← Chapters

အခန်း (၂၇၅)

Vol. 24 Ch. 275

အခန်း (၂၇၅)

Vol. 24 Ch. 275

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၇၅) - သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်း

ဘာသာပြန် - အားသစ်

“ဒီမှာပဲ ခဏစောင့်နေဦး”

လင်းဖုန်း၏ ခန္ဓာကိုယ်က အလျင်အမြန် ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် သာမန်လူတစ်ယောက်၏ အရွယ်အစားသို့ ပြောင်းလဲသွားသည်။ သူ ဒုတိယအစ်ကိုဖြစ်သူ လင်းဟိုင်ရှိရာသို့ တိုက်ရိုက် ပျံသန်းသွားသည်။

“ဒုတိယအစ်ကို”

“ညီလေး”

လင်းဟိုင်တစ်ယောက် အလွန် စိတ်လှုပ်ရှားသွားရသည်။ သို့သော် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသည့် စက်ရုပ်ကြီးကို ပြန်လည်ကြည့်ရှုမိသောအခါ သူ အနည်းငယ် စိုးရိမ်ပူပန်သွားရသည်။

ဤအခိုက်အတန့်တွင် နှင်းခဲဘုရင်လည်း ပျံသန်းရောက်ရှိလာသည်။

“လင်းဖုန်း... မင်း အဲဒီစက်ရုပ်ကို အောင်နိုင်သွားတာလား”

နှင်းခဲဘုရင်ကမူ အနည်းငယ် တွေဝေနေဆဲပင်။

“ကျွန်တော် သူ့ရဲ့ ထိန်းချုပ်ရေးဗဟိုချက်ကို လွှဲပြောင်းယူလိုက်ပြီ။ အခုဆို သူက ကျွန်တော့်ရဲ့ အမိန့်အောက်မှာ ရှိနေတာ။ ကပ်ဘေးကတော့ ပြီးသွားပါပြီ”

လင်းဖုန်း၏ သေချာရေရာသည့် အဖြေကို ကြားလိုက်ရသောအခါ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအားလုံး လက်သီးလက်မောင်းတန်းကာ အားရပါးရ ရယ်မောလိုက်ကြသည်။ ဤကပ်ဘေးကြီးက နောက်ဆုံး ပြေလည်သွားခဲ့လေပြီ။

နှင်းခဲဘုရင်၏ မျက်နှာထက်တွင်လည်း အပြုံးစစတစ်ခု ပေါ်လာသော်လည်း သူ စက်ရုပ်ကြီးကို တစ်ချက်ကြည့်မိလိုက်သည်။ ယင်းသည်ကား နတ်ဆိုးဘုရင်တစ်ပါးနှင့် တန်းတူဖြစ်ပေ၏။ ယခု လင်းဖုန်း၏ စွမ်းအားနှင့်သာ ပေါင်းစပ်လိုက်မည်ဆိုပါက သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းမျိုး ရှိနေမည်မှာ မလွဲဧကန်ပင်။

စစ်တပ်အနေဖြင့် ဤစက်ရုပ်ကို အတင်းအဓမ္မ သိမ်းပိုက်လိမ့်မည်လော။

နှင်းခဲဘုရင် မသိပေ။ သို့သော် ဤကိစ္စက သူ့လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။ စစ်တပ်၏ ကြယ်ငါးပွင့် ဗိုလ်ချုပ်များပင် ဤကိစ္စကို ဖြေရှင်းရန် အရည်အချင်း မရှိကြပေ။

သူတော်စင်ကိုးပါးသာလျှင် ဤကိစ္စကို ကိုင်တွယ်နိုင်ပေလိမ့်မည်။ သို့သော်လည်း အကယ်၍ သူတို့သာ သေသေချာချာ မကိုင်တွယ်နိုင်ပါက အခြေအနေများက ပိုမိုရှုပ်ထွေးသွားနိုင်ပေသည်။ အဆုံးတွင် လင်းဖုန်း၌ သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းရှိနေပြီး စက်ရုပ်ကြီးကလည်း ထိုနည်းတူပင် ဖြစ်နေ၏။

သို့သော် မည်သို့ပင်ဆိုစေ ယခုအခါ ကပ်ဘေးကြီးကို ဖြေရှင်းနိုင်ခဲ့လေပြီ။ လူသားမျိုးနွယ်လည်း နောက်ဆုံးတွင် ဤဘေးဒုက္ခမှ လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ ဤကပ်ဘေးကို အစောပိုင်းအဆင့်မှာတင် အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သည်ဟု ဆိုရပေမည်။

“နှင်းခဲဘုရင်... ကျွန်တော့် ဒုတိယအစ်ကိုကို ကန့်ကျောက်အခြေစိုက်စခန်းဆီ အရင်ပြန်ပို့ပေးပါဦး။ ကျွန်တော် ဒီအပျက်အစီးနယ်မြေထဲက ကိစ္စတချို့ကို ဆက်ပြီးတော့ ဖြေရှင်းဖို့လိုသေးတယ်”

နှင်းခဲဘုရင် ခေါင်းညိတ်လိုက်သည်။ လင်းဟိုင်သည်လည်း အူတူတူ အတတ မဟုတ်ပေ။ သူ ဧရာမစက်ရုပ်ကြီးနှင့် ပြာပုံအတိ ဖြစ်သွားခဲ့ပြီဖြစ်သော အပျက်အစီးနယ်မြေကိုကြည့်ရင်း တစ်စုံတစ်ခုကို သဘာဝကျကျ ခန့်မှန်းမိနေသည်။

လင်းဖုန်းက သူ့မှတ်ဉာဏ်ထဲရှိ သူကာကွယ်စောင့်ရှောက်သည်ကို လိုအပ်နေသည့် အမြဲတစေ ဖျားနာတတ်သော တတိယညီငယ်လေး မဟုတ်တော့ပေ။ ထိုအစား သူက သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးထက်ပင် ပိုမိုအစွမ်းထက်သည့် သိုင်းသမားတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ချေပြီ။

သူက သူတော်စင်တစ်ပါးနှင့်ပင် ရင်ပေါင်တန်းနိုင်နေပြီလည်း ဖြစ်နိုင်၏။

အချို့သော ကိစ္စရပ်များကို လင်းဖုန်းကိုယ်တိုင် ဖြေရှင်းရပေလိမ့်မည်။

“ညီလေး... အစ်ကို ကန့်ကျောက်အခြေစိုက်စခန်းကနေ စောင့်နေမယ်နော်”

ထို့နောက် လင်းဟိုင်နှင့် အခြားသူများအားလုံး နှင်းခဲဘုရင်၏ ဦးဆောင်မှုအောက်တွင် ကန့်ကျောက်အခြေစိုက်စခန်းသို့ ပြန်လည်ထွက်ခွာသွားကြတော့သည်။

လင်းဖုန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသော်လည်း ဘာမှ ထပ်မပြောတော့ပေ။ အချိန်ဆွဲမနေတော့ဘဲ သူ ဖျက်ဆီးသူကို ခေါ်ဆောင်ကာ အပျက်အစီးနယ်မြေအတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။ နောက်ဆုံးတွင် အပျက်အစီးနယ်မြေက အပေါ်ပိုင်းသာ ပြိုကျပျက်စီးသွားခြင်းဖြစ်ပြီး အမှန်တကယ် အရေးကြီးသည့် အစိတ်အပိုင်းများကမူ မြေအောက်ထဲတွင် ရှိနေဆဲပင်။

ဤအပျက်အစီးနယ်မြေကို တတိယယဉ်ကျေးမှုက ချန်ထားခဲ့ခြင်းဖြစ်၏။ နယ်မြေအတွင်း၌ ပစ္စည်းကောင်းများစွာ ရှိနေပေရာ လင်းဖုန်းအနေဖြင့် ယင်းတို့ကို လက်လွတ်ခံရန် အစီအစဉ်မရှိပေ။

...

စစ်တပ် ကွပ်ကဲရေးခန်းမအတွင်း၌ ကြယ်ငါးပွင့် ဗိုလ်ချုပ်သုံးဦးက ဖန်သားပြင်မှတစ်ဆင့် လင်းဖုန်း စက်ရုပ်ကြီးကို မည်သို့ ကိုင်တွယ်လိုက်သည်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ သို့သော်လည်း ထိုလုပ်ငန်းစဉ်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှသည်။

“ဗိုလ်ချုပ်... ခွဲခြမ်းစိတ်ဖြာမှု ရလဒ်တွေ ထွက်လာပါပြီ”

“အစီရင်ခံပါ”

“ဗိုလ်ချုပ်... တိုက်ပွဲမြင်ကွင်းအရ လင်းဖုန်းနဲ့ စက်ရုပ်ကြီးတို့ကြားက တိုက်ခိုက်နိုင်စွမ်း လှိုင်းထွက်ပေါ်မှုတွေဟာ သူတော်စင်အဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့အကြောင်း ကျွန်တော်တို့ ခွဲခြမ်းစိတ်ဖြာမိပါတယ်။ သူ့မှာ သူတော်စင်တစ်ပါးရဲ့ တိုက်ခိုက်နိုင်စွမ်း ရှိနေတာက အမှန်ပါပဲ။ ဒါပေမဲ့ စက်ရုပ်ရဲ့ လက်ထဲက လှံတံမှာ ကြောက်စရာကောင်းတဲ့ စွမ်းအင်တွေ ပါနေပါတယ်။ အဲဒီစက်ရုပ်ရဲ့ ထိုးချက်က လင်းဖုန်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တာပါ”

“နောက်ဆုံးမှာတော့ လင်းဖုန်းက စက်ရုပ်ကို ဆန်းကြယ်တဲ့နည်းလမ်းတစ်ခုနဲ့ အနိုင်ယူပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ လင်းဖုန်းမှာ တိုက်ခိုက်ရေးပရိုဂရမ်တွေနဲ့ ဆင်တူတဲ့ နည်းလမ်းတွေ ရှိနေတယ်လို့ ကျွန်တော်တို့ သံသယရှိပါတယ်။ သူက စက်ရုပ်ရဲ့ ထိန်းချုပ်ရေးပရိုဂရမ်ကို လွှဲပြောင်းယူဖို့အတွက် ဆိုင်ဘာတိုက်ခိုက်မှုနဲ့ ဆင်တူတဲ့ နည်းလမ်းကို အသုံးပြုခဲ့တာပါ။ ဒါကြောင့် အခု စက်ရုပ်က လင်းဖုန်းရဲ့ အမိန့်အောက်ကို ရောက်သွားတာ ဖြစ်ပါတယ်”

ကြယ်ငါးပွင့် ဗိုလ်ချုပ်သုံးဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံး တိုက်ပွဲ၏ ခွဲခြမ်းစိတ်ဖြာမှုအပေါ် သဘောတူလက်ခံကြသည်။

လင်းဖုန်းရရှိထားသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်က အမှန်တကယ်ပင် ထူးခြားလှပုံရသည်။ ထိုစက်ရုပ်ကို ထိန်းချုပ်နိုင်သည့် နည်းပညာဆိုင်ရာ နည်းလမ်းများပင် ရှိနေ၏။ အကယ်၍ စစ်တပ်ကသာ ထိုစက်ရုပ်ကို ထိန်းချုပ်နိုင်ခဲ့ပါက သူတို့အနေဖြင့် ဤမျှလောက် အခက်တွေ့ရမည် မဟုတ်ပေ။

“ဗိုလ်ချုပ်... ကျွန်တော်တို့ လင်းဖုန်းဆီကနေ ဒီစက်ရုပ်ကို တောင်းဆိုလို့ရမလား”

တစ်ယောက်က သတိကြီးစွာဖြင့် အကြံပြုလိုက်သည်။

“ဒီအပျက်အစီးနယ်မြေကို ငါတို့ စစ်တပ်က အရင်ဆုံး တွေ့ခဲ့တာမှန်ပေမဲ့ အရင်ဆုံး ပြဿနာရှာခဲ့တာလည်း ငါတို့ပဲလေ။ နောက်ဆုံးမှာတော့ လင်းဖုန်းကပဲ ပြဿနာကို လာရှင်းပေးခဲ့ရတာ။ ခုနက လင်းဖုန်း နှင်းခဲဘုရင်နဲ့ စကားပြောတုန်းက စက်ရုပ်နဲ့ အပျက်အစီးနယ်မြေအကြောင်းကို သူကိုယ်တိုင် စမပြောခဲ့ဘူး။ သူ့ရဲ့ သဘောထားက ထင်ရှားမနေဘူးလား”

မည်သူမျှ ငတုံးဟုတ်ကြပေ။ ကြယ်ငါးပွင့် ဗိုလ်ချုပ်သုံးဦးအနေဖြင့် လင်းဖုန်းက ဤအပျက်အစီးနယ်မြေကို လွှဲပြောင်းရယူတော့မည်ဖြစ်ကြောင်း ကောင်းကောင်းသိကြသည်။ ထိုနယ်မြေအတွင်းရှိ အကျိုးကျေးဇူးအားလုံးက လင်းဖုန်းနှင့်သာသက်ဆိုင်ပြီး စစ်တပ်နှင့် မည်သို့မျှ သက်ဆိုင်တော့မည်မဟုတ်ပေ။

အတိတ်ကာလကလို လင်းဖုန်း၏စွမ်းအား ဤမျှလောက် ကြောက်စရာမကောင်းသေးစဉ်ကမူ စစ်တပ်အနေဖြင့် အချို့သော အဓမ္မနည်းလမ်းများကို အသုံးပြုကောင်း အသုံးပြုနိုင်ပေလိမ့်မည်။ သို့သော် ယခုအခါ လင်းဖုန်း၌ သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ခွဲခြမ်းစိတ်ဖြာသိရှိထားခဲ့လေပြီ။ ထိုစက်ရုပ်နှင့်ပါ ပေါင်းစပ်လိုက်မည်ဆိုပါက သူတော်စင်နှစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းနှင့် ညီမျှနေပေပြီ။

ထို့ကြောင့် စစ်တပ်အနေဖြင့် ယခုလက်ရှိတွင် လင်းဖုန်းကို မည်သို့မျှ လုပ်ဆောင်နိုင်စွမ်း မရှိတော့ပေ။

“ဒီကိစ္စကို သူတော်စင်ကိုးပါးဆီ အစီရင်ခံလိုက်ပါ။ ဘာပဲဖြစ်ဖြစ်... ဤကပ်ဘေးကိုတော့ ဖြေရှင်းနိုင်ခဲ့ပြီလေ။ စက်ရုပ်နဲ့ အပျက်အစီးနယ်မြေက ငါတို့စစ်တပ်အဖွဲ့ရဲ့ လက်ထဲကို မရောက်ခဲ့ပေမဲ့ လူသားမျိုးနွယ်ရဲ့ လက်ထဲမှာပဲ ရှိနေဆဲပါပဲ။ ဖြစ်နိုင်တာကတော့ လင်းဖုန်းက မကြာခင် ငါတို့လူသားမျိုးနွယ်ရဲ့ ဒသမမြောက်သူတော်စင် ဖြစ်လာတော့မှာပဲ”

“ဒသမမြောက်သူတော်စင် ဟုတ်လား”

ကွပ်ကဲရေးခန်းမအတွင်းရှိ လူတိုင်း ထိတ်လန့်အံ့အားသင့်သွားကြရသည်။

ဟုတ်ပေ၏။ လင်းဖုန်းက သူတော်စင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။ သူ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း မပြုလုပ်ရသေးတော့ရော ဘာဖြစ်လဲ။ သူတော်စင်တစ်ပါးလို စွမ်းအားရှိမှတော့ သူတော်စင်တစ်ပါးပဲ မဟုတ်လား။

သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းနှင့် နတ်ဆိုးဘုရင်နှင့်တန်းတူ စက်ရုပ်ကြီးတစ်ရုပ် ရှိနေခြင်းဖြင့် လင်းဖုန်းက လူသားမျိုးနွယ်၏ ဒသမမြောက်သူတော်စင်ဖြစ်လာရန် လုံးဝ အရည်အချင်းပြည့်မီနေလေပြီ။

အမှန်ပင်... ဤကိစ္စရပ်အားလုံးကို သူတော်စင်ကိုးပါးကသာ ဆုံးဖြတ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ကြယ်ငါးပွင့်ဗိုလ်ချုပ်သုံးဦးက လင်းဖုန်းနှင့် စက်ရုပ်ကြီးတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအားလုံးကို သူတော်စင်ကိုးပါးထံသို့ ပူးတွဲအစီရင်ခံစာ ပေးပို့လိုက်ကြသည်။

...

သတ္တမမြောက်ယဉ်ကျေးမှု၏ အပျက်အစီးနယ်မြေအတွင်း၌ သုတေသီများက နယ်မြေအတွင်းမှ အခြေအနေများကို အဆက်မပြတ် စုံစမ်းစစ်ဆေးနေကြ၏။ ထိုမှတဆင့် သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့က အလွန်အရေးကြီးသည့ သတင်းအချက်အလက်များကို ရရှိခဲ့ကြသည်။

သတ္တမမြောက်ယဉ်ကျေးမှုသည် ပြင်ပအင်အားစုတစ်ခုကြောင့် ပျက်စီးသွားခဲ့ရခြင်းဖြစ်၏။

ယဉ်ကျေးမှုတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ရန်အတွက် ထိုပြင်ပအင်အားစုက မည်မျှအထိ ကြောက်စရာကောင်းလိုက်မည်နည်း။ ထို့အပြင် သတ္တမမြောက်ယဉ်ကျေးမှုက အားနည်းသည့် ယဉ်ကျေးမှုတစ်ခု လုံးဝမဟုတ်ပေ။ လက်ရှိ လူသားယဉ်ကျေးမှုထက်ပင် ပိုမိုအစွမ်းထက်ခဲ့သေးသည်။

ဤသတင်းက သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့၏။ သူတို့အနေဖြင့် အတိတ်ကာလက အခြားရှေးဟောင်းအပျက်အစီးနယ်မြေများကို တူးဖော်ခဲ့ဖူးပြီး ထိုကဲ့သို့သော သတင်းစကားမျိုးကိုလည်း အကြိမ်ကြိမ် ရရှိခဲ့ဖူးသည်။

“တစ်ချိန်က အစွမ်းထက်ခဲ့တဲ့ ဒီရှေးဟောင်းယဉ်ကျေးမှုတွေအားလုံး အဆုံးမှာ ဖျက်ဆီးခံခဲ့ရတာပဲ။ ငါတို့ လူသားယဉ်ကျေးမှုရဲ့ နိဂုံးကကော ဘယ်အချိန်မှာ ဖြစ်လာမလဲမသိဘူး”

သူတော်စင်ခန်းသည်လည်း အလွန် အိုမင်းရင့်ရော်သွားသည့် ပုံစံမျိုး ဖြစ်နေ၏။ လူသားမျိုးနွယ်၏ ပထမဆုံးသော သူတော်စင် ရှေ့ဆောင်လမ်းပြဖြစ်သည့် သူတော်စင်ခန်းသည် လူသားမျိုးနွယ် တိုးတက်ပြန့်ပွားရေးအတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံထားခဲ့သူ ဖြစ်သည်။

သို့သော် ယခုမူ သူ၏ စိတ်ဓာတ်၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့ ဆုံးရှုံးသွားရသလို ခံစားနေရသည်။ သူ မည်မျှပင် ကြိုးစားပမ်းစား လုပ်ဆောင်ပါစေ အရာအားလုံးက အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု သူ ခံစားနေရသည်။

လူသားမျိုးနွယ်အတွင်း၌ ဒသမမြောက်သူတော်စင်တစ်ပါးသာ ထွက်ပေါ်လာမည်ဆိုပါက မည်မျှ ကောင်းလိုက်မည်နည်း။

ထိုအချိန်ကျလျှင် လူသားမျိုးနွယ်အနေဖြင့် ဤမျှလောက် ခံစစ်သက်သက် အနေအထားမျိုး ဖြစ်နေစရာ မလိုတော့ပေ။ သူတော်စင်တစ်ပါးက လူသားလောကတစ်ခုလုံးကို ပြောင်းလဲပစ်ရန် လုံလောက်ပေ၏။ အထူးသဖြင့် ယခုလက်ရှိ လူသားမျိုးနွယ်မှာ အဆင့်မြင့်အဆင့်သို့ တိုးတက်နေချိန်ဖြစ်သည်။ အပိုဆောင်းသူတော်စင်တစ်ပါးက လူသားမျိုးနွယ်တစ်ခုလုံးကို လုံးဝဥဿုံ ပြောင်းလဲပေးနိုင်ပေသည်။

ကံမကောင်းစွာဖြင့် ဤမျှနှစ်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင်အောင် သူတော်စင်ခန်း အထင်ကြီးလေးစားခဲ့ရသော ပါရမီရှင်များစွာမှာ တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်မှာတင် ပိတ်မိနေခဲ့ကြသည်။ မည်သူမျှ လေးကြိမ်မြောက် အသွင်ပြောင်းလဲခြင်း ပြုလုပ်နိုင်မည့် အရိပ်အယောင်ပင် မရှိကြပေရာ သဘာဝကျကျပင် သူတော်စင်အသစ်တစ်ပါး ပေါ်ထွက်မလာခဲ့ပေ။

ဖြစ်နိုင်သည်မှာ အနာဂါတ်တွင် တုန်ဖန်းရှန်အတွက် မျှော်လင့်ချက်ရှိနိုင်သော်လည်း အချိန်လိုအပ်ပြီး ယင်းကလည်း အလွန်ကြာမြင့်ပေဦးမည်။ ယခုလက်ရှိ လူသားမျိုးနွယ်အတွက် အလိုအပ်ဆုံးအရာက အချိန်ဖြစ်နေသည်။

“သူတော်စင်ခန်း... မင်းရဲ့ ဆက်သွယ်ရေးကိရိယာကို ကြည့်လိုက်ဦး။ သတင်းကောင်း... အရမ်းကိုထူးခြားတဲ့ သတင်းကောင်းပဲ”

ရုတ်တရက် သူတော်စင်ယွမ်ယီ၏ မျက်နှာထက်တွင် အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်မှုများဖြင့် ပြည့်နှက်သွားသည်။ သူ အလွန်တရာ စိတ်လှုပ်ရှားနေပုံရ၏။ ဂုဏ်သိက္ခာကြီးမားလှသော သူတော်စင်တစ်ပါးက ပီဘိကလေးငယ်တစ်ယောက်အလား ပျော်ရွှင်မြူးထူးနေပေတော့သည်။

All Chapters