အခန်း ၄
Vol. 1 Ch. 4
အခန်း (၄) - ငါ၏နတ်စင်ဂေါပကအဖြစ် ခံယူပြီး ငါ့ကိုယ်စား လောကအလယ်တွင် လျှောက်လှမ်းတော့
"ဒီ လီယူမင်က တော်တော်လေး အဆင်ပြေသားပဲ"
"ငယ်ငယ်တုန်းကလည်း ဉာဏ်ကောင်းပြီး ကိုယ်ပိုင်ကျောင်းမှာ သုံးနှစ်လောက် စာသင်ခဲ့ဖူးတယ်… အပြင်လောကမှာလည်း (၁၂) နှစ်လောက် ကျင်လည်ခဲ့ဖူးတော့ လီရွာမှာ သူ့ကို အားလုံးက လေးစားကြတယ်"
"သူ့လူငယ်ဘဝမှာ ကျောက်ဖျာခွဲ လက်ဝါးအတတ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ပြီး သွေးသားစွမ်းအင် နှစ်ကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ဖူးတဲ့ ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင် တစ်ယောက်ပေါ့"
"စိတ်ဓာတ်ကလည်း တော်တော်ကောင်းတယ်… ဘယ်သူ့ကိုမှလည်း ဒုက္ခပေးခဲ့တာ မရှိဘူး"
လီယွဲ့ ခေါင်းညိတ်လိုက်ပြီး လီယူမင်ကို သူ၏ နတ်စင်ဂေါပကအဖြစ် ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
အဆင့်ဘီ ယုံကြည်သူ ငါးယောက်ထဲတွင် လီယူမင် တစ်ယောက်သာလျှင် အပြင်လောကသို့ ထွက်ဖူးပြီး အတွေ့အကြုံနှင့် အမြင်ကျယ်မှု ရှိသူ ဖြစ်သည်။ သူသည် မြေစောင့်နတ်စင်၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ယခုအချိန်မှာ ချောင်အချိန် - မနက် ၁ နာရီမှ ၃ နာရီကျော်နေပြီ ဖြစ်သည်။ သေချာသည်မှာ သူ၏ နတ်ဘုရားရာထူး တိုးမြှင့်ခြင်းမှာ အချိန်တော်တော်ယူခဲ့ရခြင်း ဖြစ်၏။
လီရွာမှာ ငြိမ်းချမ်းသာယာလှပြီး ဤကဲ့သို့ ညဉ့်နက်ပိုင်းအချိန်တွင် ပို၍ပင် တိတ်ဆိတ်နေတော့သည်။ တောင်နက်ကြီးများအတွင်း၌ ရိုးရှင်းသော မြေအိမ်လေးများကို စနစ်တကျ ဆောက်လုပ်ထားကြပြီး အိမ်တိုင်း၏ ရှေ့တွင် စိုက်ပျိုးခင်းလေးများ ရှိကြသည်။ နှစ်သစ်ကူးပြီးခါစ ဖြစ်သဖြင့် အချို့သော လယ်ကွင်းများတွင် အရည်မပျော်သေးသည့် ဆီးနှင်းများနှင့် ရေခဲများ ကျန်ရှိနေသေးသည်။
လီယွဲ့သည် မြေစောင့်နတ်ရုပ်အတွင်းမှ အပြင်သို့ လှမ်းထွက်လိုက်သည်။ သူ တောရိုင်းနတ်ဘုရား ဖြစ်စဉ်က မြေစောင့်နတ်ရုပ်အတွင်းရှိ နတ်ဘုရားရာထူး မှာ လှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်နေပြီး သူ အပြင်သို့ ထွက်၍မရခဲ့ချေ။ သို့သော် နဝမအဆင့် မြေစောင့်နတ်ဘုရားအဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက်တွင်မူ သူ မြေစောင့်နတ်ရုပ်အတွင်းရှိ နတ်ဘုရားရာထူး မှ အပြင်သို့ ထွက်ခွာနိုင်ပြီ ဖြစ်သည်။
"မြေပြင်ပေါ် ခြေချလိုက်ရသလို ခံစားချက်မျိုးပဲ..."
သူ သက်ပြင်းချလိုက်သည်။
ရွာကို ဝန်းရံထားသည့် မှောင်မည်းနေသော တောင်တန်းကြီးများကို ကြည့်ရင်း သူ လမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ လျှောက်လှမ်းသွားလိုက်သည်။ သို့သော် တစ်လီ (၀.၅ ကီလိုမီတာခန့်) ခန့်သာ လျှောက်ရသေးသော်လည်း သူ ရပ်တန့်သွား၏။
သူ့ရှေ့တွင် တောင်ကုန်းငယ်တစ်ခု ရှိနေပြီး ထိုတောင်ကုန်း၏ နောက်ကွယ်တွင်မူ အဆက်မပြတ် မြင့်မားနေသော တောင်တန်းကြီးများ ရှိနေသည်။ ၎င်းမှာ လီရွာ၏ နယ်နိမိတ် အဆုံးသတ် ဖြစ်သည်။ သူသည် စိုးရိမ်တုန်လှုပ်ဖွယ်ရာ ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ သူသာ ဤနယ်နိမိတ်မှ အပြင်သို့ ခြေလှမ်းလိုက်ပါက သူ အလွန်အမင်း အားနည်းသွားလိမ့်မည် ဖြစ်သည်။
"နတ်ဘုရားတစ်ပါးဟာ သူ့ရဲ့ စီရင်ပိုင်ခွင့်နယ်မြေ ကနေ ထွက်ခွာသွားပြီဆိုရင် သူ အားနည်းသွားလိမ့်မယ်"
"နတ်ဘုရားအတတ်ပညာ အားလုံးကို သုံးဖို့အတွက် နတ်ဘုရားစွမ်းအား ဆယ်ဆ ပိုကုန်လိမ့်မယ်"
"ဒါတင်မကသေးဘူး… နတ်ဘုရားရာထူး ကလည်း ယာယီအားဖြင့် တစ်ဆင့် လျော့ကျသွားလိမ့်မယ်"
လီယွဲ့သည် သူ့ရှေ့မှ တောင်တန်းကြီးများကို စိုက်ကြည့်ရင်း စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
မလိုအပ်ဘဲနှင့် သူ၏ စီရင်ပိုင်ခွင့်နယ်မြေ မှ ထွက်ခွာမည် မဟုတ်ချေ။ နတ်ဘုရားရာထူး တစ်ဆင့် လျော့ကျသွားခြင်းနှင့် နတ်ဘုရားအတတ်ပညာများအတွက် ဆယ်ဆပိုကုန်ခြင်းမှာ သူ့အတွက် အလွန် အန္တရာယ်များလှသည်။ ထို့နောက် သူ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ မြေစောင့်နတ်စင်အတွင်းရှိ သူ၏ နတ်ဘုရားရာထူး ဆီသို့ ပြန်သွားလိုက်သည်။ ရွာ၏ အခြား လမ်းကြောင်းများကိုမူ သူ စမ်းသပ်ရန် မလိုတော့ချေ။
မြေစောင့်နတ်ဘုရား တစ်ပါးအနေဖြင့် သူ၏ စီရင်ပိုင်ခွင့်နယ်မြေ မှာ မည်မျှ ကျယ်ဝန်းသည်ကို ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။ သူသည် စီရင်ပိုင်ခွင့်နယ်မြေ အစွန်းတွင် ရပ်နေရသော ခံစားချက်ကိုသာ ခံစားကြည့်ချင်ခြင်း ဖြစ်၏။
ထို့နောက် သူ လီယူမင်၏ အိမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ယခုအချိန်တွင် လီယူမင် အိပ်မောကျနေသည်မှာ ကြာပြီ ဖြစ်သည်။
လီယွဲ့လည်း သူ၏ ညာဘက်လက်ကို ဆန့်ထုတ်ကာ လီယူမင်ရှိရာဘက်သို့ အသာအယာ ညွှန်ပြလိုက်သည်။ နတ်ဘုရားစွမ်းအား တစ်ခုမှာ သူ၏ လက်ချောင်းထိပ်တွင် စုစည်းသွားပြီး အိမ်မက်ပေးခြင်းအတတ် ကို စတင် အသုံးပြုလိုက်တော့သည်။
…
လီယူမင်တစ်ယောက် မြေစောင့်နတ်စင်ရှေ့တွင် ကြောင်တောင်တောင်ဖြင့် ရပ်နေမိသည်။ သူသည် အဘယ်ကြောင့် မြေစောင့်နတ်စင်အကြောင်းကို အိမ်မက်မက်နေရသည်ကို သူ မသိချေ။ နေ့လယ်က ပြုလုပ်ခဲ့သည့် ပူဇော်ပွဲကြီးကြောင့်လား သို့မဟုတ် တန်ဖိုးကြီးလှသည့် ခန္ဓာကိုယ် အားဖြည့်မြက် ကို အရှင် လီယွဲ့က သုံးဆောင်သွားသောကြောင့်လား။
ရိုးရိုးသားသား ပြောရလျှင် သူ အနည်းငယ် သံသယရှိနေဆဲ ဖြစ်သည်။ အရှင် လီယွဲ့အပေါ် ထားရှိသော သူ၏ ယုံကြည်ကိုးကွယ်မှုမှာ အလွန် ခိုင်မာလှသည်ဟု ဆိုနိုင်သော်လည်း သူသည် အသိပညာ ဗဟုသုတ ရှိသူဖြစ်ပြီး အပြင်လောကကြီးမှာ မည်ကဲ့သို့ ရှိသည်ကို သိထား၏။ အရှင် လီယွဲ့အပေါ် သူ၏ ကိုးကွယ်မှုမှာ သူ၏ စိတ်နှလုံးထဲမှ တောင့်တချက်ကြောင့်သာ ဖြစ်သည်။
နတ်ဘုရားတစ်ပါး ဆင်းသက်လာပြီး မိစ္ဆာများနှင့် မကောင်းဆိုးဝါးများကို နှင်ထုတ်ကာ လူသားများကို ငြိမ်းချမ်းစွာ နေထိုင်ခွင့် ပေးမည့်နေ့ကို သူ တောင့်တနေခြင်း ဖြစ်သည်။
သို့သော် နတ်ဘုရားများ တကယ် ရှိသလား
သူ မသိချေ။
"လီယူမင်…"
ရုတ်တရက် မြင့်မြတ်ပြီး အတိုင်းအဆမရှိ ခန့်ညားထည်ဝါသော အသံကြီး တစ်သံ ထွက်ပေါ်လာသည်။
လီယူမင်မှ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။
"ဘယ်သူ ငါ့ကို ခေါ်နေတာလဲ"
ထိုအချိန်တွင် သူ လန့်သွားမိသည်။
ဒီနေ့ အိမ်မက်က ဘာလို့ ဒီလောက်တောင် လက်တွေ့ကျနေရတာလဲ။
သူ အိမ်မက်မက်နေသည်ကိုလည်း သိနေသည်။ ဤခံစားချက်မှာ
အလွန် ထူးဆန်းလှ၏။
"လီယူမင်…"
အတိုင်းအဆမရှိ ခန့်ညားထည်ဝါမှုများနှင့် ပြည့်နှက်နေသော ထိုမြင့်မြတ်သည့် အသံကြီး ထပ်မံ ထွက်ပေါ်လာသည်။
၎င်းမှာ ကောင်းကင်ယံထက်မှ ဆင်းသက်လာသကဲ့သို့ပင်။
လီယူမင် လန့်သွားပြီး မြေစောင့်နတ်စင်၏ အပေါ်ဘက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ထိုနေရာတွင် ကြီးမားလှပြီး တည်ငြိမ်အေးဆေးသော မျက်နှာကြီး တစ်ခု ပေါ်ထွက်လာသည်။ ခန့်ညားထည်ဝါမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် သူ့ကို အထက်မှ ငုံ့ကြည့်နေသည်။ ၎င်းမှာ မြေစောင့်နတ်စင်တွင် ပူဇော်ထားသော အရှင် လီယွဲ့၏ ပုံစံအတိုင်းပင် ဖြစ်သည်။
"အရှင် လီယွဲ့!"
လီယူမင် အလွန် အံ့အားသင့်သွားပြီး ချက်ချင်းပင် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ သူ၏ စိတ်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားသွားမိသည်။ အရှင် လီယွဲ့က ကိုယ်ထင်ပြလိုက်ပြီ။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူ အရှင် လီယွဲ့ ကိုယ်ထင်ပြသည်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီ။
"လီယူမင်"
"ငါဟာ လီရွာရဲ့ မြေစောင့်နတ်ဘုရား ဖြစ်တယ်… ဒါကြောင့် လီရွာကို စောင့်ရှောက်ရန်မှာ ငါ့ရဲ့ တာဝန်သာ ဖြစ်တယ်"
"ဒါပေမဲ့ နတ်ဘုရားနဲ့ လူသားတို့အကြား ခြားနားချက် ရှိတယ်… ဒါကြောင့် ငါဟာ လူသားတို့နဲ့ တိုက်ရိုက် စကားပြောရန် မသင့်"
"သင့်အနေနဲ့ ငါ့ရဲ့ နတ်စင်ဂေါပက ဖြစ်လာဖို့နဲ့ လူ့လောကမှာ ငါ့ရဲ့ကိုယ်စား ဆောင်ရွက်ဖို့ ဆန္ဒရှိပါသလား"
တည်ငြိမ်အေးဆေးပြီး ခန့်ညားထည်ဝါလှသော ထိုအသံကြီးမှာ လောကတစ်ခုလုံးကို လွှမ်းမိုးသွားစေသည်။
၎င်းမှာ အလွန် ကြီးကျယ်ခမ်းနားလှ၏။
၎င်းမှာ နတ်ဘုရားတစ်ပါး၏ အရှိန်အဝါပင် ဖြစ်သည်။
"ယုံကြည်သူ လီယူမင် ဆန္ဒရှိပါတယ်ခင်ဗျာ”
လီယူမင်သည် အလွန် စိတ်လှုပ်ရှားနေပြီး အမြန်ပင် ဦးချလိုက်သည်။
"နက်ဖြန် နံနက် ချန်အချိန် - (မနက် ၇ နာရီမှ ၉ နာရီကြား) တွင် ငါ့အား လာရောက် ဦးခိုက်လော့… အဲ့အခါ သင်က ငါ့ နတ်စင်ဂေါပက ဖြစ်လာလိမ့်မယ်"
"မမေ့နဲ့နော်"
ခန့်ညားထည်ဝါသော အသံကြီး ပျောက်ကွယ်သွားသည်။
ထို့နောက် အိမ်မက်ကမ္ဘာတစ်ခုလုံးမှာလည်း ပြိုကွဲပျက်စီးသွားတော့၏။
…
လီယူမင် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ရုတ်တရက် ထထိုင်လိုက်သည်။
"မမေ့နဲ့နော်" ဟူသော စကားလုံးမှာ သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
"အရှင် လီယွဲ့က တကယ်ပဲ ကိုယ်ထင်ပြပြီး ငါ့ကို အိမ်မက်ပေးခဲ့တာလား"
သူ တိုးတိုးလေး ရေရွတ်လိုက်သည်။ အိမ်မက်၏ အမှတ်ရမှုမှာ အလွန် ထင်ရှားလှသည်။ ၎င်းမှာ အိမ်မက်မက်နေသည်ဟု မထင်ရဘဲ တကယ်ပင် ကြုံတွေ့ခဲ့ရသလို ခံစားနေရသည်။
ကောင်းကင်တစ်ဝက်ကို ဖုံးလွှမ်းထားသော အရှင် လီယွဲ့၏ မျက်နှာကြီး… ခန့်ညားထည်ဝါလှသော မျက်လုံးများ နှင့် အတိုင်းအဆမရှိ ကြီးကျယ်ခမ်းနားသော အသံကြီး။
အားလုံးမှာ လက်တွေ့ကြီးအတိုင်းပင်။
"ဘာဖြစ်တာလဲ"
"ကြက်တောင် မတွန်သေးဘူး… ဘာလို့ ထနေတာလဲ..."
သူ၏ ဘေးတွင် ရှိနေသော သူ၏ ဇနီး ကျောက်ကျိုးဟွာမှ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်ကာ ညည်းတွားလိုက်သည်။
"ကျိုးဟွာ… အခုလေးတင်ပဲ အရှင် လီယွဲ့က ငါ့ကို အိမ်မက်ပေးခဲ့တယ်"
လီယူမင်မှာ တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။ ထိုအသံထဲတွင် မည်မျှလောက် စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်ကို သူကိုယ်တိုင်သာ သိသည်။
"ဘာ”
"အရှင် လီယွဲ့က ရှင့်ကို အိမ်မက်ပေးတယ် ဟုတ်လား"
"ပြန်အိပ်လိုက်ပါဦး… နက်ဖြန်ကျရင် မြို့စောင့်နတ်မင်းကြီးကပါ ရှင့်ကို အိမ်မက်ပေးလိမ့်ဦးမယ်"
ကျောက်ကျိုးဟွာမှာ တစ်ဖက်သို့ လှည့်ကာ ဆက်အိပ်နေသည်။
"မင်း မယုံလည်း နေပါကွာ"
"ငါ ပြောပြမယ်… အရှင် လီယွဲ့က ငါ့ကို အိမ်မက်ပေးပြီး သူ့ရဲ့ နတ်စင်ဂေါပကအဖြစ် ခန့်အပ်လိုက်ပြီ… အခုကစပြီး ငါက လူ့လောကမှာ အရှင် လီယွဲ့ရဲ့ ကိုယ်စားလှယ် ဖြစ်လာတော့မှာ”
လီယူမင်မှ ဆက်ပြောလေ သူ၏ အသံမှာ ပို၍ တုန်ရီလာလေ ဖြစ်သည်။
သူ သိသိသာသာကို ဝမ်းသာပီတိ ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် ၎င်းမှာ လူ့လောကတွင် မြေစောင့်နတ်ဘုရားကို ကိုယ်စားပြုရခြင်း ဖြစ်သည်။ အရှင် လီယွဲ့က ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။
သူက မြေစောင့်နတ်ဘုရားလေ။
ယခုမှစ၍ လီယူမင်သည် လူ့လောကတွင် မြေစောင့်နတ်ဘုရားတစ်ပါးကို ကိုယ်စားပြုရတော့မည်။
၎င်းမှာ မည်မျှ ဂုဏ်ယူစရာ ကောင်းသော ရာထူးနေရာ ဖြစ်သနည်း။
"မြန်မြန် ပြန်အိပ်စမ်းပါ"
"ဆူညံမနေနဲ့"
"ရှင်သာ နောက်ထပ် နည်းနည်းလောက် ပိုအိပ်လိုက်မယ်ဆိုရင် မြေစောင့်နတ်ဘုရားတောင် ဖြစ်သွားဦးမယ်"
ကျောက်ကျိုးဟွာ စိတ်မရှည်စွာ ပြောလိုက်သည်။
သူသည် မြေစောင့်နတ်ဘုရားကို မယုံကြည်ချေ။
မြေစောင့်နတ်ဘုရား တကယ် ရှိနေတယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူတို့ရဲ့ တတိယသားလေးက ဘာလို့ ရောဂါနဲ့ သေသွားရမှာလဲ။
ထိုစဉ်က သူနှင့် လီယူမင်တို့ မြေစောင့်နတ်ဘုရားထံတွင် အကြိမ်ကြိမ် ဆုတောင်းခဲ့ကြသည်။ သို့သော် အသုံးဝင်ခဲ့လို့လား။
သူ့တတိယသားလေးမှာ ရောဂါဖြင့် သေဆုံးသွားခဲ့ရဆဲ ဖြစ်သည်။
"အသိဉာဏ် မရှိတဲ့ မိန်းမ… မင်းမှာ အမြော်အမြင် မရှိပါလား"
"မင်းကို ဆက်ပြောနေလည်း အပိုပဲ"
လီယူမင် နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်းပင် ထ၍ အဝတ်အစားများ ဝတ်လိုက်သည်။ မိုးလင်းသည်နှင့် တစ်ပြိုင်နက် နတ်စင်ဂေါပကအဖြစ် ခံယူရန် မြေစောင့်နတ်စင်သို့ သွားနိုင်ရန် သူ ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်၏။
မြေစောင့်နတ်စင်မှာ သေးငယ်လှသဖြင့် သူ၏ ဂေါပက တာဝန်များကို ဆောင်ရွက်ရန်အတွက် နတ်စင်၏ အပြင်ဘက်တွင် ရိုးရှင်းသော တဲငယ်လေး တစ်ခု ဆောက်ရန်ပင် စဉ်းစားထားသည်။ တစ်နာရီမပြည့်မီတွင် ကောင်းကင်မှာ အနည်းငယ် လင်းစပြုလာပြီ ဖြစ်သည်။
လီယူမင်တစ်ယောက် သူ၏ ကိရိယာများကို ချက်ချင်းယူလိုက်ပြီး သားနှစ်ယောက်ကိုလည်း အိပ်ရာမှ နှိုးကာ မြေစောင့်နတ်စင်သို့ အတူတကွ သွားကြသည်။
"ဦးလေး ယူမင်… ဘာတွေ လုပ်မလို့လဲ"
လီယူမင်မှာ ကိရိယာများစွာကို သယ်ဆောင်လာပြီး သူ၏ နောက်တွင် သားနှစ်ယောက်က လှေကားနှင့် ထိုင်ခုံများကို သယ်လာသည်ကို မြင်သဖြင့် ရွာလူကြီး လီတီယန်မှ စပ်စုကာ မေးလိုက်သည်။
"ဪ တီယန်ပါလား"
"ငါ မင်းကို ပြောပြမယ်… မနေ့ညက အရှင် လီယွဲ့က ငါ့ကို ကိုယ်ထင်ပြပြီး အိမ်မက်ပေးခဲ့တယ်… ငါ့ကို သူ့ရဲ့ နတ်စင်ဂေါပကအဖြစ် ခန့်အပ်လိုက်ပြီး လူ့လောကမှာ သူ့ကိုယ်စား ဆောင်ရွက်ဖို့ ပြောခဲ့တယ်"
"မင်းရဲ့ ဦးလေး ယူမင်ကို သိပ်ပြီး မနာလို မဖြစ်နဲ့ဦးပေါ့"
လီယူမင်မှ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"???"
ရွာလူကြီး လီတီယန်မှာ ကြောင်အသွား၏။
အရှင် လီယွဲ့က သူ့ကို အိမ်မက်ပေးတယ် ဟုတ်လား။
လူ့လောကမှာ အရှင် လီယွဲ့ကို ကိုယ်စားပြုဖို့ ဟုတ်လား။
သူသည် လီယူမင်ကို လူနတစ်ယောက်ကဲ့သို့ ကြည့်နေမိသည်။