← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) - မကောင်းမှုကို နှိမ်နင်း၍ အကောင်းကို မြှင့်တင်ရန် တစ္ဆေစေတမန်များ ခန့်အပ်ခြင်း

"အသေးစိတ် ရှင်းပြစမ်း"

လီယွဲ့မှ တည်ငြိမ်စွာ ပြောလိုက်သည်။

သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း တစ္ဆေနှစ်ဦးဖြစ်သည့် လျောင်ရှို့အာနှင့် လျောင်ချန်ဖိန်တို့အတွက်မူ အလွန်ပင် အရှိန်အဝါ ကြီးမားနေတော့သည်။

"အရှင်… ကျွန်မရဲ့မိဘတွေက စောစောစီးစီး ဆုံးပါးသွားခဲ့ကြလို့ ကျွန်မတို့ မောင်နှမ နှစ်ယောက်ပဲ တစ်ယောက်ကိုတစ်ယောက် အမှီသဟဲပြုပြီး ကြီးပြင်းလာခဲ့ရတာပါ"

"ဒါပေမဲ့ ကျွန်မက ရုပ်ရည်လေး အတန်အသင့် ချောမောနေတာကြောင့် ချမ်းသာတဲ့ လျောင်တာချန်းရဲ့ သားကြီး လျောင်ရှုံက ကျွန်မကို မယားငယ်အဖြစ် သိမ်းပိုက်ချင်ခဲ့ပါတယ်"

"ကျွန်မက လက်မခံခဲ့ဘူး"

"ညနေခင်း တစ်ခုမှာ ကျွန်မ ဒီရေတွင်းကို ရေခပ်လာရင်း လျောင်ရှုံနဲ့ မတော်တဆ ဆုံခဲ့ပါတယ်… အဲဒီမှာ သူက ကျွန်မကို အဓမ္မကျင့်ဖို့ ကြိုးစားခဲ့ပါတယ်"

"ကျွန်မက အညံ့မခံဘဲ ငြင်းဆန်ခဲ့တော့ သူက ဒေါသထွက်ပြီး ကျွန်မကို ရေတွင်းထဲ တွန်းချလိုက်တာပါ"

"ကျွန်မအစ်ကိုက ကျွန်မကို လိုက်ရှာရင်း ရောက်လာပေမဲ့ သူလည်း အနားမှာ ပုန်းနေတဲ့ လျောင်ရှုံရဲ့ တွန်းချခြင်းကို ခံလိုက်ရပြန်တယ်"

"ကျွန်မတို့ မောင်နှမ နှစ်ယောက်စလုံး ရေတွင်းထဲမှာပဲ သေဆုံးခဲ့ရလို့ ရွာလူကြီးက ရေတွင်းကို ပိတ်လိုက်တာပါ… လျောင်ရှုံကတော့…"

ဤနေရာသို့ ရောက်သောအခါ လျောင်ရှို့အာ၏ မျက်လုံးများထဲတွင် နာကြည်းမှုများ ပြည့်နှက်သွားသည်။

"သူက ဘယ်ကနေ ရလာမှန်းမသိတဲ့ လက်ဖွဲ့တစ်ခုကို ဆောင်ထားလို့ ကျွန်မတို့ မောင်နှမတွေ တစ္ဆေဖြစ်သွားတာတောင် သူ့နားကို ကပ်လို့မရခဲ့ပါဘူး"

"အခုဆို သူက မြို့ပေါ်ကိုတောင် ပြောင်းသွားပြီး စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ရင်း အရမ်းကို ချမ်းချမ်းသာသာ နေနေတာပါ”

"ကျွန်မ တစ္ဆေဖြစ်နေတာတောင် ကလဲ့စားမချေနိုင်တာကိုပဲ နောင်တရမိပါတယ်"

"အရှင်… ကျွန်မတို့ မောင်နှမအတွက် တရားမျှတမှု ဖော်ဆောင်ပေးတော်မူပါ"

သူ တဒုန်းဒုန်းနှင့် အဆက်မပြတ် ဦးချလိုက်သည်။ လျောင်ချန်ဖိန်မှာမူ ဘာမှမပြောဘဲ အဆက်မပြတ်သာ ဦးချနေတော့၏။

လီယွဲ့သည် သူ၏ ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် မြေစောင့်မှတ်တမ်း မှာ သူ၏ လက်ထဲတွင် ပေါ်လာသည်။ သူ အကြည့်ရောက်သွားသည်နှင့် မြေစောင့်မှတ်တမ်း မှာ လျောင်ရှုံ၏ စာမျက်နှာသို့ အလိုအလျောက် ပွင့်သွားတော့သည်။ အထက်ပါ မှတ်တမ်းတွင် လျောင်ရှုံ၏ ဘဝဇာတ်ကြောင်းနှင့် လုပ်ရပ်များကို အသေးစိတ် ဖော်ပြထားရာ ၎င်းတို့အနက် တစ်ခုမှာ လျောင်ရှို့အာ ပြောသည့်အတိုင်း အတိအကျပင် ဖြစ်သည်။

သူသည် လေးပြင်ကျယ်ရွာ၏ မြေစောင့်နတ်မင်း ဖြစ်ပြီး ကောင်းမှုလုပ်သူကို ဆုလာဘ်ပေးရုံသာမက မကောင်းမှုလုပ်သူကိုလည်း ပြစ်ဒဏ်ပေးရမည်။ နတ်ဘုရားများ အပေါ်ကနေ စောင့်ကြည့်နေတယ်ဆိုတာဟာ စကားသက်သက် မဟုတ်ပေ။

သူ၏ [စီရင်ပိုင်ခွင့်] အတွင်းရှိ ရွာသားတစ်ဦးအနေဖြင့် မွေးဖွားချိန်မှ သေဆုံးချိန်အထိ သူ၏ ဘဝအသေးစိတ် အချက်အလက်အားလုံးကို မြေစောင့်မှတ်တမ်း တွင် မှတ်တမ်းတင်ထားပြီးသား ဖြစ်သည်။ သူတို့ ဘယ်လို ကောင်းမှု၊ မကောင်းမှုတွေပဲ လုပ်ခဲ့ပါစေ၊ လွတ်မြောက်သွားမှာ မဟုတ်ပေ။

"မင်းတို့ရဲ့ ကိစ္စကို ငါ ကိုင်တွယ်ပေးမယ်"

"ငါ့ရဲ့ လက်အောက်မှာ အခုထိ ငရဲစစ်သည်တွေနဲ့ တစ္ဆေစေတမန်တွေ လိုအပ်နေတုန်းပဲ… မင်းတို့ မောင်နှမ နှစ်ယောက် ငါ့ရဲ့ လက်အောက်ကို ဝင်ပြီး ငရဲစစ်သည်နဲ့ တစ္ဆေစေတမန်တွေ ဖြစ်လာဖို့ ဆန္ဒရှိကြလား"

သူ လျောင်ရှို့အာနှင့် လျောင်ချန်ဖိန်တို့ကို ငုံ့ကြည့်ရင်း မေးလိုက်သည်။ နောင်တွင် ဖြစ်ပေါ်လာမည့် နတ်ဘုရားတို့၏ စစ်ပွဲတွင် ငရဲစစ်သည်များသည်လည်း နတ်ဘုရားတပ်ဖွဲ့များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်။ ဒါ့အပြင် ဝိညာဉ်ခေါ်ယူခြင်းကဲ့သို့သော အလုပ်အသေးအမွှားလေးများကို မြေစောင့်နတ်မင်း တစ်ပါးအနေနှင့် ကိုယ်တိုင်လုပ်နေဖို့ မသင့်တော်သည် မဟုတ်ပါလား။

"အရှင်က ကျွန်မတို့ မောင်နှမအတွက် ဆုံးဖြတ်ပေးမယ်ဆိုရင် ကျွန်မတို့ မောင်နှမတွေ အရှင်ရဲ့ အမိန့်ကို နာခံပါ့မယ်"

လျောင်ရှို့အာ ပြတ်သားစွာ ပြောလိုက်သည်။

လျောင်ချန်ဖိန်ကလည်း ချက်ချင်းပင် ခေါင်းငြိမ့် သဘောတူလိုက်သည်။

"ကောင်းပြီ"

လီယွဲ့၏ မျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။ သူ၏ လက်ထဲတွင် နတ်ဘုရား စွမ်းအား နှစ်လမ်းကြောင်း ပေါ်လာပြီး ၎င်းတို့၏ တောက်ပမှုမှာ ကြီးမားလှသလို နတ်ဘုရား တန်ခိုးမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုနတ်ဘုရား စွမ်းအား နှစ်လမ်းကြောင်းသည် သူ၏ ရှေ့မှောက်တွင် မီးခိုးဖြူရောင် လက်ဖွဲ့နှစ်ခုအဖြစ် ဖြည်းညှင်းစွာ ပြောင်းလဲသွားသည်။ မီးခိုးဖြူရောင် လက်ဖွဲ့တစ်ခုစီတွင် နားလည်ရခက်သော ရှုပ်ထွေးလှသည့် စာလုံးများဖြင့် ပြည့်နှက်နေပြီး နတ်ဘုရား အရှိန်အဝါများ ဖြာထွက်နေ၏။

ဤသည်မှာ တစ္ဆေစစ်သည် နတ်ဘုရားလက်ဖွဲ့ ပင် ဖြစ်သည်။ တစ္ဆေတစ်ကောင်၏ ခန္ဓာကိုယ်ထဲ ထိုအရာကို ပေါင်းထည့်လိုက်သည်နှင့် တစ္ဆေစစ်သည်အဖြစ် ခန့်အပ်ပြီးသား ဖြစ်သွားလိမ့်မည်။

တစ္ဆေစစ်သည်များကိုလည်း အမျိုးအစား နှစ်မျိုး ခွဲခြားထားသည်။ ပထမတစ်မျိုးမှာ စစ်မက်ရေးရာကို အထူးပြုသော တစ္ဆေစစ်သည်များ ဖြစ်သည်။ ဒုတိယအမျိုးအစားကတော့ ဝိညာဉ်ဖမ်းဆီးခြင်းကို အထူးပြုသည့် တစ္ဆေစေတမန်များ ဖြစ်၏။

လူသားတို့၏ မင်းဆက်စနစ်နှင့် ခွဲခြားရလျှင် အုပ်စုတစ်စုမှာ စစ်သားတွေဖြစ်ပြီး နောက်တစ်စုကတော့ ရုံးစေများနှင့် တူသည်။ သို့သော် ငရဲဘုံတွင်မူ တစ္ဆေစေတမန် အားလုံးမှာ ငရဲစစ်သည်များမှ အသွင်ပြောင်းလာသူများသာ ဖြစ်ကြသည်။ ထို့ကြောင့် တစ္ဆေစေတမန်များ ခန့်အပ်ရာတွင်လည်း တစ္ဆေစစ်သည် နတ်ဘုရားလက်ဖွဲ့ ကိုပင် အသုံးပြုသည်။

လက်ဖွဲ့ပေါ်ရှိ စာလုံးလေးများသာ အနည်းငယ် ကွဲပြားသွားခြင်း ဖြစ်သည်။ တစ္ဆေစစ်သည် နတ်ဘုရားလက်ဖွဲ့ ကို ပေါင်းစပ်ဖန်တီးသည့် အခါတွင် သူသည် ဤအရာအားလုံးကို စိတ်ကြိုက် ထိန်းချုပ်နိုင်လေ၏။

"ငါ…"

"လေးပြင်ကျယ်ရွာရဲ့ မြေစောင့်နတ်မင်းကနေပြီးတော့ လျောင်ရှို့အာကို လေးပြင်ကျယ်ရွာရဲ့ တစ္ဆေစေတမန်အဖြစ် ခန့်အပ်လိုက်တယ်"

"လျောင်ချန်ဖိန်ကိုလည်း လေးပြင်ကျယ်ရွာရဲ့ တစ္ဆေစေတမန်အဖြစ် ခန့်အပ်လိုက်တယ်"

ခန့်ညားထည်ဝါသော အသံသည် မောင်နှမနှစ်ဦး၏ နားထဲသို့ ရောက်ရှိသွားပြီး နောက်တစ်ခဏတွင် နတ်ဘုရားလက်ဖွဲ့ နှစ်ခုမှာ တောက်ပသော အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲကာ သူတို့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။ ချက်ချင်းပင် အရင်က လွင့်မျောနေခဲ့သည့် တစ္ဆေပုံရိပ် နှစ်ခုမှာ ရုတ်တရက် ခိုင်မာသွားတော့၏။

ထို့အပြင် သူတို့ နှစ်ဦးစလုံးမှာ ရှေ့နှင့် နောက်တွင် "စေ" ဟူသော စာလုံးကြီးကို ရေးထိုးထားသည့် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် ဝတ်ရုံများကို ဆင်မြန်းထားကြသည်။ ထို "စေ" ဟူသော စာလုံးမှာ နတ်ဘုရား စွမ်းအားများကို သိမ်မွေ့စွာ ထုတ်လွှင့်နေသဖြင့် သူတို့၏ အရှိန်အဝါမှာ သာမန်တစ္ဆေများနှင့် များစွာ ကွာခြားသွားတော့သည်။ သူတို့၏ ခါးတွင်လည်း ဝိညာဉ်ချည်နှောင်သည့် သံကြိုးပုံရိပ်များ ရှိနေ၏။ ဤအရာမှာ လက်ရှိတွင် တစ္ဆေအငွေ့အသက်များဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း "စေ" ဟူသော စာလုံးပေါ်ရှိ နတ်ဘုရား စွမ်းအားများကြောင့် ဝိညာဉ်များကို ချည်နှောင်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။

"ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ် အရှင်"

လျောင်ရှို့အာနှင့် လျောင်ချန်ဖိန်တို့ အလွန်အမင်း ဝမ်းသာသွားကြပြီး ချက်ချင်းပင် ဦးချလိုက်ကြသည်။ သူတို့ နှစ်ယောက်လုံး ရုတ်တရက်ကြီး အရမ်းကို သန်မာလာသလို ခံစားရသည်။

အရင်တုန်းကဆိုလျှင် သူတို့ သာမန်လူများကိုသာ ခြောက်လှန့်နိုင်၏။ ဘယ်သိုင်းပညာရှင်အနားမှ သူတို့ မကပ်ရဲကြပေ။ သို့သော် ယခုတော့ သွေးသားစွမ်းအင်များ ပြည့်ဝနေသော သိုင်းပညာရှင်များကိုပင် ကြောက်နေစရာ မလိုတော့ဟု ခံစားနေရပြီ။

"သွားကြတော့"

"လျောင်ရှုံရဲ့ ဝိညာဉ်ကို သွားဖမ်းခဲ့ကြ"

လီယွဲ့မှ ညွှန်ကြားချက် ပေးလိုက်သည်။

အခုမှ ခန့်အပ်ခံရတဲ့ ငရဲစစ်သည်များကိုတော့ အရန် ငရဲစစ်သည် ဒါမှမဟုတ် အရန် တစ္ဆေစေတမန်​များဟုပဲ သတ်မှတ်လို့ ရသေးသည်။ သူတို့၏ အစွမ်းက ပထမအဆင့် အလယ်အလတ် သိုင်းပညာရှင် တစ်ယောက်ထက် သိပ်မသာပေ။

သူက နတ်ဘုရား စွမ်းအား ၁၀ လမ်းကြောင်းကို အသုံးပြုပြီး ငရဲစစ်သည် အစွမ်းမြှင့်တင်ခြင်း ဆိုသည့် နတ်ဘုရား အတတ်ကို သုံးလိုက်မှသာ ဒီတစ္ဆေစေတမန်များမှာ အဆင့်ဒီ တစ္ဆေစေတမန် စစ်စစ် ဖြစ်လာမည်။ အဆင့်ဒီ တစ္ဆေစေတမန်၏ အစွမ်းကတော့ နတ်စင်ဂေါပက လီယူမင်ထက် အနည်းငယ်သာ လျော့နည်းပြီး ဒုတိယအဆင့် အနိမ့်ဆုံး တစ္ဆေတစ်ကောင်နဲ့ အဆင့်တူပါသည်။ အကယ်၍ သူ ငရဲစစ်သည် လက်နက် ဆိုသည့် နတ်ဘုရား အတတ်ကို သုံးပြီး သူတို့ကို လက်နက်များ တပ်ဆင်ပေးလိုက်ရင်တော့ အစွမ်းများ အဆမတန် တိုးသွားပြီး အဆင့်စီ ငရဲစစ်သည် အဖြစ် အဆင့်တက်သွားမည်။

ကိုးဆင့်မြောက် နတ်ဘုရား တစ်ပါးအနေနှင့် သူ၏ လက်အောက်၌ အစွမ်းအထက်ဆုံး ထားရှိနိုင်သည်မှာ အဆင့်စီ ငရဲစစ်သည်များသာ ဖြစ်သည်။ သို့သော် အဆင့်စီ ငရဲစစ်သည် ဆိုတာတောင် အလွန်ကို အစွမ်းထက်နေပါပြီ။ သူတို့၏ အစွမ်းက ဒုတိယအဆင့် အထက်တန်း သိုင်းပညာရှင် တစ်ယောက်ထက် မနိမ့်ချေ။

ဒီလို တစ္ဆေစစ်သည်များ ရှိနေရင်ပဲ သူ့အတွက် လုံလောက်နေပါပြီ။

"အမိန့်တော်အတိုင်းပါ"

လျောင်ရှို့အာနှင့် လျောင်ချန်ဖိန်တို့မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ရိုသေစွာ ဦးညွှတ်ပြီးနောက် သူတို့ မြို့ဆီသို့ လျင်မြန်စွာ လွင့်မျောသွားတော့၏။

သူတို့ ဝတ်ရုံပေါ်မှ "စေ" ဆိုသည့် စာလုံးကနေ နတ်ဘုရား စွမ်းအားများ မှိန်ပျပျ ထွက်ပေါ်နေသောကြောင့် အရှိန်ဟာ ဒုန်းစိုင်းပြေးနေသည့် မြင်းတစ်ကောင်ထက်ပင် ပိုပြီး မြန်နေပါသေးသည်။

လီယွဲ့သည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး နတ်ဘုရားနယ်မြေထဲသို့ ပြန်ဝင်သွားတော့သည်။

...

ဆောင်းပင်မြို့နယ်။

ညနက်သန်းခေါင်အချိန် မြို့ကလေးမှာ လေတိုက်သံမှအပ တိတ်ဆိတ်ငြိမ်သက်နေသည်။ အရက်နံ့များ ထောင်းထောင်းထနေသော လျောင်ရှုံတစ်ယောက် မြို့ထဲက တစ်ခုတည်းသော ပြည့်တန်ဆာအိမ်မှ ယိုင်တိယိုင်တိုင်နှင့် ထွက်လာခဲ့သည်။ သူ့ နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်ပြီး မျက်နှာမှာလည်း ကျေနပ်နေသည့် အရိပ်အယောင် အထင်အသား ရှိနေသည်။

"အဲဒီ မိန်းကလေးကတော့..."

"ခရိုင်မြို့က လာတာဆိုတော့လည်း မပြောနဲ့တော့... တကယ့်ကို လှပလွန်းတယ်..."

"အဲဒီ မကောင်းတဲ့မိန်းမ လျောင်ရှို့အာထက်တောင် အများကြီး သာသေးတယ်..."

"မနက်ဖြန်လည်း ငါ ထပ်လာရမယ်… ပြီးတော့... သဘက်ခါရော… အဲဒီနောက်ရက်တွေမှာရော အမြဲ လာရမယ်"

သူ့မျက်လုံးများမှာ အရက်ရှိန်ကြောင့် ဝေဝါးနေပြီး နှာခေါင်းသွေးယိုလုမတတ် ညစ်ညမ်းစွာ ရယ်မောနေသေးသည်။

သို့သော် အချိန်မှာ မတ်လသာ ရှိသေးတာကြောင့် နွေဦး၏ အအေးဓာတ်က ရှိနေဆဲပင်။

သူ ချမ်းတုန်သွားပြီး ခြေလှမ်းကို အမြန် ပြင်လိုက်ရသည်။ သူ့ လည်ပင်းမှာတော့ လက်ဝါးအရွယ်အစားရှိတဲ့ အဝါရောင် လက်ဖွဲ့တစ်ခု ဆွဲထားသည်။

ထိုစဉ် ရှေ့ရှိ နံရံထောင့်၌ ဆံပင်ရှည်ရှည်နှင့် မိန်းကလေးတစ်ယောက် ရပ်နေသည်ကို သူ သတိထားမိလိုက်သည်။ ထိုမိန်းကလေးမှာ သူ့ကို ကျောပေးထားပြီး အဖြူရောင် ဂါဝန်လေးကို ဝတ်ထားသည်။

အေးစက်သော လေထဲတွင် ချမ်းတုန်နေသည့် ပုံစံလေးက သနားစရာလေးပင်။

လျောင်ရှုံ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားသည်။

သူ အနားကို အလျင်အမြန် သွားလိုက်ပြီး လျှာလေးအာလေးနှင့် ပြောလိုက်၏။

"ညီမလေး… ညကြီးမင်းကြီး အိမ်မပြန်ဘဲ ဒီမှာ ဘာလုပ်နေတာလဲ"

"လမ်းမှာ လူဆိုးတွေနဲ့ တွေ့မှာစိုးလို့ အစ်ကိုကြီးက အိမ်လိုက်ပို့ပေးရမလား"

သူ့စကားများ တော်တော်လေး ယဉ်ကျေးသည်ဟု သူ ထင်နေပြီး ကိုယ့်ကိုယ်ကိုယ်လည်း ကျေနပ်နေပုံရသည်။ "အိမ်လိုက်ပို့ပေးရမယ် ဟုတ်လား..."

"ဟိုး ရေတွင်းဆီကို ပြန်သွားရမှာလား..."

မိန်းကလေးမှာ ဖြည်းဖြည်းချင်း လှည့်လာသည်။ သွေးမရှိသလို ဖြူဖျော့နေသော သူ့မျက်နှာပေါ်မှာ ထူးဆန်းသည့် အပြုံးတစ်ခု ရှိနေပြီး သူ့ကို စိုက်ကြည့်နေသည်။

"ဘယ်... ဘယ်ရေတွင်းလဲ..."

လျောင်ရှုံလည်း မိန်းကလေး၏ မျက်နှာကို အသည်းအသန် ကြည့်လိုက်မိသည်။

ထို့နောက် သူ့မျက်နှာ ချက်ချင်း ပြာနှမ်းသွားပြီး မျက်စိသူငယ်အိမ်များ ကျုံ့သွားကာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။

လျောင်ရှို့အာလား။

သူက သေသွားပြီ မဟုတ်လား။

ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။

ဒါဆိုရင် တစ္ဆေလား။

All Chapters