အခန်း ၁၈
Vol. 2 Ch. 18
အခန်း (၁၈) - စီရင်ပိုင်ခွင့် ချဲ့ထွင်ခြင်း၊ မောင်နှမ တစ္ဆေနှစ်ဦး
လီယူမင်မှ ကျန်းရုံကွေ့၊ ချန်မာကျိနှင့် လျောင်ကျင်ကျီတို့ကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။
ဒီသုံးယောက်စလုံးက သူ့ရဲ့ မျိုးဆက်တွေပဲ။
ထို့အပြင် သူတို့အားလုံးမှာ သွေးသားစွမ်းအင် အသွင်ပြောင်းလဲမှု နှစ်ကြိမ် ပြီးမြောက်ထားသည့် သိုင်းပညာရှင်တွေ ဖြစ်ကြသည်။
အရင်တုန်းက လီယူမင်၊ ကျန်းရုံကွေ့၊ ချန်မာကျိနဲ့ လျောင်ကျင်ကျီတို့မှာ ရွာလေးရွာ၏ အဓိက ကျောက်တိုင်ကြီးများ ဖြစ်၏။
"သူတို့တွေ အရှင် လီယွဲ့ဆီကနေ ဒီလို ကောင်းချီးတွေ ရလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး"
"ဒီအဖိုးကြီးတွေဟာ အရှင် လီယွဲ့အပေါ်မှာ အလွန် ကြည်ညိုတဲ့ ယုံကြည်မှု ရှိကြပုံရတယ်"
သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် ဖြစ်သင့်ပါသည်။
ရွာ၏ အဓိက ကျောက်တိုင်ကြီးများ ဖြစ်သောကြောင့် သူတို့မှာ ဖိအားအများဆုံးကို ခံစားကြရသည်။ ရွာတစ်ခုလုံး၏ လုံခြုံရေးမှာ သူတို့ ပုခုံးပေါ်မှာ ရှိနေသည်လေ။
ယခုတော့ အရှင် လီယွဲ့မှ သူ၏ တန်ခိုးတော်ကို ပြသပြီး ဝံပုလွေမိစ္ဆာကို နှိမ်နင်းပေးလိုက်ပြီဖြစ်၍ လူများ အလိုလို ကြည်ညိုသွားကြသည်။
ထို့နောက် သူ၏ အကြည့်မှာ လီရှို့ဝူနှင့် လီရှို့လင်းတို့ပေါ်သို့ ကျရောက်သွားသည်။ ဒီနှစ်ယောက်ဟာ ကောင်းချီးကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ ထူးခြားဆသာ ယုံကြည်သူများ ဖြစ်ကြသည်။ ယခု သူတို့သည် ပထမအဆင့် အထွတ်အထိပ်မှာ ရှိသည့် ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင်တွေ ဖြစ်လာကြပြီ။
"ကောင်းချီးကို နှစ်ကြိမ်တိုင်တိုင် ရဖို့ဆိုတာ…"
"အရှင် လီယွဲ့အပေါ်မှာ သူတို့ရဲ့ ကြည်ညိုမှုက ငါနဲ့တောင် ရင်ပေါင်တန်းနိုင်နေပြီ..."
သူ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေသည်။ သူသည် ဤကိစ္စအတွက် ပျော်ရွှင်နေမိပြီး တခြား မည်သည့် အတွေးမျှ မရှိချေ။ ရွာသားများ၏ ယုံကြည်မှု ပိုပြီး ခိုင်မာလေလေ ဒါက သူ နတ်စင်ဂေါပကအဖြစ် လုပ်ဆောင်နေခြင်း ပိုပြီး အောင်မြင်နေတယ်ဆိုတာကို ပြသနေသည်။
"လက်ရှိမှာ ရွာထဲမှာ ပထမအဆင့် အထွတ်အထိပ် သိုင်းပညာရှင် ၆ ယောက်နဲ့ ပထမအဆင့် အလယ်အလတ် သိုင်းပညာရှင် ၂၆ ယောက် ရှိနေပြီ"
ရွာသားတွေထဲမှာ နောက်ထပ် သိုင်းပညာရှင် ၁၃ ယောက် တိုးလာတာကို သူ ကြည့်ရင်း ကျေနပ်နေမိသည်။ သိုင်းပညာရှင် အများကြီး ရှိလာခြင်းမှာ အရင်က သူ လုံးဝ မတွေးဝံ့ခဲ့သည့် အရာတစ်ခုပင်။
အရင်တုန်းက ရွာလေးရွာလုံး ပေါင်းလိုက်လျှင်ပင် သိုင်းပညာရှင် ရှစ်ယောက်ထက် မပိုခဲ့ချေ။ အခြေခံအားဖြင့် ရွာတစ်ရွာမှာ သွေးသားစွမ်းအင်များ ဆုတ်ယုတ်နေသည့် အသက်ကြီးပိုင်း သိုင်းပညာရှင် တစ်ယောက်နဲ့ သက်လတ်ပိုင်း သိုင်းပညာရှင် တစ်ယောက်စီသာ ရှိကြသည်။
မျိုးဆက်သစ်တွေကတော့ မွေးထုတ်နိုင်ခြင်း မရှိသေးပေ။
သို့ရာတွင် အခုတော့ အများကြီး ပိုများလာပြီ။
ဒါတွေ အားလုံးက အရှင် လီယွဲ့ ပေးသနားတဲ့ လက်ဆောင်တွေပဲ။
ထို့ပြင် အနာဂတ်တွင် ရွာသားများ ပိုများလာပြီး အရှင် လီယွဲ့၏ ကောင်းချီးများကို ရရှိကာ သိုင်းပညာရှင်တွေ ဖြစ်လာကြလိမ့်မယ်လို့ သူ ယုံကြည်သည်။
...
ညနက်သန်းခေါင်အချိန်တွင် အရာအားလုံး တိတ်ဆိတ်နေသည်။
လီယွဲ့သည် [နတ်ဘုရားနယ်မြေ] ထဲမှ ထွက်လာပြီး မြေပြင်ပေါ်တွင် ရပ်လိုက်သည်။ သူသည် ကောင်းကင်ယံမှ ကြည်လင်နေသော လခြမ်းကွေးလေးကို တည်ငြိမ်သော မျက်နှာထားဖြင့် ငေးကြည့်နေမိသည်။ သူ၏ လက်ကို ညင်သာစွာ မြှောက်လိုက်၏။ ပတ်ဝန်းကျင်ရှိ လရောင်များ စုစည်းလာပြီး သူ၏ လက်ထဲတွင် ပိုမို တောက်ပသော လရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ဒဏ္ဍာရီတွေထဲမှာတော့ မိစ္ဆာတွေဟာ လရဲ့ အဆီအနှစ်ကို စားသုံးပြီး အဆင့်တက်နိုင်ကြတယ်တဲ့"
"ဒီလရောင် အလင်းတန်းကို ကြည့်ရတာ ဒဏ္ဍာရီတွေက အခြေအမြစ် မရှိတာတော့ မဟုတ်ဘူးပဲ"
"ဒီလရောင် အလင်းတန်းထဲမှာ အေးမြပြီး လန်းဆန်းစေတဲ့ စွမ်းအင်တွေ အမှန်တကယ် ပါဝင်နေတာပဲ"
"ဒါပေမဲ့…"
သူ၏ အကြည့်မှာ သူ၏ စီရင်ပိုင်ခွင့် နယ်မြေကို ဝေ့ကြည့်လိုက်သည်။
ချက်ချင်းပင် [စီရင်ပိုင်ခွင့်] အတွင်းရှိ လရောင်အားလုံးမှာ စုစည်းသွားပြီး သူ၏ လက်ထဲသို့ ကျရောက်လာတော့သည်။ [စီရင်ပိုင်ခွင့်] အတွင်းရှိ လရောင်အားလုံးကို စုစည်းလိုက်လျှင်တောင်မှ အရင်ကထက် အနည်းငယ် ပိုတောက်ပတဲ့ လရောင် တစ်စက်ပဲ ရရှိသေးသည်။ ဒီလရောင် အလင်းတန်းထဲမှာ ပါဝင်သည့် စွမ်းအင်မှာ အလွန်ပင် နည်းပါးလွန်းလှသည်။
"လရောင်ထဲက အေးမြတဲ့ စွမ်းအင်တွေက တအားကို ပြန့်ကျဲနေတာပဲ..."
"တစ်ညလုံး [စီရင်ပိုင်ခွင့်] တစ်ခုလုံးက စုစည်းလိုက်တဲ့ လရောင်ကတောင်မှ…"
"နတ်ဘုရား စွမ်းအား တစ်လမ်းကြောင်းရဲ့ ဆယ်ပုံတစ်ပုံတောင် ရှိမှာ မဟုတ်ဘူး"
သူ ခေါင်းခါလိုက်သည်။
ဒါက အဆင့်အေ ယုံကြည်သူ တစ်ယောက် ဆက်သတဲ့ အမွှေးတိုင်နဲ့ ဆုတောင်းသံလောက်တောင် မကောင်းဘူး။
ယခုအချိန်တွင် သူ၏ စီရင်ပိုင်ခွင့် အဆင့်မှာလည်း တစ်ဖန် အကြီးအကျယ် ချဲ့ထွင်ခဲ့ပြန်ပြီ ဖြစ်သည်။
သူ ထိုအရာကို ခံစားမိ၏။ ၎င်းမှာ မူလ လီရွာထက် ၃.၂ ဆခန့် ပိုမို ကြီးမားလာခဲ့ပြီ။
"ကျန်းရွာနဲ့ လျောင်ရွာရဲ့ အချို့ အစိတ်အပိုင်းတွေက တကယ်တော့ ငါ့ရဲ့ စီရင်ပိုင်ခွင့် အပြင်ဘက်မှာ ရှိနေတာပဲ..."
"ငါတို့ စီရင်ပိုင်ခွင့် အောက်မှာ ရှိတဲ့ ဧရိယာက အခု ဟက်တာ ၅၀ ရှိပြီ၊ တစ်ဧကတောင် မပိုဘူး… မလျော့ဘူး"
"ဒါက ကိုးဆင့်မြောက် နတ်ဘုရား အဆင့်ကနေ ရောက်ရှိနိုင်တဲ့ [စီရင်ပိုင်ခွင့်] ရဲ့ ကန့်သတ်ချက်လား"
သူ ရေရွတ်လိုက်သည်။
ကံကောင်းတာက ကျန်းရွာပဲဖြစ်ဖြစ်၊ လျောင်ရွာပဲဖြစ်ဖြစ် ရွာသားများ၏ နေအိမ် အားလုံးဟာ သူ၏ [စီရင်ပိုင်ခွင့်] အတွင်းမှာပဲ ရှိနေကြပါသည်။ ဧရိယာ ဧက ငါးထောင်လောက်ရှိသော နေရာကနေ တစ်ညလုံး စုစည်းလိုက်သည့် လရောင်၏ အဆီအနှစ်ကတောင်မှ နတ်ဘုရား စွမ်းအား တစ်လမ်းကြောင်း၏ ဆယ်ပုံတစ်ပုံ မရှိပေ။ သာမန် မိစ္ဆာများအတွက်တော့ သူ လုပ်သလိုမျိုး ဧရိယာ ဧက ငါးထောင်အတွင်းမှ လရောင် အဆီအနှစ် အားလုံးကို စုစည်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် လ၏ အဆီအနှစ်ကို စားသုံးပြီး ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်ဖို့ဆိုသည်မှာ အလွန် ခက်ခဲသည့် ကိစ္စဖြစ်သည်။
သူ ခံစားမိတာကတော့ ဥပမာအားဖြင့် အရင်က ဝံပုလွေမိစ္ဆာမှာ နတ်ဘုရား စွမ်းအား ၁၀ လမ်းကြောင်း ရှိသော အဆင့်ကို ရောက်ဖို့အတွက် လ၏ အဆီအနှစ်ကို နှစ်ပေါင်း တစ်ရာလောက် စုဆောင်းခဲ့ရခြင််း ဖြစ်နိုင်ပါသည်။
"ဒါကြောင့် မိစ္ဆာတွေက လူကို စားကြတာကိုး"
"လရောင် အဆီအနှစ်ကိုပဲ အားကိုးပြီး ကျင့်ကြံရတာက အရမ်းကို နှေးကွေးလွန်းတယ်"
"လူသားတွေက သတ္တဝါအားလုံးထဲမှာ အသိဉာဏ် အရှိဆုံးပဲ… သူတို့ရဲ့ ယုံကြည်မှု စွမ်းအားနဲ့ သူတို့ ဆက်သတဲ့ အမွှေးတိုင်တွေက လရောင် အဆီအနှစ်ကို အချိန်အတော်ကြာ စားသုံးထားတဲ့ မိစ္ဆာတွေရဲ့ စွမ်းအားထက် အများကြီး သာလွန်တယ်"
"လူတစ်ယောက်ကို စားလိုက်တာက ရက်ပေါင်းများစွာ ကြာအောင် ကျင့်ကြံလိုက်ရတာနဲ့ တူတူပဲ ဖြစ်မှာပါ"
လီယွဲ့ သက်ပြင်းချလိုက်သည်။
သို့သော် ဤသည်မှာ မိစ္ဆာများ လူစားဖို့အတွက် အကြောင်းပြချက် မဟုတ်ပေ။
အခု သူ မြေစောင့်နတ်မင်း ဖြစ်လာပြီဆိုတော့ လူသားများကို မလွဲမသွေ ကာကွယ်ရမည်။ ဘာပဲဖြစ်ဖြစ် လူသားများမှာ သူ့ ယုံကြည်မှု အရင်းအမြစ်ပဲ မဟုတ်ပါလား။
လူတစ်ယောက် ဆုံးရှုံးသွားခြင်းက သူ့ကို ဆုတောင်းပေးမည့်သူ တစ်ယောက် ဆုံးရှုံးသွားတာနှင့် အတူတူပင်။
သူသည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး မကြာမီမှာပင် လျောင်ရွာ၏ မူလတည်နေရာသို့ ရောက်ရှိလာကာ နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့သော ရေတွင်းဟောင်းတစ်ခု၏ ဘေးတွင် ရပ်လိုက်သည်။ ရေတွင်းဟောင်းတွင် ရေတွင်းဖုံး ရှိနေပြီး ၎င်း၏ အပေါ်တွင် ကျောက်တုံးအချို့ တင်ထားသည်။
"တစ္ဆေအငွေ့အသက်တွေ..."
သူ ရေတွင်းဟောင်းကို ကြည့်လိုက်သည်။ လျောင်ရွာသည် သူ၏ [စီရင်ပိုင်ခွင့်] အတွင်းသို့ ရောက်ရှိလာသည့် အချိန်မှစ၍ ဤရေတွင်းဟောင်းမှာ သူ၏ မျက်စိရှေ့တွင် မည်သည့် လျှို့ဝှက်ချက်မျှ မရှိတော့ချေ။
ရေတွင်းဟောင်းမှာ ပြင်းထန်သော တစ္ဆေအငွေ့အသက်များနှင့် နာကြည်းချက်များ ပြည့်နှက်နေသည်။
ဤသည်မှာ ရေတွင်းဟောင်းထဲ၌ တစ္ဆေများ ဒါမှမဟုတ် ဝိညာဉ်များ ရှိနေသည်ဆိုတာကို ပြသနေသည်။
သူ လက်ကို မြှောက်လိုက်ပြီး ညင်သာစွာ ဝေ့ယမ်းလိုက်ရာ ရေတွင်းဟောင်းပေါ်ရှိ ကျောက်တုံးများနှင့် ရေတွင်းဖုံးမှာ လွင့်ထွက်သွားတော့သည်။
မြေစောင့်နတ်မင်း တစ်ဦးအနေဖြင့် သူသည် နတ်ဘုရား အတတ်များကို အသုံးပြုသည့် အခါမှသာ နတ်ဘုရား စွမ်းအားများကို သုံးစွဲရန် လိုအပ်သည်။
တကယ်တော့ မြေစောင့်နတ်မင်း တစ်ပါးအနေနှင့် နတ်ဘုရား အတတ်တွေကို အသုံးမပြုဘဲ ဘာမှ မလုပ်နိုင်တာ မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေနှင့် ကိုးဆင့်မြောက် မြေစောင့်နတ်မင်း တစ်ပါး၏ အခြေခံ စွမ်းရည်တွေတင် သူ၏ အစွမ်းဟာ တတိယအဆင့်၏ ကန့်သတ်ချက်ထက် မနိမ့်ပါချေ။
ဥပမာအားဖြင့် ယခုအချိန်တွင် သူ လက်စွပ်လေး တစ်ချက် ဝေ့ယမ်းရုံနဲ့တင် ရေတွင်းဟောင်းပေါ်က ကျောက်တုံးများနှင့် ရေတွင်းဖုံးကို လွယ်လွယ်ကူကူ ဖယ်ရှားပစ်နိုင်ပါသည်။ ဘယ်လို နတ်ဘုရား စွမ်းအားမှ သုံးစရာ မလိုအပ်ပေ။
"ပြီးတော့ တစ္ဆေက တစ်ယောက်တည်း မဟုတ်ဘူးပဲ"
သူ၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ မြေစောင့်နတ်မင်း၏ ဝတ်ရုံကို ဆင်မြန်းထားပြီး မြေစောင့်နတ်မင်း၏ သရဖူကို ဆောင်းထားကာ လက်ထဲမှာလည်း မြေစောင့်နတ်မင်း၏ တံဆိပ်တုံးကို ကိုင်ဆောင်ထားရင်း သူ ညင်သာစွာ ပြောလိုက်သည်။
"မင်းတို့ ဘာလို့ အပြင်ထွက်ပြီး ဒီနတ်ဘုရားကို လာမတွေ့ကြတာလဲ"
"ငါ ကိုယ်တိုင် မင်းတို့ဆီ လာတွေ့ဖို့ စောင့်နေတာလား"
သူ စကားပြောအဆုံးတွင်... ရုတ်တရက် ရေတွင်းဟောင်းအောက်မှ ပိုမို ထူထပ်သော တစ္ဆေအငွေ့အသက်များ တိုးထွက်လာပြီး တစ္ဆေပုံရိပ် နှစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ရှေ့မှ ပုံရိပ်မှာ သူ သေဆုံးချိန်တွင် အသက် ၁၇ နှစ် သို့မဟုတ် ၁၈ နှစ်ခန့်သာ ရှိပုံရသော လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ မျက်လုံးများမှာ လီယွဲ့ကို ကြည့်ရင်း ထိတ်လန့်မှုများ ပြည့်နှက်နေသော်လည်း သွားကို တင်းတင်းစေ့ထားပြီး အခြား တစ္ဆေပုံရိပ်တစ်ခု၏ ရှေ့တွင် ကာကွယ်ပေးထားသည်။ အခြား တစ္ဆေပုံရိပ်မှာမူ ကြောက်ရွံ့စွာဖြင့် ပုန်းကွယ်နေသော မိန်းကလေးတစ်ဦး ဖြစ်ပြီး သူ သေဆုံးချိန်တွင် အသက် ၁၅ နှစ်ထက် မပိုနိုင်ချေ။
သူ၏ မျက်လုံးများတွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
ဘာပဲဖြစ်ဖြစ် သူတို့၏ မျက်လုံးထဲမှာတော့ လီယွဲ့၏ ခန္ဓာကိုယ်ဟာ နတ်ဘုရား အလင်းတန်းများ ဖြာထွက်နေပြီး သူ၏ နတ်ဘုရား တန်ခိုးဟာလည်း ကောင်းကင်ယံလောက် ကျယ်ပြောနေသည်။
သူ့ ရှေ့တွင် ငြိမ်ငြိမ်လေး ရပ်နေရုံနှင့်တင် သူတို့ကို လုံးဝ အရည်ပျော်သွားစေပြီး ပြာအဖြစ် ပြောင်းလဲပစ်နိုင်တယ်ဆိုသည် ခံစားချက်မျိုး ပေးနေ၏။
"လျောင်ရွာက လျောင်ရှို့အာက ရိုသေထိုက်တဲ့ နတ်ဘုရား အရှင်မြတ်ကို ဂါရဝပြုပါတယ်"
မိန်းကလေးသည် ချက်ချင်း ဒူးထောက်လိုက်ပြီး သူ့ရှေ့မှ ကောင်လေးကို ဆွဲလိုက်သည်။
"လျောင်ရွာက လျောင်ချန်ဖိန်က ရိုသေထိုက်တဲ့ နတ်ဘုရား အရှင်မြတ်ကို ဂါရဝပြုပါတယ်"
ကောင်လေးသည်လည်း ဒူးထောက်လိုက်၏။ သူတို့ နှစ်ဦးစလုံးမှာ ပြင်းထန်သော တစ္ဆေအငွေ့အသက်များ ရှိနေသော်လည်း သွေးဆာနေသည့် အငွေ့အသက်မျိုးတော့ မရှိပေ။
ဒါဟာ သူတို့တွေ ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဖူးဘူးဆိုတာ ထင်ရှားစေပါသည်။
ဒါဆို ဘာလို့ လူသားတွေကြားမှာ ရှိနေသေးတာလဲ။
"ဒီလောက်များတဲ့ နာကြည်းချက်တွေက ဘယ်က လာတာလဲ"
လီယွဲ့ တည်ငြိမ်စွာ မေးလိုက်သည်။
ဒီကမ္ဘာမှာ သူ မြေစောင့်နတ်မင်း ဖြစ်လာသည့် အချိန်ကစလို့ ငရဲဘုံတစ်ခု တည်ရှိနေသည်ဆိုတာကို သူ ခံစားမိပါသည်။
သို့သော် ဒီခံစားချက်မှာ အလွန်ကို ဝေဝါးလှ၏။ ငရဲဘုံ ဘယ်လို အလုပ်လုပ်လဲဆိုတာနှင့် အဲဒါကို နတ်ဘုရားတွေ အုပ်ချုပ်နေသလားဆိုတာကိုတော့ သူ မသိနိုင်ပေ။
သို့ရာတွင် သတ္တဝါများ သေဆုံးပြီးနောက် သူတို့၏ ဝိညာဉ်များမှာ ငရဲဘုံကို သွားကြရမည်။
"အရှင်… ကျွန်မတို့ မောင်နှမအတွက် တရားမျှတမှု ဖော်ဆောင်ပေးတော်မူပါ"
မိန်းကလေးသည် လေးလေးနက်နက် ဦးညွှတ်ရင်း ငိုကြွေးလိုက်တော့သည်။