အခန်း (၂၇၉)
Vol. 24 Ch. 279
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၇၉) - ဒသမမြောက် သူတော်စင်
ဘာသာပြန် - အားသစ်
အန္တိမစစ်သေနာပတိချုပ်ဌာန၏ အစည်းအဝေးခန်းမအတွင်း၌ သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ ပူးတွဲခေါ်ယူထားသော သူတော်စင်များညီလာခံကြောင့် တင်းမာမှုများ မြင့်တက်နေသည်။
သူတော်စင်ကိုးပါးစလုံး ဤသူတော်စင်များညီလာခံသို့ ပါဝင်တက်ရောက်ရန်အတွက် သူတို့၏ စိတ်အာရုံပုံရိပ်များကို ထုတ်လွှတ်ထားကြပြီး လူတိုင်း၏ မျက်နှာအမူအရာက အလွန်တရာ တည်ကြည်လေးနက်နေ၏။
“သူတော်စင်ခန်း... မင်း ဘာဖြစ်လို့ သူတော်စင်ယွမ်ယီနဲ့ ပူးတွဲပြီး သူတော်စင်များညီလာခံကို ခေါ်ယူရတာလဲ”
“အဓိကကတော့ စစ်တပ်က အစီရင်ခံလာတဲ့ လင်းဖုန်းနဲ့ပတ်သက်တဲ့ ကိစ္စရပ်ကြောင့်ပေါ့”
သူတော်စင်ခန်းသည် ကျန်သူတော်စင်ရှစ်ပါးကို အသာအယာ ဝေ့ဝဲကြည့်လိုက်ပြီးနောက် တည်ငြိမ်လေးနက်သော လေသံဖြင့် ဆက်လက်ပြောကြားလိုက်သည်။
“ပညာရေးအဖွဲ့အစည်းက လင်းဖုန်းက လက်ရှိမှာ ဗဟိုပင်လယ်မြို့ကြီးရဲ့ ကိုယ်စားလှယ်တော်ဖြစ်တယ်။ သူ့အစ်ကို လင်းဟိုင်းက စစ်တပ်ရဲ့ တံတိုင်းဖြိုသူစစ်ဆင်ရေးမှာ ပါဝင်ခဲ့တာကြောင့် သူလည်း စစ်တပ်ရဲ့ စစ်ဆင်ရေးထဲမှာ ပါဝင်ပတ်သက်ခဲ့ရတယ်။ ပြီးတော့ သူက စစ်တပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကပ်ဘေးကြီးကို အနှိုင်းမဲ့စွမ်းအားနဲ့ ဖြေရှင်းပေးခဲ့တယ်”
“စစ်တပ်အဖွဲ့အစည်းက သူတော်စင်နှစ်ယောက်... မင်းတို့အနေနဲ့ ပြင်စရာ ဒါမှမဟုတ် ပြောစရာ တစ်စုံတစ်ရာ ရှိသေးလား”
စစ်တပ်အဖွဲ့အစည်း၏ သူတော်စင်နှစ်ပါးမှာ သူတော်စင်ကျိုးထျန်းချီနှင့် သူတော်စင်ပါမန်တို့ ဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံး ခေါင်းခါလိုက်ကြသည်။ သူတို့နှစ်ယောက် ဤကိစ္စကို ကောင်းကောင်း သိရှိထားပြီးဖြစ်ကြောင်း ထင်ရှားလှပေ၏။ အဆုံးတွင် စစ်တပ်၏ ကြယ်ငါးပွင့်ဗိုလ်ချုပ်များက ဤကိစ္စကို စစ်တပ်အဖွဲ့၏ သူတော်စင်နှစ်ပါးထံသို့ အရင်ဆုံး ဦးစားပေးတင်ပြကြမည်ဖြစ်သည်။
“သူတော်စင်ခန်း... မင်းပြောတာ မှန်ပါတယ်။ ဒါက မူလတုန်းက စစ်တပ်ကြောင့် ဖြစ်ပေါ်လာရတဲ့ ကပ်ဘေးကြီး တစ်ခုပဲ။ ကံကောင်းထောက်မစွာနဲ့ လင်းဖုန်းက ဝင်ရောက်စွက်ဖက်ပြီး ဒီကပ်ဘေးကို ဖြေရှင်းပေးခဲ့တာ ဖြစ်တယ်” သူတော်စင်ကျိုးထျန်းချီက ပြောကြားလိုက်သည်။
“လူတိုင်းလည်း စစ်တပ်ကလာတဲ့ သတင်းကို သိထားပြီးလောက်ပြီ ထင်ပါတယ်။ လင်းဖုန်းမှာ သူတော်စင်တစ်ပါးရဲ့ တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ။ ဒါတင်မကသေးဘဲ သူက သူတော်စင်တစ်ပါးလို စွမ်းအားရှိတဲ့ စက်ရုပ်ကြီးကိုလည်း ထိန်းချုပ်ထားနိုင်သေးတယ်။ ဒါကြောင့် ငါ လင်းဖုန်းကို လူသားမျိုးနွယ်ရဲ့ ဒသမမြောက်သူတော်စင်အဖြစ် မြှင့်တင်သတ်မှတ်ပေးဖို့ အဆိုပြုချင်တယ်”
သူတော်စင်ခန်း စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် တက်ရောက်လာကြသော သူတော်စင်များအားလုံး အလွန်တရာ အံ့အားသင့်သွားကြသည်။
လင်းဖုန်း၌ သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်း ရှိနေသည်က အမှန်ပင် ဖြစ်လင့်ကစား ဤမျှလောက် အလျင်စလို လုပ်ဆောင်ရန် မလိုအပ်ပါချေ။ အတိတ်ကာလက သူတို့ကိုယ်တိုင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ပြုလုပ်နိုင်ခဲ့စဉ်ကပင် သူတော်စင်အဖြစ် သတ်မှတ်ခြင်းခံရရန်အတွက် အချိန်အတိုင်းအတာတစ်ခု ယူခဲ့ရသေးသည်။
ထိုအချိန်တွင် စီးပွားရေးဖွဲ့အစည်းမှ သူတော်စင်ဘာတိုင်က စိုးရိမ်တကြီး ပြောလိုက်သည်။ “သူတော်စင်ခန်း... ဒီလောက်ထိ အလျင်စလိုလုပ်စရာ မလိုဘူးထင်တယ်နော်။ လင်းဖုန်းမှာ သူတော်စင်တစ်ပါးရဲ့ တိုက်ခိုက်နိုင်စွမ်း ရှိ မရှိကို ခဏထားဦး တကယ်လို့ ရှိတယ်ဆိုရင်တောင် ငါတို့ ကိုယ်တိုင်အတည်ပြုဖို့ လိုသေးတယ်။ ဒါ့အပြင် သူတော်စင်ကိုးပါးက သူတော်စင်အဖြစ် မသတ်မှတ်ခံရခင်မှာ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း လေးကြိမ် ပြုလုပ်ခဲ့ကြရတာ။ လင်းဖုန်းက ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်ပဲ ရှိသေးတာမို့ သူ့ကို သူတော်စင်အဖြစ် သတ်မှတ်ဖို့က နည်းနည်းတော့ မသင့်တော်ဘူး ထင်ပါတယ်”
အမှန်တကယ်တော့ သူတော်စင်ဘာတိုင်၏ စကားများက အခြားသူတော်စင်အချို့၏ သဘောထားကို ကိုယ်စားပြုနေသည်။
“ငါလည်း အဲလိုပဲ ထင်တယ်။ ငါတို့ အရင်ဆုံး အတည်ပြုရမယ်။ ပြီးမှ ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ပဲ ရှိသေးတဲ့ လင်းဖုန်းကို သူတော်စင်အဖြစ် သတ်မှတ်ဖို့ သင့် မသင့် ဆက်ပြီး ဆွေးနွေးသင့်တယ်။ ဘာပဲဖြစ်ဖြစ် သူတော်စင်နေရာဆိုတာက အရမ်းအရေးကြီးတယ်လေ။ သူတော်စင်တွေက လူသားမျိုးနွယ်ရဲ့ အဓိကဒေါက်တိုင်ကြီးတွေဆိုတော့ ငါတို့ အလျင်စလို မလုပ်သင့်ဘူး”
စကားဆိုလိုက်သူက အစိုးရအဖွဲ့အစည်းမှ သူတော်စင်ကလော့ဖြစ်သည်။ သူတော်စင်ခန်းသည်လည်း အစိုးရအဖွဲ့အစည်းမှ သူတော်စင်တစ်ပါး ဖြစ်သော်လည်း ဤသူတော်စင်နှစ်ပါးက အချို့သော ကိစ္စရပ်များတွင် သဘောထားချင်း ကွဲလွဲလေ့ရှိကြသည်။
“ဘာကို အတည်ပြုဖို့ လိုသေးလို့လဲ။ အဲဒီ ဗီဒီယိုတွေနဲ့ အချက်အလက်တွေက အတုအယောင်တွေ ဖြစ်နိုင်လို့လား။ တကယ်လို့ ဘယ်သူတော်စင်မဆို သဘောမတူဘူးဆိုရင် လင်းဖုန်းနဲ့ သွားပြီး ယှဉ်ပြိုင်တိုက်ခိုက်ကြည့်နိုင်တယ်။ ဟဲဟဲ... သူတော်စင်ဆိုတဲ့ ဘွဲ့အမည်က ဘာများ ထူးခြားနေလို့လဲ။ စွမ်းအားကသာ အရေးအကြီးဆုံးအရာပဲ။ ငါကတော့ လင်းဖုန်းကို ဒသမမြောက်သူတော်စင်အဖြစ် သတ်မှတ်ဖို့ လုံးဝသဘောတူတယ်”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က တိုက်ရိုက်ပင် ဝင်ရောက်ပြောကြားလိုက်သည်။ သူက ပွင့်လင်းပြတ်သားသူဖြစ်ပြီး စကားကို ကွေ့ဝိုက်ပြောလေ့မရှိပေ။ ထို့အပြင် လင်းဖုန်းက အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းသားတစ်ဦးဖြစ်ပြီး ပညာရေးအဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ထားခဲ့သူဖြစ်သည်။ သူ ဒသမမြောက်သူတော်စင် ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပညာရေးအဖွဲ့အစည်း၏ သူတော်စင်တစ်ပါး ဧကန်မုချ ဖြစ်လာပေလိမ့်မည်။
ထိုသို့ဖြင့် ပညာရေးအဖွဲ့အစည်းတွင် သူတော်စင်လေးပါး ရှိလာမည်ဖြစ်ပြီး မဟာအဖွဲ့အစည်းကြီးငါးခုထဲတွင် နံပါတ်တစ်အဖွဲ့အစည်းအဖြစ် အခိုင်အမာ တည်ရှိနေနိုင်ပေလိမ့်မည်။
ထို့အပြင် သူ လင်းဖုန်းကို အလွန်သဘောကျလှသည်။ သူ လင်းဖုန်း၏ ကြီးပြင်းလာမှုခရီးစဥ် တစ်လျှောက်လုံး နီးပါးကို စောင့်ကြည့်နေခဲ့ရသူဖြစ်၏။ လင်းဖုန်းအား ဗဟိုပင်လယ်မြို့ကြီး၏ ကိုယ်စားလှယ်တော်အဖြစ် ခန့်အပ်မှုကိုပင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကိုယ်တိုင် ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။
လင်းဖုန်းအနေဖြင့် ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်း အဆင့်မှာတင် သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းမျိုး ရှိနေခြင်းက အနည်းငယ် မယုံနိုင်စရာကောင်းလှသော်လည်း အချို့သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များက ထိုသို့ လုပ်ဆောင်နိုင်စွမ်းရှိကြောင်းကိုမူ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ကောင်းကောင်းသိထားသည်။
အများအကျိုးအတွက်ဖြစ်စေ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့်ဖြစ်စေ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် လင်းဖုန်းကို အပြည့်အဝ ပံ့ပိုးပေးမည်သာ။
“ငါလည်း စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာပဲ ဒီလောက်ထိ ခေါင်းမာမာနဲ့ တွယ်ကပ်မနေသင့်ဘူးလို့ ထင်တယ်။ အတိတ်တုန်းက ငါတို့ သူတော်စင်တွေ ဖြစ်လာခဲ့တုန်းကလည်း ဒီလောက် စည်းမျဉ်းစည်းကမ်းတွေ အများကြီး မရှိခဲ့ပါဘူး။ ယခုအချိန်က လူသားမျိုးနွယ်အတွက် အရေးကြီးတဲ့အချိန် ဖြစ်နေတာ။ ငါတို့ ကိုးယောက်စလုံးမှာ အားလပ်တဲ့ အချိန်ရယ်လို့ကို မရှိကြဘူး။ သူတော်စင်တစ်ပါး ထပ်တိုးလာတာက ငါတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျော့ပါးသွားစေမှာပဲ မဟုတ်လား။ ဘာလို့ သဘောမတူရမှာလဲ။ ငါလည်း လင်းဖုန်းကို ဒသမမြောက်သူတော်စင်အဖြစ် သတ်မှတ်ဖို့ သဘောတူတယ်”
ထို့နောက် ချက်ချင်းဆိုသလိုပင် သူတော်စင်မပင်းယုနှင့် သူတော်စင်ကက်တို့ကလည်း သဘောတူကြောင်း ထုတ်ဖော်ပြောကြားလိုက်ကြသည်။ အကယ်ဒမီကြီးသုံးခု၏ သူတော်စင်များသက အမြဲတစေ တစ်သားတည်း ရှိနေခဲ့ကြရာ လင်းဖုန်းကို သူတို့ မပံ့ပိုးပေးရမည့် အကြောင်းပြချက် မရှိပေ။
သူတော်စင်ခန်း လက်ဝှေ့ယမ်းလိုက်ရာ ပရိုဂျက်တာမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ယင်းက လင်းဖုန်းနှင့် ဧရာမဖျက်ဆီးခြင်းစက်ရုပ်ကြီးတို့ တိုက်ခိုက်နေသည့် တိုက်ပွဲမြင်ကွင်းပင်။
“လူတိုင်းပဲ... ဒါက လင်းဖုန်းရဲ့ တိုက်ပွဲမြင်ကွင်းပါ။ လင်းဖုန်းမှာ သူတော်စင်တစ်ပါးရဲ့ တိုက်ခိုက်နိုင်စွမ်း ရှိ မရှိ မင်းတို့ကိုယ်တိုင် ကြည့်နိုင်ပါတယ်။ ဒါကို စစ်တပ်ကနေ အမျိုးမျိုး ခွဲခြမ်းစိတ်ဖြာပြီးတော့ အတည်ပြုထားပြီးသားဖြစ်တာမို့ ပြဿနာတစ်စုံတစ်ရာ ရှိမနေသင့်ပါဘူး။ ငါတို့ အတည်ပြုစစ်ဆေးနေမယ့် အဆင့်ကို ကျော်လိုက်လို့ ရပါတယ်”
တကယ်ပင် လင်းဖုန်း၏ တိုက်ပွဲမြင်ကွင်းကို ကြည့်ရင်း သူတော်စင်ကိုးပါး၏ အမူအရာများသည်ပင် တည်ကြည်လေးနက်သွားကြရသည်။ တကယ်တော့ ထိုဖျက်ဆီးခြင်းစက်ရုပ်ကြီးကို သူတို့ကိုယ်တိုင် ရင်ဆိုင်ရမည်ဆိုပါလျှင်လည်း အနိုင်ရရှိရန် သေချာရေရာခြင်း မရှိကြပေ။
သို့သော်လည်း ထိုစက်ရုပ်က နတ်ဆိုးဘုရင်အဆင့်တွင် ရှိနေသည်မှာမူ သံသယဖြစ်ဖွယ်မရှိပေ။ နတ်ဆိုးဘုရင်အဆင့်ဟူသည်ကား သူတော်စင်များ၏ တိုက်ခိုက်နိုင်စွမ်းနှင့် ညီမျှနေသည် မဟုတ်ပါလော။
“တကယ်လို့ လင်းဖုန်းရဲ့ တိုက်ခိုက်နိုင်စွမ်းက သူတော်စင်တစ်ပါးနဲ့ ရင်ပေါင်တန်းနိုင်တယ်ဆိုတာကို အတည်ပြုနိုင်ရင်တော့ ငါတို့အတွက် နောက်ဆုံးငြင်းခုံစရာ အချက်တစ်ခုပဲ ကျန်ပါတော့တယ်။ အဲဒါကတော့ လင်းဖုန်းကို ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်မှာတင် သူတော်စင်အဖြစ် သတ်မှတ်နိုင်ပါ့မလားဆိုတာပဲ ဖြစ်တယ်”
သူတော်စင်များအားလုံး ခေါင်းညိတ်လိုက်ကြသည်။ အမှန်တကယ်ပင် ဤအချက်က အလွန်တရာ အရေးကြီးလှပြီး စံနှုန်းတစ်ခုကို သတ်မှတ်ရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အဆုံးတွင် သူတော်စင်များက လူသားမျိုးနွယ်၏ ဩဇာအာဏာကို ထိန်းချုပ်ထားကြပြီး အရင်းအမြစ်အမြောက်အမြားကို အသုံးပြုနိုင်ခွင့်ရှိကြသည်။ သူတော်စင်တစ်ပါးစီ၏ နောက်ကွယ်တွင် အလွန်တရာ အစွမ်းထက်သည့ အဖွဲ့အစည်းကြီးတစ်ခုစီ ရှိနေကြသည်။
အကယ်၍ စံနှုန်းတစ်ခုကို သေသေချာချာ မသတ်မှတ်နိုင်ခဲ့ပါက နောင်တစ်ချိန်တွင် ထွက်ပေါ်လာမည့် သူတော်စင်အသစ်များအတွက် အလွန်တရာ ရှုပ်ထွေးသွားနိုင်ပြီး လူသားမျိုးနွယ်အတွင်း၌လည်း ပရမ်းပတာ ဖြစ်သွားနိုင်ပေသည်။
“အတိတ်ကာလတုန်းက ငါ အန္တိမစ်သေနာပတိချုပ်များဌာနကို တည်ထောင်ခဲ့တုန်းက တကယ်တော့ အတွင်းပိုင်း အချင်းချင်းအားပြိုင်မှုတွေကို လျှော့ချဖို့အတွက် အာဏာတွေနဲ့ လူသားမျိုးနွယ်အားလုံးရဲ့ အရင်းအမြစ်တွေကို ဗဟိုချက်တစ်ခုတည်းမှာ စုစည်းချင်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့ လူသားတွေက ဒီကျယ်ပြောလှတဲ့ လောကကြီးထဲမှာ အသာစီးရနေတာ မဟုတ်ဘူး။ အရေအတွက်ပိုင်းအရကြည့်ရင် ငါတို့ လူသားတွေက အဲ့ဒီကြမ်းကြုတ်သားရဲတွေထက် အများကြီး နိမ့်ကျပါတယ်။ ထိပ်တန်း တိုက်ခိုက်နိုင်စွမ်းပိုင်းအရ ကြည့်ရင်လည်း အဲ့ဒီနတ်ဆိုးဘုရင်တွေက ငါတို့ထက် မနိမ့်ကျလှဘူး။ ဒါတင်မကသေးဘဲ နတ်ဆိုးဘုရင်တွေကိုတောင် ကျော်လွန်နေတဲ့ ကြောက်စရာကောင်းတဲ့ သက်ရှိတွေတောင် ရှိနေနိုင်သေးတယ်။ ငါတို့ လူသားတွေမှာ ဘာအသာစီးရမှုမှ မရှိဘူး”
“ငါတို့ရဲ့ တစ်ခုတည်းသော အားသာချက်က စည်းလုံးညီညွတ်မှုပဲ ဖြစ်တယ်။ သူတော်စင်ကိုးပါးရှိနေတာက ငါတို့ လူသားအားလုံးကို စည်းလုံးစေနိုင်ခဲ့တာပဲ။ နောက်ပိုင်းမှာ ဒုတိယမြောက် သူတော်စင်၊ တတိယမြောက် သူတော်စင်တွေ ပေါ်ထွက်လာခဲ့ပြီး နောက်ဆုံးမှာတော့ သူတော်စင်အရေအတွက်က ကိုးဦးအထိ တဖြည်းဖြည်း ရောက်လာခဲ့တယ်။ အန္တိမစစ်သေနာပတိချုပ်များဌာနကလည်း သူတော်စင်ကိုးပါး ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် တဖြည်းဖြည်း ဖြစ်လာခဲ့ရတယ်”
“လူတွေ ပိုများလာတာနဲ့အမျှ သဘာဝကျကျပဲ အငြင်းအခုံတွေနဲ့ အကျိုးစီးပွားတောင်းဆိုမှုတွေ ရှိလာမှာပဲ။ ဒါတွေအားလုံးက သာမန်ပါပဲ။ ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ အဓိကဒေါက်တိုင်ကြီးတွေအနေနဲ့ အစွမ်းထက်ဆုံး သိုင်းသမားတွေဖြစ်တဲ့ ငါတို့သူတော်စင်တွေက အခြေအနေအရပ်ရပ်ကို ခြုံငုံပြီးတော့ ဦးစားပေး စဉ်းစားသင့်တယ်။ သူတော်စင်ဆိုတာ ဘာလဲ။ ဒါက ဘွဲ့အမည်တစ်ခုသာပဲ။ တကယ်လို့ မင်းတို့က စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို သူတော်စင်လို့ခေါ်နိုင်ရင် ဒုတိယအကြိမ် အသွင်ပြောင်းလဲခြင်းကိုရော သူတော်စင်လို့ ဘာလို့မခေါ်နိုင်ရမှာလဲ။ သူ့မှာ စွမ်းအားရှိနေသရွေ့တော့ သူ့စွမ်းအားနဲ့ထိုက်တန်တဲ့ ဩဇာအာဏာ ဘာလို့မို့ရှိမနေရမှာလဲ”
“တကယ်လို့ လင်းဖုန်းမှာ သူတော်စင်တစ်ပါးရဲ့ စွမ်းအား ရှိနေပေမဲ့ အဲ့ဒါနဲ့ ထိုက်တန်တဲ့ အာဏာကို မရခဲ့ဘူးဆိုရင် သူ ဘယ်လိုတွေးမလဲ။ တကယ်လို့ နောင်တစ်ချိန်မှာ လင်းဖုန်းလိုလူမျိုး ထပ်ထွက်လာဦးမယ်ဆိုရင် သူတို့ရော ဘယ်လိုတွေးကြမလဲ။ ဒါက သိုင်းသမားတွေရဲ့ တိုးတက်ရာလမ်းကြောင်းကို ပိတ်ဆို့လိုက်တာမျိုး ဖြစ်မနေဘူးလား”
“ဒီလိုမျိုး ဖယ်ကြဉ်ထားမှုမျိုးကို ငါ့အနေနဲ့ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး။ မဟုတ်ရင် ငါတို့နဲ့ ရှေးခေတ်က သက်ဦးဆံပိုင် ဘုရင်စနစ်တွေနဲ့ ဘာထူးတော့မှာလဲ။ တိုးတက်ရာလမ်းကြောင်းက အမြဲတမ်း ပွင့်လင်းနေရမယ်။ သူတော်စင်တစ်ပါးရဲ့ စွမ်းအား ရှိနေသရွေ့တော့ သူက သူတော်စင်တစ်ပါးပဲ။ ပြီးတော့ အဲ့ဒီစွမ်းအားနဲ့ထိုက်တန်တဲ့ အာဏာကိုလည်း ကိုင်စွဲခွင့်ရှိရမယ်”
သူတော်စင်ခန်း၏ ရင်ထဲမှလာသော စကားများက သူတော်စင်အားလုံးကို လှုပ်ခတ်သွားစေသည်။
လူသားမျိုးနွယ်၏ ပထမဆုံးသော သူတော်စင် သူတော်စင်ခန်းကို ရှေ့ဆောင်လမ်းပြဟု လူသိများကြသည်။ သူက သူတော်စင်ကိုးပါးထဲတွင် အစွမ်းထက်ဆုံးသူ မဟုတ်သော်လည်း အလေးစားခံရဆုံးသော သူတော်စင် ဖြစ်သည်။ သူက လူသားမျိုးနွယ်တစ်ခုလုံးအတွက် စိတ်ရောကိုယ်ပါ လုံးဝမြှုပ်နှံထားခဲ့သည့် သူတော်စင်တစ်ပါးလည်း ဖြစ်၏။
သူတော်စင်ခန်း၏ စကားများက အနည်းငယ် ပွင့်လင်းပြတ်သားလွန်းလှသဖြင့် အခြားသော သူတော်စင်များအတွက် သတိပေးခေါင်းလောင်းသံတစ်ခုအလား ဖြစ်သွားရသည်။
သူတော်စင်ကိုးပါးသည်ကား လူသားမျိုးနွယ်၏ အမြင့်ဆုံးအာဏာကို အချိန်အတော်ကြာအောင် ထိန်းချုပ်ထားခဲ့ကြ၏။ ထို့ကြောင့် အချို့သောသူများက ထိုကိစ္စကို သဘာဝကျသည်ဟု ယူဆလာကြပြီး အခြားသိုင်းသမားများကို ဤအမြင့်ဆုံးအာဏာအတွင်းသို့ မဝင်ရောက်နိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ပိတ်ဆို့ရန် စဉ်းစားလာကြခြင်း ဖြစ်သည်။
လင်းဖုန်း၏ ကိစ္စရပ်က ယင်းအတွက် အကောင်းဆုံးသာဓကပင်။ သူတော်စင်ခန်းကလည်း ဤကိစ္စကို အသုံးချကာ သူတော်စင်အားလုံးကို သတိပေးရန် ဆုံးဖြတ်ထားခဲ့သည်။
“ဟုတ်တယ်။ အစ်ကိုကြီးခန်း ပြောတာ အမှန်ပဲ။ ငါတို့ အာဏာကို ကိုင်စွဲထားခဲ့တာ အချိန်အတော်ကြာပြီ။ တချို့အရာတွေကိုတော့ ထပ်ပြီး ပိတ်ဆို့မထားသင့်တော့ဘူး။ ငါ လင်းဖုန်းကို ဒသမမြောက်သူတော်စင်အဖြစ် ချက်ချင်း ခန့်အပ်ဖို့ သဘောတူတယ်။ ပြီတော့ မဟာအဖွဲ့အစည်းကြီးငါးခုကနေ လူသားအားလုံးကို ချက်ချင်း ကြေညာပေးရပါမယ်”
သူတော်စင်ယွမ်ယီ စကားဆိုလိုက်သည်။ သူက ပုံမှန်အားဖြင့် သိပ်စကားပြောလေ့မရှိသော်လည်း သူတော်စင်များကြားတွင် အလွန် ဩဇာညောင်းသူ ဖြစ်သည်။ သူ့ စွမ်းအားက သူတော်စင်များထဲတွင် ထိပ်ဆုံးသုံးဦးအတွင်း၌ပင် ရှိနေပေသည်။
“ဒါဆို ပုံမှန်အတိုင်းပဲ... မဲခွဲဖို့အတွက် လက်ထောင်ကြရအောင်”
သူတော်စင်ခန်းက ကျန်သူတော်စင်ရှစ်ဦးကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောကြားလိုက်သည်။
“ငါ သဘောတူတယ်”
“ငါ သဘောတူတယ်”
“သဘောတူပါတယ်”
သူတော်စင်ခန်းက ပထမဆုံး သဘောတူကြောင်း လက်ထောင်လိုက်သည်။ ထို့နောက် သူတော်စင်ယွမ်ယီ၊ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၊ သူတော်စင်ကက်နှင့် သူတော်စင်မပင်းယုတို့ အားလုံး သဘောတူညီခဲ့ကြသည်။
ထို့နောက် စစ်တပ်အဖွဲ့အစည်းမှ သူတော်စင်ကျိုးထျန်းချီနှင့် သူတော်စင်ပါမန်တို့ကလည်း တဖြည်းဖြည်း လက်ထောင်၍ သဘောတူခဲ့ကြသည်။
သူတော်စင် ခုနစ်ပါးက သဘောတူညီပြီးဖြစ်ရာ စီးပွားရေးအဖွဲ့အစည်းမှ သူတော်စင်ဘာတိုင်နှင့် အစိုးရအဖွဲ့အစည်းမှ သူတော်စင်ကလော့တို့ တစ်ဦးကိုတစ်ဦးကြည့်ရင်း နောက်ဆုံးတွင် လက်ထောင်ကာ သဘောတူလိုက်ကြရတော့သည်။
သူတော်စင်ကိုးပါးစလုံး သဘောတူညီခဲ့ကြလေပြီ။
သူတော်စင်များညီလာခံ၌ သူတော်စင်ကိုးပါး၏ ဆုံးဖြတ်ချက်ကို မဟာအဖွဲ့အစည်းကြီး ငါးခုထံသို့ ချက်ချင်း ပေးပို့လိုက်ကြသည်။ ထိုအထဲတွင် မက်ဆေ့ခ်ျတစ်ခုသာပါ၏။
လူသားမျိုးနွယ်၏ ဒသမမြောက်သူတော်စင် သူတော်စင်လင်းဖုန်း ပေါ်ထွက်လာခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်အပ်ပါသည် ဟူ၏။