့်ကြံရန်က ထင်သလောက် မလွယ်လှပေ။
သို့သော်လည်း သူ အသက်ရှင်ရန်နှင့် ပိုကြီးသောထိခိုက်မှုများ မကြုံတွေ့ရစေရန်အတွက် လင်းဖုန်းအနေဖြင့် သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ကို စွန့်လွှတ်ရမည်သာ ဖြစ်သည်။ သို့မဟုတ်ပါက ဖျက်ဆီးခြင်းလှံတံပေါ်ရှိ ဆန်းကြယ်သော ဇီဝိန်ချုပ်စွမ်းအားက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်တစ်ခုလုံးကို ဖျက်ဆီးသွားနိုင်ပေသည်။
“တကယ်ကို ဆန်းကြယ်တဲ့ စွမ်းအားပဲ”
လင်းဖုန်း ထိတ်လန့်သွားသည်။ ဖျက်ဆီးခြင်းလှံတံ၏ စွမ်းအားက အလွန်တရာ ကြောက်စရာကောင်းလွန်းလှသည်။ ဤသည်က အသာအယာ ပွတ်တိုက်မိရုံမျှသာ ရှိသေးသည်။ အကယ်၍ သူ၏ အရေးကြီးသော ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုကိုသာ ထိမှန်သွားခဲ့ပါက ပို၍ပင် ဒုက္ခရောက်သွားနိုင်သည် မဟုတ်ပါလော။
သူ ချက်ချင်းပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။
လင်းဖုန်းအနေဖြင့် ဤဖျက်ဆီးခြင်းလှံတံက သူ့အသက်ကို တကယ်ပင် ခြိမ်းခြောက်နိုင်ကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ဖျက်ဆီးခြင်းလှံတံကို အသုံးပြုလိုက်သော စက်ရုပ်မှာလည်း နာကျင်မှုတစ်ခု ခံစားနေရပုံရသည်။ ထိုစက်ရုပ်၏ မျက်နှာထက်တွင် မည်သည့်အမူအရာမျှ မရှိသော်လည်း လင်းဖုန်း၏ စိတ်စွမ်းအားက ထိုဖျက်ဆီးခြင်းစက်ရုပ်၏ ထူးခြားသည့် ခံစားချက်လှုပ်ခတ်မှုများကို ခံစားမိနေသည်။
ဤစက်ရုပ်မှာ ပရိုဂရမ်အတိုင်း လုပ်ဆောင်တတ်သည့်အေးစက်စက် စက်ရုပ်သက်သက် မဟုတ်တော့ပေ။ သက်ရှိတစ်ခုနှင့် ပိုမိုဆင်တူနေပြီ ဖြစ်သည်။
“လင်းဖုန်း... မင်း ဖျက်ဆီးခြင်းလှံတံကို မဖြစ်ဖြစ်အောင် ယူရမယ်။ ဒီဉာဏ်ရည်တုက စက်ရုပ်နဲ့ ပေါင်းစပ်နေတာဖြစ်ပေမဲ့ ပေါင်းစပ်မှုက မပြီးဆုံးသေးဘူး။ သူက အခုထိ စစ်မှန်တဲ့ စက်ရုပ်သက်ရှိတစ်ခု မဖြစ်သေးဘူး”
“သူသာ စက်ရုပ်သက်ရှိတစ်ခု ဖြစ်သွားရင် ဖျက်ဆီးခြင်းလှံတံနဲ့ လုံးဝပေါင်းစပ်သွားနိုင်လိမ့်မယ်။ အဲ့ဒီအခါကျရင် မင်းတို့ကမ္ဘာက သူတော်စင်ကိုးပါးစလုံး ပေါင်းရင်တောင် သူ့ကို ရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး”
“ဒါကြောင့် မင်း ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ဖျက်ဆီးခြင်းလှံတံကို အရယူရမယ်”
လင်းဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဖျက်ဆီးခြင်းလှံတံက မည်မျှ အစွမ်းထက်ကြောင်း သူ သိသော်လည်း ဤသည်မှာ ပေါင်းစပ်မှု မပြည့်စုံသေးသည့် အကျိုးဆက်သာ ရှိသေးသည်။ အကယ်၍ လုံးဝ ဥဿုံ ပေါင်းစပ်သွားပါက မည်မျှအထိ အစွမ်းထက်လာမည်နည်း။
လောင်ဘီသမ်၏ အဆိုအရ ဖျက်ဆီးခြင်းလှံတံနှင့် အပြည့်အဝ ပေါင်းစပ်သွားသည့်စက်ရုပ်ကို သူတော်စင်ကိုးပါးစလုံး ပေါင်းတိုက်လျှင်ပင် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
လောင်ဘီသမ်တစ်ယောက် ဤဖျက်ဆီးခြင်းလှံတံကို အလွန်အလေးအနက်ထားပုံရပြီး စက်ရုပ်ကလည်း ထိုနည်းတူပင် ဖြစ်သည်။ သို့မဟုတ်ပါက ဘာကြောင့် ဖျက်ဆီးခြင်းလှံတံနှင့် ပေါင်းစပ်ရန် ကြိုးပမ်းနေပါမည်နည်း။
ထို့အပြင် ဖျက်ဆီးခြင်းလှံတံ၏ ဇီဝိန်ချုပ်စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှ၏။ ထို့ကြောင့် လင်းဖုန်းအတွက် ဖျက်ဆီးခြင်းလှံတံကို ရယူရန်မှာ ထင်သလောက် မလွယ်လှပေ။
“လောင်ဘီသမ်... မင်းမှာ ဒီစက်ရုပ်ကို ရင်ဆိုင်ဖို့ နည်းလမ်းရှိလား။ သူက စက်ရုပ်သက်ရှိ မဖြစ်သေးဘူး။ မင်းကတော့ စစ်မှန်တဲ့ စက်ရုပ်သက်ရှိ ဖြစ်နေပြီလေ”
လင်းဖုန်းအနေဖြင့် လောင်ဘီသမ်က အထူးသဖြင့် ဖျက်ဆီးခြင်းလှံတံနှင့် ပတ်သက်ပြီး တစ်ခုခုကို လျှို့ဝှက်ထားသည်ဟု ခံစားမိနေသည်။ စင်စစ်တွငိ လောင်ဘီသမ်က စကားကို ဝေ့လည်ကြောင်ပတ်ပြောနေပြီး အသေးစိတ်ရှင်းမပြခဲ့ပေ။
လောင်ဘီသမ်တစ်ယောက် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ဒီဉာဏ်ရည်တုက စက်ရုပ်သက်ရှိအဖြစ် ဆင့်ကဲပြောင်းလဲနေတာပဲ။ သက်ရှိတွေကပဲ ဖျက်ဆီးခြင်းလှံတံနဲ့ လုံးဝပေါင်းစပ်နိုင်တာ။ ဒါက သူ စက်ရုပ်သက်ရှိဖြစ်ဖို့ အတင်းအကျပ် ကြိုးစားနေရတဲ့ အစစ်အမှန် အကြောင်းပြချက်ပဲ။ အတိုချုပ်ပြောရရင် ဘယ်လိုပေးဆပ်မှုမျိုးပဲရှိရှိ မင်း ဖျက်ဆီးခြင်းလှံတံကို မရရတဲ့နည်းနဲ့ ရအောင်ယူရမယ်”
“ဒီစက်ရုပ်နဲ့ ပတ်သက်ရင်တော့ သူက စက်ရုပ်သက်ရှိ ဖြစ်မလာသေးဘူး။ ငါ သူ့ကို တကယ်ပဲ ရင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ မင်း ငါ့ကို သူ့ရဲ့ ထိန်းချုပ်ရေးဗဟိုချက်ထဲ ဝင်ခွင့်ပေးရမယ်။ အဲဒီအခါကျရင် ငါ သူ့ရဲ့ ဗဟိုချက်ကို လုံးဝထိန်းချုပ်နိုင်လိမ့်မယ်”
“မင်းကို ထိန်းချုပ်ရေးဗဟိုချက်ထဲ ဝင်ခွင့်ပေးဖို့က ငါ ဘာလုပ်ရမလဲ”
“လွယ်လွယ်လေးပါ။ မင်း ဆက်သွယ်ရေးကိရိယာကို သူ့ခေါင်းပေါ် တင်ပေးလိုက်ရုံပဲ။ အဲဒါဆိုရင် ငါ သူ့ရဲ့ ထိန်းချုပ်ရေးဗဟိုချက်ထဲကို ဝင်နိုင်လိမ့်မယ်။ မှတ်ထားပါ။ မင်းမှာ အခွင့်အရေး အများကြီး မရှိဘူး။ အခွင့်အရေးက တစ်ကြိမ်လောက်ပဲ ရှိကောင်းရှိနိုင်တယ်။ တကယ်လို့ သူကသာ ဖျက်ဆီးခြင်းလှံတံကို ယူပြီး ထွက်သွားရင် ဒါမှမဟုတ် ဖျက်ဆီးခြင်း လှံတံထဲက ဇီဝိန်ချုပ်စွမ်းအားကို အစွမ်းကုန် ထုတ်လွှတ်လိုက်ရင် ငါလည်း မင်းကို ကယ်နိုင်မှာ မဟုတ်တော့ဘူး”
လင်းဖုန်း အမှန်တကယ်ပင် အနည်းငယ် တွေဝေသွားသည်။ သူ လောင်းဘီသမ်ကို ယုံကြည်သင့်သလော။
သူ လောင်းဘီသမ်၏ အကဲဖြတ်ခံရသူ ဖြစ်လာခဲ့သော်လည်း ဤမျှ ကြာမြင့်လာသည့်တိုင်အောင် လင်းဖုန်း လောင်ဘီသမ်အကြောင်းကို အနည်းအကျဉ်းလောက်သာ သိထားသေးသည်။ လောင်ဘီသမ်ကိုယ်တိုင်ပြောပြချက်အရ သူက စက်ရုပ်သက်ရှိတစ်ခု ဖြစ်သည်ဟူ၍သာ သူ သိထားသည်။
ယခုလက်ရှိအချိန်တွင် သူက သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးမည့် အရေးကြီး အခိုက်အတန့်နှင့် ရင်ဆိုင်နေရသည်။ အကယ်၍ လောင်ဘီသမ်သာ ဤဉာဏ်ရည်တု၏ ထိန်းချုပ်ရေးဗဟျုချက်ထဲသို့ မဝင်ရောက်နိုင်ခဲ့ပါက လင်းဖုန်း ဖျက်ဆီးခြင်းလှံတံ၏ တိုက်ရိုက်တိုက်ခိုက်မှုကို ရင်ဆိုင်ရပေလိမ့်မည်။ နောက်ဆက်တွဲ ဆိုးကျိုးများကိုမူ စဉ်းစား၍ပင် ရနိုင်မည်မဟုတ်တော့ပေ။
ထိုအခိုက်တွင် လင်းဖုန်း စဉ်းစားရန် အချိန်အများကြီး မကျန်တော့ပေ။ စက်ရုပ်ကြီးက ထပ်မံထရပ်လိုက်ပြန်သည်။ ထိုစက်ရုပ်ကြီး အနည်းငယ် ဒေါသထွက်" နေကြောင်း လင်းဖုန်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
စက်ရုပ်၏ မျက်လုံးနီများထဲတွင် နီရဲရဲအလင်းတန်းများ အဆက်မပြတ် လင်းလက်နေ၏။ ထို့နောက် စက်ရုပ်လက်မောင်းမှာ အလွယ်တကူ ပြန်လည်ကောင်းမွန်သွားပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သွားသည်။
ထို့အပြင် ဖျက်ဆီးခြင်းလှံတံကလည်း စက်ရုပ်၏ လက်ထဲတွင် ရှိနေပြီဖြစ်ပြီး ကြောက်မက်ဖွယ်ရာ အလင်းတန်းများ လက်ဖြာနေသည်။
စက်ရုပ်၏ အရှိန်က တဖြည်းဖြည်း ပို၍ပင် မြန်ဆန်လာသည်။ အစွမ်းကုန် ပြေးဝင်လာခြင်းပင်။ လက်ထဲရှိ ဖျက်ဆီးခြင်းလှံတံကို ကိုင်မြှောက်ကာ လင်းဖုန်းထံသို့ အရှိန်အဟုန်ပြင်းပြင်း ပြေးဝင်တိုက်ခိုက်လာတော့သည်။
ဤသည်က အဆုံးအဖြတ် တိုက်ပွဲဖြစ်ကြောင်း လင်းဖုန်း သိလိုက်သည်။
သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီးနောက် သူ့ဆဲလ်များက အရူးအမူး ပြန်လည်ဖွဲ့စည်းလာကြသည်။ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ကြီးထွားမလာသော်လည်း ဆဲလ်များ၏ ဖွဲ့စည်းပုံကမူ ယခင်ကနှင့်မတူ လုံးဝကွဲပြားသွားခဲ့လေပြီ။
ဤသည်က ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ အားအကောင်းဆုံး ခုခံမှုအခြေအနေ ဖြစ်သည်။ ထပ်ဆင့်ဖွဲ့စည်းထားသည့ ဆဲလ်အလွှာပေါင်းများစွာဖြင့် မည်သည့်စွမ်းအားကိုမဆို ရင်ဆိုင်နိုင်ဖို့ လုံလောက်ပေသည်။
လင်းဖုန်း လောင်ဘီသမ်ကို မည်သည့်ကတိမျှ မပေးခဲ့သော်လည်း သူ့လုပ်ရပ်များဖြင့် ရွေးချယ်မှုပြုခဲ့ပြီး ဖြစ်၏။
“လာခဲ့စမ်း” လင်းဖုန်း ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ရူးသွပ်မှုအရိပ်အယောင်တစ်ခု လင်းလက်သွားသည်။
သူ့မျက်လုံးများက ဖျက်ဆီးခြင်းလှံတံပေါ်တွင်သာ စူးစိုက်တည်ရှိနေသည်။ သူ့ကို ခြိမ်းခြောက်နိုင်သော တစ်ခုတည်းသောအရာက ဖျက်ဆီးခြင်းလှံတံသာဖြစ်၏။ ရဲဝံ့သည့် အကြံအစည်တစ်ခုက သူ့စိတ်ထဲတွင် တဖြည်းဖြည်း ပုံပေါ်လာသည်။
ဝုန်း
လင်းဖုန်းလည်း ချက်ချင်း လှုပ်ရှားလိုက်သည်။ သူ၏ ဧရာမခန္ဓာကိုယ်ကြီးက အမြောက်ဆန်တစ်ခုအလား ဖျက်ဆီးခြင်းစက်ရုပ်ထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။
လင်းဖုန်း သူ့လက်မောင်းကို အထက်သို့ ပင့မြှောက်လိုက်သည်။ ထို့နောက် သူ့လက်မောင်းက အလျင်အမြန် ကြီးထွားလာပြီး စက်ရုပ်၏ လက်ထဲရှိ ဖျက်ဆီးခြင်းလှံတံကို အားကုန်လှမ်းဆွဲလိုက်သည်။
ဘုန်း
လင်းဖုန်းတစ်ယောက် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ယင်သွားသည်။ ဖျက်ဆီးခြင်းလှံတံက သူ့လက်ဝါးကို အလွယ်တကူ ဖောက်ထွက်သွားပြီး လင်းဖုန်း၏ ဘယ်ဘက်ပုခုံးကို တိုက်ရိုက်စိုက်ဝင်သွားသည်။
ထိုအခိုက်အတန့်တွင် လင်းဖုန်းအနေဖြင့် သေတွင်းနှုတ်ခမ်းဝသို့ ရောက်နေသည်ဟုပင် ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် သူ လုံးဝဇီဝိန်ချုပ်ပျောက်ကွယ်သွားပြီး ဤလောကကြီးထဲမှ လုံးဝဥဿုံ ပျောက်ဆုံးသွားတော့မည့်အလား ထင်မှတ်ရပေသည်။