အခန်း ၄၇
Vol. 4 Ch. 47
အခန်း (၄၇) ကျွန်ုပ်၏ အမိန့်တော်ဖြင့် ယင်စစ်သည်တော်အဖြစ် ခန့်အပ်ခြင်း ခံယူမည်လော၊ သို့မဟုတ် ဘဝကူးမည်လော
"ရိုင်းလှချည့်လား"
ချန်အာကော် ဒေါသတကြီးဖြင့် ကျောက်ကျိုယွမ်ကို လက်ညှိုးထိုးကာ အော်ဟစ်ပါတော့သည်။
"ကောင်းပြီ… မင်းကတော့ တကယ့်ကောင်ပဲ"
"ငါက စေတနာနဲ့ အရှင်လီယွဲ့ကို ရှိခိုးဖို့ ခေါ်လာတာကို… မင်းက ဒီလို အကြံမျိုး ကြံရဲတယ်ပေါ့"
"အရှင်လီယွဲ့ကို ဖူးမြော်ဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ"
လီယူမင် လက်ကာပြကာ ချန်အာကော်ကို တားလိုက်သည်။ သူသည် ကျောက်ကျိုယွမ်ကို အေးဆေးစွာ ကြည့်ကာ ပြောလိုက်၏။
"အရှင်လီယွဲ့ကို ဖူးမြော်ချင်တဲ့ မင်းရဲ့ တောင်းဆိုချက်က ငါ့အပေါ်မှာ မူတည်တာ မဟုတ်ဘူး"
“ဒါပေမဲ့ ငါပြောပြရရင်တော့ ငါကိုယ်တိုင်တောင် အရှင်လီယွဲ့ရဲ့ နတ်စင်ဂေါပက ဖြစ်ပေမယ့် အရှင်ကို ဖူးမြော်ခွင့်ရဖို့ အဆင့်မမီသေးပါဘူး"
"တကယ်လို့ မင်း ဖူးမြော်ချင်တယ်ဆိုရင်တော့ …"
"ဒီမှာ ဒူးထောက်ပြီး စိတ်ရင်းမှန်နဲ့ ဆုတောင်းပါ"
"အရှင်လီယွဲ့က မင်းကို တွေ့ခွင့်ပေး၊ မပေးဆိုတာကတော့ အရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်"
ပြောပြီးသည်နှင့် သူသည် ကျောက်ကျိုယွမ်ကို ဂရုမစိုက်တော့ဘဲ သူ၏ အခန်းထဲသို့ ပြန်ဝင်သွားပါတော့သည်။
ကျောက်ကျိုယွမ် တစ်ခုခု မိုက်မိုက်ကန်းကန်း လုပ်လိမ့်မည်ကိုလည်း သူ လုံးဝ မစိုးရိမ်ပါ။ အကြောင်းမှာ အရှင်လီယွဲ့၏ နတ်ဘုရား အရှိန်အဝါအောက်တွင် မည်သူမျှ မကောင်းသော စိတ်ထား မထားဝံ့ကြောင်း သိသောကြောင့် ဖြစ်သည်။ နတ်စင် ဂေါပကတစ်ဦးအနေဖြင့် မြေစောင့်နတ်စင်အတွင်းရှိ နတ်ဘုရားစွမ်းအားများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုနက်ရှိုင်းလာသည်ကို သူ သတိပြုမိနေသည်။
"ဟွန်း…"
ချန်အာကော် နှာခေါင်းရှုံ့ကာ အေးစက်စွာ အော်လိုက်ပြီး သူ၏ လူများကို ခေါ်ကာ ရွာထိပ်တွင် ကင်းဆက်စောင့်ရန် ပြန်သွားပါတော့သည်။
ကျောက်ကျိုယွမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရွာသားတစ်ဦးထံမှ အမွှေးတိုင် တစ်တိုင်ဝယ်ယူကာ ထွန်းညှိလိုက်၏။ ထို့နောက် မြေပြင်ပေါ်တွင် ဒူးထောက်၍ အရိုအသေပြုကာ ဦးချလိုက်သည်။
"ရွှမ်ခရိုင်၊ ကျောက်မိသားစုမှ ကျောက်ကျိုယွမ်သည် အရှင်လီယွဲ့အား ဖူးမြော်ခွင့်ပြုပါရန် ရိုသေစွာ လျှောက်ထားအပ်သည်"
...
နတ်ဘုရားနယ်မြေ အတွင်း၌ လီယွဲ့သည် နတ်စင်ရှေ့တွင် ဒူးထောက်နေသော ကျောက်ကျိုယွမ်ကို ဂရုမထားဘဲ အေးစက်စွာ နေမြဲနေ၏။
တစ်ဖက်လူ၏ ရည်ရွယ်ချက် မည်သို့ပင် ရှိစေကာမူ သူ လောလောဆယ် စိတ်မဝင်စားပါ။ အကြောင်းမှာ သူ၏ အုပ်ချုပ်မှုနယ်မြေမှာ ချန်းမူမြို့ကိုပင် မလွှမ်းမိုးနိုင်သေးရာ ခရိုင်မြို့မှ ကိစ္စရပ်များကို သူ မည်သို့ စီမံနိုင်ပါမည်နည်း။ ခရိုင်မြို့မှ စတုတ္ထအဆင့် မိစ္ဆာများ သူ၏ နယ်မြေ အတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် အသေခံလျှင်မူ တစ်မျိုးပေါ့။
သို့သော် ထိုသို့ ဖြစ်နိုင်ပါမည်လား။
ထိုအစား သူသည် ဒုတိယအဆင့် ယင်စစ်သည်တော် လက်နက်များ ကို ပိုမိုဖန်တီးပြီး [နယ်မြေတွင်း ကုန်သွယ်မှု] မျက်နှာပြင်တွင် ရောင်းချနေခြင်းက ပိုကောင်းပါလိမ့်မည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း သူသည် ဒုတိယအဆင့် ယင်စစ်သည်တော် မှော်လက်နက် စုစုပေါင်း ၃၆၀ ကို ဖန်တီးခဲ့သည်။ ဤသည်မှာ အလုပ်ချိန်များပြားရုံသာမက နှစ်ပတ်ခန့် အိပ်စက်ခြင်းမရှိဘဲ အနားမနေ အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နဝမအဆင့် နတ်ဘုရားတစ်ပါးအတွက် နှစ်ပတ်ခန့် မအိပ်ဘဲ နေရသည်မှာ မဆန်းပါ။
"နှစ်ပတ်အတွင်းမှာ နတ်ဘုရားစွမ်းအား ၁,၈၀၀ ရခဲ့တယ်"
"ထုတ်သမျှ အကုန်လုံးနီးပါး ရောင်းရတဲ့အထိ အရောင်းသွက်လှတယ်"
"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ နဝမအဆင့် မြေစောင့်နတ်ဘုရား အရေအတွက်က တကယ်ပဲ ရုတ်ချည်း တိုးလာခဲ့တယ်… ဒီဒေသက နတ်ဘုရား တစ်သိန်းထဲမှာ ဆယ်ပုံတစ်ပုံကျော်လောက်ဟာ နဝမအဆင့် မြေစောင့်နတ်ဘုရားတွေ ဖြစ်ကုန်ကြပြီလို့ ခန့်မှန်းရတယ်"
"ဒီနဝမအဆင့် နတ်ဘုရားတွေ အားလုံးဟာ ငါ့ရဲ့ ဖောက်သည်တွေပဲ"
"နတ်ဘုရားစွမ်းအား အတူတူ ကုန်မှာချင်းအတူတူ ကိုယ်တိုင် လုပ်နေစရာမလိုတာက တကယ်ပဲ ကောင်းတဲ့အရာ မဟုတ်ဘူးလား"
သူ၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေသည်။
နဝမအဆင့် နတ်ဘုရား တရားဥပဒေ အပိုင်းအစ ၅၀ ကို အသုံးပြုပြီး နဝမအဆင့် နတ်ဘုရားနည်းစနစ်ဖြစ်သော ယင်စစ်သည်တော် လက်နက် ဖန်တီးမှု ကုန်ကျစရိတ်ကို လျှော့ချခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။ နဝမအဆင့် နတ်ဘုရား တရားဥပဒေ အပိုင်းအစ ၅၀ သည် နတ်ဘုရားစွမ်းအား ၅၀၀ သာ တန်ဖိုးရှိသော်လည်း သူသည် နှစ်ပတ်အတွင်းမှာတင် နတ်ဘုရားစွမ်းအား ၁,၈၀၀ ကို ပြန်လည်ရရှိခဲ့သည်။ အလုပ်ပင်ပန်းရသည်မှာ ဘာများ အရေးစိုက်စရာ ရှိပါမည်နည်း။ ကမ္ဘာပေါ်ရှိ နတ်ဘုရားများစွာထဲတွင် မည်သူမျှ အလုပ်ကြိုးစားရသည်ကို ညည်းညူမည် မဟုတ်ပါ။
ဤအချိန်တွင် သူ၏ ကိုယ်တွင်းရှိ နတ်ဘုရားစွမ်းအားမှာ ၃,၀၃၀ အထိ ရောက်ရှိနေပြီ ဖြစ်သည်။ လီယူမင်က မိစ္ဆာကို သတ်ဖြတ်ပြီးနောက် ပို့ဆောင်ပေးလိုက်သော မိစ္ဆာအလောင်းများကြောင့် နတ်ဘုရားစွမ်းအား ၃၀၀ ကျော် ရရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း ယုံကြည်သူများ၏ အမွှေးတိုင်ပူဇော်မှုနှင့် ဆုတောင်းမှုများကြောင့် နတ်ဘုရားစွမ်းအား ၁၂၀ ကျော် ထပ်မံရရှိခဲ့သည်။ ထို့ပြင် အစောပိုင်းက တင်ထားသော ဒုတိယအဆင့် ဝိညာဉ်ပျားရည် ပိဿာ ၅၀ စလုံး ရောင်းထွက်သွားခဲ့သည်။ အစောပိုင်းက ရောင်းရသော ၅ ပိဿာကို နှုတ်လျှင် ကျန်ရှိသော ၄၅ ပိဿာအတွက် နတ်ဘုရားစွမ်းအား ၁၈၀ ထပ်မံရရှိခဲ့သည်။
"နောက်တစ်လနေရင် ဒုတိယမြောက် နှစ်ပတ်လည် ပူဇော်ပွဲကြီး ကျင်းပတော့မယ်"
သူ တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် ထိုပူဇော်ပွဲကြီးကို စောင့်မျှော်နေခြင်း ဖြစ်၏။ အကြောင်းမှာ အဆတစ်ရာ တိုးပွားလာမည့် ပူဇော်သက္ကာများက သူ့ကို ခဏအတွင်း အားအင်ပြည့်ဝသွားစေမည် ဖြစ်သောကြောင့်ပင်။
သူသည် စိတ်ကူးပေါက်လာသဖြင့် [ကိုယ်ပိုင် တာဝန်များ] ကို ဖွင့်ကြည့်လိုက်သည်။
...
[ကိုယ်ပိုင် တာဝန် - ၇]
[တာဝန် အကြောင်းအရာ] - လူသားတို့အတွက် မိစ္ဆာများကို နှိမ်နင်းပေးသည့် သင်၏ ကျော်ကြားမှုမှာ ပြန့်နှံ့နေပြီ ဖြစ်သော်လည်း ဤသည်က ပိုမိုအစွမ်းထက်သော မိစ္ဆာများ၏ အာရုံစိုက်မှုကို ခံရစေပါလိမ့်မည်။ ပိုမိုသန်မာလာအောင် ကြိုးစားပါ၊ နတ်ဘုရားလမ်းစဉ်၏ တန်ခိုးအာဏာကို မိစ္ဆာတို့၏ သွေးဖြင့် တည်ဆောက်ရမည် ဖြစ်သည်။
[တာဝန် ရည်မှန်းချက်] - ယုံကြည်သူ အရေအတွက် ၅,၀၀၀ ကျော်အထိ တိုးမြှင့်ပါ။
[တာဝန် ဆုလာဘ်] - ဝိညာဉ်လယ်ကွင်း အဆောင် တစ်ခု၊ တောင်ဖြိုအဆောင် တစ်ခု၊ နတ်စင် ဝိညာဉ်အဆောင် တစ်ခုနှင့် နတ်ဘုရားစွမ်းအား ၈၀။
...
"နတ်စင် ဝိညာဉ်အဆောင်..."
လီယွဲ့ တည်ငြိမ်စွာပင် ရှိနေသည်။ သူသည် ဝိညာဉ်လယ်ကွင်း အဆောင်နှင့် တောင်ဖြိုအဆောင်တို့၏ ထူးခြားသော အသုံးဝင်ပုံများကို သိရှိပြီး ဖြစ်သည်။ သူ၏ လက်ဝယ်တွင်လည်း အသုံးမပြုရသေးသော တောင်ဖြိုအဆောင် တစ်ခု ရှိနေပါသေးသည်။ နတ်စင် ဝိညာဉ်အဆောင် ဆိုသည်မှာမူ သူ၏ မြေစောင့်နတ်စင်ကို မြင့်မြတ်သော ဝိညာဉ်နတ်စင်ကြီးအဖြစ် ပြောင်းလဲပေးနိုင်သည့် နတ်ဘုရားအဆောင် ဖြစ်သည်။
ယခုအချိန်တွင် သူ၏ နတ်စင်မှာ လွန်ခဲ့သော (၅) လကအတိုင်း ရိုးရှင်းလှပြီး ထူးခြားမှု မရှိသေးပါ။ လီယူမင်မှ နတ်စင်ကို အသစ်ပြန်လည် တည်ဆောက်ပေးရန် ကမ်းလှမ်းခဲ့သော်လည်း သူ ငြင်းပယ်ခဲ့သည်။ အကြောင်းမှာ လူသားတို့ တည်ဆောက်သော နတ်စင်မှာ မည်မျှပင် ခမ်းနားစေကာမူ သာမန်အဆောက်အအုံတစ်ခုသာ ဖြစ်သည်ဟု သူ ခံယူထားသောကြောင့် ဖြစ်သည်။
အဋ္ဌမအဆင့် နတ်ဘုရားအဆင့်သို့ ရောက်လျှင်မူ နတ်ဘုရားစွမ်းအားများကို အသုံးပြု၍ ကိုယ်တိုင် နတ်စင်တစ်ခု ဖန်တီးရန် စီစဉ်ထားသည်။ ဤသည်မှာ နတ်ဘုရားစွမ်းအား အမြောက်အမြား ကုန်ကျမည် ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင်ကိစ္စဖြစ်၍ တန်ဖိုးရှိသည်ဟု သူ ခံစားရသည်။
သို့သော် ယခု [ကိုယ်ပိုင် တာဝန် ၇] ကို ပြီးမြောက်အောင် လုပ်ဆောင်ပါက နတ်စင် ဝိညာဉ်အဆောင် ကို ရရှိမည်ဖြစ်ပြီး ရိုးရှင်းသော နတ်စင်ကို ဝိညာဉ်နတ်စင်အဖြစ် တိုက်ရိုက် ပြောင်းလဲနိုင်မည် ဖြစ်သည်။ နတ်ဘုရားအဆောင်ကို အသုံးပြုခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်သလို သူ၏ အားစိုက်ထုတ်မှုကိုလည်း များစွာ သက်သာစေသည်။
ထို့ကြောင့် သူသည် ဤ နတ်စင် ဝိညာဉ်အဆောင် ကို အတော်ပင် လိုချင်နေသည်။ သိက္ခာရှိလှသော နဝမအဆင့် မြေစောင့်နတ်ဘုရား တစ်ပါးအနေဖြင့် မိမိ၏ အဆင့်အတန်းနှင့် ကိုက်ညီသော အသွင်အပြင် ရှိရန် လိုအပ်သည် မဟုတ်ပါလား။
"ဒါပေမဲ့ မကြာခင် ဖြစ်လာတော့မှာပါ..." “လေးပြင်ကျယ်ရွာထဲကို လူတွေ နေ့တိုင်း ပြောင်းရွှေ့လာနေကြတာပဲ… နောက်ထပ် ရက်အနည်းငယ်ဆိုရင် ယုံကြည်သူ အရေအတွက် ငါးထောင် ကျော်သွားလိမ့်မယ်...”
သူ၏ မျက်လုံးများမှာ တောက်ပနေသည်။ ဤ နတ်စင် ဝိညာဉ်အဆောင် ဖြင့် တည်ဆောက်မည့် နတ်စင်မှာ ထူးခြားသော စွမ်းဆောင်ရည်များ ရှိမလားဆိုသည်ကို သူ စိတ်ဝင်စားနေသည်။ ဝိညာဉ်လယ်ကွင်း အဆောင် ဖြင့် ဖန်တီးထားသော ဝိညာဉ်လယ်ကွင်းများမှာ အလွန် အသုံးဝင်သည် မဟုတ်ပါလား။
ထို့နောက် သူ၏ အကြည့်သည် ယင်လောက နယ်မြေထံသို့ ကျရောက်သွားသည်။ ယခုအချိန်တွင် ဤနယ်မြေမှာ အလွန် သေးငယ်နေသကဲ့သို့ ဖြစ်နေသည်။ ဤကာလအတွင်း လေးပြင်ကျယ်ရွာတွင် သေဆုံးသွားသော သူများ၏ ဝိညာဉ်များကို ဝိညာဉ်စေတမန်များက ယင်လောက သို့ ခေါ်ဆောင်လာခဲ့ကြသည်။
လီယွဲ့သည် သေဆုံးသွားသော ဒုတိယတန်းစား အဆင့်ဘီ ယုံကြည်သူများကို ဝိညာဉ်စေတမန်များအဖြစ် ခန့်အပ်ခဲ့သည်။ ယခုအခါ ဝိညာဉ်စေတမန် စုစုပေါင်း တစ်ဆယ့်နှစ်ပါး ရှိနေပြီ ဖြစ်သည်။
သေဆုံးသွားသော အဆင့်စီ နှင့် အဆင့်ဒီ ယုံကြည်သူများ၏ ဝိညာဉ်များမှာမူ ယင်လောက နယ်မြေ အတွင်း၌ ရှိနေကြသည်။ ထိုနေရာတွင် ယင်စွမ်းအင်များ အလွန်အားကောင်းလှသဖြင့် ဝိညာဉ်များ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းပေးထားနိုင်သည်။
“မင်းတို့ဟာ ငါ့အပေါ်မှာ သက်ဝင်ယုံကြည်မှု အားနည်းခဲ့ကြတယ်"
"အခု မင်းတို့ အားလုံး သေဆုံးသွားကြပြီဖြစ်လို့ ငါက ရွေးချယ်စရာ လမ်းနှစ်သွယ် ပေးမယ်"
"ပထမလမ်းကတော့ ငါ့ရဲ့ အမိန့်တော်အရ မင်းတို့ဟာ ယင်စစ်သည်တော်တွေ ဖြစ်လာမယ်… ဒါပေမဲ့ မင်းတို့ရဲ့ မှတ်ဉာဏ်တွေ အားလုံးကို ဖျက်ဆီးပစ်ရမယ်… တကယ်လို့ မင်းတို့ဟာ အဆင့်အေ ယင်စစ်သည်တော်အဖြစ် ရာထူးတိုးမြှင့်ခံရရင်တော့ မှတ်ဉာဏ်တချို့ကို ပြန်ရနိုင်ကောင်းပါရဲ့"
"ဒုတိယလမ်းကတော့ မင်းတို့ကို ဘဝကူးဖို့အတွက် ယင်လောကကို ငါ ပို့ဆောင်ပေးမယ်"
လီယွဲ့သည် ယင်လောက နယ်မြေ အတွင်းရှိ ဝိညာဉ်သုံးဆယ့်ငါးခုကို ငုံ့ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ သူ၏ အသံမှာ နတ်ဘုရားစွမ်းအားများဖြင့် ယင်လောက နယ်မြေ တစ်ခုလုံးတွင် ချက်ချင်း ဟိန်းထွက်သွားပါတော့သည်။
ယင်လောက နယ်မြေ အတွင်းရှိ ဝိညာဉ် (၃၅) ခုတို့သည် အံ့အားသင့်စွာ မော့ကြည့်လိုက်ကြသော်လည်း အထက်ရှိ နတ်ဘုရားနယ်မြေမှ လီယွဲ့ကို သူတို့ မည်သို့ မြင်နိုင်ပါမည်နည်း။ ထိုအချိန်တွင် ဝိညာဉ်များကို စောင့်ကြပ်နေသော ဝိညာဉ်စေတမန် သုံးပါးမှာ ထိုအသံကို ကြားသည်နှင့် မြေပြင်ပေါ်၌ ရိုသေစွာ ဒူးထောက်လိုက်ကြသည်။
မှတ်ဉာဏ်များကို ဆက်လက်ထိန်းသိမ်းထားနိုင်သော ဝိညာဉ်စေတမန်များမှာ အဆင့်ဘီ ယုံကြည်သူများ ဖြစ်ကြပြီး သေဆုံးသွားသည့်တိုင်အောင် သစ္စာရှိကြသူများ ဖြစ်သည်။