← Chapters

အခန်း ၃၅

Vol. 3 Ch. 35

အခန်း ၃၅

Vol. 3 Ch. 35

အခန်း (၃၅) - နတ်ဘုရား အာဏာစက်နှင့် ပင့်ကူမိစ္ဆာ၏ ဖြောင့်မတ်သော စွမ်းအင်

"ဒီနေရာလား"

ပင့်ကူမိစ္ဆာ ရုတ်တရက် ရပ်တန့်လိုက်သည်။ အကြောင်းရင်း မသိသော်လည်း ဤနေရာ၏ အငွေ့အသက်မှာ ပုံမှန်မဟုတ်သည်ကို သူ ခံစားမိလိုက်သည်။ သို့သော် မည်သည့်အရာက ပုံမှန်မဟုတ်သည်ကိုမူ သူ အတိအကျ မသိနိုင်ပေ။ ၎င်းမှာ ခံစားချက်တစ်ခုသာ ဖြစ်သည်။

"အစ်မကြီး... ရှေ့မှာ မဝေးတော့ဘူး"

ကျားတောင်ပိုင်ရှင်၏ မျက်လုံးများမှာ သွေးဆာမှုနှင့် ရက်စက်မှုများကြောင့် နီမြန်းနေသည်။ ပင့်ကူမိစ္ဆာ၏ ရှေ့တွင် သူသည် ညီလေးကျားမျှသာ ဖြစ်သော်လည်း ဆန်ကူမြို့နယ်ရှိ အခြားသော မိစ္ဆာများ၏ အမြင်တွင်မူ သူသည် မိစ္ဆာနယ်မြေ၏ အရှင်သခင် ဖြစ်သည်။ သူသည် ဤဒေသတွင် အကြောက်ရွံ့ရဆုံး မိစ္ဆာများထဲမှ တစ်ကောင် ဖြစ်လေ၏။

"တစ်ခုခု မှားနေသလိုပဲ"

ပင့်ကူမိစ္ဆာသည် မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။ သူတို့သည် မိစ္ဆာတိမ်တိုက်များကို စီးနင်းကာ ရှေးဟောင်း သစ်ပင်ကြီးများ၏ အထက်မှ ပျံသန်းနေကြခြင်း ဖြစ်သည်။ မိစ္ဆာတစ်ကောင်သည် တတိယအဆင့်သို့ ရောက်ရှိသွားပါက မိစ္ဆာတိမ်တိုက်များကို စီးနင်းကာ ပျံသန်းနိုင်ပြီ ဖြစ်သည်။

တစ်ခုခု မှားနေတာလား။

တောင်ပိုင်ရှင်မှာ အံ့အားသင့်သွားသည်။

သူ တစ်ခုခုကို ခံစားမိသော်လည်း ဘာမှ မှားယွင်းနေသည်ကို မတွေ့ရှိပေ။

"အစ်မကြီး... အစ်မကြီးရဲ့ အစွမ်းနဲ့ဆိုရင် ဆန်ကူမြို့နယ် တစ်ဝိုက်မှာ ဘယ်သူက အစ်မကြီးကို ယှဉ်နိုင်မှာလဲ… အဲဒီ ပိုင်ဖန်းဇီ က မြွေအိုကြီးတောင်မှ အစ်မကြီးနဲ့ မနည်း တိုက်ရတာကို"

သူ ပြောလိုက်သည်။ သူ၏ အစ်မမှာ အလွန်အမင်း သတိကြီးလွန်းနေသည်ဟု ခံစားရ၏။

မြို့နယ်အတွင်း ကျင်လည်နေသော မိစ္ဆာများမှာ ဤမျှအထိ သတိကြီးကြသလားဟု သူ တွေးနေမိသည်။

"ဒီနေရာက..."

ပင့်ကူမိစ္ဆာ ဘာမှ မပြောရသေးမီမှာပင် သူ့ မျက်ခွံများမှာ ရုတ်တရက် တုန်လှုပ်သွားသည်။

ကောင်းကင်ယံ၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူတို့အား အမူအရာမပျက် ငုံ့ကြည့်နေသည်ကို သူ မြင်လိုက်ရသည်။ ထိုသူမှာ ရွှေရောင်ဝတ်စုံနှင့် ရွှေရောင်သရဖူကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို အနောက်တွင် ထားကာ တည်ငြိမ်စွာ ရပ်နေ၏။ သို့သော် ထိုသူကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူ့နှလုံးခုန်သံမှာ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။

စိတ်ကူးမယဉ်နိုင်လောက်သော ကြောက်မက်ဖွယ်

နတ်ဘုရား အာဏာစက်မှာ ကောင်းကင်ယံမှ ကျဆင်းလာပြီး သူ့ကို လွှမ်းခြုံသွားခဲ့သည်။ သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး နောက်ပြန်လှည့်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ ခြေတစ်ဖက်ကိုပင် မ,ချီနိုင်သည်ကို တွေ့ရှိလိုက်ရသည်။ နတ်ဘုရား အာဏာစက်၏ ဖိအားအောက်တွင် သူသည် ပယင်းအတွင်း ပိတ်မိနေသော ပိုးကောင်လေးကဲ့သို့ ဖြစ်သွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

နတ်ဘုရား။

ဒါဟာ နတ်ဘုရားတစ်ပါးပဲ။

တကယ် ရှိနေတဲ့ နတ်ဘုရားတစ်ပါးပဲ။

ထိုသူကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူသည် နတ်ဘုရားတစ်ပါးဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ၎င်းမှာ မိစ္ဆာတစ်ကောင်က အယောင်ဆောင်ထားခြင်း မဟုတ်ပေ။ သူ ထိုကဲ့သို့သော နတ်ဘုရားစွမ်းအားမျိုးကို တစ်ခါမှ မမြင်ဖူးသော်လည်း ထိုသူမှာ စစ်မှန်သော နတ်ဘုရားဖြစ်ကြောင်း သိနေသည်။

သူ့ဘေးတွင်ရှိသော ကျားတောင်ပိုင်ရှင်မှာလည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ ခန္ဓာကိုယ်မှာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ထိုနတ်ဘုရားစွမ်းအားမှာ အလွန်တရာ ကြီးမားလှသဖြင့် တတိယအဆင့်နိမ့်ရှိသော သူ၏ ကျင့်ကြံမှုမှာ သစ်ပင်ကြီးကို လှုပ်ခါရန် ကြိုးစားနေသော ပုရွက်ဆိတ်ငယ်လေးကဲ့သို့ မည်သို့မျှ ခုခံနိုင်စွမ်း မရှိပေ။ သူ နောင်တရမိသည်။ သေလုမတတ် နောင်တရမိသည်။ ဤနေရာတွင် ရှိနေသော နတ်ဘုရားမှာ ဒဏ္ဍာရီလာ နတ်ဘုရား အစစ်အမှန် ဖြစ်နေသည် မဟုတ်ပါလား။

"အရှင်... အရှင်နတ်ဘုရား... အသက်... အသက်ချမ်းသာ... ပေးတော်မူပါ... မိစ္ဆာငယ်... မိစ္ဆာငယ်က... ၅ပါးနတ်မင်းဂူက... မိစ္ဆာဖြစ်ပါတယ်..."

ပင့်ကူမိစ္ဆာသည် အလွန်အမင်း ကြောက်လန့်တုန်လှုပ်စွာဖြင့် အခက်အခဲများစွာကြားမှ ပြောလိုက်သည်။ သူသည် အရှင်နတ်ဘုရားမှ ၅ပါးနတ်မင်းဂူကို ထောက်ထားပြီး သူ့အသက်ကို ချမ်းသာပေးရန်အတွက်သာ ဆုတောင်းနေမိသည်။ တောင်ပိုင်ရှင်မှာမူ စကားပင် မပြောနိုင်ဘဲ သူ၏ မျက်လုံးများတွင် တောင်းပန်တိုးလျှိုးမှုများသာ ပြည့်နှက်နေသည်။

"၅ပါးနတ်မင်းဂူလား… ရွှမ်ကျိုး မြို့နယ်ရဲ့ အခြေအနေကို ပြောပြစမ်း"

လီယွဲ့သည် ပင့်ကူမိစ္ဆာကို အမူအရာမပျက် ငုံ့ကြည့်ကာ မေးလိုက်သည်။ ၎င်းမှာ သူ နတ်ဘုရားနယ်မြေမှ ထွက်လာပြီး ဤနေရာသို့ ကိုယ်တိုင် လာခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။ ရှေ့တွင်ရှိသော မိစ္ဆာနှစ်ကောင်မှာ သူ့အတွက် မပြောပလောက်ပေ။ တစ်ကောင်မှာ တတိယအဆင့် အောက်တန်းစား ဖြစ်ပြီး အခြားတစ်ကောင်မှာ တတိယအဆင့် အထက်တန်းစား ဖြစ်သည်။

ထိုမိစ္ဆာများမှာ သူ့အတွက် မပြောပလောက်သော်လည်း ဆန်ကူမြို့နယ် တစ်ဝိုက်ရှိ မိစ္ဆာများထက်မူ များစွာ သာလွန်လှသည်။ သူတို့သည် ရွှမ်ကျိုး မြို့နယ်မှ လာခြင်း ဖြစ်နိုင်သည်ဟု သူ ခံစားမိလိုက်သည်။ ယခုအခါ သူတို့က ၅ပါးနတ်မင်းဂူ ဟု ပြောလိုက်သဖြင့် ၎င်းမှာ ရွှမ်ကျိုးမြို့နယ်ရှိ မိစ္ဆာအုပ်စု ဖြစ်ရမည်။ သူသည် ရွှမ်ကျိုးမြို့နယ်၏ အခြေအနေကို မသိရှိသေးပေ။

သူ၏ ပျားဘုရင်မနှင့် ပိုင်ရူရွှယ်တို့မှာလည်း တောတောင်ထဲတွင်သာ ပုန်းအောင်းနေကြသူများ ဖြစ်သဖြင့် သူတို့လည်း သိရှိလိမ့်မည် မဟုတ်ပေ။ ရန်သူကို သိမှသာ တိုက်ပွဲတိုင်းတွင် အောင်နိုင်မည် ဖြစ်သဖြင့် သူသည် ရွှမ်ကျိုးမြို့နယ်၏ အစွမ်းနှင့် အခြေအနေကို သိရှိရန် လိုအပ်သည်။

ပင့်ကူမိစ္ဆာမှာ သူ စကားပြန်ပြောနိုင်သည်ကို သိရှိသွားသောအခါ ကြောက်ရွံ့မှုများကို ထိန်းချုပ်ပြီး အလျင်အမြန် ပြောလိုက်သည်။

"အရှင်… ကျွန်မက ၅ပါးနတ်မင်းဂူက လာတာပါ… ကျွန်မတို့ ၅ပါးနတ်မင်းဂူမှာ အရှင်သခင် ၅ပါးရှိပြီး တစ်ပါးချင်းစီက စတုတ္ထအဆင့်မှာ ရှိကြပါတယ်… ရွှမ်ကျိုးမြို့နယ်အတွင်းမှာတောင် ကျွန်မတို့ ၅ပါးနတ်မင်းဂူက ထိပ်တန်း မိစ္ဆာအုပ်စု ဆယ်ခုထဲမှာ ပါဝင်ပါတယ်"

ဦးစွာ သူ၏ နောက်ခံနှင့် ၅ပါးနတ်မင်းဂူ၏ အစွမ်းကို ရှင်းပြခဲ့သည်။ ၎င်းမှာ အရှင်နတ်ဘုရားကို ဖိအားပေးရန် ဖြစ်သည်။ သူသည် နောက်ခံမရှိသော မိစ္ဆာတစ်ကောင် မဟုတ်ဘဲ ကြီးမားသော သမိုင်းကြောင်းရှိသော မိစ္ဆာတစ်ကောင် ဖြစ်ကြောင်း ပြသခြင်းပင်။ ပတ်ဝန်းကျင်ရှိ နတ်ဘုရား အာဏာစက်မှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ထိုစွမ်းအားမှာ စတုတ္ထအဆင့်အတွင်း၌သာ ရှိသည်ဟု သူ ခံစားရသည်။

ထို့ကြောင့် ရှေ့မှောက်ရှိ နတ်ဘုရားမှာလည်း စတုတ္ထအဆင့် အစွမ်းရှိမည်ဟု ခန့်မှန်းလိုက်သည်။ သူ၏ ၅ပါးနတ်မင်းဂူ တွင် စတုတ္ထအဆင့်ရှိသော မိစ္ဆာကြီး ၅ကောင် ရှိသဖြင့် အရှင်နတ်ဘုရားက သူ့ကို သတ်ရန် ဝံ့ရဲမည်မဟုတ်ဟု ထင်နေခဲ့သည်။

"ရွှမ်ကျိုးမြို့နယ်မှာ အစွမ်းအထက်ဆုံး မိစ္ဆာက ဘယ်အဆင့်မှာ ရှိသလဲ"

လီယွဲ့၏ အသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

သူသည် လူသားများအကြောင်း မမေးမြန်းပေ။ ဘာပဲဖြစ်ဖြစ် လူသားများမှာ မိစ္ဆာများထက် များစွာ အားနည်းသည်မှာ သေချာသည်။

"ထျန်းယွမ်တောင်က နံပါတ်တစ် မိစ္ဆာအုပ်စု ဖြစ်ပြီး ထျန်းယွမ်ဘိုးဘိုးကြီးက စတုတ္ထအဆင့် အမြင့်ဆုံးကို ရောက်ရှိနေပါပြီ… ကျွန်မတို့ ၅ပါးနတ်မင်းဂူက အကြီးအကဲ တစ်ယောက်ကလည်း အဲဒီကို မကြာခဏ သွားလေ့ရှိပြီး ထျန်းယွမ်ဘိုးဘိုးကြီးနဲ့ အလွန် ရင်းနှီးပါတယ်"

ပင့်ကူမိစ္ဆာမှ ချက်ချင်း ဖြေကြားလိုက်သည်။ ၅ပါးနတ်မင်းဂူက ဤနတ်ဘုရားကို ဖိအားမပေးနိုင်မည်ကို စိုးရိမ်သဖြင့် သူ ထျန်းယွမ်တောင်ကိုပါ ထပ်မံ ထည့်ပြောလိုက်ခြင်း ဖြစ်သည်။ ထျန်းယွမ်ဘိုးဘိုးကြီးနှင့် ဆက်နွှယ်မှု ရှိနေသည်ဟု သိသွားပါက အရှင်နတ်ဘုရားသည် သူမကို မည်သို့မျှ သတ်ဝံ့မည်မဟုတ်ဟု ထင်နေမိသည်။ ဘာပဲဖြစ်ဖြစ် ထျန်းယွမ်ဘိုးဘိုးကြီးမှာ ရွှမ်ကျိုးမြို့နယ်တွင် အစွမ်းအထက်ဆုံး မိစ္ဆာဖြစ်ပြီး စတုတ္ထအဆင့် အမြင့်ဆုံးမှာ ရှိနေသည် မဟုတ်ပါလား။

"စတုတ္ထအဆင့် အမြင့်ဆုံးလား… ရွှမ်ကျိုးမြို့နယ်မှာ စတုတ္ထအဆင့် မိစ္ဆာတွေ အတော်များများ ရှိနေပုံရတယ်"

လီယွဲ့ တွေးတောနေပုံရသည်။ တစ်ဖက်လူ၏ ၅ပါးနတ်မင်းဂူသည် စတုတ္ထအဆင့် မိစ္ဆာ၅ကောင် ရှိနေသော်လည်း ထိပ်တန်း ဆယ်ခုထဲမှာသာ ပါဝင်သည်ဟု ဆိုခြင်းမှာ ပိုမို အစွမ်းထက်သော မိစ္ဆာအုပ်စုများစွာ ရှိနေသည်မှာ ထင်ရှားလှသည်။ သို့သော် စတုတ္ထအဆင့်မျှသာလား။ စတုတ္ထအဆင့် မိစ္ဆာများသည် သူ့အတွက် ဘာများ ဖြစ်နိုင်သနည်း။

စတုတ္ထအဆင့် အမြင့်ဆုံးမှာ ရှိနေလျှင်ပင် အကယ်၍ သူ၏ လုပ်ပိုင်ခွင့်နယ်မြေ အတွင်းသို့ ခြေလှမ်းလှမ်းလာပါက သူသည် နတ်ဘုရားမှော်အတတ် တစ်ခုတည်းဖြင့်ပင် အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိသည်။ သူ၏ လုပ်ပိုင်ခွင့်နယ်မြေ အတွင်းသို့ မဝင်လျှင်ပင် နတ်စင်ဂေါပက လီယူမင်က နတ်ဘုရား ပင့်ဖိတ်ခြင်း အတတ် ကို အသုံးပြုမည်ဆိုလျှင် ထိုမိစ္ဆာများကို အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်သည်။ ကိုးဆင့်မြောက် နတ်ဘုရားမှော်အတတ်၏ စွမ်းအား သုံးပုံတစ်ပုံဖြင့်ပင် စတုတ္ထအဆင့် အမြင့်ဆုံး မိစ္ဆာကို အလွယ်တကူ သုတ်သင်နိုင်သည် မဟုတ်ပါလား။

"အရှင်... မိစ္ဆာငယ် ပြန်သွားလို့ ရပြီလားဟင်… စိတ်ချပါ အရှင်… ကျွန်မ ပြန်ရောက်တာနဲ့ အရှင်သခင် ၅ပါးကို အစီရင်ခံပါ့မယ်… သူတို့ကလည်း သင့်တော်တဲ့ နေ့တစ်နေ့မှာ အရှင်မင်းကြီးကို လာရောက် နှုတ်ဆက်ကြပါလိမ့်မယ်… ကျွန်မတို့ မိသားစုက အရှင်သခင် ၅ပါးလုံးက မိတ်ဆွေဖွဲ့ရတာ ဝါသနာပါကြပြီး အရှင်နတ်ဘုရားလို ပုဂ္ဂိုလ်မျိုးနဲ့ မိတ်ဆွေဖွဲ့ဖို့ အလွန် ဆန္ဒရှိကြပါတယ်"

ပင့်ကူမိစ္ဆာမှ နှိမ့်ချသော လေသံဖြင့် ပြောလိုက်သည်။ သူ့ ဘေးရှိ ကျားတောင်ပိုင်ရှင်မှာမူ

"အစ်မကြီး… ကျွန်တော့်ကို မမေ့ပါနဲ့… ကျွန်တော့်ကိုပါ တစ်ခါတည်း ခေါ်သွားပါ"

ထိုသို့ ပြောချင်နေသည့်နှယ် သူ၏ မျက်လုံးများမှာ ပြာယာခတ်နေသည်။ သူသည် နောက်ခံမရှိသော မိစ္ဆာတစ်ကောင်ဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် တတိယအဆင့်သို့ ရောက်ရှိကာ မိစ္ဆာနယ်မြေကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် တစ်နေ့တွင် စတုတ္ထအဆင့် မိစ္ဆာကြီးအဖြစ် တက်လှမ်းပြီး ရွှမ်ကျိုးမြို့နယ်တွင် ကြီးမားသော အစွမ်းတစ်ခု ဖြစ်လာရန် အိမ်မက် မက်နေခဲ့သူ ဖြစ်သည်။

"ပြန်သွားမယ်လား"

လီယွဲ့သည် ရှေ့တွင်ရှိသော မိစ္ဆာနှစ်ကောင်ကို အမူအရာမပျက် ကြည့်ကာ…

"လူသားစားတဲ့ မိစ္ဆာတစ်ကောင်ရဲ့ အပြစ်က ကြီးမားလှတယ်… မင်း ငါ့ရဲ့ နယ်မြေထဲကို ဝင်လာပြီးတဲ့နောက် အသက်ရှင်နိုင်မယ်လို့ ထင်နေတာလား"

သူ၏ မျက်လုံးများတွင် မိုးကြိုးအလင်းတန်းများ ဖြတ်ပြေးသွားသည်။ ရုတ်တရက်ပင် ပင့်ကူမိစ္ဆာနှင့် ကျားမိစ္ဆာတို့၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းလှသော မိုးကြိုးသံများ ဟိန်းထွက်လာ၏။ ၎င်းမှာ မိုးကြိုးများ အဆက်မပြတ် ဟိန်းဟောက်နေသကဲ့သို့ ဖြစ်နေသည်။ ထိုမိုးကြိုးသံများအတွင်း၌ ကြောက်မက်ဖွယ်ကောင်းလှသော နတ်ဘုရားစွမ်းအားများ ပါရှိနေသည်။

တတိယအဆင့် အဆင့်နိမ့်ဖြစ်သော ကျားတောင်ပိုင်ရှင်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ မိစ္ဆာဝိညာဉ်မှာ ချက်ချင်းပင် အပိုင်းပိုင်း ပြတ်တောက်သွားကာ နေရာမှာပင် သေဆုံးသွားခဲ့သည်။ သို့သော် တတိယအဆင့် အထက်တန်းစားရှိသော ပင့်ကူမိစ္ဆာမှာမူ အော်ဟစ်လိုက်ပြီးနောက် သူ့ ခန္ဓာကိုယ်မှ ဖြူစင်သော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းများအတွင်း၌ လူသား ပညာတတ်တစ်ဦး၏ ပုံရိပ်တစ်ခု ဆန်းကြယ်စွာ ပေါ်လာပြီး မိုးကြိုးသံများကို ခုခံကာကွယ်ပေးလိုက်သဖြင့် ပင့်ကူမိစ္ဆာ၏ ဝိညာဉ်မှာ ခေတ္တမျှ ဆက်လက် တည်ရှိနေနိုင်ခဲ့သည်။

All Chapters