← Chapters

အခန်း ၃၉

Vol. 3 Ch. 39

အခန်း ၃၉

Vol. 3 Ch. 39

အခန်း (၃၉) - ဤအရှင်သည် ရှုလင်မြစ်၏ မြစ်စောင့်နတ်မင်း ဖြစ်သည်၊ ချက်ချင်းပင် လာရောက် အလေးပြုကြစမ်း

မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသော အသံမှာ ဆန်ကူမြို့နယ် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ ဆန်ကူမြို့နယ်ရှိ နေထိုင်သူအားလုံးမှာ ဆွံ့အသွားကြ၏။ လူအများအပြားမှာ သူတို့၏ နားကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။

သူတို့ ဘာကို ကြားလိုက်ရသနည်း။ တစ်စုံတစ်ယောက်က ရှုလင်မြစ်မှ မြစ်စောင့်နတ်မင်းကို လာရောက် သတ်ဖြတ်မည်တဲ့လား။

၎င်းသည် မြေစောင့်နတ်မင်း၏ နတ်ဘုရား အလိုတော်အရ ဟု ဆိုပါသလား။

လေးပြင်ကျယ်ရွာက နတ်စင်ဂေါပကလား။

ဤကမ္ဘာတွင် စစ်မှန်သော နတ်ဘုရားဟူသည် မရှိပေ။ အကယ်၍ စစ်မှန်သော နတ်ဘုရားသာ ရှိမည်ဆိုပါက ကမ္ဘာပေါ်တွင် မိစ္ဆာများနှင့် ဘေးဥပဒ်များ ဤမျှအထိ ပေါများနေပါမည်လော။

မည်သူမျှ မယုံကြည်ကြပေ။

"အားလုံး ပြီးဆုံးသွားပြီ"

"ဒါဟာ မြစ်စောင့်နတ်မင်းကို အမျက်ထွက်စေလိမ့်မယ်"

"မြစ်စောင့်နတ်မင်း အမျက်ထွက်လာရင် လူရာနဲ့ချီကို မစားရဘဲ သူ့ရဲ့ အမျက်ဒေါသက ပြေမှာမဟုတ်ဘူး"

"အဲဒီ လေးပြင်ကျယ်ရွာက နတ်စင်ဂေါပကဟာ သေသင့်တယ်… သူက ဘာလို့ မြစ်စောင့်နတ်မင်းကို သွားပြီး ရန်စရတာလဲ"

"သူက မိစ္ဆာတွေကို သတ်ချင်ရင် တခြားတစ်နေရာကို သွားပါလား"

"လွန်ခဲ့တဲ့ ၅နှစ်တုန်းကလည်း တစ်ယောက်ယောက်က မြစ်စောင့်နတ်မင်းကို လာသတ်ဖို့ ကြိုးစားခဲ့ဖူးတယ်… ဘာဖြစ်သွားလဲ… သူကိုယ်တိုင် အစားခံလိုက်ရရုံတင်မကဘဲ မြစ်စောင့်နတ်မင်း အမျက်ထွက်ပြီး လူရာနဲ့ချီကို စားပစ်ခဲ့တယ်… အဲဒီထဲမှာ ငါ့သားလေးလည်း ပါသွားခဲ့တယ်"

"တကယ်ကို ကြောက်စရာကောင်းလိုက်တာ… မြစ်စောင့်နတ်မင်း အမျက်မထွက်ပါစေနဲ့လို့ ဆုတောင်းရမယ်… ဒါတွေဟာ ငါတို့ ဆန်ကူမြို့နယ်နဲ့ ဘာမှမဆိုင်ပါဘူး"

"အရှင်မြစ်စောင့်နတ်မင်း အမျက်မထွက်ပါစေနဲ့"

"အရှင်မြစ်စောင့်နတ်မင်း... အမျက်ဒေါသတွေကို လျှော့ပါဦး"

ဆန်ကူမြို့နယ်ရှိ နေထိုင်သူ အမြောက်အမြားမှာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး မျက်နှာများ ဖြူဖျော့ကာ ရှုလင်မြစ်ရှိရာဘက်သို့ ဦးတိုက်ကာ လန့်ဖျပ်နေကြ၏။ သူတို့သည် အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်နေကြသည်။

မြစ်စောင့်နတ်မင်းမှာ အလွန် ကြောက်စရာကောင်းလှသည်။ မြစ်စောင့်နတ်မင်းကို မည်သူမျှ မသတ်နိုင်သည်မှာ သေချာလှသည်။ သူတို့ လူသားမျိုးနွယ်မှာ အလွန် အင်အားချည့်နဲ့လွန်းလှ၏။ သူတို့သည် မိစ္ဆာများနှင့် လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။

ထို့ပြင် မြစ်စောင့်နတ်မင်း အမျက်ထွက်လာပါက လူအများအပြားကို စားပစ်မည် ဖြစ်သည်။ သူတို့သည် သူတို့၏ ဇနီးမယားများ၊ သားသမီးများနှင့် ဆွေမျိုးများ အစားခံရမည်ကို ကြောက်ရွံ့နေကြသည်။

မူလကမူ မြစ်စောင့်နတ်မင်းသည် တစ်လလျှင် လူ ၃ ယောက်သာ စားသည်။ မြို့ထဲတွင် လူအများအပြား ရှိသဖြင့် မိမိတို့ အလှည့်ကျရန်မှာ ခဲယဉ်းလှသည်။ သို့သော် မြစ်စောင့်နတ်မင်း အမျက်ထွက်လာပါက လူရာပေါင်းများစွာကို တိုက်ရိုက် စားသုံးမည်ဖြစ်ရာ သူတို့၏ မိသားစုဝင်များ ပါသွားနိုင်သည် မဟုတ်ပါလား။

မြို့တစ်မြို့လုံးတွင်ရှိသော လူတိုင်းမှာ လီယူမင်၏ အေးစက်သော ဟစ်အော်သံကြောင့် ကြောက်ရွံ့ ထိတ်လန့်နေကြရသည်။ မြို့ထဲတွင် အင်အားအကြီးဆုံးဖြစ်သော ဝေမျိုးနွယ်စုပင် ကြောက်ရွံ့ တုန်လှုပ်နေရလျှင် ကျန်ရှိနေသော မြို့သူမြို့သားများမှာ ဆိုဖွယ်ရာ မရှိတော့ပေ။

...

လီယူမင်သည် ရှုလင်မြစ်ဘေးရှိ မိုးမခပင်ကြီးတစ်ပင်ပေါ်တွင် တည်ငြိမ်စွာ ရပ်နေ၏။ သူသည် ကြောက်ရွံ့ ထိတ်လန့်နေသော နောက်ကွယ်ရှိ မြို့ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ၎င်းမှာ သူတို့ လူသားမျိုးနွယ်၏ လက်ရှိ အခြေအနေပင် ဖြစ်သည်။ လူသားမျိုးနွယ်မှာ အင်အားချည့်နဲ့နေပြီး မိစ္ဆာများမှာ အစွမ်းထက်နေကြသည်။ မိစ္ဆာများကို နှိမ်နင်းရန် လာရောက်သူ ရှိခြင်းသည်ပင် တစ်မြို့လုံးကို ကြောက်ရွံ့မှုနှင့် မုန်းတီးမှုများကိုသာ ပေးစွမ်းနိုင်တော့သည်။

"ဒါဟာ သူတို့ရဲ့ အပြစ်မဟုတ်ပါဘူး"

"ရှုလင်မြစ်က မိစ္ဆာတွေဟာ ဒီနေရာမှာ ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့ပြီး ဆန်ကူမြို့နယ်က လူတွေရဲ့ စိတ်ထဲမှာ နက်ရှိုင်းတဲ့ အာဏာစက်ကို တည်ဆောက်ထားပြီးသား ဖြစ်တယ်"

"မိစ္ဆာကို သတ်ဖို့ လူတွေ အကြိမ်ကြိမ် လာခဲ့ကြဖူးတယ်"

"သူတို့ဟာ ရှုလင်မြစ်က မိစ္ဆာတွေရဲ့ ဝါးမျိုခြင်းကို အကြိမ်ကြိမ် ခံခဲ့ကြရတယ်"

"မိစ္ဆာနှိမ်နင်းသူတွေကြောင့် မိစ္ဆာတွေ အမျက်ထွက်လာတဲ့ အခါတိုင်းမှာလည်း မြို့သူမြို့သားတွေကိုပဲ စားပစ်ခဲ့ကြတာပဲ"

တကယ်ကို ဝမ်းနည်းစရာ ကောင်းလှ၏။

"ငါတို့ လူသားမျိုးနွယ်က ဘာလို့ ဒီလောက်တောင် သနားစရာ ကောင်းနေရတာလဲ"

ဒေါသများမှာ သူ၏ စိတ်ထဲတွင် ဆူပွက်လာခဲ့သည်။ အမျက်ထွက်နေသော မိစ္ဆာများသည် လူသားများကို အစာအဖြစ်သာ သဘောထားကြသည်။ သို့သော် ထိုဒေါသများမှာ အရှင်လီယွဲ့အပေါ် ကျေးဇူးတင်ရှိမှုများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

အကယ်၍ အရှင်လီယွဲ့မှ သူတို့၏ လေးပြင်ကျယ်ရွာကို ကာကွယ်ပေးရန် ဆင်းသက်လာခြင်း မရှိခဲ့လျှင် ယခုအချိန်အထိ ရွာလေးခုမှာ ဝံပုလွေတောင်မှ ဝံပုလွေမိစ္ဆာတို့၏ အစာ ဖြစ်နေကြရဦးမည် ဖြစ်သည်။ မိစ္ဆာများကို နှိမ်နင်းရန် ဆိုသည်မှာလည်း ပြောစရာပင် မလိုတော့ပေ။

ဟူး…။

ရှုလင်မြစ်သည် ရုတ်တရက် ပြင်းထန်စွာ လှိုင်းထန်လာခဲ့သည်။ မြစ်ပြင်ပေါ်တွင် ကြီးမားသော ဝဲဂယက်တစ်ခု ပေါ်လာ၏။ ရှုလင်မြစ်မှာ အလွန်မကြီးသော်လည်း အသေးစားတော့ မဟုတ်ပေ။ ၎င်းမှာ ပေ လေး၅ဆယ်ခန့် ကျယ်ဝန်းပြီး ယခုအခါတွင်မူ ဝဲဂယက်သည် မြစ်ပြင်၏ အစိတ်အပိုင်း တစ်ခုကို လွှမ်းမိုးထားကာ အနက်ရောင် အခိုးအငွေ့များမှာ ထိုနေရာမှ ထွက်ပေါ်နေခဲ့သည်။ ထူထပ်ပြီး နက်ရှိုင်းလှသော မိစ္ဆာအငွေ့အသက်များမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။

ရေစည်ကြီးတစ်လုံးထက် ပိုမိုထူထဲသော ကြီးမားလှသော မြွေကြီးတစ်ကောင်မှာ ဝဲဂယက်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကြီးမားလှသော မြွေကြီး၏ ခန္ဓာကိုယ်မှာ တစ်ခုလုံး အနက်ရောင်ဖြစ်ပြီး ခွေထားသည်မှာ ရှုလင်မြစ်ပေါ်တွင် လွင့်မျောနေသော အသားတောင်ကြီးတစ်ခုနှင့် တူနေ၏။ မြွေအရေခွံ တစ်ခုချင်းစီမှာ သတ္တုနှင့် ပြုလုပ်ထားသည့်အလား အေးစက်သော အလင်းတန်းများကို ရောင်ပြန်ဟပ်နေပြီး ဖျက်ဆီး၍ မရနိုင်သော အသွင်ကို ဆောင်နေ၏။ သူ၏ ရက်စက်မှုနှင့် သွေးဆာမှုများ ပြည့်နှက်နေသော အေးစက်လှသော မျက်လုံးများက လီယူမင်ကို ငုံ့ကြည့်ကာ…

"စစ်မှန်တဲ့ နတ်ဘုရားလား"

"ငါဟာ ရှုလင်မြစ်ရဲ့ မြစ်စောင့်နတ်မင်း ဖြစ်တယ်… ငါ့ရဲ့ ရာထူးက မင်းရဲ့ နောက်ကွယ်မှာရှိတဲ့ မြေစောင့်နတ်မင်း ဆိုတဲ့သူထက် အများကြီး ပိုမြင့်တယ်"

"မင်းရဲ့ နောက်ကွယ်မှာရှိတဲ့ ဘယ်နတ်ဘုရားပဲဖြစ်ဖြစ် ချက်ချင်းလာပြီး ငါ့ကို အလေးပြုခိုင်းလိုက်စမ်း"

"ငါ စိတ်ကြည်နေရင် မင်းရဲ့ အသက်ကို ချမ်းသာပေးကောင်း ပေးလိမ့်မယ်"

သူ၏ အသံမှာ နက်ရှိုင်းပြီး အက်ကွဲနေကာ ကြားလိုက်ရရုံနှင့်ပင် ကျောချမ်းစရာ ကောင်းလှ၏။ သူ၏ ဦးခေါင်းထက်တွင် သေးငယ်ပြီး ဖျော့တော့သော အဖုနှစ်ခု ရှိနေကာ ၎င်းမှာ ဦးချိုများ ပေါက်လာတော့မည့် အသွင်မျိုး ဖြစ်သည်။ အကယ်၍ ဦးချိုများသာ ရှိလာမည်ဆိုလျှင် သူသည် မြွေအဖြစ်မှ နဂါးအဖြစ်သို့ ကူးပြောင်းနိုင်မည် ဖြစ်သည်။

ဆန်ကူမြို့နယ်အတွင်း၌ အသက် လေးဆယ်အရွယ်ရှိသော အမျိုးသမီး နတ်ဆရာမသည် ကြီးမားလှသော မြွေကြီး ထွက်ပေါ်လာသည်ကို မြင်သောအခါ ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်ကာ အော်ဟစ်လိုက်သည်။

"အရှင်မြစ်စောင့်နတ်မင်း ပေါ်လာပြီ"

"ကျွန်မတို့ လူသားတွေက အရှင်မြစ်စောင့်နတ်မင်းကို ပြစ်မှားမိပါတယ်… သေသင့်လှပါတယ်"

"မင်းတို့တွေ မြစ်စောင့်နတ်မင်းကို တောင်းပန်ပြီး သူ့ရဲ့ အမျက်ဒေါသကို ဖြေဖို့ မတောင်းပန်ကြသေးဘူးလား"

သူ့ နောက်ဆုံးစကားများမှာ ကြမ်းတမ်းပြီး အမိန့်ပေးသံပါကာ အိမ်များအတွင်းမှ ထွက်လာပြီး မြေပြင်ပေါ်၌ ဒူးထောက်နေကြသော မြို့သူမြို့သားများကို ဟောက်လိုက်ခြင်း ဖြစ်သည်။ ရုတ်တရက်ပင် မြို့သူမြို့သား အမြောက်အမြားမှာ ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ထပ်ခါတလဲလဲ ကန်တော့လိုက်ကြပြီး မြစ်စောင့်နတ်မင်း၏ အမျက်ဒေါသများ ပြေပျောက်ပါစေရန် ဆုတောင်းလိုက်ကြသည်။

နတ်ဆရာမ၏ မျက်နှာတွင် ကျေနပ်ပီတိဖြစ်မှုများ ပေါ်လာ၏။ ဆန်ကူမြို့နယ်အတွင်း၌ သူသည် အရှိန်အဝါ အကြီးမားဆုံး လူသား ဖြစ်သည်။ ဤနေရာတွင် သူသည် ဘုရင်မတစ်ပါးကဲ့သို့ပင်။

သူ မနှစ်သက်သောသူ ရှိပါက နောက်လတွင် မြစ်စောင့်နတ်မင်းထံသို့ ပူဇော်လိုက်ရုံသာ ရှိသည်။ မြို့ထဲရှိ မည်သူမျှ သူ့ကို မကြောက်သူ မရှိပေ။ ဝေမျိုးနွယ်စုပင်လျှင် သူ၏ ခြေရင်း၌ ဒူးထောက်ရမည် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ပြည့်တန်ဆာအိမ်မှ နိမ့်ကျလှသော ကျွန်မလေးတစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ မြို့၏ အရှိန်အဝါ အရှိဆုံးသူ ဖြစ်လာခဲ့သည်ကို တွေးမိသောအခါ မိမိကိုယ်ကို ကျေနပ်နေမိသည်။

ဤဆန်ကူမြို့နယ်တွင် သူမ လိုချင်တာ မှန်သမျှကို ရနိုင်သည် မဟုတ်ပါလား။

အရှင်မြစ်စောင့်နတ်မင်းမှ သူ၏ နောက်ကွယ်တွင် ရှိနေသရွေ့ မည်သူ့ကိုမျှ ကြောက်စရာ မလိုပေ။

"မင်းက အရှင်မြစ်စောင့်နတ်မင်းဆီကို ကံဆိုးမှုတွေ ယူလာပေးချင်သေးတာလား"

"မြစ်စောင့်နတ်မင်းက မင်းကို ဘယ်လို ဝါးမျိုပစ်မလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"

သူသည် မိုးမခပင်ပေါ်တွင် ရပ်နေသော ပုံရိပ်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။

လူသားများသည် မြစ်စောင့်နတ်မင်းထံတွင် အညံ့ခံပြီး သူ၏ အစာ ဖြစ်လာသင့်သည် မဟုတ်ပါလား။ ခုခံနေကြသေးသလား။

ပုန်ကန်သော လူသားအားလုံးကို မြစ်စောင့်နတ်မင်းက စားပစ်သင့်သည် ဖြစ်သည်။

"မိုက်ရိုင်းလှချည်လား"

"မင်းလို မိစ္ဆာတစ်ကောင်က စစ်မှန်တဲ့ နတ်ဘုရားတွေကို မလေးမစား လုပ်ဝံ့သလား"

"ငါ လီယူမင်က အရှင်လီယွဲ့ရဲ့ ကိုယ်စား မင်းကို ဒီနေ့ ဒီနေရာမှာတင် ကွပ်မျက်မယ်"

လီယူမင်မှ ဒေါသတကြီး ဟောက်လိုက်၏။

သူသည် လက်ကွက်တစ်ခုကို ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆူပွက်နေသော ချီ များ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းမှာ ဒုတိယအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ဦး၏ ချီ ထက် များစွာ သာလွန်လှ၏။ အရည်အသွေးရော အရေအတွက်ပါ သာလွန်နေခြင်း ဖြစ်သည်။

ဝုန်း…။

ပေတစ်ဆယ်ကျော် ရှည်လျားသော ကြီးမားလှသော ရွှေရောင်ဓားကြီးတစ်လက်မှာ လေထုထဲတွင် ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းလှသော ရွှေရောင်အလင်းတန်းများနှင့်အတူ အနက်ရောင် မြွေကြီးကို ပြင်းထန်စွာ ပိုင်းချလိုက်သည်။ ရွှေရောင်ဓားကြီးသည် လေထုကို ဖြတ်သန်းသွားစဉ် စူးရှလှသော လေတိုးသံများကို ထွက်ပေါ်စေခဲ့၏။

"ဟမ်"

အနက်ရောင် မြွေကြီး၏ အေးစက်လှသော မျက်လုံးများ ပြောင်းလဲသွား၏။ သူ ဟိန်းဟောက်လိုက်ပြီးနောက် အလွန်အေးမြလှသော နှင်းမြူတိမ်တိုက် အမြောက်အမြားကို မှုတ်ထုတ်လိုက်သည်။ အေးစက်လှသော မြူတိမ်တိုက်များ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေထုမှာ ခဲသွားပြီး ရေခဲစအဖြစ် မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။

သူသည် ရေခဲစွမ်းအားရှိသော မိစ္ဆာတစ်ကောင် ဖြစ်သည်မှာ ထင်ရှားလှ၏။ သို့သော် ရွှေရောင်ဓားကြီးမှာမူ အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်း ရှိပုံရပြီး အေးစက်လှသော မြူတိမ်တိုက်များက ရွှေရောင်ဓားကြီးကို မခဲစေနိုင်မီမှာပင် ၎င်းမှာ နှစ်ခြမ်းကွဲသွားခဲ့သည်။

ဖျစ်…။

ရွှေရောင်ဓားသည် အနက်ရောင် မြွေကြီးကို ပြင်းထန်စွာ ပိုင်းချလိုက်ရာ ဖျက်ဆီး၍ မရနိုင်ဟု ထင်ရသော မြွေအရေခွံများသည် မည်သို့မျှ အသုံးမဝင်ဘဲ အေးစက်လှသော မြွေသွေးများ

ပန်းထွက်လာခဲ့သည်။

ဤတိုက်ကွက် တစ်ကွက်တည်းကပင် မြွေကြီးကို နှစ်ခြမ်းကွဲလုနီးပါး ဖြစ်သွားစေခဲ့၏။

"ဝူး…"

ကြီးမားလှသော မြွေကြီးမှာ ပြင်းထန်လှသော နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။ အေးစက်လှသော မျက်လုံးတစ်စုံဖြင့် လီယူမင်ကို ရက်စက်စွာ စိုက်ကြည့်လိုက်ပြီးနောက် သူ၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ရှုလင်မြစ်အတွင်းသို့ ရုတ်တရက် ခုန်ဆင်းသွားခဲ့သည်။ သူ ကြောက်သွားခဲ့ပြီ ဖြစ်သည်။ ဤလူသား၏ နည်းလမ်းမှာ အလွန် ထူးဆန်းလှပြီး တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် သူ့ကို ဒဏ်ရာရစေခဲ့ကာ သူ၏ အစွမ်းမှာ တကယ်တမ်းတွင် တတိယအဆင့် အလယ်အလတ်မှာ ရှိနေခြင်း ဖြစ်သည်။ ထိုလူမှာ သူ့ထက် တစ်ဆင့် ပိုမြင့်နေ၏။

သို့သော် သူ ရေထဲသို့ ပြန်ရောက်သွားသည်နှင့်တစ်ပြိုင်နက် တတိယအဆင့် အလယ်အလတ် သိုင်းပညာရှင်က သူ့နောက်သို့ လိုက်ဝံ့မည်ဆိုလျှင် သူ ထိုသူကို သတ်ပစ်နိုင်မည် ဖြစ်သည်။

မြစ်သည် သူ၏ နယ်မြေ မဟုတ်ပါလား။

"ထွက်ပြေးချင်တာလား"

လီယူမင်၏ မျက်နှာမှာ အေးစက်နေပြီး သူ၏ လက်အင်္ကျီစကို ရုတ်တရက် ခါယမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဆူပွက်နေသော ချီ များမှာ ပေါက်ကွဲထွက်လာပြီး ရှုလင်မြစ်၏ မျက်နှာပြင်ပေါ်တွင် မြူတိမ်တိုက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ ယခင်က ရရှိခဲ့သော မှော်အတတ်မှာ တိမ်မြူကာကွယ်ခြင်း အတတ် ဖြစ်သည်။

အရှင်လီယွဲ့ထံမှ ကောင်းချီးကို ထပ်မံ ရရှိပြီးနောက်တွင်မူ တိမ်မြူကာကွယ်ခြင်း အတတ် မှာ တိမ်မြူမှော်အတတ် အဖြစ် ပြောင်းလဲသွားခဲ့၏။ ၎င်း၏ အသုံးဝင်ပုံမှာ အကန့်အသတ်မရှိပေ။

ဘုန်း…။

ကြီးမားလှသော အနက်ရောင် မြွေကြီးသည် တောင်ကြီးတစ်လုံးကို တိုက်မိလိုက်သကဲ့သို့ မြူတိမ်တိုက်များကို တိုက်မိသွားပြီး လှိုင်းထန်နေသော မြူတိမ်တိုက်များကို ဖြတ်ကျော်ကာ ရှုလင်မြစ်အတွင်းသို့ မဝင်နိုင်တော့ပေ။

သူ၏ အေးစက်လှသော မျက်လုံးများတွင် ဒေါသနှင့် အံ့အားသင့်မှုများ ပေါ်လာခဲ့၏။

ထိုအခြေအနေမှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

All Chapters