အခန်း ၃၄
Vol. 3 Ch. 34
အခန်း (၃၄) - ပျားမိစ္ဆာက ပျားရည်လုပ်ပြီး မြင်းမိစ္ဆာက မြင်းမွေးမြူခြင်း
ပိုင်ရူရွှယ် သည် ဖြူဖျော့သော မျက်နှာဖြင့် မြေစောင့်နတ်မင်း နတ်စင်၏ ရှေ့တွင် စိုးရိမ်တကြီး ဒူးထောက်နေခဲ့သည်။ ဆယ်ရက်တိုင်တိုင် ဒူးထောက်ဝတ်ပြုနေရခြင်းက သူ့ကို ပင်ပန်းနွမ်းနယ်စေခြင်း မရှိသော်လည်း နတ်ဘုရားမှ လျစ်လျူရှုထားခြင်းကြောင့် သူ့အား မည်သို့ကိုင်တွယ်မည်နည်းဆိုသည်ကို တွေးတောကာ ပိုမိုစိုးရိမ်မကင်း ဖြစ်နေခဲ့သည်။
ထိုဆယ်ရက်အတွင်းမှာပင် အစပိုင်းတွင် ရွာသားအချို့သည် ဒူးထောက်နေသော ဤမြင်းမိစ္ဆာကို ကြောက်ရွံ့ခဲ့ကြသည်။ သူသည် လူသားအသွင်ယူထားသော်လည်း မိစ္ဆာ၏ အငွေ့အသက်မှာ ကြောက်စရာကောင်းနေဆဲ ဖြစ်၏။ သို့သော်လည်း သူ နေ့စဉ် နတ်စင်ရှေ့တွင် ဒူးထောက်နေသည်ကို မြင်တွေ့ရပါများလာသောအခါ လေးပြင်ကျယ်ရွာသားများသည် တဖြည်းဖြည်းနှင့် ရိုးသွားခဲ့ကြသည်။
အရှင်လီယွဲ့မှ ဤမြင်းမိစ္ဆာကို ဒူးထောက်ခိုင်းထားသည်မှာ အကြောင်းရင်း တစ်ခုခုရှိရမည်ဟု သူတို့ ယူဆခဲ့ကြသည်။ နတ်စင်ဂေါပကကလည်း ထိုမြင်းမိစ္ဆာသည် လူသားစားဖူးခြင်း မရှိသောကြောင့် အရှင်လီယွဲ့က အသက်ချမ်းသာပေးထားခြင်းဖြစ်ကြောင်း ပြောပြခဲ့သဖြင့် မည်သူမျှ မကြောက်ကြတော့ပေ။
"မင်းမှာ နာမည်ရှိလား"
ရုတ်တရက်ပင် အေးစက်ပြီး တန်ခိုးအာဏာပါသော အသံတစ်ခုမှာ ပိုင်ရူရွှယ်၏ စိတ်ထဲတွင် ဟိန်းထွက်လာခဲ့သည်။ သူ ချက်ချင်းပင် တုန်လှုပ်သွားပြီး မြေပြင်ပေါ်၌ ပိုမိုရိုသေစွာ ဝပ်တွားကာ…
"အရှင်... ကျွန်မရဲ့ နာမည်က ပိုင်ရူရွှယ်ပါ"
သူ လျှောက်တင်လိုက်သည်။
"ငါ့ရဲ့ လက်အောက်မှာ မိစ္ဆာနှစ်ကောင်ပဲ ရှိပြီး မင်းက တစ်ကောင်ဖြစ်တယ်… မင်းမှာ ဘာအရည်အချင်းတွေ ရှိသလဲ"
လီယွဲ့သည် နတ်ဘုရားနယ်မြေ အတွင်းမှနေ၍ ဆံပင်ဖြူနှင့် မြင်းမိစ္ဆာကို ငုံ့ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
ပိုင်ရူရွှယ်မှာ အနည်းငယ် ကြောင်အသွား၏။
အရည်အချင်းလား။
ငါ့မှာ ဘာအရည်အချင်းရှိလို့လဲ။
သူ့ ဦးနှောက်မှာ အလျင်အမြန် အလုပ်လုပ်နေခဲ့သည်။ အရှင်နတ်ဘုရား၏ မေးခွန်းမှာ သူ၏ အစွမ်းအကြောင်း မဟုတ်သည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူ့ အစွမ်းမှာ အရှင်နတ်ဘုရား၏ ရှေ့မှောက်တွင် မပြောပလောက်ရုံသာမက အရှင်နတ်ဘုရားကလည်း သိရှိပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် အရှင်နတ်ဘုရား မေးမြန်းနေသည်မှာ သူ့တွင် ရှိသော အထူးအရည်အချင်း အကြောင်းပင် ဖြစ်ရမည်။ ထို့ပြင် ထိုအထူးအရည်အချင်းမှာ အရှင်နတ်ဘုရားအတွက် အသုံးဝင်မည့်အရာ ဖြစ်ရမည်။
ငါ့မှာ အရှင်နတ်ဘုရားအတွက် ဘာအသုံးဝင်တာ ရှိမလဲ။
သူ့ အနောက်တွင် လေးပြင်ကျယ်ရွာသား အများအပြားမှာ နတ်ဘုရားကို ရိုသေစွာ အမွှေးတိုင် ပူဇော်နေကြသည်ကို သူ သတိပြုမိသွားသည်။ ထိုသူများထဲတွင် သိုင်းပညာရှင် အချို့လည်း ပါဝင်နေသည်။ ထိုအချက်က သူ့ ဦးနှောက်ထဲတွင် ထက်မြက်သော အကြံတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
"အရှင်... ကျွန်မက လေးပြင်ကျယ်ရွာအတွက် စစ်မြင်းတွေကို လေ့ကျင့်ပေးနိုင်ပါတယ်… သာမန်မြင်းတွေကို ပေးမယ်ဆိုရင် ကျွန်မက ပထမအဆင့် အမြင့်ဆုံးအထိ ရောက်အောင် လေ့ကျင့်ပေးနိုင်ပါတယ်"
သူ ရိုသေစွာ လျှောက်တင်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူ၏ မူလအသွင်မှာ မြင်းတစ်ကောင် ဖြစ်သည်။ သူ့မိစ္ဆာအငွေ့အသက် သွေးသားများဖြင့် မွေးမြူပေးမည်ဆိုလျှင် သာမန်မြင်းတစ်ကောင်ကို အဆင့်မြင့်လာစေရန် ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။
စစ်မြင်းမွေးမြူခြင်းလား။
လီယွဲ့ စိတ်ဝင်စားသွားခဲ့သည်။ နတ်ဘုရားများ စစ်ပွဲ တွင် ယုံကြည်သူများ၏ တိုက်ပွဲ မှာ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နတ်ဘုရား၏ စွမ်းအား ၃၀ ရာခိုင်နှုန်းနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် သူသည် ယုံကြည်သူများ၏ အစွမ်းကို အလွန်အလေးထား၏။
သေချာသည်မှာ ပထမအဆင့်နှင့် ဒုတိယအဆင့် တိုက်ပွဲများတွင် မြင်းစီးစစ်သည်များမှာ အလွန်ပင် စွမ်းအားကြီးမားလှသည်။ အကယ်၍ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့် စစ်မြင်းများကို ရရှိမည်ဆိုလျှင် လေးပြင်ကျယ်ရွာမှ သိုင်းပညာရှင်များသည် မိမိထက် အစွမ်းကြီးမားသော ရန်သူများကိုပင် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
သို့သော် ပြဿနာတစ်ခုမှာ ပထမအဆင့်နှင့် ဒုတိယအဆင့် စစ်မြင်းများကို ယုံကြည်သူများ တိုက်ပွဲ အတွင်းသို့ မည်သို့ ထည့်သွင်းမည်နည်းဟူသော အချက်ဖြစ်သည်။ ထိုတိုက်ပွဲအတွင်းသို့ ယုံကြည်သူများသာ ပါဝင်ခွင့်ရှိသည်။ ဆိုလိုသည်မှာ ထိုစစ်မြင်းများကို တိုက်ပွဲအတွင်း ပါဝင်စေလိုလျှင် ထိုမြင်းများကိုလည်း ယုံကြည်သူများ ဖြစ်လာအောင် ပြုလုပ်ရန် လိုအပ်သည်။
သို့သော် ၎င်းမှာ သူ့အတွက် မခက်ခဲပေ။ ပိုင်ရူရွှယ်မှာ သူ၏ လုပ်ပိုင်ခွင့်နယ်မြေ အတွင်း၌ မွေးမြူထားခြင်းဖြစ်ပြီး နတ်ဘုရားစွမ်းအားများ လွှမ်းခြုံနေသဖြင့် သူတို့အား ယုံကြည်သူများ ဖြစ်လာစေရန်မှာ လွယ်ကူလှသည်။
ပြင်ပမှ မိစ္ဆာများမှာမူ ယုံကြည်သူဖြစ်လာရန် အလွန်ခက်ခဲသည်။ အရေးကြီးဆုံး အချက်မှာ လူသားစားဖူး၍ မရခြင်းပင် ဖြစ်သည်။
နတ်ဘုရားတို့၏ လမ်းစဉ်မှာ လူသားတို့၏ လမ်းစဉ်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ လူသားစားဖူးသော မိစ္ဆာများသည် လူသားတို့၏ လမ်းစဉ်ကို ဆန့်ကျင်သူများဖြစ်သဖြင့် နတ်ဘုရားများက လက်မခံကြပေ။ ဤအချက်တစ်ခုတည်းနှင့်ပင် မိစ္ဆာ ၉၉ ရာခိုင်နှုန်းမှာ ဖယ်ထုတ်ခံလိုက်ရသည်။ ဤကမ္ဘာတွင် လူသားမစားသော မိစ္ဆာမှာ အလွန်နည်းပါးလှသည်။ ထို့ကြောင့် မြင်းမိစ္ဆာ ပိုင်ရူရွှယ်သည် လူသားစားဖူးခြင်း မရှိသည်ကို သိရှိရသောအခါမှသာ သူ့ကို လက်အောက်ခံအဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။
"ဒါဆိုရင် မင်း လေးပြင်ကျယ်ရွာမှာ မြင်းတွေ မွေးမြူရမယ်"
လီယွဲ့သည် ပိုင်ရူရွှယ်ကို ကြည့်ကာ လမ်းညွှန်ချက် ပေးလိုက်သည်။
"ပိုင်ရူရွှယ် အမိန့်တော်အတိုင်း နာခံပါ့မယ် အရှင်"
သူ စိတ်အေးသွားပြီး ဝမ်းမြောက်စွာ ပြောလိုက်သည်။ သူသည် မြင့်မြတ်လှသော နတ်ဘုရား၏ လက်အောက်ခံ ဖြစ်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိလိုက်၏။ ယနေ့မှစ၍ သူ မိစ္ဆာတစ်ကောင် မဟုတ်တော့ဘဲ နတ်ဘုရားတစ်ပါး၏ လက်အောက်ခံ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
လီယွဲ့သည် ပိုင်ရူရွှယ်ထံမှ အကြည့်ကို လွှဲလိုက်ပြီးနောက် အခန်းထဲတွင် ကျင့်ကြံနေသော လီယူမင်ကို ကြည့်လိုက်သည်။
"ပြီးခဲ့တဲ့ နတ်ဘုရား ပင့်ဖိတ်ခြင်း အတတ် က သူ့ကို အကျိုးကျေးဇူးတွေ အများကြီး ပေးခဲ့ပုံရတယ်… အခုဆို ဒုတိယအဆင့် အထက်တန်းအဆင့်ကို ရောက်တော့မှာပဲ"
သူ ပြုံးကာ ရေရွတ်လိုက်သည်။
အကယ်၍ လီယူမင်မှ သူ၏ အစွမ်းကို ကိုယ်တိုင် မြှင့်တင်နိုင်မည်ဆိုလျှင် နတ်ရာထူးကိုးဆင့်ရှိသော နတ်စင်ဂေါပကကို အားဖြည့်ပေးခြင်း အတတ်ကို အသုံးပြုသောအခါ နတ်ဘုရားစွမ်းအား ၁၀ လမ်းကြောင်းခန့်ကို သက်သာစေမည် ဖြစ်သည်။
နတ်ဘုရားစွမ်းအားမှာ များပြားလှခြင်း မရှိသော်လည်း ၎င်းမှာ လီယူမင်၏ ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်တစ်ခုပင် ဖြစ်သည်။ သူသည် ယုံကြည်သူများက မိမိဘာသာ ကြိုးစားအားထုတ်သည်ကို နှစ်သက်သည်။ ဘာပဲဖြစ်ဖြစ် သူသည် နတ်ဘုရားတစ်ပါး ဖြစ်သဖြင့် အရာရာကို ကူညီနေရမည့် ကလေးထိန်း မဟုတ်ပေ။
"လီယူမင်"
လီယွဲ့၏ တန်ခိုးအာဏာပါသော အသံမှာ လီယူမင်၏ စိတ်ထဲတွင် ဟိန်းထွက်သွားသည်။ ယခင်က သူ၏ ဆန်းကြယ်မှုနှင့် စွမ်းအားကို ထိန်းသိမ်းရန် လီယူမင်ထံသို့ အိမ်မက်မှတစ်ဆင့်သာ လမ်းညွှန်ချက်များ ပေးလေ့ရှိသည်။ သို့သော် ယခုအခါ သူသည် ကိုးဆင့်မြောက် နတ်ရာထူးသို့ ရောက်ရှိနေပြီဖြစ်ပြီး မိစ္ဆာများကို နှစ်ကြိမ်တိုင်တိုင် သတ်ဖြတ်ပြခဲ့ခြင်းကြောင့် လူအများ၏ ယုံကြည်မှုကို ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် ဆန်းကြယ်မှုကို ထိန်းသိမ်းရန် အိမ်မက်များကို အသုံးပြုနေစရာ မလိုတော့ပေ။
"အရှင်လီယွဲ့"
လီယူမင် လန့်ဖျပ်သွားပြီး ချက်ချင်းပင် မြေပြင်ပေါ်၌ ရိုသေစွာ ဒူးထောက်လိုက်သည်။
"မြင်းမိစ္ဆာ ပိုင်ရူရွှယ်က အခုကစပြီး လေးပြင်ကျယ်ရွာအတွက် မြင်းတွေ မွေးမြူပေးလိမ့်မယ်… မင်း သန်မာတဲ့ မြင်းတွေကို ရွေးချယ်ပြီး သူမကို လေ့ကျင့်ခိုင်းလိုက်ပါ… လေးပြင်ကျယ်ရွာရဲ့ အနောက်ဘက် မိုင် ၁၀ အကွာက တောင်ကြားထဲမှာ ငါ့ဆီမှာ လက်အောက်ခံဖြစ်နေတဲ့ ပျားမိစ္ဆာအုပ်စု ရှိတယ်… သူတို့ကို သွားပြီးတော့ မနှောင့်ယှက်ပါနဲ့"
လီယွဲ့၏ အသံမှာ တန်ခိုးအာဏာ အပြည့်ဖြင့် လီယူမင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
"အရှင်လီယွဲ့ရဲ့ အမိန့်တော်အတိုင်း နာခံပါ့မယ်"
လီယူမင်က ရိုသေစွာ လျှောက်တင်လိုက်သည်။
…
လီယွဲ့သည် သူ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
သူသည် နတ်ဘုရားနယ်မြေ အတွင်း၌ လွင့်မျောနေသော ဒုတိယအဆင့် ဝိညာဉ်ပျားရည် ၁၅၀ ပိဿာကို ကြည့်လိုက်ပြီး
"ဒီဒုတိယအဆင့် ဝိညာဉ်ပျားရည်က ဘယ်လောက် တန်ဖိုးရှိမလဲဆိုတာ ကြည့်ရအောင်"
သူ့ဘာသာ ရေရွတ်လိုက်သည်။
သူသည် စိတ်ကူးဖြင့် နတ်ဘုရားအရောင်းဆိုင် ကို ဖွင့်လိုက်ပြီး ဝိညာဉ်ပျားရည် တစ်ပိဿာကို ရောင်းချရန် တင်လိုက်သည်။ ထိုအခါတွင် နတ်ဘုရားအရောင်းဆိုင် တွင် စာသားများစွာ ပေါ်လာသည်။
[အမည်]: အနက်ရောင် အစင်းကြား ပျားရည်
[အဆင့်]: ဒုတိယအဆင့်
[အကျိုးသက်ရောက်မှု]: ဒုတိယအဆင့်နှင့် အောက်ရှိသော သက်ရှိများ စားသုံးပါက ဒဏ်ရာများကို အလျင်အမြန် သက်သာစေသည်။ စားသုံးမှု များလေလေ သက်သာမှု မြန်လေလေ ဖြစ်သည်။ ဘေးထွက်ဆိုးကျိုး မရှိပေ။
[ဈေးနှုန်း]: တစ်ပိဿာလျှင် နတ်ဘုရားစွမ်းအား ၂ လမ်းကြောင်း
"အနက်ရောင် အစင်းကြား ပျားရည်… ကုသရေး ပစ္စည်းတစ်ခုပဲ"
လီယွဲ့၏ မျက်လုံးများ တောက်ပသွားသည်။ ထို့အပြင် ၎င်းမှာ အလွန်တန်ဖိုးရှိလှပြီး တစ်ပိဿာလျှင် နတ်ဘုရားစွမ်းအား ၂ လမ်းကြောင်း ရရှိမည် ဖြစ်သည်။ သူ၏ လက်ထဲတွင်ရှိသော ပျားရည် ၁၅၀ ပိဿာသည် နတ်ဘုရားစွမ်းအား ၃၀၀ လမ်းကြောင်းနှင့် ညီမျှနေသည်။
ယခင်က သူသည် ယင်စစ်သည် မှော်လက်နက် ၇၆ ခုကို ခက်ခက်ခဲခဲ ရောင်းချခဲ့ရပြီးမှ နတ်ဘုရားစွမ်းအား ၇၆၀ သာ ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူ၏ လုပ်ပိုင်ခွင့်နယ်မြေ တိုးချဲ့ရာတွင် တွေ့ရှိခဲ့သော ပျားမိစ္ဆာအုပ်စု တစ်ခုတည်းကပင် နတ်ဘုရားစွမ်းအား ၃၀၀ လမ်းကြောင်းကို ရရှိစေခဲ့သည်။ ထို့အပြင် ၎င်းမှာ အမြဲတမ်း ရရှိနေမည့် ဝင်ငွေလည်း ဖြစ်၏။ ဤအချက်ကို ကြည့်ခြင်းဖြင့် ကမ္ဘာပေါ်တွင် ရတနာများစွာ ရှိနေပြီး လုပ်ပိုင်ခွင့်နယ်မြေ ကို ဆက်လက် တိုးချဲ့နေသရွေ့ ရတနာများ ပိုမို တွေ့ရှိနိုင်မည် ဖြစ်ကြောင်း သိသာလှသည်။
"နတ်ဘုရားအရောင်းဆိုင် က တစ်ပိဿာကို နတ်ဘုရားစွမ်းအား ၂ လမ်းကြောင်း ပေးတယ်… ဒါဆိုရင် ငါက ဒေသတွင်း ကုန်သွယ်မှု ကဏ္ဍမှာ တစ်ပိဿာကို နတ်ဘုရားစွမ်းအား ၄ လမ်းကြောင်းနဲ့ ရောင်းမယ်… ဒါဟာ အမြတ်ကြီးစားတာတော့ မဟုတ်ဘူးမလား"
သူ ရေရွတ်လိုက်သည်။ သူသည် ဝိညာဉ်ပျားရည် ပိဿာ ၅၀ ကို နတ်ဘုရားစွမ်းအား ၄ လမ်းကြောင်းဖြင့် စမ်းသပ်ရောင်းချရန် တင်လိုက်သည်။ အကယ်၍ အားလုံး ရောင်းထွက်သွားမည်ဆိုပါက နတ်ဘုရားစွမ်းအား ၂၀၀ လမ်းကြောင်းကို ရရှိမည် ဖြစ်သည်။ သို့သော် ၎င်းမှာ ချက်ချင်း ရောင်းထွက်လိမ့်မည်ဟု သူ မယူဆပေ။
ဘာပဲဖြစ်ဖြစ် ကိုးဆင့်မြောက် နတ်ရာထူးသို့ ရောက်ရှိထားသော နတ်ဘုရားမှာ နည်းပါးလှသေးပြီး လူတိုင်းမှာ ကိုးဆင့်မြောက် အစစ်အမှန်နတ်ဘုရား ဖြစ်လာရန်အတွက် နတ်ဘုရားစွမ်းအားများကို စုဆောင်းနေကြခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ကုသရေး ပစ္စည်းများကို အရေးပေါ် အခြေအနေမှတစ်ပါး နတ်ဘုရားများက ဝယ်ယူလေ့ မရှိကြပေ။
"ဒေသတစ်ခုမှာ နတ်ဘုရား တစ်သိန်း ရှိတယ်"
ဝယ်သူ နည်းပါးသော်လည်း နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ဝယ်ယူမည်သာ ဖြစ်သဖြင့် သူ အလျင်မလိုပေ။ ဒေသတွင်း ကုန်သွယ်မှု တွင် ပစ္စည်းတင်ရောင်းခြင်းမှာ အခမဲ့ ဖြစ်သဖြင့် သူ စိတ်အေးလက်အေး ရှိနေသည်။ အကယ်၍ ရောင်းမထွက်ပါက ပြန်လည် ရုပ်သိမ်းလိုက်ရုံသာ ဖြစ်၏။
သို့သော် ထိုအချိန်မှာပင် သူ၏ လုပ်ပိုင်ခွင့်နယ်မြေ အတွင်းသို့ မိစ္ဆာနှစ်ကောင် ဝင်ရောက်လာသည်ကို သူ သတိပြုမိလိုက်သည်။
ပင့်ကူမိစ္ဆာ တစ်ကောင်နှင့် ကျားမိစ္ဆာ တစ်ကောင် ဖြစ်သည်။ သူ သူတို့အား အမူအရာမပျက် ကြည့်လိုက်သည်။