အခန်း ၄၃
Vol. 3 Ch. 43
အခန်း ၄၃- အသန်မာဆုံးသော ကုန်သည်အရှင်သခင်၊ ယင်စစ်သည်တော်နှင့် မှော်လက်နက်များ အမြောက်အမြား ရောင်းချခြင်း
"ဒါက ဘယ်သူလဲ"
"ယင်လက်နက် တစ်ခုကို နတ်ဘုရားစွမ်းအား ဆယ်ခုနှုန်းနဲ့ အခုဆို အခုသုံးဆယ်တောင် ရောင်းထွက်သွားပြီ..."
"တစ်ပြားတစ်ချပ်မှ အမြတ်မကျန်တဲ့ ကိစ္စကို ဘာလို့လုပ်နေတာလဲ"
ချူယွဲ့မှ မျက်မှောင်ကြုတ်လိုက်၏။ သူသည် နတ်ဘုရားစွမ်းအား ဆယ်ခုသုံးမှ တစ်ခုထုတ်နိုင်သည့် ယင်စစ်သည်တော် မှော်လက်နက်ကို ချက်ချင်းတွေ့ရှိသွားပြီး နှစ်ခုဝယ်ယူလိုက်၏။ ဒါကို သူကိုယ်တိုင် သန့်စင်ထုတ်လုပ်မည်ဆိုလျှင် နှစ်နာရီကြာမည်ဖြစ်သည်။ တိုက်ရိုက်ဝယ်ယူလိုက်လျှင် ကုန်ဆုံးမည့် နတ်ဘုရားစွမ်းအားမှာ အတူတူပင်ဖြစ်သလို အချိန်လည်း မကုန်တော့ပေ။
ထို့နောက် တစ်ဖက်လူသည် အမြတ်တစ်ပြားမှ မရဘဲ တစ္ဆေလက်နက် ဘယ်နှခုများ ရောင်းနိုင်မလဲဆိုသည်ကို သူမ စိတ်ဝင်စားသွားသည်။ ထို့ကြောင့် ဒေသတွင်း ကုန်သွယ်မှု မျက်နှာပြင်ကို ဖွင့်ထားကာ ပစ္စည်းတစ်ခုချင်းစီကို တစ်ခုပြီးတစ်ခု စစ်ဆေးနေတော့သည်။
ရလဒ်မှာ ယခုအထိ ပစ္စည်းအခုသုံးဆယ် ရောင်းထွက်သွားပြီဖြစ်သည်။ ဤကဲ့သို့ ကျေးဇူးတင်စရာလည်းမရှိ၊ ပင်ပန်းရုံသာရှိမည့် အလုပ်မျိုးကို ဘယ်လိုအတွေးအခေါ်မျိုးနဲ့ လုပ်နေသလဲဆိုသည်ကို သူ လုံးဝနားမလည်နိုင်တော့ပေ။
တကယ်ပဲ ကိုယ်ကျိုးမငဲ့တဲ့ ပင်ကိုယ်စရိုက် ရှိသူများ လောကတွင် ရှိနေပါသလား။
အားလုံးရဲ့ ပျော်ရွှင်မှုအတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံနေခြင်းလော။
"ဒါပေမဲ့ တစ်ဖက်လူက တစ်ရက်ကျော်ကျော်လေးအတွင်းမှာ ပစ္စည်းအခုသုံးဆယ်တောင် ရောင်းလိုက်နိုင်တာပဲ"
"သူတို့ ကြိုပြီး စုဆောင်းထားတာများလား"
"တကယ်ပဲ တောကြီးတော့ ငှက်စုံတာပဲ"
သူ ခေါင်းကိုခါယမ်းကာ ဒေသတွင်း ကုန်သွယ်မှု မျက်နှာပြင်ကို ပိတ်လိုက်ပြီး ဆက်ကြည့်ရန် စိတ်မပါတော့ပေ။
...
ကမ္ဘာဦးနတ်ဘုရားများစွာသည်လည်း ဤအကြောင်းကို သိရှိလာကြသည်။ ဒေသတွင်း စကားပြောခန်း မျက်နှာပြင်ပေါ်တွင်လည်း လူအများအပြား စကားပြောနေကြသည်။ ဒုတိယအဆင့် ယင်စစ်သည်တော် မှော်လက်နက် ကို သန့်စင်နေရင်း လီယွဲ့သည်လည်း ဒေသတွင်း စကားပြောခန်း ကို ဖွင့်ကြည့်လိုက်၏။
"တကယ်ပဲ…"
"ငါ့ကို အသန်မာဆုံးသော ကုန်သည်အရှင်သခင် လို့တောင် ခေါ်နေကြပြီပဲ"
သူ့နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ တစ်ရက်ကျော်အတွင်းမှာတင် ဒုတိယအဆင့် ယင်စစ်သည်တော် မှော်လက်နက် အခုသုံးဆယ် ရောင်းချနိုင်ခဲ့ပြီး နတ်ဘုရားစွမ်းအား တစ်ရာ့ငါးဆယ် အမြတ်ထွက်ခဲ့သည်။ နတ်ဘုရားစွမ်းအား အခုနှစ်ဆယ်ဖြင့် ရောင်းချခဲ့စဉ်ကထက် အရောင်းပမာဏမှာ အဆမတန် တိုးတက်လာခြင်းဖြစ်သည်။
"ကြယ်တာရာပြာ နတ်ဘုရား တစ်သိန်းထဲမှာ နဝမအဆင့်ကို ရောက်သွားတဲ့သူ တစ်ထောင်၊ နှစ်ထောင်လောက်တော့ ရှိမှာပဲ..."
"အဲဒီထဲက တချို့က ဒုတိယအဆင့် ယင်လက်နက် တွေကို လိုအပ်နေဦးမှာဆိုတော့"
"ဒါက ကြီးမားတဲ့ ဈေးကွက်ကြီးတစ်ခုပဲ"
"ဒါတင်မကသေးဘူး အချိန်ကြာလာတာနဲ့အမျှ နဝမအဆင့် ကြယ်တာရာပြာ နတ်ဘုရားတွေ ပိုပိုများလာလိမ့်မယ်"
လီယွဲ့ ကျေနပ်သွားသည်။
နောက်ထပ် ရက်အနည်းငယ်အတွင်းမှာပင်။
နဝမအဆင့် နတ်ဘုရားနိယာမ အပိုင်းအစ အခုငါးဆယ်အတွက် ကုန်ကျစရိတ်မှာ ပြန်ကျေတော့မည်ဖြစ်သည်။ ထပ်ရောင်းရသမျှ ပစ္စည်းတိုင်းမှာ အသားတင် အမြတ်များသာ ဖြစ်သည်။ သူသည် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။ ဤဒေသရှိ ကြယ်တာရာပြာ နတ်ဘုရား တစ်သိန်းထဲတွင် မည်သူမျှ နဝမအဆင့် နတ်ဘုရားနိယာမ အပိုင်းအစ ကို မရသရွေ့ သူသည် ဤလုပ်ငန်းကို အကန့်အသတ်မရှိ ဆက်လုပ်နိုင်မည်ဖြစ်သည်။
"ဟမ်"
"လီယူမင်က တတိယအဆင့် မိစ္ဆာတစ်ကောင်ကို ထပ်သတ်လိုက်ပြန်ပြီလား"
"မဆိုးဘူး… မဆိုးဘူး"
"ကိုယ်ပိုင်တာဝန် - ၆ ကို အပြီးသတ်ဖို့ တတိယအဆင့် မိစ္ဆာ သုံးကောင်ပဲ လိုတော့တယ်"
လီယွဲ့ ပြုံးလိုက်သည်။
သူ့မျက်လုံးထဲတွင် ရုတ်တရက် အလင်းတန်းတစ်ခု ပေါ်လာသည်။ ထိုအလင်းသည် မှန်ဝိုင်းကြီးတစ်ခုအဖြစ် ပုံပေါ်လာ၏။
မှန်ဝိုင်းပေါ်တွင်… လီယူမင် မြင်တွေ့နေရသည့် မြင်ကွင်းများ ပေါ်လာသည်။ သူ့၏ နတ်စင်ဂေါပကဖြစ်သည့်အတွက် လီယူမင် မြင်သမျှကို သူ သဘာဝကျကျ မြင်တွေ့နိုင်သည်။ မည်သို့ပင်ဆိုစေ ယင်လက်နက် များကို သန့်စင်နေချိန်တွင် နတ်ဘုရားအတတ်ပညာများကို လေ့လာ၍ မရသော်လည်း အခြားကိစ္စများကို အာရုံစိုက်ရန်မှာ လွယ်ကူလှ၏။
"ဟမ်"
"ခုနက သတ်လိုက်တဲ့ တတိယအဆင့် မိစ္ဆာက နဂါးဆိပ်တောင်ကုန်းက ပုရွက်ဆိတ်မိစ္ဆာလား"
"ဒါဆို လီယူမင်က နောက်ထပ် မြေခွေးတောင်က မြေခွေးမိစ္ဆာကို သွားသတ်ရမှာပေါ့..."
လီယွဲ့ သူ့ဘာသာ ရေရွတ်လိုက်သည်။ သူသည် ဆန်ကူမြို့နယ်အတွင်းရှိ မိစ္ဆာများ၏ အခြေအနေကို သိရှိပြီးသားဖြစ်သည်။
နောက်ဆုံးတော့ သူ့လက်အောက်တွင် မိစ္ဆာနယ်မြေမှ မိစ္ဆာခေါင်းဆောင်တစ်ဦး ရှိနေသည်မဟုတ်ပါလော။ သို့သော် ဆန်ကူမြို့နယ်ရှိ မိစ္ဆာများမှာ အောက်ခြေအဆင့် တတိယအဆင့်များသာ ဖြစ်ကြပြီး သူ့အတွက် ပြောပလောက်သည်မဟုတ်ပေ။
...
"နဂါးဆိပ်တောင်ကုန်းက မိစ္ဆာတွေကို သတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်"
စုတ်ပြတ်သတ်နေသည့် လူအုပ်ကြီးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မျက်ရည်များ ဝေဝေဆာဆာဖြင့် လီယူမင်ကို အရိုအသေပေးနေကြ၏။ သူတို့သည် ဝမ်းသာလွန်း၍ ငိုနေကြခြင်းဖြစ်သည်။ နဂါးဆိပ်တောင်ကုန်းကို နှစ်ပေါင်းရှစ်ဆယ်ကြာ နှိပ်စက်လာခဲ့သည့် မိစ္ဆာကြီးမှာ နောက်ဆုံးတော့ သေဆုံးသွားလေပြီ။ နဂါးဆိပ်တောင်ကုန်းမှ လူများသည် မိစ္ဆာများ၏ အစားခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
"ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး"
"ကျွန်တော် လီယူမင်ဟာ အရှင်လီယွဲ့ကိုယ်တိုင် ခန့်အပ်ထားတဲ့ နတ်စင်ဂေါပက ဖြစ်တယ်လို့ ပြောခဲ့ပြီးသားပါ"
"ကျွန်တော် ဒီကို မိစ္ဆာလာသတ်တာဟာ အရှင်လီယွဲ့ရဲ့ နတ်ဘုရားအမိန့်တော်အရ လာတာဖြစ်ပါတယ်"
"တကယ်လို့ ကျေးဇူးတင်ချင်တယ်ဆိုရင် လေးပြင်ကျယ်ရွာရဲ့ မြေစောင့်နတ်မင်းဖြစ်တဲ့ အရှင်လီယွဲ့ကိုပဲ ကျေးဇူးတင်ကြပါ"
လီယူမင်မှ တည်ကြည်စွာ ပြောလိုက်၏။
"မေးပါရစေ အရှင်… အရှင်လီယွဲ့ဆိုတာ တကယ်ပဲ နတ်ဘုရားတစ်ပါးလားခင်ဗျာ"
အဖိုးအိုတစ်ဦးမှ မေးလိုက်သည်။ ကျန်ရှိသည့် လူတစ်ထောင်ကျော်မှာလည်း ကျောက်တုံးကြီးပေါ်တွင် ရပ်နေသည့် လီယူမင်ကို စိတ်လှုပ်ရှားမှု၊ ကျေးဇူးတင်မှု၊ သံသယရှိမှု၊ နားမလည်နိုင်မှု စသည့် အမူအရာများဖြင့် မော့ကြည့်နေကြ၏။
သူတို့သည် မိစ္ဆာများကို သတ်ပေးသည့်အတွက် လီယူမင်ကို ကျေးဇူးတင်ကြသော်လည်း သူပြောသည့် နတ်ဘုရားဆိုသည်မှာ အစစ်အမှန်ဖြစ်ကြောင်းကိုမူ မယုံရဲကြပေ။
နောက်ဆုံးတော့ နတ်ဘုရားများဆိုသည်မှာ ဒဏ္ဍာရီပုံပြင်များသာ မဟုတ်ပါလော။
"သဘာဝအတိုင်း အစစ်အမှန်ပါပဲ"
"လွန်ခဲ့တဲ့ လေးလကျော်က ကျွန်တော့်ရဲ့ လေးပြင်ကျယ်ရွာဟာလည်း ခင်ဗျားတို့လိုပဲ မိစ္ဆာတွေရဲ့ အစားခံဖို့ မွေးမြူခံထားရတဲ့ နေရာတစ်ခုပါ"
"ဒါပေမဲ့ အရှင်လီယွဲ့ လူ့ပြည်ကို ဆင်းသက်လာတဲ့အခါမှာတော့ သူရဲ့ ဘုန်းတန်ခိုးတော်တွေနဲ့ မိစ္ဆာတွေကို နှိမ်နင်းပြီး ကျွန်တော်တို့ လေးပြင်ကျယ်ရွာကို အင်အားတောင့်တင်းစေခဲ့ပါတယ်"
"အရှင်လီယွဲ့ဟာ ကျွန်တော်တို့ရွာကို မိစ္ဆာနှိမ်နင်းနိုင်တဲ့ စစ်သည်တော် အများအပြား ချီးမြှင့်ပေးခဲ့ပါတယ်"
"ကျွန်တော်တို့ လေးပြင်ကျယ်ရွာဟာ နတ်ဘုရားရဲ့ ကောင်းချီးမင်္ဂလာကို ခံစားနေရတဲ့ နေရာတစ်ခု ဖြစ်ပါတယ်… ခင်ဗျားတို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်နဲ့အတူ ရွာကိုလိုက်ခဲ့ပြီး အရှင်လီယွဲ့ရဲ့ ဘုန်းတန်ခိုးအောက်မှာ ခိုလှုံနိုင်ပါတယ်… ဒါဆိုရင် ခင်ဗျားတို့ မိစ္ဆာတွေနဲ့ ဝိညာဉ်ဆိုးတွေရဲ့ ရန်ကနေ ကင်းဝေးသွားမှာပါ"
လီယူမင်သည် လေးပြင်ကျယ်ရွာရှိရာ အရပ်သို့ ဦးညွတ်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။ သို့သော် သူ ထိုသို့ပြောသော်လည်း နဂါးဆိပ်တောင်ကုန်းမှ ရွာသားများမှာ သံသယရှိနေကြဆဲဖြစ်၏။ သို့သော် အချို့လူများက ပြတ်သားသည့် အမူအရာများဖြင့် အရိုအသေပေးလိုက်ကြ၏။
"ကျွန်တော် နတ်စင်ဂေါပကနဲ့အတူ လိုက်ပြီး မှန်ကန်တဲ့ နတ်ဘုရားကို ကိုးကွယ်ပါ့မယ်"
လီယူမင် ပြုံးလိုက်သည်။
"လေးပြင်ကျယ်ရွာကို ရောက်သွားတဲ့အခါ ကျွန်တော် လီယူမင်ဟာ ဘယ်တုန်းကမှ မုသားမပြောခဲ့ဘူးဆိုတာ ခင်ဗျားတို့ နားလည်သွားမှာပါ"
ရွာသားများ၏ မယုံကြည်မှုကို သူ ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် နတ်ဘုရားရဲ့ စွမ်းအားကို ကိုယ်တိုင်မတွေ့ရမချင်း လူအနည်းငယ်သာ နတ်ဘုရားရှိကြောင်း ယုံကြည်ကြမည်ဖြစ်သည်။
ဒါပေမဲ့ ကိစ္စမရှိပေ။
အချို့လူတွေ သွားကြလိမ့်မယ်၊ ပြီးရင် သူတို့ကနေတစ်ဆင့် သတင်းစကားတွေ ပျံ့နှံ့သွားလိမ့်မယ်၊ စောစောနဲ့ နောက်နောက် လူတွေ ပိုများလာမှာပဲ။ ပြီးတော့… လူတွေ အစုလိုက်အပြုံလိုက်ကြီး ရောက်လာတာကိုလည်း သူ မလိုချင်သေးပေ။ သူတို့ လေးပြင်ကျယ်ရွာက လူအများကြီးကို လက်မခံနိုင်သေးတာကြောင့် ဖြစ်သည်။
"အားလုံးပဲ… လေးပြင်ကျယ်ရွာမှာ အခြေချချင်တဲ့သူတွေ လျောင်ကျင်ရှန်းဆီမှာ စာရင်းပေးသွင်းလိုက်ကြပါ"
"ကျွန်တော့်မှာ လုပ်ဆောင်ရမယ့် နတ်ဘုရားအမိန့်တော် ရှိသေးတာကြောင့် တခြားနေရာမှာ မိစ္ဆာသွားနှိမ်နင်းရဦးမယ်… နှုတ်ဆက်ခဲ့ပါတယ်"
လီယူမင်သည် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် မိုးမခရွက်လေးလို လွင့်ပျံသွားပြီး မျက်စိတစ်မှိတ်အတွင်း နဂါးဆိပ်တောင်ကုန်းမှ ပျောက်ကွယ်သွားတော့၏။
လျောင်ကျင်ရှန်းနှင့် လေးပြင်ကျယ်ရွာမှ စစ်သည်တော် ငါးဦးမှာ နောက်ဆက်တွဲကိစ္စများကို ကိုင်တွယ်ရန် ကျန်ရစ်ခဲ့သည်။ နဂါးဆိပ်တောင်ကုန်းမှ ရွာသားများသည် လီယူမင် ပျောက်ကွယ်သွားရာ အရပ်သို့ ဦးညွတ်နေကြသည်။ နှစ်ရက်ကြာပြီးနောက်။ လီယူမင်သည် သူ့ခြေရင်းရှိ ကြီးမားလှသော မြေခွေးအလောင်းကြီးကို ကြည့်ရင်း ခန္ဓာကိုယ်အတွင်းမှ လှုပ်ရှားနေသည့် ချီများကို ဖြည်းဖြည်းချင်း ငြိမ်သက်စေလိုက်သည်။ အရပ်မျက်နှာ အနှံ့အပြားတွင် သူသတ်ထားသည့် သေးငယ်သော မြေခွေးမိစ္ဆာ အလောင်းများစွာ ပြန့်ကျဲနေသည်။
"နတ်စင်ဂေါပက အရှင်"
လီရှို့ဝူနှင့် သူ၏ လူများ ရောက်လာပြီး မြေပြင်ပေါ်ရှိ အလောင်းများကို မြင်သောအခါ ချက်ချင်းပင် အရိုအသေပေးလိုက်ကြသည်။
"ဒီမိစ္ဆာအလောင်းတွေကို လေးပြင်ကျယ်ရွာကို ပြန်ပို့လိုက်ပါ"
လီယူမင်မှ ညွှန်ကြားလိုက်၏။
သူသတ်လိုက်သည့် မိစ္ဆာအလောင်းတိုင်းကို လေးပြင်ကျယ်ရွာသို့ ပြန်ပို့စေသည်။ မြေစောင့်နတ်ကျောင်း ရှေ့တွင် ထားလိုက်ရုံဖြင့် ကြီးမြတ်သော အရှင်လီယွဲ့မှ သိမ်းဆည်းသွားမည်ဖြစ်သည်။ သိသာသည်မှာ ဤမိစ္ဆာအလောင်းများသည် ကြီးမြတ်သော အရှင်လီယွဲ့အတွက် အသုံးဝင်မည်ဖြစ်ကြောင်း သူသိရှိထားသည်။
ထို့ကြောင့် သူသည် ၎င်းတို့ကို အလဟဿ အဖြစ်မခံပေ။ အရှင်လီယွဲ့ မယူသည့် ပထမအဆင့် မိစ္ဆာအလောင်းများကိုသာ ရွာရှိ စစ်သည်တော်များ စားသုံးရန် ခွဲဝေပေးသည်။
"ဟုတ်ကဲ့ပါ နတ်စင်ဂေါပက"
လီရှို့ဝူသည် အမိန့်ကို နာခံလိုက်သည်။
ဤကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ မိစ္ဆာနယ်မြေမှ မိစ္ဆာအလောင်းအားလုံးကို သူနှင့် သူ့လူများကပင် ပြန်ပို့ခဲ့ကြသည် မဟုတ်ပါလော။
သို့သော် ထိုအချိန်တွင် ကြီးမားလှသော ရေခဲချွန်ကြီးတစ်ခုသည် လေထဲမှ ရုတ်တရက် ပျံသန်းလာပြီး လီယူမင်ကို အစိမ်းလိုက် အေးခဲစေမည့်အလား အံ့မခန်း အအေးဓာတ်များကို ထုတ်လွှတ်နေသည်။
ဒါတင်မကသေးဘဲ ပူလောင်လှသော အဆိပ်ငွေ့များနှင့် ထက်မြက်လှသော လေဓားများက အခြားအရပ်မျက်နှာ နှစ်ခုမှ တိုက်ခိုက်လာကြသည်။
"ဆန်ကူမြို့နယ်က နောက်ဆုံးကျန်နေတဲ့ တတိယအဆင့် မိစ္ဆာကြီး သုံးကောင်က ငါ့ကိုသတ်ဖို့ ပူးပေါင်းလိုက်တာလား"
"မင်းတို့တွေလား"
လီယူမင်၏ မျက်လုံးထဲတွင် အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ လက်ခနဲ ဖြစ်သွားပြီး သူ၏ အကြည့်မှာ ထက်မြက်လှသည်။
အတော်ပဲ… အရင်က မိစ္ဆာသုံးကောင်ကို သတ်တုန်းက သူ စွမ်းအားအပြည့် မသုံးခဲ့ရသေးဘူး။
ဒီတစ်ခါတော့ ဒီမိစ္ဆာတွေကို လီယူမင်ဆိုတာ ဘယ်လိုလူလဲဆိုတာ ပြပေးရတာပေါ့။
အရှင်လီယွဲ့ရဲ့ ကိုယ်စား လူသားတွေကြားမှာ လျှောက်လှမ်းနေတဲ့ နတ်စင်ဂေါပကဟာ ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာကို။