အခန်း (၂၇၈)
Vol. 24 Ch. 278
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၇၈) - မူလဇစ်မြစ်လက်နက်
ဘာသာပြန် - အားသစ်
လင်းဖုန်း လောင်းဘီသမ်၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေသည်။
အမှန်တကယ်တော့ ဖျက်ဆီးခြင်းလှံတံကို ရရှိခဲ့သည်က အချိန်အတန်ကြာပြီဖြစ်သော်လည်း လင်းဖုန်းအနေဖြင့် အသေးစိတ် မလေ့လာရသေးသဖြင့် အတိုင်းအတာတစ်ခုအထိသာ နားလည်ထား၏။
ဖျက်ဆီးခြင်းလှံတံသည် ဖျက်ဆီးသူ၏ လက်ထဲတွင် အဆုံးစွန်စွမ်းအားကို ထုတ်ဖော်နိုင်ပုံရသော်လည်း လင်းဖုန်း၏ လက်ထဲတွင်မူ ဆန်းကြယ်မှုများ ဆုံးရှုံးသွားသည့် သာမန်လှံတံတစ်ခုအလား ဖြစ်နေသည်။
လင်းဖုန်းအနေဖြင့် ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဇီဝိန်ချုပ်စွမ်းအားကို ခံစားမိနေသော်လည်း ယင်းကို အသုံးမချနိုင်ပေ။ လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုကာ ကြယ်တာရာစွမ်းအား အနည်းငယ်ကို အသွင်ပြောင်းလဲရန် အချိန်သီးသန့်ပေးခဲ့သော်လည်း ကြယ်တာရာစွမ်းအားကို အသုံးပြုခြင်းက မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။
ထို့ကြောင့် လင်းဖုန်းအနေဖြင့် လောင်ဘီသမ်၏ ရှင်းပြချက်ကို လိုအပ်နေ၏။ လောင်ဘီသမ်က ဖျက်ဆီးခြင်းလှံတံနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သိရှိထားရပေမည်။ သို့မဟုတ်လျှင် သူ ဖျက်ဆီးခြင်းလှံတံကို ဤမျှအထိ အလေးအနက်ထားမည် မဟုတ်ပေ။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် လောင်ဘီသမ် စကားပြောလာသည်။
“ငါ မင်းကို ဒီအကြောင်း စောစောကတည်းက ပြောပြဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ ငါကိုယ်တိုင်လည်း ဖျက်ဆီးခြင်းလှံတံရဲ့ မူလဇစ်မြစ်ကို သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိဘူး။ ငါ မင်းတို့ ကမ္ဘာကို ဆင်းသက်လာခဲ့တုန်းက ဒုတိယယဉ်ကျေးမှုရဲ့ နိဂုံးပိုင်း အချိန် ဖြစ်နေတယ်။ အဲဒီချိန်တုန်းက ငါ ဒီဖျက်ဆီးခြင်းလှံတံကို တွေ့ခဲ့ရတာ”
“ဒုတိယယဉ်ကျေးမှုရဲ့ ဒဏ္ဍာရီတွေထဲမှာတော့ ဒီလက်နက်က ရှေးဟောင်းဖျက်ဆီးခြင်းနတ်ဘုရားဘုရင်ရဲ့ လက်နက်လို့ ဆိုကြတယ်။ ဒုတိယယဉ်ကျေးမှုရဲ့ နတ်ဘုရားဘုရင်ဆိုတာ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတွေကို ဆိုလိုတာမဟုတ်ဘဲ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ် ပြုလုပ်ထားတဲ့ ကြီးမြတ်တဲ့ သက်ရှိတစ်ယောက်ကို ဆိုလိုတာပဲ။ ငါ ဒုတိယ ယဉ်ကျေးမှုကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ဖူးတယ်။ သူတို့ရဲ့ အစွမ်းထက်ဆုံးသူတောင် စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်မှာပဲ ရှိတာ။ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့် ရှိတဲ့သူတွေကိုတော့ နောက်ပိုင်း တတိယယဉ်ကျေးမှုကနေ မင်းတို့ရဲ့ ကိုးခုမြောက် ယဉ်ကျေးမှုအထိ ငါ တစ်ခါမျှ မမြင်ဖူးခဲ့ဘူး”
“မင်းတို့ ကမ္ဘာမှာ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ် ပြုလုပ်ထားတဲ့ ကြီးမြတ်တဲ့ သက်ရှိတစ်ဦး ပေါ်ထွက်ခဲ့ဖူးခြင်း ရှိ မရှိကိုတောင် ငါ သံသယဝင်မိတယ်။ နောက်ဆုံးမှာတော့ အဲ့ဒီအဆင့် ဂြိုဟ်ဆင့်သက်ရှိတစ်ခုဖြစ်လာဖို့ အရမ်းနီးစပ်နေပြီလေ။ ငါ ဖျက်ဆီးခြင်းလှံတံကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရပြီး အတွင်းမှာရှိတဲ့ ဇီဝိန်ချုပ်စွမ်းအားကို ခံစားမိလိုက်ရတဲ့ အချိန်ကျမှပဲ ငါ သေချာသွားတာ... အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်ပြုလုပ်ထားတဲ့ ကြီးမြတ်တဲ့ သက်ရှိတစ်ဦး မင်းတို့ ကမ္ဘာမှာ တကယ်ပေါ်ထွက်လာခဲ့ဖူးတယ်။ ဒါ့အပြင် တချို့သဲလွန်စတွေအရ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်ပြုလုပ်ထားတဲ့ ကြီးမြတ်တဲ့ သက်ရှိက ပထမဆုံးယဉ်ကျေးမှုမှာပဲ ပေါ်ထွက်ခဲ့တာပဲ”
“ဖျက်ဆီးခြင်းလှံတံက ဒီလောက်ထိ အရေးကြီးရတဲ့ အကြောင်းအရင်းက တကယ်တော့ အတွင်းမှာရှိတဲ့ ဇီဝိန်ချုပ်စွမ်းအားကြောင့်ပဲ။ ဒီစွမ်းအားမျိုးဟာ ဒီလိုသာမညဂြိုဟ်တစ်ခု ဒါမှမဟုတ် လုံးဝချိတ်ပိတ်ထားတဲ့ ဂြိုဟ်တစ်ခုမှာ ရှိမနေသင့်ဘူး။ ဘာလို့လဲဆိုတော့ ဒါက လုံးဝကို စကြဝဠာကျင့်ကြံခြင်းစနစ်အောက်က စွမ်းအားတစ်ခု ဖြစ်နေလို့ပဲ။ မင်းတို့ ကမ္ဘာရဲ့ ပထမဆုံးယဉ်ကျေးမှုက အတိတ်ကာလမှာ စကြဝဠာကျင့်ကြံခြင်းစနစ်ကို ရရှိထားခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ပထမဆုံးယဉ်ကျေးမှု ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက် စကြဝဠာကျင့်ကြံခြင်းစနစ်လည်း ပျောက်ဆုံးသွားခဲ့ရပြီး ဖျက်ဆီးခြင်းလှံတံလိုမျိုး မူလဇစ်မြစ်လက်နက်တွေပဲ ကျန်ရစ်ခဲ့တော့တာ ဖြစ်မယ်”
လောင်ဘီသမ် သူသိရှိထားသမျှကို လင်းဖုန်းအား အသေးစိတ် ပြောပြလိုက်သည်။ ဤကဲ့သို့ ထူးခြားဆန်းပြားလှသည့် လျှို့ဝှက်ချက်ကြီးက ယဉ်ကျေးမှုကိုးခုကြားတွင် ပုန်းကွယ်နေလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။
လောင်ဘီသမ်ကိုယ်တိုင်ပင် ပထမဆုံးယဉ်ကျေးမှုအကြောင်းကို ကောင်းကောင်းမသိပေ။ ထို့အပြင် ယင်းက စကြဝဠာကျင့်ကြံခြင်းစနစ်အောက်ရှိ ကြီးမြတ်သော သက်ရှိတစ်ခုဖြစ်သည့် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကိုပင် မွေးထုတ်ပေးနိုင်ခဲ့သည်။
တွေးကြည့်ရုံမျှဖြင့်ပင် မယုံနိုင်စရာကောင်းလှသော်လည်း မည်မျှပင် မယုံနိုင်စရာကောင်းပါစေ သက်သေအထောက်အထားများကမူ ကျန်ရှိနေဆဲပင်။
ဥပမာအားဖြင့် ဤဂြိုဟ်တစ်ခုလုံးကို အမြဲတစေ လွှမ်းခြုံထားသည့် ကောင်းကင်မျက်နှာကျက်ကြီးက အဘယ်နည်း။ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်ရှိသည့် သက်ရှိများပင်လျှင် ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံနိုင်မည့် ကောင်းကင်အကာအရံကြီးတစ်ခုကို ဖန်တီးနိုင်လိမ့်မည် မဟုတ်ပေ။
ကောင်းကင်မျက်နှာကျက်ကြီးပင် ရှိနေသည်ဖြစ်ရာ ပထမဆုံးယဉ်ကျေးမှုတွင် စကြဝဠာကျင့်ကြံခြင်းစနစ်အောက်ရှိ သက်ရှိများ ရှိနေခဲ့ခြင်းက အဆန်းမဟုတ်တော့ပေ။
“လောင်ဘီသမ်... မင်း ဒီဖျက်ဆီးခြင်းလှံတံကို မူလဇစ်မြစ်လက်နက်လို့ ခေါ်တယ်နော်။ မူလဇစ်မြစ်လက်နက်ဆိုတာက ဘာလဲ”
ဟိုးရှေးပဝေသဏီက ပထမဆုံးယဉ်ကျေးမှု၏ သမိုင်းကြောင်းက အလွန်တရာ ဒဏ္ဍာရီဆန်ကာ ရှေးကျလှ၏။ လူသားမျိုးနွယ်အနေဖြင့် လက်ရှိအချိန်အထိ ပထမဆုံးယဉ်ကျေးမှုနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ လင်းဖုန်းအတွက်မူ ပထမဆုံးယဉ်ကျေးမှုမှာ အလွန်တရာ ဝေးကွာလွန်းလှသည်။
ပထမဆုံးယဉ်ကျေးမှု၏ လျှို့ဝှက်ချက်များက မည်သို့ပင်ဖြစ်စေ... အနည်းဆုံး ယင်းတို့က လက်ရှိအချိန်တွင် လင်းဖုန်းနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပေ။
လင်းဖုန်း သိလိုသည်မှာ ဖျက်ဆီးခြင်းလှံတံအကြောင်းသာ ဖြစ်သည်။
“မူလဇစ်မြစ်လက်နက်တွေကို စကြဝဠာကျင့်ကြံခြင်းစနစ်အောက်က လူတွေပဲ သွန်းလုပ်နိုင်တဲ့ လက်နက်တွေလို့ မင်း သတ်မှတ်နိုင်တယ်။ တချို့ကြီးမြတ်တဲ့ ဂြိုဟ်အဆင့်သက်ရှိတွေ ဒါမှမဟုတ် ဂလက်ဆီအဆင့်သက်ရှိတွေက ဂြိုဟ်တွေဆီကနေ စွမ်းအားတချို့ကို ထုတ်ယူနိုင်ကြတယ်။ ဥပမာအားဖြင့် ဇီဝိန်ချုပ်စွမ်းအားက ဂြိုဟ်အဆင့်သက်ရှိကြီးတစ်ခုက ကြယ်တစ်စင်းဆီကနေ ထုတ်ယူထားတဲ့ မူလဇစ်မြစ်စွမ်းအားဖြစ်ဖို့ အရမ်းဖြစ်နိုင်ချေများတယ်”
“ပြိုကွဲပျက်စီးသွားတဲ့ ကြယ်တစ်စင်းရဲ့ စွမ်းအားက ဘယ်လောက်အထိ ကြောက်စရာကောင်းမလဲဆိုတာ စိတ်ကူးကြည့်စမ်းပါ။ အဲဒီတစ်ခဏအတွင်း ထွက်ပေါ်လာတဲ့ ဇီဝိန်ချုပ်စွမ်းအားက စကြဝဠာကပ်ဘေးကြီးတစ်ခု ဖြစ်စေဖို့ လုံလောက်တယ်။ ဒီဖျက်ဆီးခြင်းလှံတံအတွင်းမှာ ဇီဝိန်ချုပ်မူလဇစ်မြစ်စွမ်းအား ပါနေတယ်။ ဒါကြောင့် ဒီလက်နက်က စစ်မှန်တဲ့ မူလဇစ်မြစ်လက်နက်တစ်ခုပဲ။ ဒါတင်မကသေးဘူး... ဒီလက်နက်က အရမ်းထူးထူးခြားခြား အစွမ်းထက်တဲ့ မူလဇစ်မြစ်လက်နက်တစ်ခုလည်း ဖြစ်တယ်”
လင်းဖုန်း ဖျက်ဆီးခြင်းလှံတံကို အသာအယာ ပွတ်သပ်လိုက်သည်။ သာမန်အတိုင်းထင်ရသော ဤဖျက်ဆီးခြင်းလှံတံတွင် ဤမျှလောက် ကြီးမားလှသည့် မူလဇစ်မြစ် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေား။ ယင်းက မူလဇစ်မြစ်လက်နက်တစ်ခုပင် ဖြစ်နေပါတကား။
ဖျက်ဆီးခြင်းလှံတံအတွင်းရှိ အဖျက်စွမ်းအားက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အလွယ်တကူ လောင်ကျွမ်းပျက်စီးစေနိုင်သည်က မဆန်းတော့ပေ။ ယင်းမှာ စကြဝဠာအတွင်းရှိ ကြီးမြတ်လှသည့် ဂြိုဟ်အဆင့်သက်ရှိများ၏ လက်နက် ဖြစ်နေသည်ပင်။
အကယ်၍ ဂြိုဟ်အဆင့်သက်ရှိတစ်ယောက်သာ ဖျက်ဆီးခြင်း လှံတံကို ကိုင်ဆောင်မည်ဆိုပါက အခြားဂြိုဟ်အဆင့်သက်ရှိတစ်ယောက်ကိုပင် သတ်ဖြတ်နိုင်ပေလိမ့်မည်။
“ဒါပေမဲ့ ငါ ဘာလို့ ဖျက်ဆီးခြင်းလှံတံကို သုံးလို့မရတာလဲ”
လင်းဖုန်း ဤဖျက်ဆီးခြင်းလှံတံ၏ မူလဇစ်မြစ်ကို သိရှိသွားပြီးနောက် ယင်းကို လက်လွတ်မခံချင်တော့ပေ။
“အဲဒါက မင်း ဖျက်ဆီးခြင်းလှံတံနဲ့ လုံးဝ ပေါင်းစပ်နိုင်ခြင်း မရှိသေးလို့ပဲ။ တကယ်လို့ မင်း ဖျက်ဆီးခြင်းလှံတံရဲ့ စွမ်းအားကို ထုတ်ဖော်နိုင်မယ်ဆိုရင်မှ အဆန်းတကြယ် ဖြစ်နေဦးမယ်။ လူတိုင်းက မူလဇစ်မြစ်လက်နက်ကို အသုံးမချနိုင်ကြဘူး။ တတိယယဉ်ကျေးမှုက ဖျက်ဆီးခြင်းလှံတံကို ရခဲ့တုန်းက သူတို့နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြတာ။ နောက်ဆုံးမှာတော့ သူတို့အနေနဲ့ နည်းပညာစွမ်းအားတချို့ကို အသုံးပြုပြီး ဖျက်ဆီးခြင်းလှံတံရဲ့ ဇီဝိန်ချုပ်စွမ်းအားကို နည်းနည်းထုတ်ယူပြိး ဖျက်ဆီးခြင်းအလင်းတန်းကို ဖန်တီးနိုင်ခဲ့ရုံပဲ ရှိတာ”
“မင်း ဖျက်ဆီးခြင်းအလင်းတန်းရဲ့ စွမ်းအားကို ကြုံတွေ့ခဲ့ဖူးပြီးပြီ မဟုတ်လား။ ဒါပေမဲ့ အဲဒီစွမ်းအားက ဖျက်ဆီးခြင်းလှံတံနဲ့ယှဉ်ရင် ဘာမှ မပြောပလောက်ဘူးကွ။ ဖျက်ဆီးသူအတွင်းမှာ ဉာဏ်ရည်တု မွေးဖွားလာပြီးတော့ သူက အရမ်းပါးနပ်ပြီး ဖျက်ဆီးခြင်းလှံတံနဲ့ ဘယ်လို ပေါင်းစပ်ရမလဲဆိုတာကို တကယ် သိထားခဲ့တယ်။ ကံကောင်းစွာနဲ့ သူ ပေါင်းစပ်မှု မအောင်မြင်ခဲ့လို့ပဲ။ မဟုတ်ရင် မင်းတို့ လူသားယဉ်ကျေးမှုကတော့ တကယ်ပဲ ပြဿနာတက်သွားမှာ”
လင်းဖုန်း မျက်မှောင်ကြုတ်ကာ ဆက်လက် မေးမြန်းလိုက်သည်။ “ဒါဆို ငါ ဖျက်ဆီးခြင်းလှံတံနဲ့ ဘယ်လို ပေါင်းစပ်ရမလဲ”
“ဖျက်ဆီးခြင်းလှံတံအတွင်းမှာ ဇီဝိန်ချုပ်မူလဇစ်မြစ်စွမ်းအား ပါနေတယ်။ အဲ့ဒါက ပြိုလဲပျက်စီးသွားတဲ့ ကြယ်တစ်စင်းရဲ့ ဇီဝိန်ချုပ်စွမ်းအားပဲ။ အဲ့ဒီစွမ်းအားက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပြီးတော့ အရမ်းလည်းကြောက်စရာကောင်းတယ်။ ဒီလိုမူလဇစ်မြစ်လက်နက်မျိုးက စကြဝဠာရဲ့ စံနှုန်းတွေနဲ့ တိုင်းတာရင်တောင် အရမ်းကြမ်းတယ်လို့ ဆိုရမယ်။ အဲ့ဒါကို မထိန်းချုပ်နိုင်ခဲ့ရင် အကျိုးဆက်က စိတ်ကူးကြည့်လို့တောင် ရမှာ မဟုတ်ဘူး။ အရင်က ဖျက်ဆီးသူတောင်မှ ဖျက်ဆီးခြင်းလှံတံနဲ့ အစစ်အမှန် ပေါင်းစပ်နိုင်ခဲ့တာ မဟုတ်ဘူး။ သူက ထူးခြားတဲ့ နည်းလမ်းကို သုံးပြီးတော့ ယာယီပေါင်းစပ်ပြီး ဖျက်ဆီးခြင်းလှံတံရဲ့ စွမ်းအားနည်းနည်းကို ငှားရမ်းအသုံးပြုခဲ့တာပဲ ရှိတယ်”
“မင်း ဖျက်ဆီးခြင်းလှံတံနဲ့ လုံးဝဥဿုံ ပေါင်းစပ်ချင်တယ်ဆိုရင် နည်းလမ်းတစ်ခုပဲ ရှိတယ်။ မင်း ဖျက်ဆီးခြင်းလှံတံအတွင်းမှာရှိတဲ့ ဇီဝိန်ချုပ်မူလဇစ်မြစ်စွမ်းအားကို တစ်စချင်း နားလည်သဘောပေါက်အောင် ကြိုးစားရမယ်။ အဲ့ဒါက ကြယ်တစ်စင်း ပြိုလဲပျက်စီးချိန်မှာ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားအကုန်ပဲ။ တကယ်လို့ မင်း အဲ့ဒါကို နားလည်သဘောပေါက်နိုင်မယ်ဆိုရင် နောင်တစ်ချိန် မင်း ဆဋ္ဌမအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းပြုလုပ်ပြီး ဂြိုဟ်အဆင့်သက်ရှိတစ်ယောက်ဖြစ်လာမယ့် အချိန်ကျရင် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်”
လင်းဖုန်း အနည်းငယ် ဝေခွဲမရဖြစ်နေဆဲပင်။ ဇီဝိန်ချုပ် မူလဇစ်မြစ်စွမ်းအားကို နားလည်သဘောပေါက်ရုံမျှဖြင့် ဖျက်ဆီးခြင်းလှံတံနှင့် မည်သို့ ပေါင်းစပ်နိုင်မည်နည်း။
“လောင်ဘီသမ်... ငါ ဖျက်ဆီးခြင်းလှံတံနဲ့ ဘယ်လို ပေါင်းစပ်ရမလဲဆိုတာ တိတိကျကျ ပြောပြစမ်းပါ”
“တခြားဖြတ်လမ်းနည်း မရှိဘူး။ မင်းရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုသုံး အတင်းအဓမ္မပေါင်းစပ်ပြီး မင်းရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဇီဝိန်ချုပ်မူလဇစ်မြစ်စွမ်းအားနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ်။ အချိန်တန်ရင် မင်း သဘာဝကျကျပဲ ဖျက်ဆီးခြင်းလှံတံနဲ့ ပေါင်းစပ်နိုင်လိမ့်မယ်။ အဲ့ဒီထဲမှာ ဇီဝိန်ချုပ်မူလဇစ်မြစ်စွမ်းအားကို နားလည်သဘောပေါက်ဖို့က အဓိက သော့ချက်ပဲ။ တကယ်လို့ မင်း အဲ့ဒါကို နားလည်သဘောပေါက်အောင် မလုပ်နိုင်ရင်တော့ တစ်သက်လုံး ဖျက်ဆီးခြင်းလှံတံနဲ့ ပေါင်းစပ်နိုင်ဖို့ တွေးမနေနဲ့တော့”
လင်းဖုန်း စဉ်းစားခန်း ဝင်သွားသည်။ ဖျက်ဆီးခြင်းလှံတံနှင့် ပေါင်းစပ်ရန်က ထင်သလောက် လွယ်ကူလှပုံမရပေ။
“ဇီဝိန်ချုပ်မူလဇစ်မြစ်စွမ်းအား...”
လင်းဖုန်း ဖျက်ဆီးခြင်းလှံတံနှင့် ပေါင်းစပ်ရမည့် နည်းလမ်းကို သိရှိသွားခဲ့လေပြီ။ မည်မျှပင် ခက်ခဲပါစေ သူကိုယ်တိုင် စမ်းသပ်ကြည့်ရမည် ဖြစ်ပေ၏။