အခန်း ၂၈
Vol. 2 Ch. 28
အခန်း (၂၈) - တစ္ဆေစေတမန်များကို အစွမ်းမြှင့်တင်ခြင်းနှင့် ယင်စစ်သည် မှော်လက်နက် များ ပေးသနားခြင်း
ညဉ့်နက်သောအချိန်။
လီယွဲ့သည် မြေစောင့်နတ်မင်း နတ်စင်၏ အပြင်ဘက်တွင် ဒူးထောက်နေသော တစ္ဆေစေတမန် လျောင်ရှို့အာကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
လျောင်ရှို့အာ ရိုသေစွာဖြင့် လျှောက်ထား၏။
"အရှင်... ရွာထဲမှာ ဆန်ကူမြို့နယ် ဝေမိသားစုက လွှတ်လိုက်တဲ့ သူလျှိုနှစ်ယောက်ကို တွေ့ထားပါတယ်… သူတို့ကို ဖမ်းဆီးလိုက်ရမလားအရှင်"
သူသည် တစ္ဆေစေတမန်လောင်းအဖြစ် တာဝန်ယူခဲ့သည်မှာ နှစ်လရှိပြီဖြစ်သော်လည်း မည်သည့်အရာကိုမျှ မိမိသဘောဖြင့် မဆုံးဖြတ်ပေ။ ထို့အပြင် သူ တစ္ဆေစေတမန်၏ လုပ်ပိုင်ခွင့်အတွင်းရှိ ဝိညာဉ်သိမ်းဆည်းခြင်း လုပ်ငန်းများကိုလည်း အလွန်စေ့စပ်သေချာစွာ လုပ်ဆောင်ခဲ့၏။
"ဂရုစိုက်မနေနဲ့"
လီယွဲ့မှ အေးဆေးစွာ ပြောလိုက်သည်။
သူလျှို ဟုတ်လား။
၎င်းမှာ သူ့အတွက် မည်သည့်သက်ရောက်မှုမျှ မရှိပေ။
အလွန်ဆုံးရှိလျှင် ဆန်ကူမြို့နယ်ရှိ ဝေမိသားစုကို အနည်းငယ် သံသယဝင်စေရုံသာ ရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာရှိ လူသားများအတွက် အမှန်တကယ် တည်ရှိနေသော နတ်ဘုရားတစ်ပါးဆိုသည်မှာ ယုံကြည်နိုင်ရန် အလွန်ခက်ခဲလွန်းသောကြောင့် ဖြစ်သည်။
"ဒါနဲ့ ပြောရဦးမယ်…"
"ငါနဲ့ အနီးဆုံးမှာရှိတဲ့ တခြားမြေစောင့်နတ်မင်းက ဘယ်နားမှာ ရှိနေမလဲဆိုတာ သိချင်မိတယ်..."
လီယွဲ့ သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။ အနီးအနားတွင် အခြားသော ကြယ်တာရာပြာ နတ်ဘုရားတစ်ပါး ရှိနေလိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။ သို့သော် သုံးလကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း အခြားနတ်ဘုရားများ ပေါ်ထွန်းလာသည့် သတင်းမျိုး တစ်ခုမျှ မကြားရသေးပေ။
၎င်းမှာ ထင်ရှားလှသည်။
သူနှင့် အနီးဆုံးရှိသော ကြယ်တာရာပြာ နတ်ဘုရားမှာပင် အလွန်ဝေးကွာသော နေရာ၌ ရှိနေနိုင်ခြင်း ဖြစ်သည်။
သူ၏ အကြည့်မှာ နတ်စင်အပြင်ဘက်တွင် ဒူးထောက်နေသော လျောင်ရှို့အာထံသို့ ကျရောက်သွားသည်။ နှစ်လကျော်ကြာ စောင့်ကြည့်ပြီးနောက် လျောင်ရှို့အာသည် အလွန်အရည်အချင်းရှိကြောင်း သက်သေပြနိုင်ခဲ့ပြီး အဓိကအကျဆုံးမှာ သူသည် သင့်တင့်လျောက်ပတ်သော အတိုင်းအတာကို ထိန်းသိမ်းတတ်ခြင်း ဖြစ်၏။ ယခုအခါ သူ့ကို အဆင့်မြှင့်တင်ပေးရန် အချိန်တန်ပြီ ဖြစ်သည်။
"လျောင်ရှို့အာ"
"ဒီနေ့ကစပြီး မင်းကို အတည်ပြု တစ္ဆေစေတမန်အဖြစ် ခန့်အပ်လိုက်တယ်"
"ငါက မင်းကို ဝိညာဉ်ချည်နှောင်ကြိုး ဆိုတဲ့ ယင်လက်နက်ကို ပေးသနားရုံတင်မကဘဲ တစ္ဆေစေတမန်တွေကို ဦးစီးရမယ့် အဆင့်စီ တစ္ဆေစေတမန် အဖြစ်လည်း ရာထူးတိုးပေးလိုက်တယ်"
သူ လက်ကို အသာအယာ မြှောက်လိုက်ရာ နတ်ဘုရား စွမ်းအား ၁၀ လမ်းကြောင်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး အားဖြည့်ယင်စစ်သည် နတ်လက်ဖွဲ့ အဖြစ် ပြောင်းလဲကာ လေထဲသို့ ပျံထွက်သွားပြီး လျောင်ရှို့အာ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ရုတ်တရက်ပင်… လျောင်ရှို့အာ၏ တစ္ဆေအရှိန်အဝါများမှာ ဆူပွက်လာပြီး သူ့ ခန္ဓာကိုယ်မှာ သိသိသာသာ ပိုမိုခိုင်မာလာကာ မျက်နှာတွင်ပင် သွေးရောင် လွှမ်းလာခဲ့သည်။ တစ္ဆေစေတမန်များ ဝတ်ဆင်သော အနက်ရောင် ဝတ်ရုံများမှာလည်း ပိုမိုနက်မှောင်သွားပြီး ငရဲပြည်မှ လာသော တန်ခိုးအာဏာ အငွေ့အသက်များကို အားနည်းစွာ ထုတ်လွှင့်နေသည်။ ထို့နောက်တွင် နက်မှောင်လှသော၊ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ချည်နှောင်ကြိုး တစ်ခုမှာ ပျံထွက်လာပြီး လျောင်ရှို့အာ၏ လက်ထဲသို့ ကျရောက်သွား၏။
ဝိညာဉ်ချည်နှောင်ကြိုးကို ကိုင်ထားစဉ် သူ့ တစ္ဆေစွမ်းအင်မှာ ကြိုးနှင့် ရောယှက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ်ချည်နှောင်ကြိုးကို ပိုင်နိုင်သွားပြီး ကြိုးအတွင်းမှ ပြင်းထန်သော တစ္ဆေစွမ်းအင်များ ထွက်ပေါ်လာကာ လျောင်ရှို့အာ၏ အရှိန်အဝါကို နောက်တစ်ကြိမ် တိုးမြင့်ပေးလိုက်သည်။
ခေတ္တမျှသာ ကြာလိုက်၏။
လျောင်ရှို့အာသည် မူလက ပထမအဆင့် အလယ်အလတ်ရှိသော တစ္ဆေစေတမန်လောင်းသာ ဖြစ်သော်လည်း ယခုအခါ အဆင့်ဒီ ကို ကျော်ဖြတ်ကာ ဒုတိယအဆင့် အထက်တန်းအဆင့်ရှိသော အဆင့်စီ တစ္ဆေစေတမန် ဖြစ်လာခဲ့သည်။
"ကျေးဇူးတော်ကို အထူးတင်ရှိပါတယ် အရှင်"
လျောင်ရှို့အာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူ့ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေသော ပြင်းထန်သည့် စွမ်းအားများကို ခံစားရသဖြင့် သူ၏ ကိုယ်မှာ အနည်းငယ် တုန်ရီနေသည်။
၎င်းမှာ သူ တစ်ခါမျှ မတွေးတောဖူးသော စွမ်းအားမျိုး ဖြစ်သည်။ ထိုအချိန်မှာပင် ယင်နယ်မြေ အတွင်းရှိ ကျန်ရှိသော တစ္ဆေစေတမန်လောင်း လေးဦးမှာလည်း မြေပြင်ပေါ်မှ ပေါ်လာကြပြီး လျောင်ရှို့အာကို အားကျစွာဖြင့် ကြည့်ကာ ဒူးထောက်လိုက်ကြသည်။
"လီယိုထန်"
"ဒီနေ့ကစပြီး မင်းကို အဆင့်ဒီ ရှိတဲ့ အတည်ပြု တစ္ဆေစေတမန်အဖြစ် ခန့်အပ်လိုက်တယ်"
"လျောင်ရှို့အာကို ကူညီပြီး တစ္ဆေစေတမန်တွေကို ဦးဆောင်ပါ"
လီယွဲ့မှ လီယိုထန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ ၎င်းမှာ လီကျားရွာတွင် ထိုအချိန်က အသက်အကြီးဆုံးဖြစ်ပြီး အဆင့်ဘီ ယုံကြည်သူ ငါးဦးအနက် တစ်ဦး ဖြစ်သည်။ သူသည် လဝက်ကျော်ခန့်က ချော်လဲ၍ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ သူ၏ ဝိညာဉ်ကို လျောင်ရှို့အာက ခေါ်ဆောင်လာခဲ့ပြီး လီယွဲ့က တစ္ဆေစေတမန်လောင်းအဖြစ် ခန့်အပ်ထားခဲ့ခြင်း ဖြစ်သည်။
ဝှစ်…
နတ်ဘုရား စွမ်းအား ၁၀ လမ်းကြောင်း ထပ်မံ ပျံထွက်လာပြီး အားဖြည့်ယင်စစ်သည် နတ်လက်ဖွဲ့ အဖြစ် ပြောင်းလဲကာ [နတ်ဘုရားနယ်မြေ] ပြင်ပသို့ ပျံထွက်သွားပြီး လီယိုထန်၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားသည်။ လီယိုထန်၏ တစ္ဆေအရှိန်အဝါမှာ တိုးပွားလာပြီး ပထမအဆင့် အလယ်အလတ်မှ ဒုတိယအဆင့် အောက်တန်းအဆင့်ရှိသော အဆင့်ဒီ တစ္ဆေစေတမန် အဖြစ် တိုက်ရိုက် တိုးတက်သွားသည်။
“ကျေးဇူးတော်ကို အထူးတင်ရှိပါတယ် အရှင်" လီယိုထန်က အလွန်အမင်း ရိုးသားစွာ လျှောက်ထားသည်။ ဘေးတွင် ရပ်နေသော လျောင်ချင်ဖိန်မှာ အနည်းငယ် စိတ်ပျက်ပုံရသော်လည်း သူ၏ ညီမမှာ အဆင့်စီ တစ္ဆေစေတမန် ဖြစ်လာသည်ကို တွေးမိသောအခါ ဝမ်းသာနေမိသည်။ ကျန်ရှိသော တစ္ဆေစေတမန်လောင်း နှစ်ဦးမှာမူ မည်သည့် စိတ်ပျက်သည့် အရိပ်အယောင်မျှ မရှိပေ။
သူတို့သည် အသက်ရှင်စဉ်ကပင် အဆင့်ဘီ ယုံကြည်သူ များ ဖြစ်ကြပြီး ယခု သေဆုံးပြီးနောက်တွင် အရှင် လီယွဲ့၏ ခန့်အပ်ခြင်းကို ခံရသည်ဖြစ်ရာ နောက်ထပ် ဘာများ လိုချင်ဦးမည်နည်း။
နတ်ဘုရား၏ ကောင်းချီးကို ရရှိခြင်းမှာပင် ဂုဏ်ယူစရာ ဖြစ်သည်။ နတ်ဘုရားက ကောင်းချီးမပေးသေးလျှင် ၎င်းမှာ မိမိတို့၏ ကြိုးစားမှု မလုံလောက်သေးသောကြောင့် ဖြစ်သည်ဟု သူတို့ ယူဆထားကြသည်။
...
"မင်း ဘာပြောလိုက်တာလဲ"
"လေးပြင်ကျယ်ရွာမှာ အစစ်အမှန် နတ်ဘုရားတစ်ပါးရဲ့ ကာကွယ်မှု ရှိနေတယ် ဟုတ်လား"
ဆန်ကူမြို့နယ်ရှိ ဝေမိသားစု၏ အဓိက ခန်းမအတွင်း၌။
ဝေမိသားစု၏ အကြီးအကဲဖြစ်သူမှာ အောက်တွင် ရှိနေသော လူလတ်ပိုင်း အမျိုးသားကို အလွန်အံ့အားသင့်စွာ ကြည့်နေသည်။ ထိုလူမှာ မိစ္ဆာနယ်မြေရှိ မိစ္ဆာများကြောင့် ကြောက်လန့်ကာ စိတ်ဖောက်ပြန်သွားခြင်း ဖြစ်မည်ဟု သူက သံသယဝင်နေသည်။
မည်သူကမျှ ဤမျှ ရယ်စရာကောင်းသော အရာကို ပြောလိမ့်မည် မဟုတ်ပေ။
ဤကမ္ဘာတွင် နတ်ဘုရားဟူ၍ မရှိပေ။
မိစ္ဆာများနှင့် ဝိညာဉ်ဆိုးများသာ ရှိသည်။ နတ်ဘုရားရှိသည်ဟု ဆိုလျှင်ပင် ၎င်းတို့မှာ လူသားများကို ပိုမိုလွယ်ကူစွာ စားသောက်ရန်အတွက် အယောင်ဆောင်ထားသော မိစ္ဆာများသာ ဖြစ်ပေလိမ့်မည်။ သူတို့ ဆန်ကူမြို့နယ် အပြင်ဘက်ရှိရွှန်းလင်းမြစ်ထဲတွင် မြစ်စောင့်နတ်မင်း တစ်ပါး ရှိသည် မဟုတ်ပါလား။
လစဉ်တိုင်းတွင် နတ်ကတော်မှ လူသုံးဦးကို ရွေးချယ်ပြီး မြစ်စောင့်နတ်မင်းထံ အစာအဖြစ် ပို့ဆောင်ပေးရခြင်း ဖြစ်သည်။
"အဲဒီနတ်ဘုရားတွေက လူတွေကို ပုံမှန် ဘယ်လိုစားတတ်သလဲ"
သူက မေးလိုက်သည်။
"လူသားစားတယ် ဟုတ်လား"
လူလတ်ပိုင်း အမျိုးသား၏ မျက်နှာတွင် အံ့သြသွားသည့် အရိပ်အယောင် ပေါ်လာပြီး ခေါင်းကို အမြန်ခါလိုက်ကာ
"သခင်ကြီး... အဲဒါက အစစ်အမှန် နတ်ဘုရားပါ… သူက လူသားတွေကို မစားပါဘူး"
"အလိုလေး... ဒီကမ္ဘာမှာ ဘယ်လို နတ်ဘုရားတွေ ရှိနေလို့လဲ"
"အားလုံးက အယောင်ဆောင်ထားတဲ့ မိစ္ဆာတွေချည်းပဲ… လူသားတွေကို စားချင်နေကြတာ"
ဝေမိသားစု အကြီးအကဲမှ ခေါင်းခါလိုက်သည်။
ထိုစကားကို ကြားသောအခါ… ဝေဝေ၏ မျက်နှာပေါ်တွင် တွေဝေသွားသည့် အရိပ်အယောင်တစ်ခု ချက်ချင်း ပေါ်လာသည်။
အယောင်ဆောင်ထားသော မိစ္ဆာ ဟုတ်လား။ သူ စတင် တွေဝေလာခဲ့သည်။ သူသည် လေးပြင်ကျယ်ရွာတွင် လဝက်ခန့်သာ ရှိသေးသည် မဟုတ်ပါလား။ လေးပြင်ကျယ်ရွာရှိ လီယွဲ့ဆိုသူမှာလည်း သူ၏ အစာစားချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်ပေသည်။ သို့သော် မိစ္ဆာများက အဘယ်ကြောင့် ဝိညာဉ်လယ်မြေများကို ပေးသနားရသနည်း။
ထို့အပြင် လေးပြင်ကျယ်ရွာရှိ ရွာသားအမြောက်အမြားကို သိုင်းပညာရှင်များအဖြစ် မည်သို့ ပြောင်းလဲပေးနိုင်ခဲ့သနည်း။
သို့မဟုတ်လျှင်… ၎င်းမှာ အစစ်အမှန် ဝိညာဉ်လယ်မြေ မဟုတ်ဘဲ မိစ္ဆာများ၏ လှည့်ကွက်တစ်ခုသာ ဖြစ်နေမလား။ သူတို့ကို သိုင်းပညာရှင်ဘွဲ့ ပေးအပ်ခြင်းမှာလည်း ပိုမိုအရသာရှိသော အစာဖြစ်စေရန်အတွက်လား။ ဤသို့ တွေးမိသောအခါ သူသည် လျှာဖျားသို့ ရောက်နေသော စကားများကို ပြန်လည် မျိုချလိုက်ပြီး ဝိညာဉ်လယ်မြေ အကြောင်းကို မပြောတော့ပေ။
"အခု ပြန်ရောက်လာပြီဆိုတော့ ပြန်မသွားနဲ့တော့"
"လေးပြင်ကျယ်ရွာက မိစ္ဆာနယ်မြေထဲက မိစ္ဆာခုနစ်ကောင်ကို သတ်လိုက်တယ်လို့ ကြားတယ်… အဲဒီသတင်းကြောင့် မိစ္ဆာနယ်မြေထဲက မိစ္ဆာကြီးတောင် နိုးထလာပြီလို့ ငါ ကြားထားတယ်"
"အဲဒီမိစ္ဆာကြီးက တောင်ပေါ်က ဆင်းလာပြီး လေးပြင်ကျယ်ရွာမှာ နတ်ဘုရားအယောင်ဆောင်နေတဲ့ မိစ္ဆာကို ဝါးမျိုလိုက်မှာပဲ… ပြီးရင် ရွာသားအားလုံးကို အစာအဖြစ် ခေါ်သွားလိမ့်မယ်"
"မိစ္ဆာနယ်မြေထဲက မိစ္ဆာကြီးတွေက ငါတို့ ဆန်ကူမြို့နယ်မှာ ထိပ်တန်းအဆင့် မိစ္ဆာတွေ ဖြစ်လို့ အရမ်း ကြောက်စရာကောင်းတယ်"
ဝေမိသားစု အကြီးအကဲမှ ရိုသေကြောက်ရွံ့စွာ ပြောလိုက်သည်။
"အဲဒီမိစ္ဆာကြီးလား"
ဝေဝေ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မျက်နှာတွင် သွေးမရှိတော့ဘဲ ကြောက်ရွံ့မှုများ လွှမ်းမိုးသွားသည်။ ၎င်းမှာ မိစ္ဆာနယ်မြေကို တစ်ကိုယ်တည်း ဖန်တီးခဲ့သော မိစ္ဆာကြီး ဖြစ်သည် မဟုတ်ပါလား။
သတင်းများအရ ၎င်းမှာ တောင်ပိုင်ရှင်ဖြစ်ပြီး သူတို့ ဆန်ကူမြို့နယ်ကို အုပ်ချုပ်နေသော ရွှန်းလင်းမြစ်စောင့်နတ်မင်းထက် အစွမ်းမနိမ့်ဘဲ နှစ်ဖက်လုံးမှာ ဆယ်စုနှစ်ပေါင်းများစွာ ရန်ဘက်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။
"ကျွန်တော့် ညီကို သွားခေါ်လိုက်ဦးမယ်"
ဝေဝေ ချက်ချင်း ပြန်ဖြေလိုက်သည်။ သူသည် သတင်းပေးရန် မြို့ထဲသို့ ပြန်လာခဲ့သော်လည်း သူ၏ ညီဖြစ်သူမှာ လေးပြင်ကျယ်ရွာတွင် ကျန်နေသေးသည်။ ထိုခဏတွင် သူ စိုးရိမ်လာခဲ့၏။ အကယ်၍ မိစ္ဆာနယ်မြေမှ မိစ္ဆာကြီးသည် လေးပြင်ကျယ်ရွာသို့ ရောက်ရှိနေပြီဆိုလျှင် သူ၏ ညီဖြစ်သူမှာ မိစ္ဆာကြီး၏ ဝါးမျိုခြင်းကို ခံရနိုင်သည် မဟုတ်ပါလား။
လေးပြင်ကျယ်ရွာရှိ နတ်ဘုရားမှာ မိစ္ဆာအယောင်ဆောင် ဖြစ်စေ၊ မဖြစ်စေ ရွာလေးတစ်ရွာတည်းတွင် မည်မျှအစွမ်းထက်နိုင်မည်နည်း။
သို့သော် မိစ္ဆာနယ်မြေမှ မိစ္ဆာကြီးများမှာမူ အလွန်ကျော်ကြားပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
ဝေမိသားစု အကြီးအကဲမှ ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။
"အမြန်သွားပြီး အမြန်ပြန်လာခဲ့"
သူ့ကြည့်ရသည်မှာ အလွန်ပင်ပန်းနေပုံရသည်။ ဆန်ကူမြို့နယ်တွင် အကြီးဆုံးမိသားစုဖြစ်သော ဝေမိသားစု၏ အကြီးအကဲအနေဖြင့် သူ ကြီးမားသော ဖိအားများကို ခံစားနေရခြင်း ဖြစ်သည်။ နှစ်စဉ်တိုင်းတွင် မြစ်စောင့်နတ်မင်းကြီးက သိုင်းပညာရှင် နှစ်ဦးကို အစာအဖြစ် စားသုံးလေ့ရှိသည်။ နတ်ကတော်မှ စည်းကမ်းချက်များ ချမှတ်ထားပြီး သိုင်းပညာရှင်တစ်ဦးမှာ ဝေမိသားစုမှ ဖြစ်ရမည်။ အကယ်၍ ဝေမိသားစု မလိုက်နာပါက မြစ်စောင့်နတ်မင်း၏ အမျက်ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။
မြစ်စောင့်နတ်မင်း၏ အမျက်ဒေါသကို သူ မခံနိုင်ပေ။ ထို့ကြောင့် သူတို့သည် မိသားစုဝင်များအား သားသမီးများ ရရှိအောင်၊ သိုင်းပညာရှင်များ ဖြစ်လာအောင် ကြိုးစားကြပြီးနောက် မြစ်စောင့်နတ်မင်းထံ အစာအဖြစ် ပူဇော်ကြရသည်။ ၎င်းမှာ ဝေမိသားစု၏ ကံကြမ္မာ ဖြစ်သည်။ ဝေမိသားစုသည် ဤကဲ့သို့သာ အသက်ဆက်နိုင်ကြခြင်း ဖြစ်၏။
သို့သော် အနည်းဆုံးတော့…
"ငါ့ရဲ့ ဝေမိသားစုက နှစ်တိုင်း လူတစ်ယောက်ပဲ မြစ်စောင့်နတ်မင်းဆီမှာ အစားခံရဖို့ လိုတယ်..."
"ငါတို့ ဝေမိသားစုက ဆက်ပြီး ကြီးပွားနေဦးမှာပဲ..."
ဝေမိသားစု အကြီးအကဲမဇ သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ဤကမ္ဘာတွင် အသက်ရှင်နေထိုင်နိုင်ခြင်းနှင့် မိသားစုမျိုးဆက်ကို ဆက်ခံနိုင်ခြင်းမှာပင် လူပေါင်းများစွာအတွက် အကြီးမားဆုံး ဆန္ဒဖြစ်နေရခြင်း ဖြစ်သည်။