← Chapters

အခန်း ၂၅

Vol. 2 Ch. 25

အခန်း ၂၅

Vol. 2 Ch. 25

အခန်း (၂၅) - ယုံကြည်သူဦးရေ အဆမတန် တိုးပွားလာခြင်းနှင့် ကိုယ်ပိုင်တာဝန် - အပိုင်း ၄ ပြီးဆုံးခြင်း

"လူသား သိုင်းပညာရှင်လား"

"ဟားဟားဟား…"

"ငါက လူသားသိုင်းပညာရှင်တွေကို စားရတာ အကြိုက်ဆုံးပဲ… သူတို့က ဝါးလို့ကောင်းသလို စွမ်းအင်တွေလည်း အပြည့်ပဲ"

"နေဦး... ငါ ရေတွက်ကြည့်ပါရစေဦး…"

"တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး…"

"လူသားသိုင်းပညာရှင်တွေ ဒီလောက်တောင် အများကြီးလား"

"ကြည့်ရတာ ငါတော့ တစ်နပ်တင်မကဘဲ အများကြီး ဆက်တိုက် စားလို့ရတော့မယ်… ပြီးတော့ သူတို့ထဲမှာ ပထမအဆင့် အထွတ်အထိပ် ရောက်နေတဲ့ လူတစ်ယောက်တောင် ပါသေးတယ်..."

ကြီးမားလှသော မြေခွေးမိစ္ဆာသည် လောဘဇောများဖြင့် မျက်နှာတစ်ခုလုံး ဖုံးလွှမ်းလျက် လျှာဖြင့် နှုတ်ခမ်းကို လျက်လိုက်သည်။ သူ၏ သိပ်မကြည်လင်လှသော ဦးနှောက်က ဤနေရာတွင် လူသားသိုင်းပညာရှင် မည်မျှရှိသည်ကို အတိအကျ မရေတွက်နိုင်သော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့် အများအပြားရှိနေသည်ကိုတော့ သိရှိပါသည်။

"အားလုံးကို ဖမ်းလိုက်စမ်း… ဒီကောင်တွေက အကောင်းဆုံး ခြေနှစ်ချောင်းပါတဲ့ သိုးတွေပဲ"

သူ၏ မြေခွေးမျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လာပြီး မိစ္ဆာအရှိန်အဝါများမှာ ချက်ချင်းပင် တိုးထွက်လာကာ လီယူမင်နှင့် အခြားသူများကို ချည်နှောင်ရန် သွေးနီရောင် ကြိုးများအဖြစ် ပြောင်းလဲသွားတော့သည်။

"မင်းလို မိစ္ဆာကတော့ သေဖို့ပဲ ထိုက်တန်တယ်"

လီယူမင်၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီများမှာ ချက်ချင်း ဆူပွက်လာသည်။ များပြားလှသော ချီစွမ်းအင်များကို သတ်မှတ်ထားသော နည်းလမ်းအတိုင်း လှည့်ပတ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ရှေ့၌ ဖြူဖွေးသော တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာသည်။ ဖြူဖွေးသော တိမ်တိုက်များမှာ လိပ်တက်လာပြီး သွေးနီရောင် ကြိုးများအားလုံးကို ပိတ်ဆို့လိုက်သည်။ ထိုသွေးနီရောင်ကြိုးမှာ မြူဖြူများအတွင်း ပိတ်မိသွားပြီး မည်သို့မျှ ထိုးဖောက်နိုင်ခြင်း မရှိတော့ပေ။

ထို့နောက်တွင်… လီယူမင် လက်ညှိုးညွှန်လိုက်၏။ ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ် လက်နေသော ကြီးမားလှသည့် ရွှေရောင်ဓားကြီးတစ်စင်းမှာ လေထဲတွင် ပေါ်လာပြီး မြေခွေးမိစ္ဆာထံသို့ လျှပ်စီးကဲ့သို့ ခုတ်ပိုင်းလိုက်တော့သည်။

"အား…!"

မြေခွေးမိစ္ဆာမှာ သူ၏ လက်မောင်းတစ်ဖက် အခုတ်ခံလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်နှာပေါ်သို့ သွေးများ ပန်းထွက်လာသည်။ ထိုခဏမှာပင် ရွှေရောင်ဓားငါးစင်းမှာ လေထဲတွင် ဝဲပျံလာပြီး ရွှေရောင်အလင်းတန်း ငါးခုအဖြစ် ပြောင်းလဲကာ မြေခွေးမိစ္ဆာ၏ လည်ပင်းကို မနားတမ်း ခုတ်ပိုင်းကြတော့သည်။ မြေခွေးမိစ္ဆာသည် သူ၏ မိစ္ဆာစွမ်းအင်အားလုံးကို သုံး၍ တားဆီးရန် ကြိုးစားသော်လည်း ရွှေရောင်ဓားသွားများမှာ အလွန်တရာ ထက်မြက်လှပြီး တစ်စင်းပြီးတစ်စင်း အရှိန်ဖြင့် လာနေသဖြင့် မိစ္ဆာစွမ်းအင်များဖြင့် မတားဆီးနိုင်တော့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြေခွေးမိစ္ဆာ၏ လည်ပင်းမှာ ပြတ်တောက်သွားပြီး ဦးခေါင်းမှာ မြေပေါ်သို့ လွင့်စင်ကျသွားတော့သည်။ ပူနွေးသော မိစ္ဆာသွေးများမှာ မြေပြင်ပေါ်သို့ ပန်းထွက်သွားပြီး ခေါင်းမပါသော အလောင်းကြီးမှာ ခေတ္တမျှ မတ်တတ်ရပ်နေပြီးမှ မြေပေါ်သို့ လဲကျသွားသည်။

မြေပြင်ပေါ်ရှိ မြေခွေးမိစ္ဆာ၏ အလောင်းကို မြင်လိုက်ရသောအခါ မြေပေါ်တွင် လဲကျနေသည့် အဘိုးအို နှစ်ဦး ကြက်သေ သေသွားကြသည်။ မြေခွေးမိစ္ဆာ သေသွားပြီဆိုသည်ကို သူတို့ လုံးဝ မယုံကြည်နိုင်ကြပေ။ သူတို့၏ မျက်စိရှေ့တွင်ပင် မိစ္ဆာကို သတ်ပစ်လိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ဦးလုံးမှာ မိန်းမောတွေဝေနေကြသည်။

"ရွာသားတို့... ကျွန်တော် မြေခွေးမိစ္ဆာကို သတ်လိုက်ပါပြီ"

"ဒါပေမဲ့ ဒီနေရာမှာ မိစ္ဆာတွေ အများကြီး ရှိနေပါသေးတယ်… အားလုံးပဲ အခုချက်ချင်း လေးပြင်ကျယ်ရွာကို ကျွန်တော်နဲ့အတူ လိုက်ခဲ့ကြပါ… အဲဒီမှာ မြေစောင့်နတ်မင်းကြီးက ခင်ဗျားတို့ကို ကာကွယ်ပေးမှာဖြစ်လို့ မိစ္ဆာတွေရဲ့ အစာဖြစ်မှာကို စိုးရိမ်စရာ မလိုတော့ပါဘူး"

"လေးပြင်ကျယ်ရွာမှာ အခြေချမယ်ဆိုရင် မိသားစုတိုင်းကို အိမ်တစ်လုံးစီ ပေးမယ့်အပြင် လူတစ်ဦးချင်းစီကို အသား ၅ ပိဿာနဲ့ ဆန် ၁၀၀ ပိဿာစီ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်"

လီယူမင်မှ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ သူ၏ အသံမှာ ကိုယ်တွင်းရှိ ချီစွမ်းအင်ကြောင့် ဟိန်းထွက်သွားပြီး မြေခွေးရွာ တစ်ရွာလုံးတွင် ပဲ့တင်ထပ်သွားသည်။

အိမ်များအတွင်း၌ ကြောက်လန့်တုန်ရီကာ ပုန်းအောင်းနေကြသော ရွာသားများမှာ အံ့အားသင့်သွားကြ၏။

ဘာလဲ... မြေခွေးမိစ္ဆာ အသတ်ခံလိုက်ရပြီ ဟုတ်လား။

သူတို့ နားကြားမမှားဘူးမလား။

တစ်ဖက်လူက ကြောက်စရာကောင်းလှသော ထိုမြေခွေးမိစ္ဆာကြီးကို အမှန်တကယ် သတ်လိုက်ပြီဟု ဆိုနေခြင်း ဖြစ်သည်။

တဖြည်းဖြည်းနှင့် လူအချို့မှာ အိမ်အက်ကြောင်းများမှတစ်ဆင့် ချောင်းကြည့်ကြရာ မြေပြင်ပေါ်တွင် လဲကျနေသော ကြီးမားလှသည့် မြေခွေးမိစ္ဆာ အလောင်းကြီးကို မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးသွားကြတော့သည်။

မြေခွေးမိစ္ဆာ တကယ်ပဲ သေသွားပြီလား။

သတ္တိရှိသော ရွာသားအချို့မှာ ပြေးထွက်လာကြပြီး အမှန်တကယ် သေဆုံးနေသော မိစ္ဆာအလောင်းကို မြင်သောအခါ ဝမ်းသာမျက်ရည်များ ကျလာကြသည်။

"မြေခွေးမိစ္ဆာကြီး တကယ်ပဲ သေသွားပြီ"

သူတို့ အော်ဟစ်လိုက်ကြသည်။

ရွာသားများ တစ်ဦးပြီးတစ်ဦး ထွက်လာကြပြီး နောက်ဆုံးတွင် ရွာသားအားလုံး စုရုံးလာကာ မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်လျက် အလွန်အမင်း စိတ်လှုပ်ရှားကာ ငိုကြွေးကြသည်။

သူတို့၏ ဆွေမျိုးသားချင်းများမှာ ထိုမြေခွေးမိစ္ဆာ၏ စားသုံးခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။

ယခု မိစ္ဆာကို သတ်ပစ်လိုက်ပြီ ဖြစ်သဖြင့် မိသားစုအတွက် ကလဲ့စားချေနိုင်ခဲ့ပြီ ဖြစ်သည်။

"ကျေးဇူးရှင်ကြီးရယ်... ဒီအဘိုးကြီးရဲ့ ဦးချမှုကို ခံယူပါရစေ"

ပထမဆုံး ထွက်လာသော အဘိုးအိုမှာ တုန်ရီစွာဖြင့် လီယူမင်ကို ဦးချလိုက်ပြီး

"ကျွန်တော့်ရဲ့ သားသုံးယောက်၊ သမီးတစ်ယောက်၊ ချွေးမနှစ်ယောက်နဲ့ မြေးလေးယောက်စလုံးကို အဲဒီမြေခွေးမိစ္ဆာက စားပစ်ခဲ့တာပါ… ကျေးဇူးရှင်က အခု မိစ္ဆာကို သတ်ပေးလိုက်ပြီ… ကျွန်တော့်မှာ ဘာနဲ့မှ ပြန်မဆပ်နိုင်ပေမဲ့ နောက်ဘဝမှာတော့ ဒီကျေးဇူးကို ပြန်ဆပ်ပါရစေ"

သူ ငိုယိုကာ ပြောလိုက်သည်။

ရွာသားအားလုံးမှာ လီယူမင်၏ ရှေ့တွင် ဒူးထောက်ကာ အလွန်အမင်း ကျေးဇူးတင်နေကြ၏။

"ရွာသားတို့... အခုပဲ အထုပ်အပိုးတွေ အမြန်ပြင်ကြပါ… ကျွန်တော် အခုပဲ ခင်ဗျားတို့ကို ခေါ်သွားပါမယ်… ဒီမှာ ဆက်နေမယ်ဆိုရင် တခြားမိစ္ဆာတွေရဲ့ အစာ ဖြစ်သွားကြပါလိမ့်မယ်"

လီယူမင်မှာ အဘိုးအိုကို ထူပေးရင်း ပြောလိုက်သည်။ လူတိုင်းကလည်း ချက်ချင်း ခေါင်းငြိမ့်ကြ၏။

ဤနေရာမှ ထွက်ခွာရမည်ကို သူတို့ အလွန် ဝမ်းသာနေကြသည်။ ထို့အပြင် ဤမျှ အစွမ်းထက်သော ကျေးဇူးရှင်က ကာကွယ်ပေးမည်ဆိုပါက သူတို့၏ အနာဂတ်အတွက် မျှော်လင့်ချက် ရှိလာပြီ ဖြစ်သည်။

...

ညနေခင်းတွင် လီယူမင်သည် မြေခွေးရွာမှ ရွာသားအများအပြားနှင့်အတူ လေးပြင်ကျယ်ရွာသို့ ပြန်လည်ရောက်ရှိလာသည်။ အိမ်တိုင်း၏ ရှေ့တွင် ဝံပုလွေသားခြောက်များ ချိတ်ဆွဲထားသည်ကို မြင်လိုက်ရသောအခါ မြေခွေးရွာမှ ရွာသားများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။ လေးပြင်ကျယ်ရွာတွင် အိမ်တိုင်း၌ စားစရာ အသားများ ရှိနေကြခြင်း ဖြစ်သည်။ သူတို့ အသားမစားရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ အသားနံ့ကိုတော့ မကြာခဏ ရဖူးကြသော်လည်း ထိုအနံ့မှာ လူသားများကို စားသောက်နေသော မြေခွေးမိစ္ဆာများထံမှ ရခြင်းသာ ဖြစ်သည်။

"ချန်မာကျိ… သူတို့ကို စာရင်းသွင်းလိုက်ပါ… လျောင်ကျင်ကျန်… မင်းက သူတို့ကို နေစရာအိမ်၊ အသားနဲ့ ဆန်တွေ ခွဲဝေပေးလိုက်… အကယ်၍ တစ်ယောက်တည်း ဖြစ်နေပြီး မိသားစုမရှိဘူးဆိုရင် အိမ်တစ်လုံးမှာ လေးယောက်နှုန်းနဲ့ နေရာချပေးလိုက်"

လီယူမင်မှ ညွှန်ကြားလိုက်သည်။

မြေခွေးရွာတွင် စုစုပေါင်း ရွာသား ၁၁၂ ဦး ရှိသည်။ ထိုအထဲတွင် အဘိုးအို သုံးဦးနှင့် ကလေးငယ် ခြောက်ဦးသာ ပါဝင်ပြီး ကျန်သူများမှာ ကျန်းမာသန်စွမ်းသော အမျိုးသားနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ ငယ်ရွယ်သူ နည်းပါးရခြင်းမှာ ထိုကဲ့သို့ ရက်စက်သော ဘဝကို ကျော်ဖြတ်နိုင်ရန် ခက်ခဲသောကြောင့်ဖြစ်ပြီး ကလေးငယ် နည်းပါးရခြင်းမှာ မြေခွေးမိစ္ဆာ၏ နှစ်သက်မှုကြောင့် ဖြစ်လေ၏။

"ဒီည နားကြဦး… မနက်ဖြန်ကျမှ သူတို့ကို နတ်စင်ကိုခေါ်ပြီး အမွှေးတိုင်ထွန်း ပူဇော်ခိုင်းမယ်… ကျန်းရုံကွေ့… မင်း အဲဒါကို တာဝန်ယူလိုက်"

လီယူမင်မှ ဆက်လက် အမိန့်ပေးသည်။

လူများက အမိန့်ကို နာခံပြီး အလုပ်စတင်ကြ၏။ လေးပြင်ကျယ်ရွာရှိ မူလရွာသားများကလည်း ကြောက်ရွံ့နေကြသော မြေခွေးရွာသားများကို ကြင်နာစွာ ပြုံးပြကြသည်။ မြေခွေးရွာသားများအတွက်မူ ဤနေရာမှ အရာအားလုံးမှာ အိမ်မက်ကဲ့သို့ပင်။

ရေချိုးခြင်းလား... မြေခွေးရွာတွင် မိစ္ဆာများ၏ အစာအဖြစ် အသတ်မခံရမီ တစ်ရက်အလိုတွင်သာ ရေချိုးခွင့်ရှိသည်။

အသားစားရခြင်းနှင့် ဗိုက်ဝအောင် စားရခြင်း… ခန္ဓာကိုယ်ကို လုံခြုံစေသော အဝတ်အစားများ ဝတ်ဆင်ရခြင်းမှာ သူတို့ အိမ်မက်ထဲတွင်သာ ရနိုင်သော အရာများ ဖြစ်ခဲ့သည်။

ယခုမူ အရာအားလုံးကို လက်တွေ့ ရရှိနေပြီ ဖြစ်သည်။ လူအများအပြားမှာ တိတ်တဆိတ် မျက်ရည်သုတ်ရင်း ပေးထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာကြလေ၏။

...

ဤကဲ့သို့ပင် တစ်လတာ ကုန်လွန်သွားခဲ့သည်။ လီယူမင်သည် မိစ္ဆာနယ်မြေ ထဲမှ လူပေါင်း ၁,၁၀၀ ကျော်ကို ကယ်ထုတ်လာခဲ့ပြီး မိစ္ဆာခုနစ်ကောင်ကိုလည်း သတ်ဖြတ်ခဲ့သည်။ ထိုမိစ္ဆာများမှာ ဒုတိယအဆင့် ရောက်ရုံသာ ရှိသေးသဖြင့် လီယူမင်ကို မယှဉ်နိုင်ကြပေ။ အမှန်စင်စစ် သူသည် သာမန်သိုင်းပညာရှင် မဟုတ်ဘဲ နတ်ဘုရားက တိုက်ရိုက် ခန့်အပ်ထားသော နတ်စင်ဂေါပက ဖြစ်သည်။ သူ၏ ကိုယ်တွင်းရှိ ချီ စွမ်းအင်က ရွှေဓားသေးအတတ် နှင့် တိမ်တိုက်အကာအကွယ်အတတ် ဟူသော မှော်ပညာနှစ်ခုကို အသုံးပြုနိုင်စေသည်။

ဤမှော်ပညာများမှာ တူညီသော အဆင့်ရှိသည့် သိုင်းပညာရှင်များထက် မိစ္ဆာများကို ပိုမို ထိရောက်စွာ တိုက်ခိုက်နိုင်စွမ်း ရှိစေသည်။

ယခုအချိန်တွင် ကောင်းကင်မှာ လင်းရောင်ခြည် သန်းစပြုနေပြီ ဖြစ်သည်။ လေးပြင်ကျယ်ရွာရှိ ရွာသားအမြောက်အမြားမှာ မြေစောင့်နတ်မင်း နတ်စင်၏ ရှေ့တွင် စုရုံးရောက်ရှိနေကြသည်။ ယခုအခါ နတ်စင်ရှေ့ရှိ မြေကွက်လပ်ကြီးမှာ ညီညာအောင် ပြုပြင်ထားပြီး ဖြစ်သည်။

မူလရွာသားများဖြစ်စေ၊ လွန်ခဲ့သော လဝက်အတွင်းက မိစ္ဆာနယ်မြေမှ ရောက်ရှိလာသူများဖြစ်စေ အားလုံးမှာ မြေပေါ်တွင် ဒူးထောက်နေကြသည်။ လူတိုင်း တိတ်ဆိတ်စွာဖြင့် အမွှေးတိုင်ထွန်း ဆုတောင်းနေကြလေ၏။ နောက်မှ ရောက်လာသော ရွာသားများပင်လျှင် အလွန် ကြည်ညိုနေကြသည်။ မိစ္ဆာများ၏ စားသုံးခြင်းကို မည်သည့်နေ့တွင် ခံရမည်နည်းဟု စိုးရိမ်ခဲ့ရသော ဘဝနှင့်စာလျှင် ယခုဘဝမှာ အဆပေါင်းများစွာ သာလွန်ကောင်းမွန်နေသည် မဟုတ်ပါလား။

နတ်စင်ဂေါပက လီယူမင်နှင့် မူလရွာသားများက ဤအရာအားလုံးမှာ အရှင် လီယွဲ့၏ ကောင်းချီးကျေးဇူးကြောင့် ဖြစ်သည်ဟု ပြောပြထားကြသည်။ ထို့အပြင် ယခင်က ဖြစ်ပျက်ခဲ့သော အံ့ဖွယ်ဖြစ်ရပ်များကိုလည်း ဂုဏ်ယူစွာ ပြောပြခဲ့ကြသည်။

သူတို့ ထိုအကြောင်းများကို ကြားသောအခါ အံ့အားသင့်သွားကြပြီး မသိလိုက်ဘဲနှင့် အရှင် လီယွဲ့အပေါ် ယုံကြည်မှုများ တိုးပွားကာ အလွန် ကြည်ညိုလာကြတော့သည်။

နတ်ဘုရားနယ်မြေ အတွင်း၌။

လီယွဲ့သည် နတ်စင်ရှေ့တွင် ဒူးထောက်နေကြသော ရွာသားအမြောက်အမြားကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။

[ကိုယ်ပိုင်တာဝန် - အပိုင်း ၄] ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယုံကြည်သူ ၁,၅၀၀ ရှိရမည်ဟူသော သတ်မှတ်ချက်ကို ပြည့်မီသွားခဲ့လေပြီ။

"နောက်ထပ် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ပြရမယ့် အချိန်ရောက်ပြီ... မင်းတို့ရဲ့ ယုံကြည်မှုတွေ ပိုပြီး ခိုင်မာလာအောင်ပေါ့"

သူ အေးဆေးစွာ ရေရွတ်လိုက်သည်။ နတ်ဘုရားတစ်ပါးအဖြစ် သုံးလကျော် ကြာမြင့်လာပြီးနောက် သူသည် သတ္တဝါအားလုံးကို အမြင့်မှ ငုံ့ကြည့်ရသော ခံစားချက်ကို လုံးဝ အသားကျနေပြီ ဖြစ်၏။

All Chapters