← Chapters

အခန်း ၄၆

Vol. 4 Ch. 46

အခန်း ၄၆

Vol. 4 Ch. 46

အခန်း (၄၆) အရှင်လီယွဲ့အား ဖူးမြော်ခွင့်တောင်းခံသည့် ခရိုင်မြို့မှ တုန်လှုပ်ချောက်ချားနေသော အမျိုးသားတစ်ဦး

ရွှမ်ခရိုင် တစ်ခုလုံးတွင် ဝိညာဉ်မြေ တစ်ဧကခွဲသာ ရှိသည်ဆိုသည်ကို ကျောက်ကျိုယွမ် အလွန်ရှင်းလင်းစွာ သိရှိထားသည်။ ထိုတစ်ဧကခွဲသော ဝိညာဉ်မြေမှာ ကျောက်မိသားစု၏ လက်ဝယ်တွင် ရှိနေခြင်းကြောင့်ပင်။ သို့သော် ထိုဝိညာဉ်မြေမှာ အဆင့်ဒီ အမျိုးအစားသာ ဖြစ်ပြီး ယခု သူ၏ မျက်စိရှေ့မှောက်ရှိ အဆင့်စီ ဝိညာဉ်လယ်ကွင်းကိုမူ အဝေးကပင် မမီနိုင်ပေ။

သူ၏ ရင်ထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

လေးပြင်ကျယ်ရွာတွင် အဆင့်စီ ဝိညာဉ်လယ်ကွင်း တကယ်ရှိနေသည်လား။

အဆင့်စီ ဝိညာဉ်မြေ တစ်ဧကသည် အဆင့်ဒီ ဝိညာဉ်မြေ ၇ဧက၊ ရှစ်ဧကခန့်နှင့် တန်ဖိုးချင်း ညီမျှသည်။ ထို့အပြင် လေးပြင်ကျယ်ရွာသည် ကျောက်စိမ်းဖြူ ဝိညာဉ်ဆန် မျိုးစေ့များကို မည်သို့ရရှိခဲ့သည်မသိဘဲ စိုက်ပျိုးထားကြသေးသည်။ ဤသည်မှာ ပထမအဆင့် ဝိညာဉ်ဆန်များထဲတွင် အကောင်းဆုံး အမျိုးအစား ဖြစ်သည်။ ကျောက်မိသားစု စိုက်ပျိုးသော ဝိညာဉ်ဆန်မှာ ဤကျောက်စိမ်းဖြူ ဝိညာဉ်ဆန်၏ အာနိသင်ကို မယှဉ်နိုင်ချေ။

ထို့ထက်ပို၍ သူမြင်လိုက်ရသည်မှာ ဝိညာဉ်ဆန်၏ အဆီအနှစ်များကို ပက်ကြဲနေခြင်းပင် ဖြစ်၏။ ဤသည်က သူ့ကို ခေါင်းမူးသွားစေသည်။ ဝိညာဉ်ဆန်၏ အဆီအနှစ်ဆိုသည်မှာ အလွန်တန်ဖိုးကြီးလှသော အရာဖြစ်ပြီး ဝိညာဉ်စပါးနှင့် ဂျုံရိုး ဧကနှစ်ဆယ်ကျော်မှ ခက်ခဲနက်နဲစွာ ထုတ်ယူရရှိသည့် အရာမျိုး ဖြစ်သည်။ ခရိုင်မြို့တွင် အခြေစိုက်လာသည်မှာ ရာစုနှစ်တစ်ခုကျော်ပြီဖြစ်သော ကျောက်မိသားစုပင်လျှင် ဝိညာဉ်ဆန်အဆီအနှစ် နှစ်ခါသာ ထုတ်ယူနိုင်ခဲ့ဖူးသည်။

ထိုအဆီအနှစ်များကို ရောင်းချ၍ ရရှိသော အရင်းအမြစ်များဖြင့် တတိယအဆင့် ယွမ်ကန်း အဆင့်သို့ ရောက်ရှိသည့် စစ်သူကြီးအဆင့် ပညာရှင် နှစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်၏။

ယခုမူ ဤမျှ အဖိုးတန်လှသော အဆီအနှစ်များကို အလဟဿ ဖြုန်းတီးနေကြသည်လား။

ဝိညာဉ်ဆန် အဆီအနှစ် သည် ဒုတိယအဆင့်နှင့် တတိယအဆင့် ဝိညာဉ်ဆန်များ ကြီးထွားမှုကိုပင် အရှိန်မြှင့်ပေးနိုင်စွမ်း ရှိသည်။ ယခုမူ ၎င်းကို ပထမအဆင့် ဝိညာဉ်ဆန်များပေါ်သို့ ပက်ကြဲနေကြခြင်း ဖြစ်သည်။

သူ ရင်နာလှသည်။

ဤသည်မှာ တတိယအဆင့်ရှိ စစ်သူကြီးတစ်ဦးကို ဖြုန်းတီးပစ်နေခြင်းနှင့် အတူတူပင်။

သူ သက်ပြင်းကို လေးလေးပင်ပင် ရှိုက်လိုက်၏။

“သခင်လေးကျောက်… ဘာဖြစ်လို့လဲခင်ဗျာ”

ချန်အာကော်မှ ကျောက်ကျိုယွမ်ကို ကြည့်ကာ နားမလည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်သည်။ သူသည် နတ်စင်စောင့်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး မြေစောင့်နတ်စင်နှင့် ရွာ၏ လုံခြုံရေးအတွက် တာဝန်ယူထားသူ ဖြစ်သည်။ နတ်စင်တွင် ဂေါပကနှင့် ကျန်းရုံကွေ့တို့ ရှိသော်လည်း ရွာ၏ လုံခြုံရေးမှာ သူ၏ တာဝန်ဟု သူက ခံယူထားလေသည်။ ထို့ကြောင့် သူ ရွာထိပ်တွင် နေ့စဉ် ကင်းစောင့်နေလေ့ ရှိသည်။

ကျောက်ကျိုယွမ် ရွာထိပ်သို့ ရောက်လာသည်နှင့် သူ၏ ထူးခြားသော အရှိန်အဝါကို ချန်အာကော် ချက်ချင်း သတိထားမိခဲ့သည်။

စကားစမြည် ပြောဆိုကြည့်ရာမှ တစ်ဖက်လူသည် ခရိုင်မြို့မှ အရှင်လီယွဲ့ကို ဖူးမြော်ရန် တကူးတက လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဤသည်က သူ့ကို ဂုဏ်ယူဝင့်ကြွားစေ၏။

“ကြည့်စမ်း… ငါတို့ လေးပြင်ကျယ်ရွာဟာ အရှင်လီယွဲ့ရဲ့ စောင့်ရှောက်မှုကို ခံနေရတာ ခရိုင်မြို့က လူကြီးမင်းတွေတောင် သိကုန်ကြပြီ… ခရိုင်မြို့က လူကြီးမင်းကိုယ်တိုင်တောင် အရှင်လီယွဲ့ကို လာဖူးရတယ်”

သူ ထိုသို့ တွေးတောမိ၏။ ထို့ကြောင့် ဝန်မလေးဘဲ ကျောက်ကျိုယွမ်ကို ဂေါပကထံသို့ ချက်ချင်း ခေါ်ဆောင်သွားလေသည်။

“ဘာမှမဟုတ်ပါဘူး”

ကျောက်ကျိုယွမ်မှာ အသက်ကို အကြိမ်ကြိမ် ရှိုက်သွင်းပြီးမှ ချန်အာကော်နောက်သို့ လိုက်ပါသွားသည်။ လမ်းလျှောက်သွားစဉ် တစ်လျှောက်တွင်လည်း ဝိညာဉ်လယ်ကွင်းထဲ၌ ပက်ကြဲထားသော ဝိညာဉ်ဆန်အဆီအနှစ် များကို နှမြောတသစွာ လှည့်ကြည့်နေမိပြီး ရင်ထဲတွင် တစ်ဆစ်ဆစ် နာကျင်နေရသည်။

သို့သော် များမကြာမီမှာပင် မြေစောင့်နတ်စင်ရှေ့တွင် ဒူးထောက်နေကြသော ရွာသားအမြောက်အမြားကို မြင်လိုက်ရသဖြင့် သူ ထပ်မံ ထိတ်လန့်သွားရပြန်သည်။ လူပေါင်း သုံး၊ လေးထောင်ခန့် ရှိမည် မဟုတ်ပါလား။ ထိုလူအပေါင်းတို့မှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ လက်ထဲတွင် အမွှေးတိုင်များ ထွန်းညှိထားကြသဖြင့် မီးခိုးငွေ့များမှာ တိမ်တိုက်သဖွယ် မြေစောင့်နတ်စင်ကို ရစ်ပတ်ထားကြသည်။ သူသည် နတ်စင်အတွင်းရှိ မြေစောင့်နတ်ရုပ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုသော်လည်း မီးခိုးငွေ့များကြောင့် မမြင်နိုင်ဘဲ ရှိနေ၏။

ရှင်းရှင်းလင်းလင်း မမြင်ရသော်ငြားလည်း ထိုနတ်ရုပ်ထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် ကောင်းလှသည့် မဟာအရှိန်အဝါကိုမူ သူ အတိုင်းသား ခံစားနေရသည်။ ကြာကြာစိုက်ကြည့်လေလေ ပိုမိုခန့်ညားထည်ဝါလာလေ ဖြစ်သဖြင့် သူသည် ခေါင်းကို ချက်ချင်းငုံ့လိုက်ရပြီး နတ်ရုပ်ကို တိုက်ရိုက်မကြည့်ဝံ့တော့ပေ။

“ဒါဟာ တကယ်ပဲ နတ်ဘုရားတစ်ပါးလား… အဲဒီ အရှိန်အဝါက ကြောက်မက်ဖွယ် မိစ္ဆာတစ်ကောင်ရဲ့ အရှိန်အဝါနဲ့ လုံးဝမတူဘူး"

သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်သွားသည်။ ထိုစဉ်မှာပင် နတ်ရုပ်ထံမှ အဖြူရောင် အလင်းတန်းများနှင့် အပြာနုရောင် အလင်းတန်း သုံးခု ထွက်ပေါ်လာပြီး ဒူးထောက်နေသော ရွာသားများထဲသို့ တိုးဝင်သွားသည်ကို သူ မြင်တွေ့လိုက်ရ၏။

သူ မှားနေခြင်း မဟုတ်ပါ။

အပြာနုရောင် အလင်းတန်း သုံးခုမှာ ရှေ့ဆုံးတွင် ဒူးထောက်နေသော ပထမအဆင့် အထွတ်အထိပ် ရဲမက်သုံးဦးထံသို့ ကျရောက်သွားခြင်း ဖြစ်သည်။

သူသည် တတိယအဆင့် ယွမ်ကန်း အဆင့်မှ စစ်သူကြီးတစ်ဦး ဖြစ်သဖြင့် ပထမအဆင့် အထွတ်အထိပ် ရောက်နေသူများကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ သူ မြင်လိုက်ရသည်မှာ ထိုအပြာနုရောင် အလင်းတန်းများ ခန္ဓာကိုယ်ထဲ တိုးဝင်သွားပြီးနောက် ခဏအတွင်းမှာပင် ထိုရဲမက်သုံးဦး၏ သွေးနှင့် စွမ်းအင်များ ရုတ်ချည်း တိုးပွားလာပြီး ဒုတိယအဆင့် စစ်မှန်သော စွမ်းအင် အဆင့်သို့ ရောက်ရှိသွားကာ နောက်ထပ် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဒုတိယအဆင့် အလယ်အလတ်အဆင့်သို့ တိုးတက်သွားကြခြင်းပင် ဖြစ်သည်။

ကျောက်ကျိုယွမ် မျက်လုံးပြူးသွား၏။ သူ၏ မျက်လုံးကို အတင်းပွတ်ကြည့်သော်လည်း မြင်နေရသည်မှာ အမှန်ပင် ဖြစ်သည်။

“ဘယ်လို... ဘယ်လိုလုပ် ဒါမျိုး ဖြစ်နိုင်မှာလဲ”

“ခုနလေးတင် သူတို့က ပထမအဆင့် ခန္ဓာကိုယ် လေ့ကျင့်ခြင်း အထွတ်အထိပ်မှာပဲ ရှိနေသေးတာ… အဲဒီ အပြာနုရောင် အလင်းတန်းအောက်မှာ ဘယ်လိုလုပ် ဒုတိယအဆင့် အလယ်အလတ်ကို ချက်ချင်း ရောက်သွားရတာလဲ”

သူ အလွန်အမင်း ထိတ်လန့်သွားပြီး မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်သွားရသည်။

ဤကမ္ဘာပေါ်တွင် ဤမျှ မယုံကြည်နိုင်စရာ ကောင်းသောအရာ မည်သို့ ဖြစ်ပျက်နိုင်ပါသနည်း။

သူကိုယ်တိုင်ပင် ပါရမီထူးချွန်သူ ဖြစ်သော်လည်း ပထမအဆင့်မှ ဒုတိယအဆင့် အလယ်အလတ်သို့ ရောက်ရန် ၇နှစ်၊ ရှစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။ ယခုမူ သူ၏ မျက်စိရှေ့မှောက်တွင်ပင် မျက်တောင်တစ်ခတ်အတွင်း ကျော်ဖြတ်သွားကြလေပြီ။

“ဒါက ဘာဆန်းလို့လဲ"

ချန်အာကော်မှ ထိတ်လန့်တကြား အော်ဟစ်နေသော ကျောက်ကျိုယွမ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“သခင်လီယွဲ့က ကျွန်တော်တို့ကို သနားကြင်နာတော်မူလို့ အမြဲတမ်း နတ်ဘုရားကျေးဇူးတော်ကို ပေးသနားလေ့ရှိတယ်… ဒါကြောင့် လေးပြင်ကျယ်ရွာက သာမန်လူတွေတောင် ပထမအဆင့် ရဲမက်တွေ၊ ဒုတိယအဆင့် စစ်သည်တော်တွေ ဖြစ်လာကြတာပေါ့"

သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကျောက်ကျိုယွမ်အား မြို့ရောက်တောသား တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။

ခရိုင်မြို့မှ လာပေမယ့်လည်း ချန်အာကော်လောက်တော့ ဗဟုသုတ မရှိရှာဘူးဟု သူ တွေးတောနေသည်။

“ဒါ... ဒါဟာ နတ်ဘုရားရဲ့ ကျေးဇူးတော်လား"

ကျောက်ကျိုယွမ် ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ ထို့နောက် အဖြူရောင် အလင်းတန်း ကျရောက်သွားသော ရွာသားများကို သူ လေ့လာကြည့်လိုက်သည်။ ထိုအခါ သူတို့မှာ သာမန်လူများမှ ပထမအဆင့် အလယ်အလတ်သို့ ရောက်ရှိသွားကြပြီး အချို့မှာ ပထမအဆင့် အထွတ်အထိပ်သို့ပင် တိုက်ရိုက်ရောက်ရှိသွားသည်ကို တွေ့လိုက်ရသဖြင့် သူ ထပ်မံ မှင်တက်သွားရပြန်သည်။ စစ်သည်တော်တစ်ဦး ဖြစ်လာရန် အရင်းအမြစ်နှင့် ဉာဏ်ပညာ နှစ်မျိုးလုံး လိုအပ်သော်လည်း ဤလေးပြင်ကျယ်ရွာတွင်မူ အလွယ်တကူပင် ဖြစ်လာနိုင်ကြသည်။

မကြာမီမှာပင် နောက်ထပ် အဖြူရောင်နှင့် အပြာနုရောင် အလင်းတန်းတစ်ခု ကျဆင်းလာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ လူ၏ ကိုယ်ထဲသို့ မဝင်ဘဲ ရှေ့ဆုံးတွင် ရှိနေသော အသက် (၃၀) ခန့်အရွယ် အမျိုးသားတစ်ဦး၏ ရှေ့၌ ကျရောက်သွားသည်။

အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင်မူ အဆင့် (၁) ချပ်ဝတ်တန်ဆာ အစုံ (၂၀) နှင့် အဆင့် (၂) ချပ်ဝတ်တန်ဆာ (၅) စုံတို့ ပေါ်ထွက်လာသည်။

“အဆင့် (၁) နဲ့ အဆင့် (၂) ချပ်ဝတ်တန်ဆာတွေ... အကောင်းစားတွေပဲ"

ကျောက်ကျိုယွမ်မှာ ထုံထိုင်းသွားသကဲ့သို့ ငေးကြည့်နေမိသည်။ လေးပြင်ကျယ်ရွာသည် နတ်ဘုရား စောင့်ရှောက်မှုခံရသည့် ရွာဖြစ်ကြောင်း သူ ယခုမှ အမှန်တကယ် ယုံကြည်သွားပါတော့သည်။

ခေတ္တအကြာတွင် ထိုချပ်ဝတ်တန်ဆာများကို သိမ်းဆည်းလိုက်သော လီယူမင်သည် လျှောက်လှမ်းလာပြီး ပြုံးကာ နှုတ်ဆက်သည်။

“ကျွန်တော်က လေးပြင်ကျယ်ရွာရဲ့ နတ်စင်ဂေါပက လီယူမင်ပါ… လူကြီးမင်းရဲ့ အမည်ကို သိပါရစေ"

ကျောက်ကျိုယွမ်သည် ဆန်ကူမြို့မှ တတိယအဆင့် မိစ္ဆာခြောက်ကောင်ကို သတ်ဖြတ်ခဲ့သော သူရဲကောင်းကို ကြည့်ကာ အရိုအသေပြုလိုက်သည်။

“ကျွန်တော်က ရွှမ်ခရိုင်၊ ကျောက်မိသားစုက ကျောက်ကျိုယွမ်ပါ… ခရိုင်ဝန်မင်းရဲ့ အမိန့်အရ ဆန်ကူမြို့က မိစ္ဆာတွေကို နှိမ်နင်းပေးခဲ့တဲ့အတွက် လီလူကြီးမင်းကို ကျေးဇူးတင်စကား ပြောကြားဖို့ လာရောက်တာပါ"

လီယူမင်မှ ခေါင်းခါယမ်းကာ ပြုံးလျက် ပြန်လည်ပြောကြားသည်။

“ကျွန်တော်က အရှင်လီယွဲ့ရဲ့ အမိန့်တော်အတိုင်း လုပ်ဆောင်ခဲ့တာပါ။ ဒါဟာ အရှင်လီယွဲ့က လူသားတွေ မိစ္ဆာစာ မဖြစ်ရအောင် သနားကြင်နာတော်မူလို့ ဖြစ်ရတာပါ"

ကျောက်ကျိုယွမ်သည် နတ်စင်အတွင်းရှိ မြေစောင့်နတ်ရုပ်ကို လှမ်းကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

“ကျွန်တော်မျိုး အရှင်လီယွဲ့ကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ခွင့် ရနိုင်မလားခင်ဗျာ"

ထိုစကားကို ကြားသည်နှင့် လီယူမင်၏ မျက်နှာမှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်လုံးများမှာ အေးစက်စူးရှသွားပါတော့သည်။

All Chapters