အခန်း (၂၂၇-၂၂၈)
Vol. 23 Ch. 227-228
အခန်း (၂၂၇) တုန်လှုပ်သွားသော ကောင်းမိသားစုက အကြီးစား တိုက်ခိုက်မှုတစ်ခု စတင်လိုက်ပြီ
စုဟွာသည် သူ၏ ရှေ့ရှိ တတိယသခင်လေးကို လုံးဝ မစော်ကားရဲတော့ချေ။ တစ်ဖက်လူသည် အကြီးအကဲ သုံးဦးကို ဆက်တိုက် သတ်ပစ်ခဲ့သူ ဖြစ်ရာ သူသည် အပြင်စည်း အကြီးအကဲ တစ်ဦးမျှသာ ဖြစ်သဖြင့် အရေးပါမည် မဟုတ်ချေ။
ထို့ပြင် တတိယသခင်လေး၏ နည်းလမ်းများမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ချီဝေ့ မည်သို့ သေဆုံးသွားသည်ကို သူ ရှင်းလင်းစွာ မမြင်လိုက်ရချေ။
တစ်ဖက်လူကဲ့သို့ နတ်ဘုရားအသွင်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့် ရှိသူတစ်ဦးကိုပင် သတ်ပစ်နိုင်သည်က တတိယသခင်လေး၏ ကြောက်မက်ဖွယ်ကောင်းသော အဆင့်ကို ပြသနေပေသည်။
ထို့ကြောင့် ဤအခိုက်အတန့်တွင် စုဟွာသည် အလွန် သတိထားနေလေ၏။
တတိယသခင်လေး မည်သည့်အရာကို ပြောစေချင်သည်ဖြစ်စေ သူ ထိုအတိုင်း ပြောမည်ဖြစ်သည်။
ကျိုးယွမ်သည် စုဟွာကို ရယ်မောစွာ ကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောဆိုလိုက်လေ၏။
"အမှန်အတိုင်းပဲ ပြောလိုက်..."
ဤစကားကို ကြားချိန်၌ စုဟွာသည် သက်ပြင်းချလိုက်နိုင်လေ၏။ ဤသည်မှာ အကောင်းဆုံးပင် ဖြစ်သည်။ မဟုတ်ပါက မဟာအကြီးအကဲ၏ ဖိအားကို သူ တောင့်ခံနိုင်မည်မဟုတ်ကြောင်း စိုးရိမ်မိသောကြောင့် ဖြစ်သည်။
"တတိယသခင်လေးရဲ့ အမိန့်ကို လိုက်နာပါ့မယ်..."
စုဟွာက အလျင်အမြန် လက်နှစ်ဖက်ယှက်ကာ ပြောဆိုလိုက်ပြီးနောက် အချိန်ဆွဲမနေဘဲ ထွက်ခွာသွားလေတော့သည်။
ကျိုးယွမ်သည် ကောင်းမိသားစုမှ လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။
"အားလုံး ကိုယ့်နေရာကိုယ်နေပြီး ကျင့်ကြံကြ... မဟာအကြီးအကဲရဲ့ အမိန့်ကို စောင့်ကြ..."
ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီး ဖျက်ဆီးခံလိုက်ရကြောင်းကို ကျိုးယွမ် ကောင်းစွာ သိရှိထားပေသည်။
ကောင်းကျန်းကျွန်းသည် သေချာပေါက် ကိုယ်တိုင်ကိုယ်ကျ လာရောက် စစ်ဆေးပေလိမ့်မည်။
ကောင်းမိသားစု၏ စခန်းအတွင်း၌ ကောင်းကျန်းကျွန်းသည် ကျင့်ကြံနေစဉ် အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ရင်တုန်လာသည်ကို ခံစားလိုက်ရလေ၏။
သူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
သူ၏ ကျင့်ကြံမှုအဆင့်အရ ဤကဲ့သို့ ခံစားရခြင်းမှာ အလွန် ထူးဆန်းလှပြီး တစ်ခုခု ဖြစ်ပျက်ခဲ့ကြောင်း သေချာပေသည်။
ထိုချိန်တွင် ပဉ္စမအကြီးအကဲ ကောင်းတာဟိုင်သည် အလျင်အမြန် ရောက်ရှိလာပြီး သူ၏ မျက်လုံးများတွင် ထိတ်လန့်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။
"မဟာအကြီးအကဲ... ပြဿနာ အကြီးအကျယ် တက်နေပြီ... ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးမှာ တစ်ခုခု ဖြစ်နေပြီ..."
ဤစကားကို ကြားချိန်၌ ကောင်းကျန်းကျွန်း၏ အရှိန်အဝါ ချက်ချင်း လိမ့်တက်လာသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်မျှ မချန်ဘဲ ပျောက်ကွယ်သွားလေ၏။
"ကြယ်ကိုးလုံးဂိုဏ်းက လူတွေ ကလဲ့စားချေဖို့ လာကြတာလား..."
ကောင်းတာဟိုင်က ကောင်းကျန်းကျွန်း၏ စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းပြန်ခါကာ ပြောဆိုလိုက်လေ၏။
"မဟာအကြီးအကဲ... စုဟွာ အခုလေးတင် ပြန်ရောက်လာတယ်... သူ့ကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြခိုင်းလိုက်ပါ..."
ဤစကားကို ကြားချိန်၌ ကောင်းကျန်းကျွန်းသည် ခေါင်းမညိတ်ဘဲ မနေနိုင်ခဲ့ချေ။
မကြာမီ စုဟွာ ဝင်ရောက်လာပြီး အခြား ပြင်ပစည်း အကြီးအကဲ နှစ်ဦးဖြစ်သော ချင်ယန်ယွီ နှင့် ကျိုးစု တို့လည်း ပါဝင်လာကြသည်။
ကောင်းယန်ပင် ပေါ်လာလေ၏။
ဤကာလအတွင်း ကုသမှု ခံယူပြီးနောက် ကောင်းယန်၏ ဒဏ်ရာများမှာ တည်ငြိမ်သွားသော်လည်း သူ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေဆဲပင်။
လူတိုင်း နေရာယူပြီးနောက် ကောင်းကျန်းကျွန်းက စုဟွာကို ကြည့်ကာ ပြောဆိုလိုက်လေ၏။
"စုဟွာ... ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးမှာ မကြာသေးခင်က ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အားလုံး ငါ့ကို ပြောပြစမ်း... အတိအကျ ဘာတွေ ဖြစ်နေတာလဲ..."
ဤစကားကို ကြားချိန်၌ စုဟွာ ပေါ့ဆရန် မရဲဝံ့ဘဲ အလျင်အမြန် မတ်တပ်ရပ်ကာ ပြောဆိုလိုက်လေ၏။
"ဟုတ်ကဲ့ပါ မဟာအကြီးအကဲ..."
စုဟွာသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ တတိယသခင်လေး ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးသို့ ရောက်ရှိလာချိန်မှ စတင်ကာ နောက်ပိုင်း ဖြစ်ပျက်သမျှ အရာအားလုံးကို အကုန်အစင် ရှင်းပြလိုက်လေတော့သည်။
'ကောင်းဖေး' က လီခွေ့၊ ကောင်းဝူဖိန် နှင့် ချီဝေ့ တို့ကို သတ်ပစ်လိုက်ကြောင်း ကြားချိန်၌ ထိုနေရာရှိ လူတိုင်း အံ့အားသင့်စွာ သက်ပြင်းချလိုက်မိကြလေ၏။
လီခွေ့မှာ ကိစ္စမရှိသော်လည်း ကောင်းဝူဖိန် နှင့် ချီဝေ့ တို့မှာမူ အစစ်အမှန် နတ်ဘုရားအသွင်ပြောင်းလဲခြင်း အဆင့်ရှိ အစွမ်းထက်သူများ ဖြစ်ကြသည်။
အထူးသဖြင့် ချီဝေ့မှာ နတ်ဘုရားအသွင်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့် ရှိသူဖြစ်သည်။
ဤအခိုက်အတန့်တွင် ကောင်းတာဟိုင်၊ ချင်ယန်ယွီ နှင့် ကျိုးစု တို့ သုံးဦး၏ မျက်လုံးများတွင် ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။
ကောင်းယန်မှာ ပို၍ပင် အံ့အားသင့်သွားပြီး မတ်တပ်ရပ်ကာ စုဟွာကို ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေ၏။
"စုဟွာ... မင်း သေချာစဉ်းစားတာ ပိုကောင်းမယ်... အဓိပ္ပာယ်မရှိတာတွေ ပြောနေရင် မိသားစု စည်းမျဉ်းတွေနဲ့ အပြစ်ပေးခံရမယ်…”
"ကောင်းဖေးမှာ အဲ့ဒီလောက် အစွမ်းမရှိပါဘူး... အကောင်းဆုံး အခြေအနေမှာတောင် သူက ငါနဲ့ အဆင့်တူလောက်ပဲ ရှိတာ..."
ကောင်းယန်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ လုံးဝ မယုံကြည်ချေ။
သူ၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။
အကယ်၍ ကောင်းဖေးသာ တကယ် ဤမျှလောက် အစွမ်းထက်ပါက သူ အနာဂတ်တွင် သေချာပေါက် သေရပေလိမ့်မည်။
‘မဖြစ်ဘူး... ဒီကောင်လေးကို ဆက်ပြီး အသက်ရှင်ခွင့် ပေးထားလို့ လုံးဝမဖြစ်ဘူး... ဘာပဲဖြစ်ဖြစ် သူ့ကို ငါ သတ်ရမယ်…’
‘အရိပ်ခန်းမက ခွေးမသားတွေ... သူတို့က အစွမ်းထက်တယ်လို့ ကြွားလုံးထုတ်နေတာ မဟုတ်ဘူးလား…’
‘ကောင်းဖေးတစ်ယောက်တည်းကိုတောင် သူတို့ ဘယ်လိုများ မသတ်နိုင်ရတာလဲ…’
ကောင်းယန်၏ စိတ်နှလုံးထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ လိမ့်တက်လာပြီး တစ်ချိန်တည်းမှာပင် အရိပ်ခန်းမ အပေါ်တွင်လည်း အလွန်အမင်း မကျေနပ်မှုများ ဖြစ်ပေါ်လာလေ၏။
စုဟွာသည် ကောင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောဆိုလိုက်လေ၏။
"မဟာအကြီးအကဲ၊ သခင်လေး နဲ့ အကြီးအကဲများအားလုံး... ကျွန်တော် စုဟွာ ကောင်းကင်တာအိုကျိန်စာ ဆိုဝံ့ပါတယ်..."
"အကယ်၍ ကျွန်တော် အခုလေးတင် ပြောခဲ့တဲ့ စကားတွေထဲမှာ အလိမ်အညာ တစ်ခွန်းပါခဲ့ရင် ကောင်းကင်က မိုးကြိုးကျပြီး ကျွန်တော့်ကို ပြာအဖြစ် ပြောင်းလဲသွားပါစေ..."
စုဟွာ၏ မျက်နှာပေါ်တွင် ပြတ်သားသော အမူအရာတစ်ခု ပေါ်လာပြီး သူ၏ စကားများကို တုံ့ပြန်သည့်အလား ကောင်းကင်ယံမှ ကျယ်လောင်သော မိုးချုန်းသံ နှစ်ခု တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေ၏။
စုဟွာ၏ စကားကို ကြားချိန်၌ ကောင်းယန်၏ မျက်နှာသည် ချက်ချင်း သွေးဆုတ်သွားလေ၏။
သူ နောက်သို့ တစ်လှမ်း ဆုတ်သွားပြီး သူ၏ ထိုင်ခုံပေါ်သို့ ဖုန်းခနဲ ပြုတ်ကျသွားလေသည်။
စုဟွာက ယခုလေးတင် ကောင်းကင်တာအိုကျိန်စာကို ဖော်ပြခဲ့ချိန်တွင် 'ကောင်းဖေး' နှင့် သူ၏ လောင်းကြေးကို မဖြည့်ဆည်းရသေးကြောင်း သူ သတိရသွားလေ၏။
ထိုကဲ့သို့သော စကားမျိုးကို သူ တကယ်တမ်း မပြောထွက်ခဲ့ချေ။ မဟုတ်ပါက နှစ်များစွာအတွင်း သူ တည်ဆောက်ထားခဲ့သမျှ ဂုဏ်သတင်းများ အားလုံး ပျက်စီးသွားပေလိမ့်မည်။
သို့သော် ဤကိစ္စကို ဤအတိုင်း အချိန်ဆွဲထား၍ မရနိုင်ချေ။ ဖြေရှင်းရန် နည်းလမ်းရှာရမည် ဖြစ်သည်။
စုဟွာ၏ ပြတ်သားသော စကားများကြောင့် ခန်းမအတွင်း ချက်ချင်း တိတ်ဆိတ်သွားလေ၏။
ကောင်းကျန်းကျွန်းမှာလည်း အံ့အားသင့်နေပုံရလေသည်။
ဤတတိယသခင်လေးကို သူ တတ်နိုင်သမျှ အထင်ကြီးထားခဲ့သော်လည်း သူ လျှော့တွက်မိနေဆဲပင် ဖြစ်မည်ဟု မထင်မှတ်ထားခဲ့ချေ။
သို့သော် ဤအခိုက်အတန့်တွင် ကောင်းကျန်းကျွန်း၏ အဓိက အာရုံစိုက်မှုမှာ ဤကိစ္စအပေါ်တွင် မဟုတ်ဘဲ ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီး အပေါ်တွင်သာ ဖြစ်သည်။
"စုဟွာ... မင်း အခုလေးတင်က ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးမှာ တူးဖော်ရရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေက ဝိညာဉ်စွမ်းအင် တစ်စက်လေးမှ မရှိဘူးလို့ ပြောခဲ့တယ်နော်... အဲ့ဒါ တကယ်ပဲလား..."
ဤစကားကို ကြားချိန်၌ စုဟွာက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ပြောဆိုလိုက်လေ၏။
"မဟာအကြီးအကဲ... ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဘယ်လိုလုပ် လိမ်ပြောရဲမှာလဲ... အခု ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးမှာ တူးဖော်မှုတွေ ရပ်နားထားရပါတယ်..."
"ပြီးတော့ လမ်းတစ်လျှောက်မှာ သစ်တောတွေ အများကြီး ညှိုးနွမ်းနေတာကို ကျွန်တော် တွေ့ခဲ့တယ်... ကောယာတောင်က သူ့ရဲ့ ဝိညာဉ်စွမ်းအင် တစ်ဝက်လောက် လျော့ကျသွားသလိုပဲ..."
"ဝိညာဉ်ကျောက်တုံး တူးဖော်နေတဲ့ သူတွေကိုလည်း ကျွန်တော် မေးကြည့်ပြီးပြီ... သူတို့က ဝိညာဉ်စွမ်းအင်တွေ ဒီရေလို လျင်မြန်စွာ ခန်းခြောက်သွားတာကို ခံစားလိုက်ရတယ်လို့ ပြောတယ်... ဒါပေမဲ့ ဘာဖြစ်သွားမှန်း သူတို့ မသိကြဘူးတဲ့..."
ဤစကားကို ကြားချိန်၌ ခန်းမအတွင်းရှိ လူတိုင်း အလိုအလျောက် တည်ကြည်လေးနက်သွားကြလေ၏။
ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးသည် အနာဂတ်တွင် ကောင်းမိသားစု၏ အခြေခံအုတ်မြစ်နှင့် သက်ဆိုင်နေပြီး လုံးဝ ဆုံးရှုံးခံ၍ မဖြစ်နိုင်ချေ။
ကောင်းကျန်းကျွန်း၏ အမူအရာမှာ တည်ကြည်လေးနက်နေပြီးနောက် သူ မတ်တပ်ရပ်ကာ ပြောဆိုလိုက်လေ၏။
"အကြီးအကဲ ချင်ယန်ယွီ... ငါနဲ့အတူ ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးကို လိုက်ခဲ့..."
"ကျန်တဲ့သူတွေ ဒီမှာနေပြီး ငါ ပြန်လာတာကို စောင့်နေကြ..."
"ကြယ်ကိုးလုံးဂိုဏ်းက အများကြီး ဆုံးရှုံးသွားတယ်... သူတို့ သေချာပေါက် ဒီအတိုင်း နေမှာ မဟုတ်ဘူး... ဒါကြောင့် ကြယ်ကိုးလုံးဂိုဏ်းက လူတွေ ကလဲ့စားချေဖို့ ရောက်လာရင် အချိန်နည်းနည်း ဆွဲထားပြီး ငါ ပြန်လာတာကို စောင့်နေကြ..."
ကောင်းကျန်းကျွန်း စကားပြောပြီးနောက် အခန်းတွင်းရှိ လူများကို ဝေ့ကြည့်လိုက်လေ၏။
ကောင်းတာဟိုင် နှင့် ကျိုးစု တို့ အလျင်အမြန် မတ်တပ်ရပ်ပြီး အမိန့်ကို နာခံကြောင်း အရိုအသေပေးလိုက်ကြလေသည်။
သစ်တုံးတစ်တုံးကဲ့သို့ မလှုပ်မယှက်ဖြစ်နေသော ကောင်းယန်ကို မြင်သောအခါ ကောင်းကျန်းကျွန်းက သူ့ကို လျစ်လျူရှုလိုက်သည်။
ကောင်းကျန်းကျွန်းက ချင်ယန်ယွီကို ခေါ်ဆောင်ပြီး ကောင်းမိသားစု စခန်းမှ ထွက်ခွာကာ ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးရှိရာသို့ တည့်မတ်စွာ ဦးတည်သွားလေတော့သည်။
ဤအခိုက်အတန့်တွင် ကောယာတောင် နှင့် စုန်းဟူနယ်မြေ တစ်ခုလုံးရှိ အဓိက အင်အားစု အားလုံး အုတ်အော်သောင်းနင်း ဖြစ်နေကြလေပြီ။
သူတို့ ဝိညာဉ်ကျောက်တုံးများကို ကောင်းမွန်စွာ တူးဖော်နေစဉ် သတ္တုတွင်းကြီးများ ရုတ်တရက် ပြဿနာတက်သွားပြီး တူးဖော်ရရှိသော ဝိညာဉ်ကျောက်တုံးများမှာ အသုံးမဝင်တော့ခြင်း သို့မဟုတ် ဝိညာဉ်စွမ်းအင်များ သိသိသာသာ လျော့ကျသွားခြင်းများ ဖြစ်ပေါ်လာလေ၏။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပေါင်းမှသာ မူလ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ညီမျှတော့ရာ ဤအရာက လူတိုင်းကို လုံးဝ ဇဝေဇဝါ ဖြစ်သွားစေလေသည်။
ဘာတွေဖြစ်သွားမှန်း မည်သူမျှ မသိကြချေ။
ကောယာတောင်၏ ဝိညာဉ်စွမ်းအင်များ သိသိသာသာ လျော့ကျသွားကြောင်းကို လူတိုင်းနီးပါး ရှင်းလင်းစွာ ခံစားနိုင်ကြပေသည်။
မိသားစုများ သို့မဟုတ် ဂိုဏ်းအသီးသီးသည် ဤကိစ္စကို ဆွေးနွေးရန် အစည်းအဝေးများ ကျင်းပခဲ့ကြသော်လည်း သဘာဝကျကျပင် မည်သည့် ရလဒ်မျှ မထွက်ပေါ်လာခဲ့ချေ။
သို့သော် ထိုချိန်တွင် အပ်တစ်ထောင်နယ်မြေမှ စုန်းဟူနယ်မြေသို့ အကြီးစား တိုက်ခိုက်မှုတစ်ခု စတင်လိုက်ပြီဖြစ်ပြီး အပ်တစ်ထောင်နယ်မြေမှ ကျင့်ကြံသူ သောင်းနှင့်ချီ၍ ကောယာတောင်အတွင်းသို့ ဝင်ရောက်လာကြလေ၏။
ခဏအတွင်းမှာပင် တိုက်ပွဲဝင်သံများ ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားပြီး နယ်မြေနှစ်ခုလုံးတွင် သေဆုံးမှုများ ဆက်တိုက် ဖြစ်ပေါ်လာလေတော့သည်။
နယ်မြေနှစ်ခုကြားမှ ဤတိုက်ပွဲကြီးသည် တဖြည်းဖြည်း ပြောင်းလဲသွားပြီ ဖြစ်သည်။
ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီး မရှိလျှင်တောင်မှ သူတို့ ရပ်တန့်နိုင်တော့မည် မဟုတ်ချေ။ အကြောင်းမှာ နှစ်ဖက်စလုံးသည် အချင်းချင်း၏ သွေးများဖြင့် အများအပြား စွန်းထင်းနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။
သွေးကြွေးများကို သွေးဖြင့်သာ ပြန်ဆပ်နိုင်ပေမည်။
အခန်း (၂၂၈) စစ်ပွဲကြီး စတင်ပြီ
စုဟွာ ထွက်သွားပြီးနောက် ကျိုးယွမ်သည် သူ၏ စနစ် အချက်အလက်များကို စတင်စစ်ဆေးလေ၏။
[ပိုင်ရှင်: ကျိုးယွမ်]
[ကျင့်စဉ်အဆင့်: အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်: ၅၀၇၈၁၂၇၅/၆၀၀၀၀၀၀]
[သက်တမ်း: ၂၇/၈၅၃၂၆.၈]
[ပါရမီ: တာအိုတားမြစ်ခြင်းဝိညာဉ်သွေးကြော၊ မျိုးရိုးဗီဇပြောင်း မိုးကြိုးဝိညာဉ်သွေးကြော၊ မျိုးရိုးဗီဇပြောင်း မီးဝိညာဉ်သွေးကြော]
[ကံကြမ္မာတန်ဖိုး: ၅၈၄၃၄၄]
[ကျွမ်းကျင်မှုများ: အဆင့်မြင့် မီးတောက်မန္တန်၊ အဆင့်မြင့် ဝိညာဉ်ဖမ်း ဝင်္ကပါ]
[အထူးစွမ်းရည်များ: မျက်နှာ တစ်ထောင် ကျင့်စဉ်၊ အချိန်ကိုဖျက်ဆီးခြင်း နည်းစနစ်၊ ကောင်းကင်ဆင့်ကဲဖြစ်စဉ် ကျင့်စဉ်၊ အရှိန်အဝါဖုံးကွယ်ခြင်း ကျင့်စဉ် (အဆင့် ၅)၊ အဆင့် ၄ အဆောင်သခင်]
သက်တမ်း အနှစ်ငါးထောင်ကို အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် လူအနည်းငယ်ကို သတ်ဖြတ်လိုက်သဖြင့် သက်တမ်း အနည်းငယ် ပြန်တက်လာခဲ့သည်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင် သုံးထောင်ခန့် လျော့နည်းနေဆဲပင်။
ကျိုးယွမ်၏ မျက်လုံးများ တောက်ပနေလေ၏။ ယခုတစ်ကြိမ်တွင် သူ တကယ်ကို ထီပေါက်သွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် သုံးရက်ကြာ ကျိုးယွမ်သည် အရှိန်အဝါဖုံးကွယ်ခြင်း ကျင့်စဉ်ကို ကျင့်ကြံနေခဲ့သော်လည်း အဆင့်မတက်နိုင်ခဲ့ချေ။
တတိယမြောက်နေ့ ညနေပိုင်းတွင် ကောင်းကျန်းကျွန်း နှင့် ချင်ယန်ယွီ တို့ ရောက်ရှိလာကြလေ၏။
"မဟာအကြီးအကဲကို ဂါရဝပြုပါတယ်... အကြီးအကဲချင် ကို ဂါဝရပြုပါတယ်..."
ကျိုးယွမ်သည် သူတို့နှစ်ဦးကို ပြုံးလျက် နှုတ်ဆက်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ပျင်းရိသော အမူအရာတစ်ခု ပေါ်လွင်နေလေ၏။
ကောင်းကျန်းကျွန်းသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ကျိုးယွမ်ကို လျစ်လျူရှုလိုက်လေသည်။
ကောင်းဝူဖိန်တို့ကို သူ မလွှတ်မီကတည်းက အကျိုးဆက်များကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။
သို့သော် ဤလူက ကြယ်ကိုးလုံးဂိုဏ်းမှ လူတိုင်းကို နှစ်ကြိမ်တိုင်တိုင် သတ်ပစ်လိုက်ခြင်းမှာ အနည်းငယ် လွန်လွန်းလှပေသည်။
ကြယ်ကိုးလုံးဂိုဏ်းက ဤအတိုင်း လွှတ်ထားမည် မဟုတ်ချေ။
ကောင်းမိသားစုနှင့် ကြယ်ကိုးလုံးဂိုဏ်းတို့ကြားတွင် သေချာပေါက် တိုက်ပွဲတစ်ခု ဖြစ်ပွားလာမည်ဖြစ်ပြီး ကောင်းကျန်းကျွန်း၏ စိတ်နှလုံးထဲတွင် ရှင်းလင်းသော အစီအစဉ်တစ်ခု ရှိနေလေ၏။
ကောင်းကျန်းကျွန်းက ဤကဲ့သို့ ဟန်ရေးပြဝံ့သော်လည်း ချင်ယန်ယွီမှာမူ မရဲဝံ့ချေ။
တတိယသခင်လေးအကြောင်း စုဟွာ၏ မိတ်ဆက်မှုကို နားထောင်ပြီးနောက် တတိယသခင်လေးမှာ သူ စော်ကား၍ ရမည့်သူ မဟုတ်ကြောင်း သူ့ကိုယ်သူ တိတ်တဆိတ် သတိပေးလိုက်လေ၏။
"တတိယသခင်လေး... ယဉ်ကျေးနေပါပြီ... မကြာသေးခင်က အရမ်းကြိုးစားခဲ့တော့ ပင်ပန်းနေရမှာပဲ..."
ချင်ယန်ယွီသည် တောက်ပသော အပြုံးဖြင့် ပြန်လည် ဖြေကြားလိုက်ပြီး သူ၏ အမူအရာမှာ အလွန် ယဉ်ကျေးကာ အနည်းငယ် မျက်နှာချိုသွေးနေသဖြင့် ကောင်းကျန်းကျွန်းကို အတော်လေး ဆွံ့အသွားစေလေ၏။
‘ဘယ်လိုပဲ ကြည့်ကြည့် သူတို့က အကြီးအကဲတွေပဲ... ဘယ်လိုလုပ် ဒီလောက်တောင် ဂုဏ်သိက္ခာမဲ့နိုင်ရတာလဲ။’
အကယ်၍ ကောင်းကျန်းကျွန်း၏ အတွေးကို ချင်ယန်ယွီသာ သိရှိပါက သူ ချက်ချင်း ငြင်းဆိုပေလိမ့်မည်။
သူသည် နတ်ဘုရားအသွင်ပြောင်းလဲခြင်း အလယ်အလတ်အဆင့်မျှသာ ရှိပြီး ဤတတိယသခင်လေး၏ ရှေ့တွင် ဂုဏ်ယူဝင့်ကြွားစရာ အရည်အချင်း လုံးဝ မရှိချေ။
သူ ဘယ်လိုလုပ် ဂုဏ်ယူဝင့်ကြွားနိုင်မည်နည်း။
ဂုဏ်သိက္ခာဆိုသည်မှ ဘယ်သူနှင့် ဆက်ဆံနေသလဲ ဆိုသည့်အပေါ် မူတည်ပေသည်။
"ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကိစ္စ စုံစမ်းပြီးပြီလား... အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲ..."
ကောင်းကျန်းကျွန်းသည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သူ့အတွက် အရေးကြီးဆုံး ကိစ္စကို တိုက်ရိုက် မေးမြန်းလိုက်လေ၏။
"မဟာအကြီးအကဲ... ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးကတော့ ပျက်စီးသွားပြီ... ဒါပေမဲ့ အတိအကျ ဘာဖြစ်သွားလဲဆိုတာ ကျွန်တော် မသိဘူး..."
ကျိုးယွမ်သည် တည်ငြိမ်စွာ ပြောဆိုလိုက်သော်လည်း အတွင်းစိတ်ထဲတွင် ရယ်မောမနေဘဲ မနေနိုင်ခဲ့ချေ။
‘မင်း ငါ့ကို ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကို ပို့ဖို့ပြောထားမှတော့... ငါ မင်းကို ချက်ချင်း ပေးပစ်လိုက်မယ်’
ဤစကားကို ကြားချိန်၌ ကောင်းကျန်းကျွန်း၏ ခန္ဓာကိုယ် ဝေဝါးပြီး ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးဆီသို့ တည့်မတ်စွာ ပြေးဝင်သွားရာ ချင်ယန်ယွီကလည်း အနီးကပ် လိုက်ပါသွားလေ၏။
ကျိုးယွမ်ကတော့ လိုက်မသွားခဲ့ချေ။ သူသည် ထိုနေရာသို့ တစ်ကြိမ် ရောက်ဖူးပြီးဖြစ်ကာ အတွင်းရှိ ဝိညာဉ်ကျောက်တုံးများမှာ ပုံသဏ္ဌာန်သာ ကျန်ရှိတော့ပြီး ဝိညာဉ်စွမ်းအင် အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဤအရာအားလုံးမှာ သူ၏ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း တွေးမိချိန်တွင် ကျိုးယွမ်၏ မျက်လုံးများ တောက်ပသွားလေ၏။
တစ်နာရီခန့် အကြာတွင် ကောင်းကျန်းကျွန်း နှင့် ချင်ယန်ယွီ တို့သည် ရေကဲ့သို့ မည်းမှောင်နေသော မျက်နှာများဖြင့် ဝိညာဉ်ကျောက်တုံး သတ္တုတွင်းထဲမှ ထွက်လာကြလေ၏။
သူတို့၏ စိတ်နှလုံးများမှာ ပုံမှန်မဟုတ်ဘဲ လေးလံနေလေသည်။
ဤဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးသည် အမှန်တကယ် ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး အတွင်းရှိ ဝိညာဉ်ကျောက်တုံးများတွင် ဝိညာဉ်စွမ်းအင် လုံးဝ မကျန်ရှိတော့ချေ။
ကောင်းကျန်းကျွန်း စကားပြောရန် ပြင်လိုက်ချိန်တွင် ကောင်းကင်ယံ၌ ဧရာမ ကြေးဝါခေါင်းလောင်းကြီး တစ်လုံး ရုတ်တရက် ပေါ်လာလေ၏။
ဤခေါင်းလောင်းကြီးသည် တကယ်တမ်း တည်ရှိနေခြင်း မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထွက်ပေါ်နေလေသည်။
"စုန်းဟူနယ်မြေက ကျင့်ကြံသူတွေ အားလုံး နားထောင်ကြ... အပ်တစ်ထောင်နယ်မြေက စုန်းဟူနယ်မြေကို အကြီးစား တန်ပြန်တိုက်ခိုက်မှု စတင်လိုက်ပြီ... အားလုံး ရှေ့တန်းကို မြန်မြန် လာစုဝေးကြစမ်း..."
ကြေးဝါခေါင်းလောင်းကြီးမှ အသံတစ်ခု ထွက်ပေါ်လာပြီး ကောယာတောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားကာ စုန်းဟူနယ်မြေ၏ ကြီးငယ်မရွေး အင်အားစု အားလုံး ဤစကားများကို ကြားလိုက်ရလေ၏။
ကောင်းကျန်းကျွန်း၏ အမူအရာ အလွန်အမင်း တည်ကြည်လေးနက်သွားပြီးနောက် ပြောဆိုလိုက်လေ၏။
"ကောင်းအောက်... မင်း ဒီမှာနေခဲ့ပြီး မိုင်းလုပ်သားတွေ အားလုံးကို ကောင်းမိသားစု စခန်းဆီ ပြန်ပို့ဖို့ စီစဉ်လိုက်..."
"ကျန်တဲ့ ရွှေအမြုတေအဆင့်နဲ့ အထက်က လူတွေ အားလုံး ရှေ့တန်းကို ငါနဲ့ လိုက်ခဲ့... အမှားအယွင်း မရှိစေနဲ့..."
ကောင်းအောက်သည် နတ်ဘုရားအသွင်ပြောင်းလဲခြင်း အလယ်အလတ်အဆင့် ရှိသူဖြစ်သည်။
သူသည် အသက် နှစ်ဆယ်ကျော်ခန့်သာ ရှိပုံရသော်လည်း တကယ်တမ်းတွင် အသက် နှစ်ရာကျော်နေပြီ ဖြစ်သည်။
သူသည် ကောင်းမိသားစု၏ မျိုးဆက်သစ်များထဲတွင် အတော်လေး ထူးချွန်သူ ဖြစ်လေသည်။
ဤအခိုက်အတန့်တွင် ကောင်းကျန်းကျွန်း၏ စကားကို ကြားသောအခါ သူ အလျင်အမြန် လက်နှစ်ဖက်ယှက်ကာ ပြောဆိုလိုက်လေ၏။
"ဟုတ်ကဲ့ပါ မဟာအကြီးအကဲ..."
ကျန်ရှိနေသော ရွှေအမြုတေအဆင့်နှင့် အထက် ကျင့်ကြံသူများ အားလုံးသည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ရှေ့သို့ တစ်လှမ်း တက်လာကြလေ၏။
ကောင်းကျန်းကျွန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ လူတစ်ရာဆန့်သော ပျံသန်းရေးသင်္ဘော တစ်စင်း ပေါ်လာလေ၏။ ဤသည်မှာ ပျံသန်းရေး ဝိညာဉ်လက်နက် တစ်ခု ဖြစ်သည်။
ပျံသန်းရေးသင်္ဘော ပေါ်လာသည်ကို မြင်သောအခါ လူတိုင်း ခုန်တက်ကာ သင်္ဘောပေါ်သို့ တက်ရောက်သွားကြလေ၏။
ကျိုးယွမ်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ကျဲ့ယွင်ဇီ နှင့် ကျဲ့ချင်းဟယ် တို့နှင့်အတူ ပျံသန်းရေးသင်္ဘောပေါ်သို့ ပျံသန်းသွားလေ၏။
ဤအခိုက်အတန့်တွင် ကျိုးယွမ်၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေ၏။ သူ နောက်ဆုံးတွင် စစ်မြေပြင်ထဲသို့ တကယ်တမ်း ဝင်ရောက်ရတော့မည် ဖြစ်သည်။
သေချာသည်မှာ ကျိုးယွမ်သည် အပ်တစ်ထောင်နယ်မြေမှ ဖြစ်သော်လည်း သူ ဤနေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ကြယ်ကိုးလုံးဂိုဏ်းက သူ့ကို သေချာပေါက် အလွတ်ပေးမည် မဟုတ်ချေ။
ထိုအချိန်ရောက်လာပါက ကောင်းကျန်းကျွန်း မည်သို့ ကိုင်တွယ်မည်ကို ကျိုးယွမ် ကြည့်ရှုချင်နေလေ၏။
ကောင်းကျန်းကျွန်းသည် ပျံသန်းရေးသင်္ဘော၏ ရှေ့ဆုံးတွင် ရပ်နေပြီး သူ၏ အကြည့်များက ကျိုးယွမ်အပေါ် ကျရောက်သွားကာ သူ၏ မျက်ခုံးကြားတွင် စိုးရိမ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။
သို့သော် ချီဝေ့ပင်လျှင် ဤကျိုးယွမ်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း တွေးမိချိန်တွင် သူ၏ စိတ်နှလုံး အနည်းငယ် ပို၍ သက်သာရာ ရသွားလေ၏။
ကောင်းကျန်းကျွန်းသည် 'ကောင်းဖေး' ဆိုသည့်လူကို ချမ်းသာခွင့်ပေးရန် လျှို့ဝှက်စွာ ဆုံးဖြတ်လိုက်လေ၏။
ကောင်းမိသားစုသည် အစွမ်းထက်သော မိသားစုခေါင်းဆောင်တစ်ဦး လိုအပ်ပြီး၊ ကောင်းမိသားစုကို ပိုမိုမြင့်မားသော အဆင့်သို့ ဦးဆောင်သွားနိုင်မည့် ပြတ်သားသော မိသားစုခေါင်းဆောင်တစ်ဦးကို ပို၍ပင် လိုအပ်ပေသည်။
မိသားစုခေါင်းဆောင် ကောင်းယွီရှန်းသည် ကောင်းမိသားစု၏ ခေါင်းဆောင် ဖြစ်သော်လည်း ကောင်းမိသားစု၏ ကိစ္စရပ်များကို သူ ဆုံးဖြတ်၍ မရချေ။
ကောင်းမိသားစု ဘိုးဘေး ရှိနေသေးသောကြောင့် ဖြစ်သည်။
ကောင်းကျန်းကျွန်းသည် 'ကောင်းဖေး' ကို ကောင်းမိသားစု၏ ခေါင်းဆောင်ဖြစ်လာစေရန် အပြည့်အဝ ထောက်ခံပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
သူ၏ ရှေ့ရှိ ကောင်းဖေးမှာ အယောင်ဆောင်တစ်ဦး ဖြစ်ကြောင်း ကောင်းကျန်းကျွန်း လုံးဝ မသိခဲ့ချေ။
ဤအခိုက်အတန့်တွင် စုန်းဟူနယ်မြေ တစ်ခုလုံးရှိ အဓိက အင်အားစု အားလုံးသည် ကောင်းမိသားစုကဲ့သို့ စုရုံးကာ ရှေ့တန်းသို့ ဦးတည်နေကြပြီး တစ်ဦးစီတိုင်းထံမှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေလေ၏။
ဤသည်မှာ ပြည်နယ်စစ်ပွဲတစ်ခု ဖြစ်ပြီး ဂိုဏ်းတစ်ခု သို့မဟုတ် မိသားစုတစ်ခု၏ ရန်ငြိုး မဟုတ်ချေ။
စုန်းဟူနယ်မြေ ဖြစ်စေ၊ အပ်တစ်ထောင်နယ်မြေ ဖြစ်စေ မည်သူကမျှ အရှုံးမခံနိုင်ကြချေ။
အကယ်၍ သူတို့ ရှုံးနိမ့်သွားပါက နေရာတိုင်းတွင် ဖိနှိပ်ခံရရုံသာမက နယ်မြေတစ်ခုလုံး ခေါင်းမော့နိုင်တော့မည် မဟုတ်ချေ။
ထို့ပြင် ဤကိစ္စတွင် ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကြီးပါ ပါဝင်နေသဖြင့် လုံးဝ အမှားခံ၍ မဖြစ်နိုင်ချေ။
စုန်းဟူနယ်မြေနှင့် အပ်တစ်ထောင်နယ်မြေ တို့၏ အင်အားမှာ ခန့်မှန်းခြေ တူညီကြပေသည်။
အကယ်၍ ပြည်နယ်စစ်ပွဲတွင် အနိုင်ရရှိပါက ရှုံးနိမ့်သောဘက်သည် လျော်ကြေး အမြောက်အမြား ပေးဆောင်ရမည် ဖြစ်သည်။
ဤအချက် တစ်ချက်တည်းကပင် အင်အားစုတိုင်း မမြင်တွေ့ချင်သော အရာတစ်ခု ဖြစ်ပေသည်။
ဤအခိုက်အတန့်တွင် အပ်တစ်ထောင်နယ်မြေနှင့် စုန်းဟူနယ်မြေတို့၏ နယ်စပ်တွင် တိုက်ပွဲဝင်သံများ ကောင်းကင်ယံသို့ ပဲ့တင်ထပ်နေလေ၏။
အပ်တစ်ထောင်နယ်မြေမှ လူများသည် ကောယာတောင်အတွင်းသို့ ဒီရေအလား ဝင်ရောက်လာကြပြီး မှော်လက်နက်များနှင့် ဝိညာဉ်လက်နက် အမျိုးမျိုးကို အစွမ်းကုန် အသုံးပြုနေကြလေ၏။
အချိန်တိုင်းမှာပင် လူများ သေဆုံးနေကြလေသည်။
ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ် ဒါဇင်ပေါင်းများစွာ ရပ်နေပြီး ထက်ဝက်မှာ အပ်တစ်ထောင်နယ်မြေမှ ဖြစ်ကာ ကျန်ထက်ဝက်မှာ စုန်းဟူနယ်မြေမှ ဖြစ်လေ၏။
ဤအုပ်စုသည် အလွန်မြင့်မားသော ကျင့်ကြံမှု ရှိကြပြီး သူတို့ထဲတွင် အားအနည်းဆုံးသူမှာပင် အခြေတည်စိတ်ဝိညာဉ်အဆင့်တွင် ရှိကြလေသည်။
ဤအုပ်စုနှစ်စုသည် လှုပ်ရှားခြင်း မရှိဘဲ အောက်ဘက်ရှိ ပြင်းထန်သော တိုက်ပွဲကို အေးစက်စွာ စိုက်ကြည့်နေကြလေ၏။
ဤသည်မှာ နယ်မြေနှစ်ခုလုံးမှ လူများကို စမ်းသပ်သည့် ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်သည်။
သူတို့သည် အဆုံးအဖြတ်ပေးသော အခန်းကဏ္ဍမှ မပါဝင်သော်လည်း စစ်မြေပြင်၏ ဦးတည်ချက်ကို လမ်းညွှန်ပေးနိုင်ဆဲပင်။
စစ်ပွဲသည် ကြာရှည်သည်နှင့်အမျှ ခံတပ်၏ အခြေခံအုတ်မြစ်များ တဖြည်းဖြည်း ယိုင်နဲ့လာသည်။
"သတ်..."
တစ်ဦးစီတိုင်း၏ မျက်လုံးများမှာ သွေးဆာနေပြီး မိမိတို့၏ အသက်အန္တရာယ်ကို လျစ်လျူရှုကာ အချင်းချင်းဆီသို့ ပြေးဝင်သွားကြလေ၏။
သေချာသည်မှာ အချို့က ကြောက်လန့်ပြီး ဆုတ်ခွာခဲ့ကြသော်လည်း သူတို့၏ ကံကြမ္မာမှာ အဆိုးရွားဆုံး ဖြစ်ခဲ့သည်။ ကောင်းကင်ယံမှ ဓားချီများ ပစ်ထွက်လာပြီး ဆုတ်ခွာနေသူ အားလုံးကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်လေ၏။
"ကြောက်လန့်ပြီး ဆုတ်ခွာတဲ့သူတွေကို ညှာတာမှုမရှိဘဲ ကွပ်မျက်ရမယ်..."
စုန်းဟူနယ်မြေဖြစ်စေ၊ အပ်တစ်ထောင်နယ်မြေဖြစ်စေ အေးစက်သော စကားများကို ပြောဆိုခဲ့ကြပြီး သေရမည်ကို ကြောက်ရွံ့သူများအပေါ် လုံးဝ သည်းခံမှု မရှိကြောင်း ပြသခဲ့ကြလေ၏။