အခန်း ၂၂
Vol. 2 Ch. 22
အခန်း (၂၂) - ယုံကြည်မှုကို ပြန့်ပွားစေခြင်း၊ အင်အားသုံး၍ လမ်းဖောက်ခြင်း
ဤတစ်လအတွင်းတွင် လေးပြင်ကျယ်ရွာ၏ အာဏာခွဲဝေမှုသည်လည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ နတ်စင်ဂေါပကအနေဖြင့် လီယူမင်သည် အဆင့်မြင့်ဆုံး အာဏာကို ပိုင်ဆိုင်ထားပြီး လေးပြင်ကျယ်ရွာရှိ အရာအားလုံးကို ထိန်းချုပ်ထားသည်။ ကျန်းရုံကွေ့သည် လီယူမင်အား ကူညီပေးသူအဖြစ် ဆောင်ရွက်၏။ လီတီယန်မှာ လေးပြင်ကျယ်ရွာ၏ ရွာလူကြီးဖြစ်ပြီး ရွာ၏ နေ့စဉ်ကိစ္စများကို တာဝန်ယူရသည်။
ချန်မာကျိနှင့် လျောင်ကျင်ကျန်တို့ကိုတော့ လီတီယန်အား ကူညီရန် ဒုတိယရွာလူကြီးများအဖြစ် ခန့်အပ်ထားသည်။ လီရှို့ဝူးနှင့် လီရှို့လင်တို့သည် တစ်ဖွဲ့လျှင် သိုင်းပညာရှင် တစ်ဆယ့်ငါးဦးစီပါဝင်သည့် အမဲလိုက်အဖွဲ့ နှစ်ဖွဲ့ကို ဦးဆောင်ကာ အလုပ်ရက်များတွင် တောင်ပေါ်၌ အမဲလိုက်ကြသည်။ ကျန်ရှိသော သိုင်းပညာရှင် ဆယ်ဦးမှာမူ နတ်စင်စောင့်တပ်တွင် ပါဝင်ပြီး နတ်စင်နှင့် ရွာကို ကင်းလှည့်စောင့်ရှောက်ရန် တာဝန်ယူရ၏။
လွန်ခဲ့သော တစ်လက ရွာတွင် ပထမအဆင့် အလယ်အလတ် သိုင်းပညာရှင် နှစ်ဆယ့်ခြောက်ဦးသာ ရှိခဲ့သော်လည်း ဤတစ်လအတွင်း လူတစ်ဆယ့်လေးဦးမှာ အရှင် လီယွဲ့၏ ကောင်းချီးကို ရရှိကာ ပထမအဆင့် အလယ်အလတ် သိုင်းပညာရှင်များ ဖြစ်လာခဲ့ကြသည်။
ထို့အပြင် ချန်အာဂေါင် အမည်ရှိ ပထမအဆင့် အထွတ်အထိပ် သိုင်းပညာရှင် တစ်ဦး ထပ်တိုးလာပြီး နတ်စင်စောင့်တပ် ၏ တပ်မှူး ဖြစ်လာခဲ့သည်။ ယခုဆိုလျှင် လေးပြင်ကျယ်ရွာ တစ်ရွာလုံး၌ ပထမအဆင့် အထွတ်အထိပ် သိုင်းပညာရှင် ခုနစ်ဦးနှင့် ပထမအဆင့် အလယ်အလတ် သိုင်းပညာရှင် လေးဆယ်ဦးအထိ ရှိနေပြီ ဖြစ်သည်။
"အဘိုး... အခု အရေးယူဖို့ အချိန်တန်ပြီလား"
လီတီယန်မှ စားပွဲ၏ ထိပ်တွင် ထိုင်နေသော လီယူမင်ကို ကြည့်ကာ မျက်လုံးများ အရောင်တောက်လျက် မေးလိုက်သည်။ သူ၏အောက်တွင် ချန်မာကျိနှင့် လျောင်ကျင်ကျန်တို့ ထိုင်နေကြပြီး တစ်ဖက်တွင်မူ ကျန်းရုံကွေ့၊ လီရှို့ဝူး၊ လီရှို့လင်နှင့် ချန်အာဂေါင်တို့ ထိုင်နေကြသည်။
"မှန်တယ်… နတ်ဘုရား အမိန့်တော်က သတ်မှတ်ထားတဲ့ အချိန်ကာလ ပြည့်ဖို့ နှစ်လပဲ ကျန်တော့တယ်… ငါတို့က အရှင် လီယွဲ့ရဲ့ အမိန့်ကို ပြီးမြောက်အောင် ဆောင်ရွက်ရုံတင်မကဘဲ ငါတို့ အစွမ်းကုန် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ရမယ်"
လီယူမင်မှ လူတိုင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ဂေါပကကြီး… အမိန့်သာ ပေးပါ… လုပ်စရာရှိတာ ပြောလိုက်ရုံပါပဲ… ကျွန်တော်တို့ လုပ်ပါ့မယ်"
ချန်မာကျိ တက်ကြွစွာ ပြောလိုက်သည်။ ရွာ၏ လူဦးရေ တိုးပွားလာသည်နှင့်အမျှ သူ၏ ဒုတိယရွာလူကြီး ရာထူးမှာလည်း အလိုအလျောက် မြင့်တက်လာမည် ဖြစ်သည်။
"မဟာကျိုးမင်းဆက် ပြိုလဲပြီးကတည်းက လောကကြီးမှာ မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးတွေ သောင်းကျန်းနေခဲ့ကြတယ်… လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် မနည်းရုန်းကန်နေရပြီး မြို့ကြီးတွေကလည်း ကိုယ့်ဘာကိုယ်ပဲ အုပ်ချုပ်နေကြရတယ်… ရွာတွေ၊ မြို့နယ်တွေဆိုရင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် လုပ်ဆောင်နေကြရတာပဲ"
လီယူမင်၏ အကြည့်မှာ လူအုပ်ပေါ်သို့ ဝေ့ဝဲသွားပြီး
"လောကကြီးအကြောင်း မပြောနဲ့ဦး… ငါတို့ရဲ့ ဆောင်းပင်မြို့နယ် ပတ်ဝန်းကျင်မှာတင် မိစ္ဆာတွေရဲ့ နှိပ်စက်မှုကို ခံနေရတဲ့ လူသားတွေ အများကြီး ရှိနေသေးတယ်… ယုံကြည်မှုကို ပြန့်ပွားစေဖို့အတွက် အင်အားသုံးပြီး လမ်းဖောက်ရမယ်"
သူ၏ အသံတွင် အေးစက်စက် အရှိန်အဝါများ ပါဝင်လျက် ပြောလိုက်သည်။
လူအုပ်၏ မျက်လုံးများမှာ တက်ကြွမှုများဖြင့် တောက်ပလာပြီး သွေးများ ဆူပွက်လာကြသည်။
"တီယန်… အိမ်သစ် ဘယ်လောက် ပြင်ဆင်ပြီးပြီလဲ"
လီယူမင်က မေးလိုက်သည်။
"အိမ်ခြေ တစ်ရာ့နှစ်ဆယ် ဆောက်ပြီးပါပြီ… သစ်သားအိမ်လေးတွေ ဖြစ်ပေမဲ့ လေဒဏ်မိုးဒဏ်ကိုတော့ ခံနိုင်ပါတယ်… ဒါတွေဟာ တစ်ရွာလုံးကို စည်းရုံးပြီး တစ်လအတွင်း အပင်ပန်းခံ လုပ်ဆောင်ခဲ့တဲ့ ရလဒ်တွေပါ… သိုင်းပညာရှင်တွေက ပေါင်ရာချီလေးတဲ့ သစ်တုံးကြီးတွေကို ထမ်းပြီး တောင်ပေါ်ကနေ အရှိန်ပြင်းပြင်းနဲ့ ပြေးဆင်းနိုင်လို့ အလုပ်က အရမ်းမြန်သွားတာပါ"
လီတီယန် ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဆက်ပြီး ဆောက်ကြဦး… စားနပ်ရိက္ခာကရော ဘယ်လိုရှိလဲ"
လီယူမင်မှ လျောင်ကျင်ကျန်ကို လှည့်မေးလိုက်သည်။
"အစပိုင်းက ကျန်တဲ့ ဝံပုလွေသားခြောက် လေးထောင်ကျော် ရှိသလို အမဲလိုက်အဖွဲ့ကလည်း ဒီလမှာ အသားတွေ အများကြီး ရခဲ့ပါတယ်… စုစုပေါင်း အသားခြောက် ခုနစ်ထောင်ကျော် ရှိပါတယ်… အဲဒါအပြင် ဆန်ရိက္ခာ ခြောက်သောင်းကျော်လည်း အရန်စုဆောင်းထားပြီးပါပြီ"
လျောင်ကျင်ကျန် လေးနက်စွာ ပြောလိုက်၏။ ဤရိက္ခာများကို လွန်ခဲ့သည့် တစ်လအတွင်း အမဲလိုက်ရရှိသမျှကို ရောင်းချပြီး မြို့ထဲမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ မိစ္ဆာအဖြစ် ပြောင်းလဲတော့မည့် အရိပ်အယောင်ရှိသော တောဝံပုလွေ အလောင်းနှစ်လောင်းကိုပင် ရောင်းချခဲ့သည်။
လီယူမင် ခေါင်းငြိမ့်လိုက်သည်။ နေစရာအိမ်နှင့် အစားအစာမှာ ပြင်ပလူများကို လေးပြင်ကျယ်ရွာသို့ ဆွဲဆောင်ရန် သူအသုံးပြုမည့် နည်းလမ်းများ ဖြစ်၏။ ဤခေတ်ကာလတွင် လေဒဏ်မိုးဒဏ်လုံသော အိမ်တစ်လုံးရှိခြင်းနှင့် ဝဝလင်လင် စားသောက်နေထိုင်နိုင်ခြင်းမှာ လူအများစုအတွက် အကြီးမားဆုံးသော ဇိမ်ခံမှု ဖြစ်သည်။ ဤအရာနှစ်ခုကြောင့်ပင် သူသည် တစ်လတိတိ စောင့်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
"ရုံကွေ့၊ ရှို့ဝူးနဲ့ ရှို့လင်… မင်းတို့ သုံးယောက် ငါနဲ့အတူ ရွာပြင်ကို လိုက်ခဲ့ကြ… အမဲလိုက်အဖွဲ့ တစ်ခုလုံးကိုလည်း ခေါ်ခဲ့"
သူ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါခင်ဗျာ"
သူတို့သုံးဦးလုံး ချက်ချင်းပင် အမိန့်ကို နာခံလိုက်ကြ၏။
...
နတ်ဘုရားနယ်မြေ အတွင်း၌။
လီယွဲ့သည် လီယူမင်နှင့် လူအုပ်ကြီး လေးပြင်ကျယ်ရွာပြင်သို့ ထွက်ခွာသွားသည်ကို တည်ငြိမ်စွာ စောင့်ကြည့်နေသည်။ လေးပြင်ကျယ်ရွာ၏ မြေစောင့်နတ်မင်း တစ်ပါးအနေဖြင့် သူ၏ နယ်မြေ အတွင်း၌ အမွှေးတိုင်ထွန်း ပူဇော်မှသာ အမွှေးတိုင် စွမ်းအားများကို ရရှိနိုင်၏။
နတ်ဘုရားနယ်မြေ သည် နတ်ဘုရားလမ်းစဉ်၏ နိယာမများ လွှမ်းမိုးထားသော အဓိကနေရာ ဖြစ်ပြီး ငရဲနယ်မြေ မှာမူ နတ်ဘုရားလမ်းစဉ်၏ နိယာမများ လွှမ်းမိုးထားသော အပြင်ဘက် ဧရိယာ ဖြစ်သည်ဟု ဆိုနိုင်သည်။ သူ၏ စီရင်ပိုင်ခွင့် နယ်မြေမှာမူ နတ်ဘုရား နိယာမများ၏ သြဇာသက်ရောက်ရာ နေရာမျှသာ ဖြစ်သည်။
တစ်နည်းအားဖြင့် သူ၏ နယ်မြေပြင်ပသို့ ထွက်ခွာသွားပါက နတ်ဘုရား နိယာမများ တည်ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏ စီရင်ပိုင်ခွင့် နယ်မြေပြင်ပတွင် အမွှေးတိုင်ထွန်း ဆုတောင်းခြင်းမှာ မည်သည့် စွမ်းအားမျှ ဖြစ်ပေါ်စေမည် မဟုတ်ပေ။
အကယ်၍ အမွှေးတိုင်နှင့် ဆုတောင်းခြင်းက မည်သည့်စွမ်းအားမှ မဖြစ်ပေါ်စေလျှင် သူ မည်သို့ ရရှိနိုင်မည်နည်း။
"ဒါပေမဲ့ ဒီတစ်လအတွင်းမှာ နတ်ဘုရား စွမ်းအား ငါးဆယ့်နှစ်လမ်းကြောင်း ရခဲ့တယ်"
သူ ကျေနပ်စွာ တွေးလိုက်သည်။
ဒေသဆိုင်ရာ စကားပြောခန်း မှတစ်ဆင့် သူသိရှိရသည်မှာ အခြားသော ကမ္ဘာဦးနတ်ဘုရားများမှာ ဤမျှ ယုံကြည်သူ အများအပြား မရှိကြခြင်းပင် ဖြစ်သည်။ သူသည် ယခုအခါ နေ့စဉ် အမွှေးတိုင်နှင့် ဆုတောင်းခြင်း စွမ်းအားပေါင်း ၁,၉၂၂ ကို ရရှိနေပြီ ဖြစ်သည်။ အခြားသော နတ်ဘုရားများမှာမူ တစ်နေ့လျှင် ခြောက်ရာ သို့မဟုတ် ခုနစ်ရာခန့်သာ ရရှိကြပြီး အချို့မှာ သုံးရာ သို့မဟုတ် လေးရာခန့်သာ ရရှိကြသည်။
"ဒါဟာ မိစ္ဆာတွေကို သတ်ဖြတ်ပြီး ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရား ပုံရိပ်ကို တည်ဆောက်ဖို့ ကြီးမားတဲ့ နတ်ဘုရား စွမ်းအားတွေကို အသုံးပြုခဲ့ခြင်းရဲ့ အကျိုးကျေးဇူးပဲ… ဒါ့အပြင် ပထမအဆင့် ကောင်းချီးလက်ဖွဲ့ ၄၇ ခုကို ပေးအပ်ခဲ့ခြင်းရဲ့ ရလဒ်လည်း ဖြစ်တယ်"
သူ ပြုံးလိုက်သည်။
အခြားနတ်ဘုရားများမှာ ကိုယ်ပိုင်တာဝန် - အပိုင်း ၃ ကို ပြီးမြောက်ခဲ့လျှင်ပင် ကောင်းချီးလက်ဖွဲ့ ခုနစ်ခုထက် ပိုမပိုင်ဆိုင်နိုင်ကြပေ။ ပေးအပ်သော နတ်ဘုရား ကောင်းချီး နည်းပါးပါက ယုံကြည်သူများ၏ သဒ္ဓါတရားမှာလည်း ကွဲပြားသွားမည် ဖြစ်သည်။
ထို့အပြင် မိစ္ဆာကို သတ်ဖြတ်ရန်အတွက် အခြားနတ်ဘုရားများသည် မိစ္ဆာကို မိမိတို့၏ နယ်မြေ ထဲသို့ ရောက်အောင် အရင်ဆွဲဆောင်ရပြီးမှ ထိုနယ်မြေအတွင်း၌ တိုက်ခိုက်ကြရသည်။
ထိုမိစ္ဆာများမှာ နတ်ဘုရားများထက် အစွမ်းမနည်းကြသဖြင့် နောက်ဆုံးတွင် အနိုင်ရခဲ့လျှင်ပင် နတ်ဘုရားများ၏ ပုံရိပ်မှာ ထိခိုက်သွားတတ်သည်။ လူတိုင်းက မိမိတို့၏ အစွမ်းအစအလိုက် အသုံးပြုကြခြင်း ဖြစ်သော်လည်း အချို့မှာ နတ်ဘုရားအဖြစ် မွေးဖွားလာသကဲ့သို့ပင် ယခုထက် ပိုမိုများပြားသော စွမ်းအားများကို ရရှိနေနိုင်ပေသည်။
"ဒါပေမဲ့ ရပါတယ်... နောက် လေးလ မပြည့်ခင်မှာပဲ နောက်ထပ် ပူဇော်ပွဲကြီး ကျင်းပရတော့မယ်… ပူဇော်သက္ကာတွေက အဆပေါင်း တစ်ရာ တိုးလာတော့မှာပါ"
သူ မျှော်လင့်ချက်များဖြင့် တွေးတောလိုက်သည်။
သူသည် ပူဇော်သက္ကာများနှင့် ပတ်သက်၍ လီယူမင်အား အမိန့်တော်အနေနှင့် တိုက်ရိုက် မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပူဇော်သက္ကာများသည် နတ်ဘုရားနှင့် တိုက်ရိုက် ကံတရား ဆက်နွှယ်မှု မရှိရန် လိုအပ်သောကြောင့် ဖြစ်၏။ အကယ်၍ သူ လီယူမင်အား အမိန့်တော်အနေနှင့် ပြောလိုက်ပါက တိုက်ရိုက် ကံတရား ဆက်နွှယ်မှု ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ပူဇော်သက္ကာများကို လီယူမင်ကိုယ်တိုင် ပြင်ဆင်လာစေရန်သာ လုပ်ဆောင်ရမည် ဖြစ်သည်။ လီယူမင်သည် နတ်စင်ဂေါပကအနေဖြင့် အတော်လေး အရည်အချင်းရှိသဖြင့် ယခုနှစ် ဒုတိယအကြိမ်မြောက် ပူဇော်ပွဲကြီးအတွက် ကောင်းမွန်သော ပူဇော်သက္ကာများကို ပြင်ဆင်လိမ့်မည်ဟု ယူဆထားသည်။
ထို့နောက် သူသည် ဒေသဆိုင်ရာ စကားပြောခန်း ကို ဖွင့်လိုက်ပြီး
"ဝိညာဉ်စပါး မျိုးစေ့များ ဝယ်ယူလိုသည်၊ အမျိုးအစား ကန့်သတ်ချက် မရှိပါ၊ ရှိပါက ဆက်သွယ်ပေးပါ"
သူ သတင်းစကား ထပ်မံ ပေးပို့လိုက်သည်။ တစ်လလုံး နေ့တိုင်းနီးပါး သတင်းစကား ပေးပို့နေခဲ့သော်လည်း သူ၏ ဝိညာဉ်လယ်မြေ လက်ဖွဲ့ ကို အသုံးမပြုနိုင်သေးပေ။ အကြောင်းမှာ ဝိညာဉ်စပါး မျိုးစေ့များ မရှိသောကြောင့် ဖြစ်သည်။
သူသည် လီယူမင်အား ရှာဖွေခိုင်းရန် စဉ်းစားခဲ့သော်လည်း ဝိညာဉ်စပါးနှင့် ဝိညာဉ်စပါး မျိုးစေ့မှာ မတူညီကြပေ။ မြို့ထဲတွင် ရံဖန်ရံခါ ရောင်းချလေ့ရှိသော ထူးခြားသည့်ဆန်မှာ မျိုးစေ့အဖြစ် အသုံးပြုရန် မသင့်တော်ပေ။ ဝိညာဉ်စပါးမှာ အလွန် ထူးခြားပြီး ရိတ်သိမ်းမှု တစ်ခုစီတွင် အနည်းငယ်မျှသာ မျိုးစေ့အဖြစ် အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ထိုမျိုးစေ့များကို မြို့ပေါ်ရှိ အင်အားကြီးအဖွဲ့များကသာ ပိုင်ဆိုင်ထားကြသဖြင့် အပြင်လူကို ရောင်းချရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ဒေသဆိုင်ရာ စကားပြောခန်း တွင် သူတစ်ဦးတည်းသာ ဝိညာဉ်စပါး မျိုးစေ့များကို လိုက်လံရှာဖွေနေခြင်း မဟုတ်ပေ။ တစ်လကျော် ကြာပြီးနောက် အချို့သော နတ်ဘုရားများမှာလည်း တာဝန်များ ပြီးမြောက်ခဲ့သဖြင့် ဝိညာဉ်လယ်မြေ လက်ဖွဲ့များကို ရရှိထားကြပြီ ဖြစ်သည်။ သူသည် ထုံးစံအတိုင်း သတင်းပို့ထားခြင်းသာ ဖြစ်ပြီး မျှော်လင့်ချက် သိပ်မရှိသော်လည်း ရုတ်တရက်ပင် ချူးယွဲ့ အမည်ရှိ နတ်ဘုရားမ တစ်ပါးမှ သူ့ကို ဆက်သွယ်လာခဲ့သည်။
"ကျွန်မဆီမှာ ကျောက်စိမ်းဖြူ ဝိညာဉ်စပါး မျိုးစေ့တွေ ရှိတယ်… နတ်ဘုရား စွမ်းအား ၂၀ ပေးမလား"