အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇) - ယုံကြည်သူ အရေအတွက် အဆမတန် တိုးလာခြင်းနှင့် ရွာလေးရွာ ပေါင်းစည်းခြင်း
လီယူမင်မှာ အသက် ၃၀ ကျော်အရွယ်ပဲ ရှိပုံရသည်။ ကျန်းရုံကွေ့ ထိတ်လန့်သွားတော့၏။
တကယ်တော့ လီယူမင်က သူ့ထက် နှစ်နှစ်တောင် ပိုကြီးတာလေ။
သို့သော် ယခု သူတို့ နှစ်ယောက် အတူတူရှိနေခြင်းမှာ မျိုးဆက်မတူသည့် လူနှစ်ယောက်လို ခံစားရစေသည်။ နတ်ဘုရား၏ ကျေးဇူးတော်မှာ တကယ့်ကို ပင်လယ်ပြင်ကြီးလို ကျယ်ပြောလှပါလား။
သူ စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း မျက်နှာထားကိုမူ လေးနက်စွာ ထားရှိပြီး လီယူမင်ကို ဦးညွှတ်လိုက်သည်။
"ဂေါပကမင်း… ကျွန်တော် ကျန်းရွာရဲ့ ရွာလူကြီး ကျန်းရုံကွေ့က ကျန်းရွာသားတွေကို ဦးဆောင်ပြီး အရှင် လီယွဲ့ကို လာရောက် ကိုးကွယ်တာပါ… ကျွန်တော်တို့ ကျန်းရွာက လေးပြင်ကျယ်ရွာထဲကို ပေါင်းစည်းဖို့ ဆုံးဖြတ်ထားပါတယ်"
"ကျွန်တော်တို့ လျောင်ရွာကလည်း အတူတူပါပဲ"
သက်လတ်ပိုင်းပုံစံ ရှိသော လျောင်ကျင်ကျီကလည်း အလျင်အမြန် ပြန်ပြောလိုက်သည်။
"ဟား ဟား—"
"ကျန်းရွာနဲ့ လျောင်ရွာက လူတွေကို ကြိုဆိုပါတယ်… အခုကစပြီး မင်းတို့ အားလုံးက လေးပြင်ကျယ်ရွာသားတွေပဲ… မင်းတို့ရဲ့ သားစဉ်မြေးဆက်တွေလည်း အရှင် လီယွဲ့ရဲ့ ကောင်းချီးတွေကို ထာဝရ ခံစားရလိမ့်မယ်"
လီယူမင်မှ ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။ သူသည်လည်း အနည်းငယ်
စိတ်လှုပ်ရှားနေမိ၏။
ဒီဒေသ၌ ဒီရွာလေးရွာ ရှိနေခဲ့သည်မှာ နှစ်ပေါင်း တစ်ရာကျော် ရှိပြီ။ မထင်မှတ်ဘဲ ယနေ့တွင် လီယူမင်မှ ဒီရွာလေးရွာကို တစ်ရွာတည်းဖြစ်အောင် ပေါင်းစည်းနိုင်ခဲ့ပြီ။
ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေ အရှင် လီယွဲ့ရဲ့ ကောင်းချီးတွေကို ထာဝရ ခံစားရပါစေ။
ကျန်းရုံကွေ့၊ လျောင်ကျင်ကျီနှင့် နောက်မှ လိုက်ပါလာသော ရွာနှစ်ရွာမှ ရွာသားအမြောက်အမြားမှာ ပျော်ရွှင်စွာ ပြုံးနေကြသည်။ သူတို့တွင် နတ်ဘုရားများ၏ ကာကွယ်မှု ရှိနေပြီ။ ဒီလောကကြီး၌ တစ်နေ့မှာ မိစ္ဆာများ၏ စားသောက်ခြင်းကို ခံရမလားဆိုပြီး သူတို့ စိုးရိမ်နေစရာ မလိုတော့ပေ။
ကြီးကျယ်ခမ်းနားလှသော စီတန်းလှည့်လည်မှုကြီး။ ရွာသားအမြောက်အမြားသည် မြေစောင့်နတ်စင်ဆီသို့ ဦးတည်သွားကြသည်။ မကြာမီ မြေစောင့်နတ်စင် အနီးသို့ ရောက်ရှိလာကြသည်။ လေးပြင်ကျယ်ရွာမှ ရွာသားများ အပါအဝင် ရွာသားများသည် တစ်ဦးပြီးတစ်ဦး အမွှေးတိုင်များကို ထုတ်ယူကာ မီးညှိပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။
"လေးပြင်ကျယ်ရွာသား အားလုံးက ဝံပုလွေမိစ္ဆာကို နှိမ်နင်းပေးပြီး ကျွန်တော်တို့ကို ကာကွယ်ပေးတဲ့အတွက် အရှင် လီယွဲ့ကို ကျေးဇူးတင်ပါတယ်"
လီယူမင်မှ ကျယ်လောင်စွာ ပြောလိုက်ပြီး ရိုသေစွာ ဦးချလိုက်သည်။
"ဝံပုလွေမိစ္ဆာကို နှိမ်နင်းပေးပြီး ကျွန်တော်တို့ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင် လီယွဲ့"
လီတီယန်၊ လီရှို့ဝူ၊ ချန်မာကျိ၊ ချန်အာကော်၊ ကျန်းရုံကွေ့၊ လျောင်ကျင်ကျီနှင့် ရွာသားအားလုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ထိုအသံမှာ အားကောင်းပြီး လေးနက်လှသဖြင့် အဝေးသို့ပင် ပျံ့နှံ့သွားတော့သည်။
...
နတ်ဘုရားနယ်မြေအတွင်းတွင်။
လီယွဲ့သည် မြေစောင့်နတ်စင် အပြင်ဘက်တွင် ဒူးထောက်နေကြသော ရွာသားအုပ်စုကြီးကို ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။ သူ ခံစားလိုက်ရသည်မှာ ယနေ့ သူ့တွင် ယုံကြည်သူသစ် အမြောက်အမြားကို ရရှိခဲ့ပြီ။ ထို့အပြင် ယုံကြည်သူ အများအပြား၏ ယုံကြည်မှု အဆင့်မှာလည်း မြင့်တက်နေသည်။
ဝံပုလွေမိစ္ဆာကို နှိမ်နင်းခြင်း—၎င်းသည် အစွမ်းအထက်ဆုံးသော တန်ခိုးပြမှု ဖြစ်သည်။ ဤသည်မှာ ရွာသားအားလုံးကို အကျိုးပြုသော ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပြီး ရွာသားများစွာ၏ နာကြည်းချက်များအတွက် ကလဲ့စားချေပေးလိုက်သလိုလည်း ဖြစ်သည်။
“စစ်မှန်တဲ့ နတ်ဘုရားတစ်ပါး၊ ရွာသားတွေအတွက် မိစ္ဆာတွေကို နှိမ်နင်းပေးတဲ့ နတ်ဘုရား၊ ယုံကြည်သူတွေကို ကောင်းချီးပေးတဲ့ နတ်ဘုရား… ဒီလို နတ်ဘုရားမျိုးကို မည်သူက မကိုးကွယ်ချင်ဘဲ နေမှာလဲ”
"အထူးသဖြင့် မိစ္ဆာတွေနဲ့ မိစ္ဆာဆိုးတွေ သောင်းကျန်းနေတဲ့ ဒီလောကကြီးမှာပေါ့"
သူ ခပ်တိုးတိုး ရယ်မောလိုက်သည်။
သူသည် [နတ်ဘုရားအချက်အလက်] ကို ဖွင့်ပြီး ကြည့်လိုက်၏။
...
[နတ်ဘုရားအချက်အလက်]
[နေ့စဉ် အမွှေးတိုင် ပူဇော်မှု] - ၁,၆၉၄
[တရားဓမ္မအဆင့် ယုံကြည်သူ] - ၀
[နေ့စဉ် အမွှေးတိုင် တစ်သိန်း ပံ့ပိုးသည်]
[နတ်ဘုရားအဆင့် ယုံကြည်သူ] - ၀
[နေ့စဉ် အမွှေးတိုင် တစ်သောင်း ပံ့ပိုးသည်]
[သန့်ရှင်းသော အဆင့် ယုံကြည်သူ] - ၀
[နေ့စဉ် အမွှေးတိုင် တစ်ထောင် ပံ့ပိုးသည်]
[အဆင့်အေ ယုံကြည်သူ] - ၄
[နေ့စဉ် အမွှေးတိုင် တစ်ရာ ပံ့ပိုးသည်]
[အဆင့်ဘီ ယုံကြည်သူ] - ၆၂
[နေ့စဉ် အမွှေးတိုင် ဆယ်ခု ပံ့ပိုးသည်]
[အဆင့်စီ ယုံကြည်သူ] - ၆၆၅
[နေ့စဉ် အမွှေးတိုင် တစ်ခု ပံ့ပိုးသည်]
[အဆင့်ဒီ ယုံကြည်သူ] - ၉၁
[ဆယ်ရက်လျှင် အမွှေးတိုင် တစ်ခု ပံ့ပိုးသည်]
...
"ယုံကြည်သူ ရှစ်ရာ့နှစ်ဆယ့်နှစ်ယောက်"
"နေ့စဉ် အမွှေးတိုင် ပူဇော်မှုတွေက သိသိသာသာ တိုးလာတာပဲ"
"နှစ်ရက်တိုင်းမှာ နတ်ဘုရား စွမ်းအား သုံးလမ်းကြောင်းလောက် စုဆောင်းနိုင်တော့မယ်"
လီယွဲ့ ကျေနပ်စွာ ပြောလိုက်သည်။
ထို့အပြင် လီယူမင်၊ လီတီယန်နှင့် လီရှို့ဝူတို့အပြင် နောက်ထပ် အဆင့်အေ ယုံကြည်သူ တစ်ဦး ရှိနေသည်ကိုလည်း သူ တွေ့ရှိခဲ့သည်။
"လီရှို့လင်းတဲ့လား"
"ဒါက နောက်ပိုင်းမှ ကောင်းချီးရတဲ့ လူငယ်တစ်ယောက်ပဲ… သူက ဒီလောက် မြန်မြန် အဆင့်အေ ယုံကြည်သူ ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး"
သူ မျက်ခုံးပင့်လိုက်သည်။
သူ လီရှို့လင်းရဲ့ ဘဝဇာတ်ကြောင်းကို ဖတ်ဖူး၏။
ထူးခြားတာ ဘာမှ မရှိဘူး။
မွေးကတည်းက ရွာမှာပဲ နေခဲ့ပြီး ဘယ်မှ မသွားဖူးဘူး။ မိဘတွေက တောင်သူတွေပဲ။ သူ့မှာ ညီလေးနှစ်ယောက်နဲ့ ညီမလေးတစ်ယောက် ရှိတယ်။ မိသားစုမှာ အကြီးဆုံးဖြစ်လို့ မိဘတွေနဲ့အတူ လယ်ယာလုပ်ငန်းပဲ လုပ်ကိုင်ခဲ့ရတာ။
သူက အသက် ၂၃ နှစ်ပဲ ရှိသေးပေမဲ့ အသက် ၃၀ ကျော်ပုံစံ ပေါက်နေတယ်။ ဒါပေမဲ့ သူက အဆင့်ဘီ ယုံကြည်သူ ဖြစ်လာပြီး ကောင်းချီးကို ရရှိတဲ့အချိန်ကစလို့ သူ့ရဲ့ ကံကြမ္မာက ပြောင်းလဲသွားခဲ့ပြီ။ အခု သူက အဆင့်အေ ယုံကြည်သူ ဖြစ်လာပြီဆိုတော့ လောကရဲ့ ရှေ့တန်းကို ရောက်လာပြီလို့ ပြောလို့ရတယ်။
သူသည် မြေစောင့်မှတ်တမ်း ကို ထုတ်ယူပြီး အဆင့်ဘီ ယုံကြည်သူ အားလုံး၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
အဆင့်ဘီ ယုံကြည်သူ (၆) ဦးမှာ မကောင်းမှုများစွာ ကျူးလွန်ထားကြ၏။
ဒီလူတွေကတော့ သူ့အပေါ် ဆယ်နှစ်ကျော်ကြာ သစ္စာရှိသော ယုံကြည်သူများ ဖြစ်လာပြီး ကောင်းမှုတွေ မလုပ်မချင်း ကောင်းချီးပေးဖို့ သူ စဉ်းစားမှာ မဟုတ်ပေ။
"ကောင်းချီးပေးပြီးသား ဒုတိယအဆင့် ယုံကြည်သူ ဆယ်ယောက်ကလွဲရင်… ကောင်းချီး ထပ်ပေးလို့ရတဲ့ ဒုတိယအဆင့် ယုံကြည်သူ ၄၆ ယောက် ရှိသေးတယ်"
"သူတို့ထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ သက်လတ်ပိုင်း အမျိုးသမီး ၃၃ ယောက် ပါဝင်ပြီး သက်လတ်ပိုင်း အမျိုးသားနဲ့ လူငယ် ၁၃ ယောက် ပါဝင်တယ်"
လီယွဲ့၏ အကြည့်မှာ တည်ငြိမ်နေသည်။ သူသည် လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်ရာ ဖြူစင်သော အလင်းတန်းများ တောက်ပနေသည့် ပထမအဆင့် ကောင်းချီးလက်ဖွဲ့ များ သူ၏ ဘေးတွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ စုစုပေါင်း ၁၈ ခု ရှိသည်။
ဝံပုလွေမိစ္ဆာကို နှိမ်နင်းလိုက်သော နတ်ဘုရား တန်ခိုးများ ရွာသားများ၏ စိတ်ထဲတွင် ရှိနေတုန်းပင်။ ဒီအချိန် သူ နတ်ဘုရားလက်ဖွဲ့များ ပေးသနားလိုက်လျှင် ယုံကြည်မှု ပိုပြီး ခိုင်မာသွားမှာ သေချာသည်။ ဝံပုလွေမိစ္ဆာကို နှိမ်နင်းခြင်းမှာ နတ်ဘုရား တန်ခိုးကို ပြသခြင်း ဖြစ်သလို စည်းကမ်းသတ်မှတ်ချက် တစ်ခုလည်း ဖြစ်သည်။
နတ်ဘုရားမှတ်တမ်းတွေကို အပ်နှင်းတာကတော့ ပင်လယ်ပြင်လို ကျယ်ပြောလှတဲ့ နတ်ဘုရား ကျေးဇူးတော်ပဲ။
ထို့အပြင်... လေးပြင်ကျယ်ရွာမှာ အပြင်ဘက်ကို ချဲ့ထွင်ဖို့ လိုအပ်သည်။ သိုင်းပညာရှင်များ ပိုများလာလျှင် ဒီတာဝန်ကို ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မည်။ ဒီနေ့ လေးပြင်ကျယ်ရွာ၌ အသစ် ပေါင်းစည်းလိုက်တဲ့ ရွာနှစ်ရွာနှင့်ဆိုလျှင် သိုင်းပညာရှင် အရေအတွက် ၁၉ ယောက်သာ ရှိသေးသည်။ ထို့အပြင် သူတို့ထဲမှ သုံးယောက်က သွေးသားစွမ်းအင်များ ဆုတ်ယုတ်နေပြီး တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့် သက်ကြီးရွယ်အိုများ ဖြစ်နေကြသည်။ သို့ရာတွင် ဤသည်မှာ သိပ်ပြီး အရေးမကြီးလှပေ။ သူ အပ်နှင်းလိုက်သော ပထမအဆင့် ကောင်းချီးလက်ဖွဲ့ ကို ရရှိသရွေ့ သွေးသားစွမ်းအင်များ ချက်ချင်း ပြန်လည် ပြည့်ဖြိုးလာပြီး အသက် ဆယ်နှစ်လောက် ပြန်နုပျိုသွားမှာ ဖြစ်သည်။
ဝူး—။
စိတ်ကူးလိုက်သည်နှင့် ပထမအဆင့် ကောင်းချီးလက်ဖွဲ့ ၁၈ ခုတို့[နတ်ဘုရားနယ်မြေ] ထဲမှ ချက်ချင်း ပျံထွက်သွားတော့သည်။
...
ကျန်းရုံကွေ့မှာ အလွန် ကြည်ညိုကိုးကွယ်သည်။ တန်ခိုးပြမှုနဲ့ ဝံပုလွေမိစ္ဆာကို နှိမ်နင်းလိုက်ခြင်းအား မြင်တွေ့လိုက်သည့် အချိန်ကစပြီး သူ အရှင် လီယွဲ့အပေါ် အလွန် ကြည်ညိုသွားခဲ့ပြီ။
သူ ကလေးဘဝတုန်းက သူ့ရဲ့ အစ်ကို သုံးယောက်နှင့် အစ်မ တစ်ယောက်တို့ အားလုံး ဝံပုလွေမိစ္ဆာ၏ စားသောက်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သူ ဝံပုလွေမိစ္ဆာကို အသည်းအသန် မုန်းတီးခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာအတွင်း ခရိုင်မြို့မှ တက်လာသော သိုင်းဆရာများ အားလုံးလည်း ဝံပုလွေမိစ္ဆာ၏ လက်ချက်နှင့်ပင် သေဆုံးခဲ့ကြရသည်။
အခု သူ အိုမင်းနေပြီ။
ဝံပုလွေမိစ္ဆာမှာတော့ ရှိနေဆဲပင်။ သူ ကလဲ့စားချေဖို့ မစဉ်းစားရဲတော့သလို ဝံပုလွေမိစ္ဆာကိုလည်း အလွန် ကြောက်ရွံ့ခဲ့ရသည်။
ထို့ကြောင့် လီယူမင် တောင်ပေါ်တက်ပြီး မိစ္ဆာကို နှိမ်နင်းမည်ဟု ဆိုစဉ်က မယုံခဲ့ပေ။
သူ့စိတ်ထဲမှာ ဝံပုလွေမိစ္ဆာသည် အလွန် အစွမ်းထက်လွန်း၏။
သူတို့ကို ဘယ်သူမှ မနိုင်နိုင်ပေ။
သို့ရာတွက် ယခုတော့ ဝံပုလွေမိစ္ဆာ သေသွားပြီ။ နတ်ဘုရား၏ နှိမ်နင်းခြင်းကို ခံလိုက်ရပြီ။ ဝံပုလွေမိစ္ဆာအပေါ် ကြောက်ရွံ့မှုများမှာ အရှင် လီယွဲ့အပေါ် ကြည်ညိုသည့် ယုံကြည်မှုအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။
"ကျွန်တော့်ရဲ့ ချစ်ခင်ရသူတွေအတွက် ကလဲ့စားချေပေးပြီး ဝံပုလွေမိစ္ဆာကို နှိမ်နင်းပေးတဲ့အတွက် အရှင် လီယွဲ့ကို ကျေးဇူးတင်ပါတယ်..."
သူ အလွန် ကျေးဇူးတင်နေမိသည်။
ထိုစဉ် မြေစောင့်နတ်ရုပ်ထံမှ အဖြူရောင် အလင်းတန်းများ ပျံထွက်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုအဖြူရောင်
အလင်းတန်းများထဲမှ တစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း တိုးဝင်လာသည်။ သူ ၎င်းကို မြင် လိုက်ရ၏။ ၎င်းမှာ တောက်ပနေသော အဖြူရောင် လက်ဖွဲ့တစ်ခု ဖြစ်သည်။ ထိုနတ်ဘုရားလက်ဖွဲ့မှာ ပြိုကွဲသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းတွင် ကြီးမားလှသော သွေးသားစွမ်းအင်များအဖြစ် ပြောင်းလဲသွားတော့သည်။
ခဏချင်းအတွင်းမှာပင် သူသည် သွေးသားစွမ်းအင် အသွင်ပြောင်းလဲမှု တတိယအဆင့်နှင့် စတုတ္ထအဆင့်ကို ပြီးမြောက်သွားခဲ့ပြီ။ တစ်ချိန်က အိုမင်းမစွမ်းဖြစ်နေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြန်ပြီး သန်မာလာခဲ့ပြီ။ သူ့ရဲ့ မီးခိုးရောင် ဆံပင် အများစု ပြန်ပြီး မည်းနက်လာသည်။ တွန့်နေသော အရေပြားများ တင်းရင်းသွားပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း စွမ်းအားများ ပြည့်လျှံလာခဲ့ပြီ။
"ငါ ဘာတွေ ဖြစ်နေတာလဲ..."
သူ၏ လက်နှစ်ဖက်ကို မယုံနိုင်ဘဲ ကြည့်နေမိသည်။
အရင်က ငါ့မှာ မရှိခဲ့ဖူးတဲ့ ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ စွမ်းအားတွေက... တကယ်ပဲ ငါကိုယ်တိုင်လား။
ပထမအဆင့် အထွတ်အထိပ်လား။
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ လူအုပ်ထဲမှာ နောက်ထပ် လူတစ်ဒါဇင်ကျော်ဟာ သူတို့၏ ခန္ဓာကိုယ်၌ သွေးသားစွမ်းအင်များ တိုးဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။
ဤသည်မှာ သူတို့လည်း အသွင်ပြောင်းလဲမှုတွေကို ပြီးမြောက်ခဲ့ကြကြောင်း သိသာစေပါသည်။
"ဒါက နတ်ဘုရားတွေဆီက ကောင်းချီးလား"
"ငါ တကယ်ပဲ ကြီးမြတ်တဲ့ နတ်ဘုရားတစ်ပါးဆီက ကောင်းချီးကို ရရှိခဲ့တာလား"
သူ မိမိဘာသာ ရေရွတ်လိုက်ပြီးနောက် အလွန် ကြည်ညိုစွာဖြင့် မျက်ရည်များ စီးကျရင်း မြေစောင့်နတ်ရုပ်ရှေ့တွင် ဝပ်တွား ဦးချလိုက်သည်။
"ကျန်းရုံကွေ့က အရှင် လီယွဲ့ရဲ့ ကောင်းချီးတွေအတွက် ကျေးဇူးတင်ပါတယ်… ကျန်းရုံကွေ့ဟာ အရှင်မြတ်အတွက်ပဲ ဘဝကို မြှုပ်နှံသွားပါ့မယ်"
ဤအချိန်တွင် သူ့ထံမှ အလင်းတန်းများ ဖြာထွက်နေသကဲ့သို့ပင်။
သူတို့အားလုံး ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိသွားကြသကဲ့သို့ ဖြစ်နေတော့သည်။