အခန်း (၂၇၄)
Vol. 24 Ch. 274
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၇၄) - ကုဒ်အမည် ဖျက်ဆီးသူ
ဘာသာပြန် - အားသစ်
ဖျက်ဆီးခြင်းလှံတံ၏ ဇီဝိန်ချုပ်စွမ်းအားက လင်းဖုန်း၏ ခန္ဓာကိုယ်တစ်လျှောက် အလျင်အမြန် ပျံ့နှံ့သွားသည်။ ပျံ့နှံ့မှုအရှိန်က မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လှသော်လည်း လင်းဖုန်း အံကိုတင်းတင်းကြိတ်ကာ သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို အဆက်မပြတ် လောင်ကျွမ်းဖျက်ဆီးခွင့်ပေးလိုက်သည်။
ဤအခွင့်အရေးကို အသုံးချကာ သူ စက်ရုပ်၏ ဦးခေါင်းဆီသို့ အလျင်အမြန် ချဉ်းကပ်သွားပြီး ဆက်သွယ်ရေးကိရိယာကို ထိုခေါင်းပေါ်တွင် ကပ်လိုက်သည်။
“လောင်ဘီသမ်...မင်းအလှည့်ပဲ”
လင်းဖုန်း အော်ပြောလိုက်သည်။ မျက်စိဖြင့် မမြင်နိုင်သော အချက်ပြလှိုင်းတစ်ခုက စက်ရုပ်၏ ဦးခေါင်းထဲသို့ ချက်ချင်း ချဥ်းနင်းဝင်ရောက်သွားလေ၏။ တစ်ချိန်တည်းတွင်ပင် လင်းဖုန်းက အခြားလက်တစ်ဖက်ဖြင့် ဖျက်ဆီးခြင်းလှံတံကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။
သူ့လက်နှစ်ဖက်စလုံး မီပြင်းပြင်းဖြင့် လောင်မြိုက်ခံနေရသည့်အလား ပူလောင်နေ၏။ ကြောက်မက်ဖွယ်ရာ ဇီဝိန်ချုပ်စွမ်းအားက လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို စဉ်ဆက်မပြတ် ဖျက်ဆီးပစ်နေသည်။ လင်းဖုန်း၏ လက်များက မျက်ဝါးထင်ထင်မြင်ရလောက်သည့် အမြန်နှုန်းဖြင့် ပြာအဖြစ်သို့ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားရသည်။
ဤမြင်ကွင်းက လူတိုင်းကို အသည်းတထိတ်ထိတ် ရင်တဖိုဖို ဖြစ်စေ၏။ ဖြစ်နေသည်များကို သူတို့ နားမလည်ကြသော်လည်း အခြေအနေကို ကြည့်ရသလောက် လင်းဖုန်းတစ်ယောက် အရေးအကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိနေပြီ ဖြစ်ရမည်။
“လွှတ်စမ်း”
လင်းဖုန်း အော်ဟစ်ဟိန်းဟောက်လိုက်သည်။ သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားကို အသုံးပြုကာ ဖျက်ဆီးခြင်းလှံတံကို လက်နှစ်ဖက်ဖြင့် တစ်လက်မချင်း တဖြည်းဖြည်း ဆွဲထုတ်လိုက်သည်။ အခြားတစ်ဖက်တွင်မူ စက်ရုပ်ကြီးမှာ မည်သည့်အမူအရာမျှ မရှိဘဲ လှုပ်ရှားမှုမရှိ ငြိမ်သက်နေ၏။
ဘုန်း
နောက်ဆုံးတွင် လင်းဖုန်း ဖျက်ဆီးခြင်းလှံတံကို ဖမ်းဆုပ်နိုင်သွားသည်။ သို့သော် သူ သက်ပြင်းမချနိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များက မြန်မြန်ဆန်ဆန် လောင်ကျွမ်းပျက်စီးလာပြန်၏။
“မကောင်းတော့ဘူး”
လင်းဖုန်း အံတင်းတင်းကြိတ်လိုက်သည်။ ယခင်က ဖျက်ဆီးခြင်းလှံတံ အထိုးခံလိုက်ရသော ဆဲလ်တချို့ကို စွန့်လွှတ်ရန်မှတစ်ပါး သူ့၌ အခြားရွေးချယ်စရာ မရှိတော့ပေ။ ယခုအကြိမ်တွင် သူ အသက်ကိုရင်း၍ အဆုံးစွန်အထိ တိုက်ခိုက်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။
အမှန်တကယ်တော့ နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ကြ၏။ လင်းဖုန်း စက်ရုပ်ကြီးကို ကြည့်လိုက်ရာ ထိုစက်ရုပ်မှာ လှုပ်ရှားမှု စိုးစိမျှပင်မရှိဘဲ ငြိမ်သက်နေသည်ကို တွေ့လိုက်ရသည်။ လောင်ဘီသမ် အောင်မြင်ခဲ့ကြောင်း ထင်ရှားလှ၏။ သို့သော် လောင်ဘီသမ်အနေဖြင့် စက်ရုပ်၏ ထိန်းချုပ်ရေးဗဟိုချက်ကို လွှဲပြောင်းရယူနိုင်ခြင်း ရှိ မရှိကမူ မသေချာသေးပေ။
လင်းဖုန်းကမူ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။ သူ ဖျက်ဆီးခြင်းလှံတံ ထိမှန်ခြင်းကြောင့် ဇီဝိန်ချုပ်စွမ်းအား၏ လောင်မြိုက်ဖျက်စီးခံရ၏။ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က အလွန်တရာ အစွမ်းထက်သော်လည်း ဆဲလ်များလောင်ကျွမ်းပျက်စီးခြင်းကိုမူ မခုခံနိုင်ပေ။
လင်းဖုန်း၏ ဆဲလ်များစွာမှာ အကြီးအကျယ် လောင်ကျွမ်းပျက်စီးကုန်လေပြီ။ သူ ထိုဆဲလ်တို့ကို ချက်ချင်း စွန့်လွှတ်ရပေမည်။ မဟုတ်ပါက ဇီဝိန်ချုပ်စွမ်းအားက ဆက်လက် ပျံ့နှံ့သွားပေလိမ့်မည်။ ထိုအချိန်ရောက်ပါက စွန့်လွှတ်ချင်သည်ဆိုလျှင်ပင် နောက်ကျသွားပေလိမ့်မည်။
“စွန့်လွှတ်မယ်ကွာ”
လင်းဖုန်း အံတင်းတင်းကြိတ်လိုက်သည်။ သူ နှမြောမိသော်လည်း မတတ်နိုင်ပေ။ ယခုတစ်ကြိမ်တွင် ဇီဝိန်ချုပ်စွမ်းအား၏ ကျူးကျော်မှုကို ခံလိုက်ရသော ဆဲလ်အရေအတွက်က အလွန်တရာ များပြားလွန်းလှ၏။ သူ ထိုဆဲလ်အားလုံးကို တစ်ပြိုင်နက်တည်း စွန့်လွှတ်လိုက်ရသဖြင့် ချက်ချင်း အကြီးအကျယ် ထိခိုက်ပျက်စီးသွားရသည်။
မူလ ၁၇၈ မီတာမြင့်သော တိုက်ပွဲဝင်ခန္ဓာကိုယ်မှ ဆဲလ်အချို့ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ချက်ချင်းပင် မီတာ ၁၅၀ မျှသာ ရှိတော့သည်။
သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်မှ ၂၈ မီတာခန့်ကို စွန့်လွှတ်လိုက်ရခြင်းဖြစ်ရာ ဖျက်ဆီးခြင်းလှံတံက လင်းဖုန်းကို မည်မျှအထိ ပြင်းပြင်းထန်ထန် ထိခိုက်မှုဖြစ်စေခဲ့ကြောင်း ထင်ရှားလှ၏။
အကယ်၍ ဤကဲ့သို့သော အခြေအနေမျိုး နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်မံကြုံတွေ့ရပါက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ် ရှိနေလျှင်ပင် လင်းဖုန်း ခုခံနိုင်တော့မည် မဟုတ်ပေ။
“ဒါဖျက်ဆီးခြင်းလှံတံလား”
လင်းဖုန်း ခေါင်းငုံ့ကာ လက်ထဲရှိ ဖျက်ဆီးခြင်းလှံတံကို ကြည့်လိုက်သည်။ ဖျက်ဆီးခြင်းလှံတံတစ်ခုလုံးက ဆယ်မီတာကျော်ခန့် ရှည်လျား၏။ ကြည့်ရသည်မှာ သာမန်အတိုင်းသာ ထင်ရသော်လည်း လင်းဖုန်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေခဲ့သည်။ ယခင်က ဖျက်ဆီးခြင်းအလင်းတန်းကြောင့် ဒဏ်ရာရခဲ့ခြင်းနှင့် ယခုဒဏ်ရာတို့ကို ပေါင်းလိုက်ပါက လင်းဖုန်း ဤအပျက်အစီးနယ်မြေအတွင်း ရောက်ရှိလာစဉ်မှစ၍ ယခုအချိန်အထိ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်သည်ကား ၅၄ မီတာခန့် ဆုံးရှုံးသွားခဲ့ရချေပြီ။
တိုက်ပွဲဝင်ခန္ဓာကိုယ်၏ လေးပုံတစ်ပုံကို ဆုံးရှုံးလိုက်ရခြင်းက ကြီးကျယ်လှသည့် ဆုံးရှုံးမှုဖြစ်သော်လည်း လင်းဖုန်း ဤဖျက်ဆီးခြင်းလှံတံကို ရရှိခဲ့သဖြင့် အလွန် ဝမ်းသာမိသည်။ ဤလက်နက်သည်ကား လောင်းဘီသမ်ကိုယ်တိုင်ပင် အလွန်တန်ဖိုးထားရသော ပထမဆုံး ယဉ်ကျေးမှု၏ ထုတ်ကုန်တစ်ခုဖြစ်၏။ ထိုမျှကြောက်မက်ဖွယ်ကောင်သည့် စွမ်းအားမျိုးကိုသာ သေသေချာချာ လေ့လာနိုင်ပါက သူ့စွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်မည်မှာ မလွဲဧကန်ပင်။
သို့သော် လင်းဖုန်းအနေဖြင့် လမ်းညွှန်မှုမရှိဘဲ ဖျက်ဆီးခြင်းလှံတံကို မလေ့လာရဲပေ။ သူ့ပြိုင်ဘက်စက်ရုပ်ကြီးက လှံတံ၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ရန်အတွက် ဖျက်ဆီးခြင်းလှံတံနှင့် ပေါင်းစပ်နိုင်ရန် အသည်းအသန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း လောင်ဘီသမ်ထံမှ သူ ကြားသိခဲ့ရသည်။
စက်ရုပ်ကြီးကား လင်းဖုန်းနှင့် လောင်ဘီသမ်တို့နှင့် တွေ့ဆုံပြီးနောက် နောက်ဆုံးအဆင့်တွင်မှ ကျရှုံးခဲ့ရခြင်းပင်။
ဖျက်ဆီးခြင်းလှံတံနှင့် မည်သို့ ပေါင်းစပ်ရမည်ကို လောင်ဘီသမ်တစ်ဦးတည်းသာ သိရှိနိုင်ပေလိမ့်မည်။
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း လောင်ဘီသမ်ထံမှ မည်သည့်သတင်းမျှ ထွက်ပေါ်မလာသေးပေ။ လင်းဖုန်း အနည်းငယ် စိုးရိမ်စိတ်ဝင်လာသည်။ အကယ်၍ လောင်ဘီသမ်ကသာ သူ့ကို စောင့်ဆိုင်းရန် မပြောခဲ့ပါက လင်းဖုန်း သူ့ရှေ့မှ ဖျက်ဆီးခြင်းစက်ရုပ်ကို တိုက်ရိုက်ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။
အမှန်တကယ်တော့ ဤဖျက်ဆီးခြင်းစက်ရုပ်က အလွန် အစွမ်းထက်ပြီး နတ်ဆိုးဘုရင်အဆင့်နှင့် တန်းတူဖြစ်နိုင်သော်လည်း လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ဖက်တုယှဉ်ပြိုင်ရာတွင်မူ မည်သည့်အားသာချက်မှ မရှိနိုင်ပေ။
အကယ်၍ အချိန်ဆွဲ၍ တိုက်ခိုက်မည်ဆိုပါက လင်းဖုန်းသည် ဤစက်ရုပ်ကို ဧကန်မုချ အနိုင်ယူနိုင်ပေလိမ့်မည်။
ဤအချက်က လင်းဖုန်းအား သူ့လက်ရှိစွမ်းအားအစစ်အမှန်ကို တိုက်ရိုက်နားလည်သဘောပေါက်သွားစေသည်။ အနည်းဆုံး၌ သူက သာမန်နတ်ဆိုးဘုရင်များထက် မညံ့ပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် ယခုအခါ လင်းဖုန်းသည်ကား သူတော်စင်တစ်ပါးနှင့် လုံးဝဥဿုံ ရင်ပေါင်တန်းနိုင်နေလေပြီ။
သူက သူတော်စင်တစ်ပါး မဟုတ်သေးသော်လည်း သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ဟုတ်ပေ၏...ယင်းက မီတာ ၂၀၀ အမြင့်ရှိသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်ရှိစဉ်က လင်းဖုန်း၏စွမ်းအားပင်။ ယခုလက်ရှိတွင်မူ တိုက်ပွဲဝင်ခန္ဓာကိုယ်၏ လေးပုံတစ်ပုံ ဆုံးရှုံးသွားခဲ့ရသဖြင့် သူ့စွမ်းအားက ယခင်ကထက် လေးပုံသုံးပုံသာ ရှိတော့သည်။
ကံကောင်းသည်မှာ လင်းဖုန်းအနေဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပြန်လည်ကျင့်ကြံနိုင်သည်။ သူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အမြန်ဆုံး မြှင့်တင်ရန်အတွက် မြောက်မြားစွာသော စွမ်းအင်တို့ကိုသာ ဝါးမြိုဖို့လိုသည်။
စက်ရုပ်ကြီးက လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေပြီး လင်းဖုန်းက ဖျက်ဆီးခြင်းလှံတံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ သူ၏ ဧရာမခန္ဓာကိုယ်ကြီးသည်ပင် အနည်းငယ် ပုဝင်သွားခဲ့၏။ ထိုအခြေအနေက နှင်းခဲဘုရင်၊ ကန့်ကျောက်အခြေစိုက်စခန်းမှ သိုင်းသမားများနှင့် စစ်တပ်ကွပ်ကဲရေးခန်းမရှိ ဗိုလ်ချုပ်များကိုပင် အလွန် ရင်တဖိုဖို ဖြစ်စေသည်။ တိုက်ပွဲအခြေအနေ မည်သို့မည်ပုံ ရှိသည်ကို သူတို့ မခန့်မှန်းနိုင်ကြပေ။
သုံးမိနစ်ခန့်ကြာပြီးနောက် နောက်ဆုံးတွင် စက်ရုပ်ကြီးက ပြန်လှုပ်ရှားလာသည်။
“လင်းဖုန်း...အားလုံး အဆင်ပြေသွားပြီ”
“အဆင်ပြေသွားပြီလား”
လောင်ဘီသမ်၏ အသံက လင်းဖုန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ သို့သော် လင်းဖုန်း စက်ရုပ်ကြီးကို အပေါ်ယံကြည့်ရုံမျှဖြင့် လောင်ဘီသမ်က ဤစက်ရုပ်ကို မည်သို့ ဖြေရှင်းလိုက်မှန်းမသိပေ။
“သူက ဖျက်ဆီးခြင်းလှံတံနဲ့ အပြည့်အဝပေါင်းစပ်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ ကံမကောင်းတာက သူက အစစ်အမှန် စက်ရုပ်သက်ရှိမဟုတ်ဘဲနဲ့ ဉာဏ်ရည်တုသက်သက်ပဲ ဖြစ်နေတာပဲ။ သူ ဘယ်လောက်ပဲ ဉာဏ်ရည်မြင့်ပါစေ ပရိုဂရမ်တစ်ခုသာပဲ။ ဒါကြောင့် ငါ သူ့ရဲ့ ထိန်းချုပ်ရေးဗဟိုချက်ထဲ ဝင်ပြီးတော့ လွယ်လွယ်ကူကူ လွှဲပြောင်းယူလိုက်တာ။ ငါ ဒီစက်ရုပ်ရဲ့ ပရိုဂရမ်ကို ပြင်ဆင်ပြီးပြီ။ သူက အခုဆို ဉာဏ်ရည်မြင့်စက်ရုပ်တစ်ခုပဲဖြစ်ပြီတော့း မင်းရဲ့ အမိန့်ကို အပြည့်အဝနာခံလိမ့်မယ်။ အခု မင်းက သူ့ရဲ့သခင်ပဲ”
“ငါက သူ့ရဲ့သခင် ဟုတ်လား”
လင်းဖုန်း တွေးမိရုံဖြင့်ပင် မတည်ငြိမ်နိုင်တော့ပဲ စိတ်လှုပ်ရှားသွားရသည်။ ယင်းက မည်သည့်အဓိပ္ပာယ်လဲဆိုသည်ကို သူ ကောင်းကောင်းသိသည်။ ဖျက်ဆီးခြင်းလှံတံမပါလျှင်ပင် ဤစက်ရုပ်က သာမန်နတ်ဆိုးဘုရင်တစ်ပါးနှင့် တန်းတူခွန်အားရှိနေဆဲပင်။ မကြာသေးမီကမှ လင်းဖုန်းနှင့်ပင် တန်းတူယှဉ်ပြိုင်နိုင်ခဲ့သည် မဟုတ်ပါလော။
အကယ်၍ သူ့တွင် ဤကဲ့သို့ နတ်ဆိုးဘုရင်နှင့် တန်းတူခွန်အားရှိသည့် စက်ရုပ်လက်အောက်ငယ်သားတစ်ဦး ရှိနေပါက လူသားမျိုးနွယ်တစ်ခုလုံးအတွက်ရော လင်းဖုန်းအတွက်ပါ အကျိုးကျေးဇူးကြီကြီးမားမား ရှိပေလိမ့်မည်။
လောင်ဘီသမ်က လင်းဖုန်းအား ဤစက်ရုပ်ကို မဖျက်ဆီးခိုင်းရခြင်းက မဆန်းတော့ပေ။ သူ စက်ရုပ်ကို ထိန်းချုပ်၍ လင်းဖုန်း၏ လက်အောက်ငယ်သား ဖြစ်စေလိုခဲ့ခြင်းဖြစ်ပေသည်။
“မင်းရဲ့ နာမည်က ဘာလဲ” လင်းဖုန်း စက်ရုပ်ကို မေးလိုက်သည်။
“သခင်...ကျွန်တော့်ရဲ့ ကုဒ်နံမည်က ဖျက်ဆီးသူပါ”
လင်းဖုန်း အသက်ရှူမှားသွားရသည်။ ဤစက်ရုပ်သည်ကား အမှန်တကယ်ပင် သတ်ဖြတ်ရေးစက်ရုပ်တစ်ရုပ်ပင်။ ဤကုဒ်နံမည်ကပင် အလွန်ထူးခြားလှ၏။
“မင်း လှုပ်ရှားဖို့အတွက် ဘယ်လိုစွမ်းအားကို အခြေခံသလဲ”
“စွမ်းအင်ပါ”
“မင်းအတွက် စွမ်းအင် ဘယ်လောက်လိုသလဲ”
“ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်အသွင်ပြောင်းစက်ပါရှိပြီးတော့ စကြဝဠာရောင်ခြည်တွေ၊ ကြယ်တာရာစွမ်းအားတွေ၊ စွမ်းအင်ကျောက်ရိုင်းတွေ အပါအဝင် စွမ်းအင်အမျိုးမျိုးကို အချိန်မရွေး အသွင်ပြောင်းလဲသိုလှောင်နိုင်ပါတယ်”
“မင်း ဒီအပျက်အစီးနယ်မြေကို ထိန်းချုပ်နိုင်သလား”
“ကျွန်တော့်ကို ဖန်တီးကတည်းက ဒီအခြေစိုက်စခန်းအပေါ် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ခွင့်ရှိပါတယ်”
မေးမြန်းမှုများမှတစ်ဆင့် လင်းဖုန်း ဖျက်ဆီးသူက မည်ကဲ့သို့သော တည်ရှိမှုမျိုးဖြစ်ကြောင်း တဖြည်းဖြည်း နားလည်လာသည်။ သူက တတိယယဉ်ကျေးမှုမှ သီးသန့် ဖန်တီးခဲ့သည့် သတ်ဖြတ်ရေးစက်ရုပ်တစ်ရုပ်ဖြစ်၏။ ထို့အပြင် သူက ဖျက်ဆီးခြင်းလှံတံနှင့်လည်း အလွန်တရာ လိုက်ဖက်ညီလှသည်။ တတိယယဉ်ကျေးမှုက ဖျက်ဆီးခြင်းလှံတံအတွင်းရှိ စွမ်းအားများကို အမှန်တကယ် အသုံးချနိုင်ရန်အတွက် ဤစက်ရုပ်ကို ဖန်တီးခဲ့ခြင်းဖြစ်ပေ၏။
ကံမကောင်းစွာဖြင့် တစ်စုံတစ်ခုသော အကြောင်းအရင်းကြောင့် သူတို့ နောက်ဆုံးတွင် ကျရှုံးခဲ့ရပြီး ဖျက်ဆီးသူသည်လည်း ချိတ်ပိတ်ခြင်းခံခဲ့ရသည်။ သို့သော်လည်း ဖျက်ဆီးသူ၏ ပရိုဂရမ်အတွင်း၌ ဉာဏ်ရည်များ တဖြည်းဖြည်း ဖွံ့ဖြိုးလာသည်။ နှစ်ပေါင်း ဘီလီယံပေါင်းများစွာ ကြာပြီးနောက် မည်သည့်အကြောင်းကြောင့်မှန်းမသိ စက်ရုပ်အတွင်း၌ အသိစိတ်တစ်ခု မွေးဖွားလာသည်။
ဖျက်ဆီးသူ၏ ဉာဏ်ရည်မြင့်ပရိုဂရမ်က အစစ်အမှန် သက်ရှိတစ်ခု ဖြစ်လာရန်ပင် ဆန္ဒပြင်းပြနေခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ဤအရာအားလုံး ဖြစ်ပျက်ခဲ့ရခြင်းပင်။
ယခုအခါ လောင်ဘီသမ်က ဖျက်ဆီးသူ၏ ထိန်းချုပ်ရေးဗဟိုချက်ကို လွှဲပြောင်းယူလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ဖျက်စီးသူက သူ့ကိုယ်ပိုင်အသိဉာဏ်ကို ဆုံးရှုံးသွားရပြီး လင်းဖုန်း၏အမိန့်ကို လုံးဝဥဿုံနာခံရမည့် ပရိုဂရမ်တစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်။
ကိုယ်ပိုင်အသိဉာဏ် ဆုံးရှုံးသွားပြီးနောက် ဖျက်ဆီးသူ၏ စွမ်းအားက အနည်းငယ် လျော့နည်းသွားနိုင်သော်လည်း မည်သည့် အန္တရာယ်မျိုးမှ ရှိတော့မည်မဟုတ်ပေ။ သူ လင်းဖုန်း၏ အမိန့်များကို လုံးဝဥဿုံ နာခံပေလိမ့်မည်။ ဆုံးရှုံးမှုတစ်ခု ရှိသော်လည်း အကျိုးအမြတ်ကလည်း မသေးပေ။ လင်းဖုန်းအနေဖြင့် အကြီးမားဆုံး အကျိုးအမြတ်ကို လက်ဝယ်ရရှိခဲ့ခြင်း ဖြစ်ပေသည်။