← Chapters

အခန်း (၂၇၆)

Vol. 24 Ch. 276

အခန်း (၂၇၆)

Vol. 24 Ch. 276

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၇၆) - စက်ရုပ်စစ်တပ်

ဘာသာပြန် - အားသစ်

“ယွမ်ယီ... မင်းကို ဒီလောက်တောင် စိတ်လှုပ်ရှားသွားစေတဲ့ သတင်းကောင်းက ဘာများလဲ” သူတော်စင်ခန်းက အံ့ဩတကြီးမေးလိုက်ရင်း သူ့ဆက်သွယ်ရေးကိရိယာကို လှမ်းယူလိုက်သည်။

ဆက်သွယ်ရေးကိရိယာပေါ်ရှိ မက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ သူတော်စင်ခန်း၏ မျက်လုံးများက မယုံနိုင်စရာကောင်းလောက်အောင် ပြူးကျယ်သွားရသည်။

“လင်းဖုန်းမှာ သူတော်စင်တစ်ပါးရဲ့ တိုက်ခိုက်နိုင်စွမ်း ရှိတယ် ဟုတ်လား။ ပြီးတော့ သူက နတ်ဆိုးဘုရင်နဲ့ တန်းတူ စက်ရုပ်တစ်ရုပ်ကိုလည်း ထိန်းချုပ်လိုက်နိုင်ပြီဆိုတော့ ဒါက သူတော်စင်နှစ်ပါးရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ညီမျှနေတာပဲ မဟုတ်လား”

သူတော်စင်ခန်းတစ်ယောက် ဆက်သွယ်ရေးကိရိယာပေါ်ရှိ မက်ဆေ့ခ်ျကို မှင်သက်စွာ စိုက်ကြည့်နေမိသည်။ သူကဲ့သို့ ဂုဏ်သိက္ခာကြီးမားလှသော သူတော်စင်တစ်ပါးပင်လျှင် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ သူ နေ့နေ့ညည မျှော်လင့်တောင့်တနေခဲ့ရသည့် ဒသမမြောက်သူတော်စင်မှာ ဤကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့လိမ့်မည်ဟု မည်သူထင်ထားပါမည်နည်း။

“သူတော်စင်ခန်း...ဟားဟားဟား... ငါတို့ တကယ့်ကို အပင်ပန်းခံ ရှာစရာမလိုဘဲနဲ့ ရတနာစစ်စစ်ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့လိုက်ရတာပဲ။ အဲဒီချိန်တုန်းက ဒီကောင်လေး ဘယ်ရှေးဟောင်းယဉ်ကျေးမှုရဲ့ အမွေအနှစ်ကို ရရှိထားလို့ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်မှာတင် သူတော်စင်တစ်ပါးရဲ့ တိုက်ခိုက်နိုင်စွမ်းမျိုး ရသွားရတာလဲ။ တကယ်ကို မယုံနိုင်စရာပဲ”

သူတော်စင်ယွမ်ယီက အံ့ဩတကြီး ချီးကျူးလိုက်မိသည်။ သူတော်စင်တစ်ဦးအနေဖြင့် လူသားမျိုးနွယ်အတွင်း သူတော်စင်အသစ်တစ်ပါး ထပ်မံတိုးပွားလာခြင်းကို သူ အလွန်ဝမ်းမြောက်မိသည်။ ဤသို့ဖြင့် သူတော်စင်ကိုးပါးအပေါ် ကျရောက်နေသည့် ဖိအားများလည်း များစွာ လျော့နည်းသွားပေလိမ့်မည်။

“ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်း... လင်းဖုန်းရဲ့ အချက်အလက်တွေကို အဆင့်မြင့်လျှို့ဝှက်ချက်အဖြစ် ချက်ချင်း သတ်မှတ်လိုက်။ သူတော်စင်ကိုးပါးပဲ ကြည့်ရှုခွင့်ရှိစေရမယ်။ ပြီးတော့ မင်းနဲ့ ငါ့ရဲ့ နာမည်နဲ့ သူတော်စင်များညီလာခံကို ချက်ချင်းခေါ်ယူပြီး လင်းဖုန်းကို ဒသမမြောက်သူတော်စင်အဖြစ် သတ်မှတ်ဖို့ ဆွေးနွေးကြမယ်”

“သူတော်စင်ခန်း... မင်း နည်းနည်း အလျင်စလို ဖြစ်မနေဟုတ်ဘူးလား။ ငါတို့ ဒီကိစ္စကို ကိုယ်တိုင် သေချာ အတည်ပြုဖို့ လိုသေးတယ်လေ...”

“စစ်တပ်ရဲ့ သတင်းက မှားစရာအကြောင်းမရှိဘူး။ ဒါ့အပြင် ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်မှာတင် သူတော်စင်တစ်ပါးရဲ့ တိုက်ခိုက်နိုင်စွမ်းမျိုး ရရှိနိုင်တယ်ဆိုရင် ငါတို့ သေချာသတိထားရမယ်။ သူတော်စင်ကိုးပါးထဲမှာတင် လောဘတက်မယ့်သူတွေ မရှိဘူးလို့ အာမမခံနိုင်ဘူး။ ပြီးတော့ အမှောင်ထဲမှာ ကင်ဆာအကျိတ်တစ်ခုလို အမြဲ ပုန်းအောင်းနေတဲ့ ညမိစ္ဆာအဖွဲ့ကလည်း ရှိသေးတယ်။ သူတို့ကရော လောဘမတက်ဘဲ နေပါ့မလား။ သူတော်စင်တစ်ပါးရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းတယ်လို့ ထင်ရပေမဲ့ အဲဒီလူတွေ ရူးသွပ်သွားရင် ဘာမဆိုလုပ်ဝံ့ကြတယ်။ ငါတို့ လင်းဖုန်းရဲ့ သူတော်စင်အဆင့်အတန်းကို ချက်ချင်း အတည်ပြုပေးရမယ်။ အဲဒီအချိန်ကျရင် တစ်ယောက်ယောက်က လှုပ်ရှားချင်ရင်တောင် ကျန်တဲ့ သူတော်စင်ကိုးပါးရဲ့ ဒေါသကို ရင်ဆိုင်ရတာနဲ့ တန် မတန် အရင်စဉ်းစားရလိမ့်မယ်”

သူတော်စင်ခန်း အလွန် စိတ်လှုပ်ရှားနေသော်လည်း အချက်ကျကျ တွေးတောနိုင်သေးသည်။ သူက သူတော်စင်ကိုးပါးထဲတွင် သက်တမ်းအရင့်ဆုံးနှင့် ပထမဆုံးသူတော်စင်ဖြစ်၏။ ပရမ်းပတာခေတ်ကြီးအတွင်း၌ အဆင့်ဆင့်ကျော်ဖြတ်ကာ ထိပ်ဆုံးသို့ တက်လှမ်းလာခဲ့သူပင်။

ထို့ကြောင့် သူ လူသားတို့၏ စိတ်နေသဘောထား မည်မျှအထိ ကြောက်စရာကောင်းကြောင်း သဘာဝကျကျပင် ကောင်းကောင်းသိထားသည်။ တစ်ခါတစ်ရံတွင် အချို့လူများက မိမိတို့၏ အကျိုးစီးပွား အနည်းငယ်မျှအတွက်နှင့်ပင် ဘာကိုမဆို လုပ်ဆောင်ဝံ့ကြပေသည်။

သူ လင်းဖုန်းအတွက် ဒသမမြောက်သူတော်စင် အဆင့်အတန်းကို ချက်ချင်း အတည်ပြုပေးရပေမည်။ ဤသည်က လင်းဖုန်းကို ဩဇာအာဏာ ပိုမိုကြီးမားလာအောင် ဖန်တီးပေးလိုက်ခြင်းပင်။

ဤအခြေအနေအောက်တွင် လင်းဖုန်းက လူသားမျိုးနွယ်၏ ကာကွယ်စောင့်ရှောက်သူ သူတော်စင်တစ်ပါး ဖြစ်လာပေလိမ့်မည်။ ထိုအခါ မည်သူက သူ့ကို မကောင်းကြံကာ လှုပ်ရှားရဲပါတော့မည်နည်း။

သူတော်စင်ယွမ်ယီ ခေါင်းညိတ်ထောက်ခံလိုက်ပြီး သူတော်စင်များညီလာခံကို ချက်ချင်း ကျင်းပရန် ပြင်ဆင်လိုက်တော့သည်။

...

လင်းဖုန်းကမူ သူ့အနေဖြင့် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားအပြည့်ကို ထုတ်ဖော်ကာ စက်ရုပ်ကြီးနှင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် သူ့၌ သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းရှိကြောင်း အတည်ပြုခြင်း ခံလိုက်ရပြီး အဖွဲ့အစည်းအသီးသီး၏ အာရုံစိုက်မှုကို ရရှိထားကြောင်းကို မသိပေ။

လင်းဖုန်းကို ဗဟိုပြုကာ မုန်တိုင်းတစ်ခုပင် ခပ်ရေးရေး ပုံပေါ်လာနေလေပြီ။

လင်းဖုန်းတစ်ယောက် ဖျက်ဆီးသူကို ခေါ်ဆောင်ကာ အပျက်အစီးနယ်မြေအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သော်လည်း ဖျက်ဆီးသူမှာ အလွန်တရာ ကြီးမားလွန်းလှသဖြင့် အပျက်အစီးနယ်မြေအတွင်းသို့ လုံးဝ ဝင်ရောက်နိုင်ခြင်းမရှိကြောင်း သတိပြုမိလိုက်သည်။

“မင်းရဲ့ အရွယ်အစားကို ကျုံ့လို့ မရဘူးလား”

“သခင်... ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အရွယ်အစားကို ကျုံ့လို့ မရပါဘူး”

“အရွယ်အစားကို ကျုံ့လို့မရရင် အပျက်အစီးနယ်မြေထဲ ဝင်လို့ရမှာ မဟုတ်ဘူး။ ဒါဆိုရင်တော့ ခက်ပြီပဲ”

လင်းဖုန်း အကျပ်ရိုက်သွားသည်။ သူ အပျက်အစီးနယ်မြေအတွင်း ဝင်ရောက်ကာ အတွင်းရှိ အရာအားလုံးကို သေသေချာချာ စစ်ဆေးလို၏။ အကယ်၍ စွမ်းအင်များကို ရှာဖွေတွေ့ရှိပါက အကောင်းဆုံးဖြစ်ပြီး ထိုသို့ဖြင့် သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို မီတာ ၂၀၀ ကျော်အထိ ပြန်လည် မြှင့်တင်နိုင်မည် ဖြစ်သည်။

“သခင်... ကျွန်တော့်ရဲ့ ပရိုဂရမ်အစိတ်အပိုင်းတချို့ကို ဆက်သွယ်ရေးကိရိယာထဲ ယူဆောင်သွားလို့ ရပါတယ်။ အဲဒါဆိုရင် သခင် မေးသမျှ မေးခွန်းအားလုံးကို ကျွန်တော် ဖြေကြားပေးနိုင်ပါတယ်”

လင်းဖုန်း ရင်ထဲ၌ လှုပ်ခတ်သွားသည်။ ဤသည်က လောင်ဘီသမ်၏ နည်းလမ်းနှင့် ဆင်တူနေသည် မဟုတ်ပါလော။ ဖျက်ဆီးသူ၏ ကိုယ်ထည်အတွင်း၌ မွေးဖွားလာသော ဉာဏ်ရည်တုမှာ စက်ရုပ်သက်ရှိအဖြစ်သို့ ကူးပြောင်းရန် အမှန်တကယ်ပင် နီးစပ်နေပြီ ဖြစ်ပုံရသည်။ ဖျက်ဆီးသူ၌ လောင်ဘီသမ်နှင့် ဆင်တူသော နည်းလမ်းများပင် ရှိနေပေပြီ။

လင်းဖုန်း ဆက်သွယ်ရေးကိရိယာကို ကိုင်ကာ မေးလိုက်သည်။ “ဒီလိုဟာမျိုး ရလား”

“ရပါတယ်”

ထိုသို့ဖြင့် ဖျက်ဆီးသူ၏ ပရိုဂရမ်အစိတ်အပိုင်းတစ်ခုက ဆက်သွယ်ရေးကိရိယာထဲသို့ ဝင်ရောက်သွားသည်။ လင်းဖုန်း အသာအယာ စမ်းသပ်ကြည့်ရာ ယင်းက လောင်းဘီသမ်နှင့် များစွာ ကွဲပြားနေသည်ကို တွေ့ရသည်။

လောင်ဘီသမ်ကမူ ကိုယ်တိုင် စဉ်းစားတွေးခေါ်နိုင်ပြီး လင်းဖုန်း၏ စိတ်ထဲတွင် စကားပြောနိုင်သော်လည်း ဖျက်ဆီးသူ၏ ပရိုဂရမ်ကမူ ထိုသို့ မလုပ်ဆောင်နိုင်ပေ။ ယင်းက စနစ်တကျရှိသော်လည်း အနည်းငယ် တောင့်တင်းလှသည်။

လင်းဖုန်း ဖျက်ဆီးသူ၏ ပရိုဂရမ်နှင့်အတူ မြေအောက်အပျက်အစီးနယ်မြေအတွင်းသို့ ဝင်ရောက်သွားသည်။

အပျက်အစီးနယ်မြေ၏ မြေပေါ်အပိုင်းက ပြာပုံအတိ ဖြစ်သွားခဲ့ပြီး မြေအောက်အစိတ်အပိုင်းတချို့သည်လည်း ထိခိုက်ပျက်စီးမှုများ ရှိနေ၏။ သို့ပေသော်ငြား အများစုမှာမူ မပျက်မစီးဘဲ ကောင်းကောင်းမွန်မွန် ကျန်ရှိနေသေးသည်။

ယခုအကြိမ်တွင် လင်းဖုန်း မြေအောက်အပျက်အစီးများအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။ ဖျက်ဆီးသူ၏ လမ်းညွှန်မှုကြောင့် လင်းဖုန်း မြေအောက်အပျက်အစီးများ၏ အခြေအနေကို မိမိလက်ဝါးပြင်ကဲ့သို့ ကောင်းကောင်း သိနေခဲ့သည်။

“သခင်...ဒါကတော့ လက်နက်တိုက်ပါ။ အဲ့ဒီထဲမှာ လက်နက်တပ်ဆင်ထားတဲ့ စက်ရုပ်ပေါင်း နှစ်သိန်းကျော်ကို သိုလှောင်ထားပါတယ်။ ဒါ့အပြင် လက်နက်တပ်ဆင်ထားတဲ့ စက်ရုပ်ပေါင်း အနည်းဆုံး သုံးသိန်းကျော်ကို အမြန်ဆုံး ထုတ်လုပ်နိုင်မယ့် ကုန်ကြမ်းတွေနဲ့ စွမ်းအင်တွေလည်း ရှိနေပါသေးတယ်”

“တစ်နည်းအားဖြင့် ပြောရရင် ငါ ဒီစက်ရုပ်တွေကို အားကုန် ထုတ်လုပ်လိုက်ရင် ငါ့ရဲ့ အမိန့်ကို အကြွင်းမဲ့ နာခံမယ့် စက်ရုပ်စစ်တပ် အင်အားငါးသိန်းကို ပိုင်ဆိုင်ရမှာပေါ့”

လင်းဖုန်း အလွန် ထိတ်လန့်အံ့အားသင့်သွားရသည်။ စက်ရုပ်အင်အား ငါးသိန်းဖြစ်သည်။ ဤစက်ရုပ်များက သာမန်ကြမ်းကြုတ်သားရဲများလို မဟုတ်ကြပေ။ ဤစက်ရုပ်များ ထုတ်ဖော်ပြသခဲ့သည့် စွမ်းအားအရ စက်ရုပ်တစ်ရုပ်ချင်းစီက အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးနှင့် မနှိုင်းယှဉ်နိုင်သော်လည်း တိုက်ခိုက်မှု စွမ်းအားပိုင်းတွင်မူ သိပ်မညံ့ကြပေ။

စက်ရုပ်ငါးရုပ်က အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးနှင့် ညီမျှသည်ဆိုလျှင်ပင် လင်းဖုန်း ဤစစ်အင်အားကို ပိုင်ဆိုင်လိုက်သည်နှင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်သိန်းကို လက်ဝယ်ပိုငိဆိုင်ရခြင်းနှင့် ညီမျှနေပေပြီ။ ဤသည်က မည်မျှအထိ ကြောက်စရာကောင်းသည့် အခြေအနေမျိုးနည်း။

အနည်းဆုံး မဟာအဖွဲ့အစည်းကြီးငါးခုထဲမှ မည်သည့်အဖွဲ့အစည်းတစ်ခုတည်းကမျှ လင်းဖုန်း ပိုင်ဆိုင်ထားသော စစ်အင်အားကို မယှဉ်ပြိုင်နိုင်ပေ။

“တတိယ ယဉ်ကျေးမှုက တကယ့်ကို ကြောက်စရာကောင်းတာပဲ...”

လင်းဖုန်း တတိယယဉ်ကျေးမှု၏ စွမ်းအားကို ထပ်မံ၍ သဘောပေါက်လိုက်ရပြန်သည်။

လောင်ဘီသမ်၏ အဆိုအရ စုစုပေါင်း ယဉ်ကျေးမှုကိုးခု ရှိခဲ့ပြီး တစ်ခုပြီးတစ်ခုက ယခင်ယဉ်ကျေးမှုထက် ပိုမို အားနည်းသွားလေ့ ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယဉ်ကျေးမှုတစ်ခုစီကြားတွင် ကွာဟချက်တစ်ခု ရှိနေပြီး အကယ်၍ သူတို့ ကောင်းကောင်းမွန်မွန် မဖွံ့ဖြိုးနိုင်ခဲ့ပါက ယခင်ယဉ်ကျေးမှုထက် များစွာ နိမ့်ကျသွားတတ်၍ ဖြစ်၏။

လက်ရှိ လူသားယဉ်ကျေးမှုကမူ လောလောဆယ်တွင် အားအနည်းဆုံး ယဉ်ကျေးမှုဖြစ်သည်။ အတိတ်ကာလက လင်းဖုန်း ဤအချက်ကို သိပ်မယုံကြည်ခဲ့သော်လည်း သတ္တမမြောက်နှင့် တတိယမြောက် ယဉ်ကျေးမှုများ၏ အပျက်အစီးနယ်မြေများကို ဆက်တိုက်ကြုံတွေ့ရပြီးနောက် သူ တဖြည်းဖြည်း ယုံကြည်လက်ခံလာရသည်။

လူသားလောကကြီးကို သူတော်စင်ကိုးပါးက ဦးဆောင်နေပြီး လူသားမျိုးနွယ်သည်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော်လည်း ရှေးဟောင်းယဉ်ကျေးမှုရှစ်ခုနှင့် နှိုင်းယှဉ်ပါက များစွာလိုအပ်နေသေးသည်။

အကယ်၍ လူသားမျိုးနွယ်အနေဖြင့် ယခင်ရှေးဟောင်းယဉ်ကျေးမှုရှစ်ခု၏ အနှစ်သာရများကို ရယူကာ ယင်းတို့ကို သေသေချာချာ လေ့လာပြီး အသွင်ပြောင်းလဲနိုင်မည်ဆိုပါက ထိုရှေးဟောင်းယဉ်ကျေးမှုများကို ကျော်လွန်သွားနိုင်ပေလိမ့်မည်။

ယခု သူတော်စင်ကိုးပါး လုပ်ဆောင်နေကြသည်မှာလည်း ဤကိစ္စအတွက်ပင်။

“ငါ ဒီစက်ရုပ်တွေ အကုန်လုံးကို ထိန်းချုပ်လို့ ရတာလား”

“သခင်... သူတို့က ကျွန်တော့်ရဲ့ အမိန့်ကို နာခံကြမှာဖြစ်ပြီး ကျွန်တော်ကတော့ သခင်ပေးတဲ့ ဘယ်အမိန့်ကိုမဆို နာခံမှာ ဖြစ်ပါတယ်”

လင်းဖုန်း သဘောပေါက်သွား၏။ ဤ ဖျက်ဆီးသူစက်ရုပ်မှတစ်ဆင့် သူ အပျက်အစီးများအတွင်းရှိ စက်ရုပ်အားလုံးကို ထိန်းချုပ်နိုင်ပေလိမ့်မည်။ သူ့အနေဖြင့် ဤမျှအစွမ်းထက်သည့် အင်အားကြီးကို သူ့လက်ထဲတွင် မြဲမြဲဆုပ်ကိုင်ထားရပေမည်။

ဤသည်ကလည်း လင်းဖုန်း နှင်းခဲဘုရင်နှင့် အခြားသူများကို အလျင်အမြန် ပြန်လွှတ်လိုက်ရသည့် အကြောင်းအရင်း၊ စစ်တပ်ကို ဝင်ရောက်စွက်ဖက်ခွင့်ပေးရန် အရိပ်အယောင်မျှ မပြခဲ့ရသည့် အကြောင်းရင်းပင်။ အဘယ်ကြောင့်ဆိုသော် သူ အပျက်အစီးနယ်မြေအတွင်းရှိ အင်အားအားလုံးကို သူ့ဘာသာ ထိန်းချုပ်လို၍ ဖြစ်သည်။

သူ ဤအင်အားကို ထိန်းချုပ်နိုင်လိုက်သည်နှင့် သူတစ်ဦးတည်းဖြင့်ပင် ဖျက်ဆီးသူနှင့် လက်နက်တပ်ဆင်ထားသော စက်ရုပ်စစ်တပ်ကြီးရှိနေသဖြင့် မည်သည့် အဖွဲ့အစည်းကြီးနှင့်မဆို ရင်ပေါင်တန်းနိုင်နေပြီဖြစ်ပြီး မဟာအဖွဲ့အစည်းကြီးငါးခုထဲမှ မည်သည့်အဖွဲ့ထက်မဆို ပိုမို အစွမ်းထက်လာနိုင်ပေသည်။

ထိပ်တန်းတိုက်ခိုက်ရေးစွမ်းရည်ပိုင်းတွင်မူ လင်းဖုန်းက ပညာရေးအဖွဲ့ထက် အားနည်းနိုင်ပေ၏။ အဆုံး၌ ပညာရေးအဖွဲ့တွင် သူတော်စင်သုံးပါး ရှိနေသည်။ သို့သော်လည်း အလုံးစုံ တိုက်ခိုက်နိုင်စွမ်းပိုင်းတွင်မူ လင်းဖုန်း၏ စက်ရုပ်စစ်တပ်ကြီးက မည်သည့်အဖွဲ့အစည်းကိုမဆို ကြောက်နေစရာ မလိုတော့ပေ။

All Chapters