← Chapters

အခန်း ၄၈

Vol. 4 Ch. 48

အခန်း ၄၈

Vol. 4 Ch. 48

အခန်း (၄၈) ယင်စစ်သည်တော်များ လမ်းကြုံဖြတ်သန်းခြင်း၊ သတ္တဝါအပေါင်းတို့ ဖယ်ခွာကြကုန်

ဝိညာဉ် (၃၅) ခုတို့သည် ကြောင်တောင်တောင်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် များမကြာမီမှာပင် မြေပြင်ပေါ်၌ စုပြုံဒူးထောက်လိုက်ကြသည်။ ဤမျှ ခန့်ညားထည်ဝါလှသော အသံရှင်မှာ အခြားသူမဟုတ်ဘဲ ဒေသဆိုင်ရာ နတ်မင်းဖြစ်သူ အရှင်လီယွဲ့ပင် ဖြစ်ကြောင်း သူတို့အားလုံး သဘောပေါက်လိုက်ကြခြင်း ဖြစ်၏။

“အရှင် လီယွဲ့ ကျွန်တော်မျိုး မှတ်ဉာဏ်တွေကို ဆက်ထိန်းထားပြီး ယင်စစ်သည်တော်အဖြစ် ခန့်အပ်ခံရလို့ ရမလားခင်ဗျာ"

“မှတ်ဉာဏ်တွေကိုသာ ဆက်ထိန်းထားလို့ရမယ်ဆိုရင် ကျွန်တော်မျိုး သံသရာထဲ မဝင်တော့ဘဲ အရှင် လီယွဲ့ဆီမှာ အမှုထမ်းပါ့မယ်”

အသက်သိပ်မကြီးသေးပုံရသော ဝိညာဉ်တစ်ခုမှ မျက်လုံးကလည်ကလည်ဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

သို့သော် သူ၏စကားပင် မဆုံးသေးမီမှာပင် [ယင်လောကနယ်မြေ] အတွင်း၌ အနက်ရောင်ဝဲဂယက်တစ်ခု ပေါ်ထွက်လာပါတော့သည်။

ထိုအနက်ရောင်ဝဲဂယက်သည် အဆုံးမရှိသော ခြောက်ခြားဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှတ်နေပြီး စကားပြောနေသော ဝိညာဉ်ကို ဖြည်းညှင်းစွာ ဝါးမြိုစုပ်ယူသွားရာ ၎င်းမှာ အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားပါတော့သည်။

ကျန်ရှိနေသော ဝိညာဉ် (၃၄) ခုမှာ ထိုဝိညာဉ်သည် ဘဝကူးရန်အတွက် ငရဲပြည်သို့ အပို့ခံလိုက်ရပြီဖြစ်ကြောင်း သိရှိလိုက်ကြ၏။ သူတို့အားလုံး တိတ်ဆိတ်သွားကြပြီး စကားတစ်ခွန်းပင် ထပ်မပြောရဲတော့ဘဲ ကိုယ့်ရင်ထဲမှာကိုယ် စဉ်းစားဆင်ခြင်နေကြပါတော့သည်။

ဘဝကူးခြင်းမှာ နောက်တစ်ဖန် ပြန်လည်မွေးဖွားခွင့် ရစေသည်။ သို့သော် ပြန်လည်မွေးဖွားလာသူသည် မိမိကိုယ်တိုင်ပင် ဖြစ်ဦးမည်လော။ အရှင်လီယွဲ့၏ အမိန့်တော်ဖြင့် သံသရာထဲမဝင်ဘဲ ယင်စစ်သည်တော်အဖြစ် အမှုထမ်းမည်ဆိုလျှင်လည်း မှတ်ဉာဏ်အားလုံးမှာ ဖျက်ဆီးခြင်း ခံရမည်ဖြစ်သည်။ အဆင့်အေ ယင်စစ်သည်တော် အဖြစ် ရာထူးတိုးမြှင့်ခံရမှသာ မှတ်ဉာဏ်အချို့ကို ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။ မှတ်ဉာဏ်အားလုံး ပြန်ရဖို့ဆိုသည်မှာမူ မည်သည့်အချိန်ကျမှ ဖြစ်မည်ကို မည်သူမျှ မသိနိုင်ပါ။ ထို့ထက်ပို၍ အဆင့်အေ ယင်စစ်သည်တော် ဖြစ်လာဖို့ဆိုသည်မှာ အလွန်တရာ ခက်ခဲလှသည် မဟုတ်ပါလား။

အချိန်တိုအတွင်းမှာပင် ဝိညာဉ် (၃၄) ခု၏ မျက်နှာအမူအရာတို့သည် အမျိုးမျိုး ပြောင်းလဲနေပြီး တစ်ဦးချင်းစီ စိတ်အတွင်း၌ တိုက်ပွဲဖြစ်နေကြသည်။

“ရွေးချယ်ကြစမ်း"

“ဘဝကူးလိုတဲ့သူတွေကတော့ ငရဲပြည်ကို တိုက်ရိုက်သွားရမယ်… ဒါမှမဟုတ်ရင်တော့ ယင်စစ်သည်တော်တွေအဖြစ် သတ်မှတ်ခြင်း ခံရမယ်"

အေးစက်သော်လည်း တန်ခိုးအာဏာပါလှသော အသံသည် နောက်တစ်ကြိမ် ဟိန်းထွက်လာသည်။

ထိုအခါ ဝိညာဉ် (၃၄) ခုထဲမှ ဆယ့်နှစ်ခုတို့သည် ရုတ်တရက် ထရပ်လိုက်ကြပြီး အံကိုကြိတ်ကာ ရှေ့မှောက်ရှိ အနက်ရောင်ဝဲဂယက်ထဲသို့ တိုးဝင်သွားကြပါတော့သည်။ မှတ်ဉာဏ်မဲ့သော ယင်စစ်သည်တော် ဖြစ်ရမည့်အစား နောက်ဘဝကို ကူးပြောင်းလိုက်ခြင်းက ပို၍ကောင်းသည်ဟု သူတို့ ခံစားလိုက်ကြခြင်း ဖြစ်၏။ ဖြစ်နိုင်သည်မှာ သူတို့သည် နောက်ဘဝတွင် ထူးခြားသော ဘဝသစ်ကို ရရှိနိုင်ကောင်းပါပေသည်။

[ယင်လောကနယ်မြေ] ၏ မြေပြင်ပေါ်တွင်မူ စိုးရိမ်ပူပန်နေသော ဝိညာဉ် (၂၂) ခု ကျန်ရစ်ကာ ဒူးထောက်နေကြသည်။

“မင်းတို့ဟာ ငါ့ရဲ့ အမိန့်တော်ကို ရရှိပြီဖြစ်လို့ အခုကစပြီး ငါ့ရဲ့ ယင်စစ်သည်တော်တွေ ဖြစ်ပြီ"

“လောကီရေးရာတွေနဲ့ အတိတ်ကိစ္စတွေ အားလုံးဟာလည်း ပျောက်ကွယ်သွားပြီ"

လီယွဲ့ ၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။

နောက်တစ်ခဏမှာပင် [နတ်ဘုရားနယ်မြေ] မှ နတ်ဘုရားစွမ်းအား အလင်းတန်း (၂၂) ခု ကျဆင်းလာပြီး ဝေဟင်ယံ၌ ယင်စစ်သည်တော် နတ်ဘုရားအဆောင် များအဖြစ် ပြောင်းလဲသွားသည်။ ယင်စစ်သည်တော် နတ်ဘုရားအဆောင် ပေါ်တွင် အဖြူရောင် မန္တန်အက္ခရာများစွာ ပေါ်ထွက်လာပြီး ထိုစူးရှတောက်ပသော အက္ခရာများသည် ဝိညာဉ် (၂၂) ခု၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားပါတော့သည်။

ရုတ်တရက်ဆိုသလို မြေပြင်ပေါ်၌ ဒူးထောက်နေသော ဝိညာဉ် (၂၂) ခုထံမှ အဖြူရောင်အလင်းတန်းများ ပွင့်ထွက်လာသည်။

[ယင်လောကနယ်မြေ] အတွင်းရှိ ယင်စွမ်းအင် အမြောက်အမြားသည်လည်း သူတို့ထံသို့ စုစည်းသွားပါတော့သည်။ သူတို့၏ ဝိညာဉ်ခန္ဓာကိုယ်များသည် မျက်မြင်ကိုယ်တွေ့ပင် ခိုင်မာတောင့်တင်းလာပြီး စိတ်အာရုံဖြင့် ဖန်တီးထားသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကာ လက်ထဲတွင်လည်း ရှေးဟောင်းလှံရှည်များကို ကိုင်စွဲထားကြသည်။

သူတို့၏ မျက်နှာပေါ်ရှိ ခံစားချက်အားလုံးမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး မျက်တောင်တစ်ခတ်အတွင်း၌ အေးစက်ရက်စက်သော အမူအရာများအဖြစ် ပြောင်းလဲသွားသည်။

အတိတ်မှတ်ဉာဏ်အားလုံး လွင့်စင်သွားပါပြီ။ သူတို့၏ ဦးနှောက်အတွင်း၌ ရှိနေသည်မှာ ယင်စစ်သည်တော် နတ်ဘုရားအဆောင် မှ ထည့်သွင်းပေးလိုက်သော အခြေခံအချက်အလက်အချို့နှင့် ယင်စစ်သည်တော် တိုက်ပွဲဗျူဟာများသာ ဖြစ်သည်။ ထိုတိုက်ပွဲဗျူဟာများထဲတွင် စစ်ကြောင်းပုံစံများနှင့် တိုက်ခိုက်ရေးပညာရပ်များ ပါဝင်သည်။

အခြားဘာမျှ မရှိတော့ချေ။

“အရှင် လီယွဲ့ကို ဂါရဝပြုအပ်ပါတယ်”

ယင်စစ်သည်တော် (၂၂) ခုသည် ဒူးတစ်ဖက်ထောက်ကာ အရိုအသေပြုလိုက်ကြသည်။ သူတို့၏ မျက်နှာမှာ မည်သည့်ခံစားချက်မျှ မရှိဘဲ အသံများမှာလည်း ကြောက်မက်ဖွယ်ကောင်းအောင် အေးစက်လှ၏။ ဤသည်မှာ ယင်စစ်သည်တော်များပင် ဖြစ်သည်။ သူတို့သည် ဝိညာဉ်စေတမန်များနှင့် လုံးဝကွာခြားသည်။ ဝိညာဉ်စေတမန်များသည် ဝိညာဉ်များကို သိမ်းဆည်းရန်အတွက် မှတ်ဉာဏ်နှင့် အတွေးအခေါ်များ ရှိရန် လိုအပ်သည်။ ယင်စစ်သည်တော်များအတွက်မူ မှတ်ဉာဏ်မရှိခြင်းက အကောင်းဆုံး စစ်သည်တော် ဖြစ်စေခြင်းပင်။

အမိန့်ကိုသာ တသွေမတိမ်း နာခံရမည် ဖြစ်သည်။ ယင်စစ်သည်တော်များ၏ တာဝန်မှာ [ယင်လောကနယ်မြေ] ကို ကာကွယ်ရန်နှင့် ဝိညာဉ်စေတမန်များ မကိုင်တွယ်နိုင်သော မိစ္ဆာသရဲသဘက်များကို နှိမ်နင်းရန် ဖြစ်သည်။

“ငါဟာ မင်းကို ယင်စစ်တပ်ရဲ့ စစ်သေနာပတိအဖြစ် ခန့်အပ်တယ်… အဆင့်စီ ယင်စစ်တပ် ပဲ"

လီယွဲ့သည် လက်ညှိုးဖြင့် ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်သည်။ ချက်ချင်းပင် နတ်ဘုရားစွမ်းအား အလင်းတန်း (၁၀) တန်းကျဆင်းလာပြီး အဆင့်မြှင့် ယင်စစ်သည်တော် နတ်ဘုရားအဆောင် အဖြစ် ပြောင်းလဲကာ ယင်စစ်သည်တော်တစ်ဦး၏ ကိုယ်အတွင်းသို့ ပေါင်းစပ်သွားပါတော့သည်။

ရုတ်တရက်ဆိုသလို ထိုယင်စစ်သည်တော်၏ ယင်စွမ်းအင်များ အဟုန်ဖြင့် တိုးပွားလာပြီး ပထမအဆင့် အလယ်အလတ်အဆင့်မှ ဒုတိယအဆင့် အောက်ခြေအဆင့်သို့ တိုက်ရိုက်ခုန်တက်သွားသည်။ ထို့နောက် ချက်ချင်းပင် ယင်စစ်သည်တော် လှံရှည် တစ်ခုသည် ထိုစစ်သည်တော်၏ လက်ထဲသို့ ရောက်ရှိသွားသည်။ ထိုစစ်သည်တော်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ နောက်တစ်ကြိမ် တိုးမြင့်သွားပြီး ဒုတိယအဆင့် အထက်တန်းအဆင့်သို့ ရောက်ရှိသွားပါတော့သည်။

“ကျန်တဲ့သူတွေအားလုံးကိုတော့ အဆင့်ဒီ ယင်စစ်သည်တော် တွေအဖြစ် ဘွဲ့အပ်နှင်းလိုက်တယ်"

နတ်ဘုရားနယ်မြေ အတွင်း၌ လီယွဲ့သည် တည်ငြိမ်သောအမူအရာဖြင့် နောက်တစ်ကြိမ် ပြောဆိုလိုက်သည်။ တစ်ခုပြီးတစ်ခုသော ယင်စစ်သည်တော် လှံရှည် များသည် နတ်ဘုရားနယ်မြေ မှ ပျံထွက်သွားပြီး ယင်လောကနယ်မြေ အတွင်းသို့ တိုးဝင်ကာ ယင်စစ်သည်တော်များ၏ လက်ထဲသို့ ကျရောက်သွားသည်။

ထိုခဏမှာပင် ယင်လောကနယ်မြေ တစ်ခုလုံးရှိ ယင်စွမ်းအင်များသည် အလွန်တရာ အားကောင်းလာပြီး ကျန်ရှိသော ယင်စစ်သည်တော် (၂၁) ဦးစလုံးမှာ အဆင့်ဒီ ယင်စစ်သည်တော် များ ဖြစ်လာကြကာ အစွမ်းမှာလည်း ဒုတိယအဆင့် အောက်ခြေအဆင့်ထက် မနိမ့်တော့ပေ။

“သွားကြတော့"

လီယွဲ့သည် ထောင်လုတောင်ဘက်သို့ ကြည့်ကာ လက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်။

နတ်ဘုရားစွမ်းအား အလင်းတန်း တစ်ရာခန့် ပျံထွက်သွားပြီး ထောင်လုတောင်အောက်ခြေ၌ ယင်လောကနယ်မြေ တစ်ခုကို တိုက်ရိုက် ဖန်တီးလိုက်ပါတော့သည်။

ဤနယ်မြေသည် အလျား ဆယ်တောင်၊ အနံ ဆယ်တောင်နှင့် အမြင့် တစ်တောင် ရှိသည်။ ယခုအခါ ယင်စစ်သည်တော်များ ရှိလာပြီဖြစ်၍ ဝိညာဉ်စေတမန်များနှင့် ရောနှော၍မရတော့ပါ။

ဤနယ်မြေသည် သူ၏ ယင်စစ်သည်တော်များအတွက် အထူးဖန်တီးပေးထားသော စစ်စခန်းပင် ဖြစ်သည်။

ယင်စစ်သည်တော် (၂၂) ဦးတို့သည် နောက်တစ်ကြိမ် ဦးညွှတ်လိုက်ကြပြီးနောက် မြေစောင့်နတ်စင်အောက်ရှိ ယင်လောကနယ်မြေ မှ ထွက်ခွာကာ မည်သည့်အမူအရာမျှမရှိဘဲ ထောင်လုတောင်ရှိ ယင်လောကနယ်မြေ ဆီသို့ လျှောက်လှမ်းသွားကြပါတော့သည်။

လီယူမင်သည် ချက်ချင်းပင် သတိပြုမိသွား၏။ သူ အခန်းထဲမှ ထွက်လာလိုက်သည်။

ရှေးဟောင်းချပ်ဝတ်တန်ဆာများ ဝတ်ဆင်ကာ အေးစက်သော လှံရှည်များကို ကိုင်စွဲထားပြီး မှောင်မည်းနေသော မြေပြင်ပေါ်၌ လျှောက်လှမ်းနေကြသည့် ယင်စစ်သည်တော် (၂၂) ဦးကို မြင်လိုက်ရသောအခါ သူ ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားသည်။

မြေစောင့်နတ်စင်ရှေ့တွင် ဒူးထောက်နေသော ကျောက်ကျိုယွမ် သည်လည်း မျက်လုံးပြူးကာ ငေးကြည့်နေမိ၏။ သူသည်လည်း ဝေဝါးနေသော အမှောင်ထုထဲတွင် မှောင်မည်းနေသော မြေပြင်ပေါ်၌ လျှောက်လှမ်းနေကြသည့် ယင်စစ်သည်တော် (၂၂) ဦးကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

“ယင်စစ်သည်တော်တွေ လမ်းကြုံဖြတ်သန်းနေတာပဲ... သတ္တဝါအပေါင်းတို့ ဖယ်ခွာကြကုန်...”

သူသည် ဤရှေးဟောင်းဒဏ္ဍာရီကို သတိရကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် ပါရမီထူးချွန်သူတစ်ဦး ဖြစ်သော်လည်း ဒဏ္ဍာရီလာ ယင်စစ်သည်တော်များ လမ်းကြုံဖြတ်သန်းခြင်းကို မြင်တွေ့ရသည်မှာ ယခုပင် ပထမဆုံးအကြိမ် ဖြစ်သည်။ ဤသည်က လေးပြင်ကျယ်ရွာတွင် ကိုးကွယ်ထားသော အရှင်လီယွဲ့သည် အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်ကြောင်း သူ့ကို ပိုမိုယုံကြည်သွားစေသည်။

အကြောင်းမှာ ရှေးဟောင်းဒဏ္ဍာရီများအရ ယင်စစ်သည်တော်များဆိုသည်မှာ နတ်ဘုရားများ၏ လက်အောက်ခံ စစ်သည်တော်များဖြစ်ပြီး နတ်ဘုရားများကိုယ်စား တိုက်ပွဲဝင်ကာ မိစ္ဆာများကို နှိမ်နင်းပေးကြသူများ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ဤသို့ တွေးတောမိသောအခါ သူသည် အရှင်လီယွဲ့ကို အမှန်တကယ် စိတ်ရင်းမှန်ဖြင့် သက်ဝင်ယုံကြည်သွားပါတော့သည်။

အကြောင်းမှာ စိတ်ရင်းမှန်ဖြင့် ယုံကြည်မှသာ ဤနတ်ဘုရားနှင့် အမှန်တကယ် တွေ့ဆုံနိုင်လိမ့်မည်ဟု သူ တွေးတောမိသောကြောင့် ဖြစ်သည်။

...

“နတ်ဘုရားစွမ်းအား စုစုပေါင်း ၂၄၂ တန်း ကုန်ဆုံးသွားပြီ"

နတ်ဘုရားနယ်မြေ အတွင်း၌ လီယွဲ့သည် တည်ငြိမ်စွာပင် ရှိနေသည်။ ထို့နောက် သူ၏အကြည့်သည် မြေစောင့်နတ်စင်ရှေ့သို့ အလန့်တကြား ပြန်လည်ရောက်ရှိလာကြသော ဝိညာဉ်စေတမန်များထံသို့ ကျရောက်သွားသည်။ ဝိညာဉ် (၁၂) ခု ဖြစ်သည်။

လျောင်ရှို့အာမှာ အဆင့်စီ ဝိညာဉ်စေတမန် ဖြစ်ပြီး လီယိုထန်မှာ အဆင့်ဒီ ဝိညာဉ်စေတမန် ဖြစ်သည်။ ကျန်ရှိသော ဝိညာဉ်စေတမန် ဆယ်ဦးမှာမူ ဝိညာဉ်စေတမန်လောင်းများသာ ဖြစ်ကြသည်။

“သူတို့ကိုလည်း အဆင့်မြှင့်ပေးလိုက်ဦးမှပဲ"

“ငါ လီယွဲ့က သဘောထားသေးသိမ်တဲ့ နတ်ဘုရား မဟုတ်ပါဘူး"

သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

နောက်တစ်ခဏမှာပင် သူ၏အကြည့်သည် လျောင်ရှို့အာနှင့် လီယိုထန်ထံသို့ ကျရောက်သွားပြီး ခန့်ညားလှသော အသံသည် သူတို့၏ စိတ်အာရုံထဲ၌ ဟိန်းထွက်သွားသည်။

“မင်းတို့ဟာ ဝီရိယရှိရှိနဲ့ တာဝန်ကျေပွန်ခဲ့ကြတယ်… ဒါကြောင့် လျောင်ရှို့အာကို အဆင့်ဘီ ဝိညာဉ်စေတမန် အဖြစ်နဲ့ လီယိုထန်ကို အဆင့်စီ ဝိညာဉ်စေတမန် အဖြစ် အသီးသီး ခန့်အပ်လိုက်တယ်"

စကားသံအဆုံးမှာပင် သူသည် လက်ချောင်းများကို အသာအယာ လှုပ်ရှားလိုက်သည်။

ဦးစွာ နတ်ဘုရားစွမ်းအား တစ်ရာကို စုစည်းကာ ဒုတိယအဆင့်မြှင့် ယင်စစ်သည်တော် နတ်ဘုရားအဆောင် အဖြစ် ဖန်တီးပြီး နတ်ဘုရားနယ်မြေမှတစ်ဆင့် လျောင်ရှို့အာ၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးလိုက်သည်။ ချက်ချင်းပင် နတ်ဘုရားစွမ်းအား ဆယ်တန်းကို စုစည်း၍ အဆင့်မြှင့် ယင်စစ်သည်တော် နတ်ဘုရားအဆောင် အဖြစ် ပြောင်းလဲကာ လီယိုထန်၏ ကိုယ်အတွင်းသို့ ပေါင်းစပ်ပေးလိုက်သည်။

ရုတ်တရက်ဆိုသလို လျောင်ရှို့အာ၏ ယင်စွမ်းအင်များ အဟုန်ဖြင့် တိုးပွားလာပြီး ဒုတိယအဆင့် အထက်တန်းအဆင့်မှ တတိယအဆင့် အောက်ခြေအဆင့်သို့ ဒုတိယအဆင့်၏ ကန့်သတ်ချက်ကို ကျော်လွန်ကာ တိုက်ရိုက်ခုန်တက်သွားပါတော့သည်။

သူသည် နတ်စင်ဂေါပက လီယူမင်ပြီးလျှင် လေးပြင်ကျယ်ရွာ၏ ဒုတိယမြောက် တတိယအဆင့် တိုက်ခိုက်ရေးသမား ဖြစ်လာသည်။ လီယိုထန်မှာလည်း ဒုတိယအဆင့်သို့ အလိုအလျောက် ရောက်ရှိသွားသည်။

“ကျေးဇူးတော်ကြီးမားလှပါတယ် အရှင် လီယွဲ့”

ထိုနှစ်ဦးစလုံးသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ ကြည်ညိုစွာ ဆုတောင်းလိုက်ကြသည်။ သူတို့အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြ၏။

မိမိ၏ အစွမ်းများ သိသိသာသာ တိုးတက်လာသည့်အတွက် မည်သူက ဝမ်းမသာဘဲ နေပါမည်နည်း။

ဤမြင်ကွင်းကို ဝေဝါးစွာ မြင်တွေ့နေရသော ကျောက်ကျိုယွမ်မှာမူ လုံးဝ မှင်တက်သွားပါတော့သည်။

သို့ဖြစ်လျှင် တတိယအဆင့်ရှိ ဝိညာဉ်တစ်ပါး ထပ်မံမွေးဖွားလာခဲ့ပြီလော။

တတိယအဆင့်ရှိ စစ်သူကြီးတစ်ဦး ဖြစ်လာဖို့အတွက် သူ နှစ်ပေါင်းငါးဆယ်၊ ခြောက်ဆယ်လောက် ကြိုးစားအားထုတ်ခဲ့ရသည်များကို ပြန်တွေးကြည့်ရင်း သူ ရင်ထဲ၌ ဘာပြောရမှန်းပင် မသိတော့ပါပေ။

All Chapters