အခန်း ၅၇
Vol. 4 Ch. 57
အခန်း (၅၇) … သူတော်စင်အဆင့် ယုံကြည်သူများ၏ ထူးခြားချက် … မိစ္ဆာများကို နှိမ်နင်းသော နတ်ဘုရားတန်ခိုးတော်
နတ်ဘုရားတစ်ပါးအဖြစ် ကြာမြင့်စွာ နေထိုင်လာခဲ့သဖြင့် လီယွဲ့သည် သူတော်စင်အဆင့် ယုံကြည်သူများ ၏ ထူးခြားချက်ကို တဖြည်းဖြည်း နားလည်လာခဲ့ပြီ ဖြစ်သည်။ အဆင့်အေ ယုံကြည်သူ မှ သူတော်စင်အဆင့် ယုံကြည်သူ အဖြစ်သို့ တိုးတက်ရန်မှာ အလွန်ခက်ခဲလှ၏။ အဆင့်အေ ယုံကြည်သူများ သည် လူသားအဆင့်တွင်သာ ရှိနေသေးသော်လည်း သူတော်စင်အဆင့် ယုံကြည်သူများ မှာမူ လူသားနယ်ပယ်ကို ကျော်လွန်၍ သူတော်စင်နယ်ပယ်သို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။
အစွဲအလမ်းအကြီးဆုံး ယုံကြည်မှုဖြင့် မိမိ၏ ဝိညာဉ်ကို သန့်စင်စေနိုင်ပြီး နတ်ဘုရားနှင့် နီးစပ်သော အဆင့်သို့ ရောက်ရှိနိုင်ပေသည်။ ထို့ကြောင့်လည်း ၎င်းကို သူတော်စင်ဟု အမည်ပေးထားခြင်း ဖြစ်၏။
“သူတော်စင်အဆင့် ယုံကြည်သူ … ”
“တစ်ယောက်ယောက်ကို လက်အောက်ခံ နတ်ဘုရားအဖြစ် ခန့်အပ်မယ်ဆိုရင် နတ်မှော်ဥပဒေသ အပိုင်းအစ ရဲ့ ထက်ဝက်ကို သက်သာစေနိုင်တယ်”
“ဘာပဲဖြစ်ဖြစ် သူတော်စင်အဆင့် ယုံကြည်သူ ရဲ့ ဝိညာဉ်ဟာ သန့်စင်ပြီးသား ဖြစ်နေတာကြောင့် ဝိညာဉ်ကို ပြောင်းလဲဖို့အတွက် နတ်မှော်ဥပဒေသ အပိုင်းအစ အနည်းငယ်ပဲ လိုအပ်တော့တာ ဖြစ်တယ်”
လီယွဲ့ တိုးတိုးလေး ဆို၏။
ဤအရာကပင် သူတော်စင်အဆင့် ယုံကြည်သူများ ကို ထူးခြားစေခြင်း ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူတော်စင်အဆင့် ယုံကြည်သူ တစ်ယောက် ပေါ်ထွက်လာဖို့က အလွန်ခက်ခဲလှသည်။ လွန်ခဲ့သော ခြောက်လအတွင်း လေးပြင်ကျယ်ကျေးရွာတွင် ရွာသား ငါးထောင်ကျော် ရှိသော်လည်း အဆင့်အေ ယုံကြည်သူမှာ ၁၂ ဦးသာ ရှိသေး၏။ ပထမတန်းစား ယုံကြည်သူအဖြစ် တိုးတက်ရန် မည်မျှခက်ခဲကြောင်း ထင်ရှားလှပေသည်။ ထို့အပြင် သာမန်ကို ကျော်လွန်၍ သူတော်စင်အဆင့် ယုံကြည်သူ ဖြစ်လာရန်မှာမူ ပို၍ပင် ခက်ခဲပါလိမ့်မည်။
“စိတ်ဝင်စားဖို့ ကောင်းတာပဲ”
“ကျောက်ကျိုယွမ်ဟာ မြေစောင့်နတ်စင် ပြီးစီးတာကို မျက်မြင်တွေ့ဖို့ ၁၀ ရက်တိတိ ဒူးထောက်ခဲ့ပြီးမှ ပထမတန်းစား ယုံကြည်သူ ဖြစ်လာခဲ့တာ”
“အခု သူ အပြင်ထွက်သွားပြီး ပြန်လာတဲ့အချိန်မှာ သူတော်စင် ဖြစ်လာမယ့် အရိပ်အယောင်တွေ ပြနေပြီပဲ”
“ကျောက်ကျိုယွမ် ပြန်မသွားခင်မှာ ဘာတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာကို လီယူမင်ကတစ်ဆင့် အသေးစိတ် စုံစမ်းခိုင်းရမယ်”
“ဒါဆိုရင် ပထမတန်းစား ယုံကြည်သူတွေကို ဘယ်လိုနည်းနဲ့ သူတော်စင်ဖြစ်အောင် လမ်းညွှန်ပေးရမလဲဆိုတာ ငါ သိလာနိုင်လိမ့်မယ်”
လီယွဲ့ တည်ငြိမ်နေ၏။
သူ၏ အကြည့်မှာ အုပ်ချုပ်မှုနယ်မြေ ၏ အစွန်အဖျားတွင်သာ ရှိနေသေးသည်။ ကျောက်ကျိုယွမ်တို့ ငါးဦးမှာ လေးပြင်ကျယ်ကျေးရွာ နယ်မြေထဲသို့ အလျင်အမြန် ပြေးဝင်လာကြပြီး
လီယွဲ့ သူတို့ကို ပေးထားသော မြူခိုးအကာအကွယ် အဆောင် ကို အသုံးပြုထားသည်ကို ထောက်လျှင် သူတို့နောက်တွင် လိုက်လံဖမ်းဆီးသူများ ရှိနေဆဲဖြစ်ကြောင်း သိသာလှ၏။
သူ၏ အကြည့်မှာ အုပ်ချုပ်မှုနယ်မြေ ပြင်ပသို့ ရောက်ရှိသွားသည်။
သူသည် လေးပြင်ကျယ်ကျေးရွာ၏ မြေစောင့်နတ်ဘုရား ဖြစ်သော်လည်း သူ၏ နတ်ဘုရားစွမ်းအားမှာ သူ၏ အုပ်ချုပ်မှုနယ်မြေ အတွင်း၌သာ ရှိပေသည်။ အုပ်ချုပ်မှုနယ်မြေ ပြင်ပနှင့် နတ်ဘုရားဥပဒေသများ၏ နယ်ပယ်ပြင်ပသို့ ရောက်ရှိသွားပါက သူ၏ နတ်ဘုရားအဆင့်မှာ တစ်ဆင့် လျော့ကျသွားမည်ဖြစ်ပြီး မည်သည့် နတ်မှော်အတတ်ကိုမဆို အသုံးပြုရန် ထာဝရတန်ခိုးတော် ဆယ်ဆ ကုန်ဆုံးရမည် ဖြစ်သည်။
သို့သော် ထိုစကား၏ အဓိပ္ပာယ်မှ သူ၏ အုပ်ချုပ်မှုနယ်မြေ ပြင်ပက အရာတွေကို သူ မမြင်နိုင်ဘူးလို့ မဆိုလိုပေ။
ဘာပဲဖြစ်ဖြစ် သူ့မှာ မျက်လုံးရှိပြီး အမြင်အာရုံ အလွန်ကောင်းလှသဖြင့် သူ့နယ်မြေပြင်ပက နေရာအတော်များများကို သဘာဝကျကျပင် မြင်နိုင်သည် မဟုတ်ပါလား။
သို့သော် သူ၏ အမြင်အာရုံမှာ ပဉ္စမအဆင့် အထွတ်အထိပ် လိုဏ်ဂူအဆင့် ရှိသော မဟာဆရာကြီးတစ်ဦးနှင့် ခပ်ဆင်ဆင်ပင် ဖြစ်၏။ လမ်းကို ပိတ်ဆို့ထားသော တောင်များကိုတော့ ကျော်ဖြတ်၍ မမြင်နိုင်ပေ။
“ခေါင်းသုံးလုံးရှိတဲ့ မိစ္ဆာတစ်ကောင်ပဲ”
“တတိယအဆင့် အထွတ်အထိပ် ကြွက်မိစ္ဆာတစ်ကောင်နဲ့ တတိယအဆင့် အဆင့်မြင့် ကြောင်မိစ္ဆာ နှစ်ကောင်”
“စိတ်ဝင်စားဖို့ ကောင်းသားပဲ… ကြွက်မိစ္ဆာနဲ့ ကြောင်မိစ္ဆာ ပေါင်းနေတာလား”
လီယွဲ့ တိတ်တဆိတ် စောင့်ကြည့်နေ၏။
ကျောက်ကျိုယွမ်တို့ မိသားစု ငါးဦး တောင်ထိပ်အချို့ကို ကျော်ဖြတ်လာသည်ကို သူ မြင်လိုက်ရပြီး သူ၏ မျက်နှာတွင် အံ့သြဝမ်းသာသော အမူအရာ ပေါ်လာသည်။
ထို့နောက် မိစ္ဆာသုံးကောင်မှာ မိစ္ဆာတိမ်တိုက်များကို စီးနင်း၍ ကျောက်ကျိုယွမ်တို့ နောက်သို့ လိုက်ကာ အုပ်ချုပ်မှုနယ်မြေ အတွင်းသို့ ခန့်ညားစွာ ဝင်ရောက်လာသည်ကိုလည်း သူ မြင်လိုက်ရ၏။ နတ်ဘုရား၏ ကျေးဇူးတော်မှာ ပင်လယ်လို ကျယ်ပြော၏။
နတ်ဘုရား၏ တန်ခိုးတော်ကတော့ ငရဲတစ်ခုလို ကြောက်စရာကောင်း၏။
ဤကာလအတွင်းမှာ သူသည် ပင်လယ်ကဲ့သို့ ကျယ်ပြောလှသော နတ်ဘုရားကျေးဇူးတော်များကိုသာ ပြသခဲ့သော်လည်း ငရဲတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးတော်ကို မပြသခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ကျယ်ပြောလှသော နတ်ဘုရားကျေးဇူးတော်နှင့် နက်ရှိုင်းလှသော နတ်ဘုရားတန်ခိုးတော်တို့ ပေါင်းစပ်မှသာ ယုံကြည်သူများ၏ ယုံကြည်မှုမှာ ပိုမိုခိုင်မာလာမည် မဟုတ်ပါလား။
သာမန်လူတွေတောင်မှ လက်အောက်ငယ်သားတွေကို အုပ်ချုပ်ရာမှာ ကြင်နာမှုနဲ့ တင်းမာမှု နှစ်မျိုးလုံးကို သုံးရမယ်ဆိုတာ သိကြသည်လေ။
ဂုဏ်သိက္ခာရှိသော မြေစောင့်နတ်ဘုရားတစ်ပါးအနေနဲ့ သူ ဒီသဘောတရားကို သဘာဝကျကျပင် နားလည်ထား၏။
ဒီလောက်ဆိုရင် လုံလောက်ပါပြီ။
ဒီမိစ္ဆာသုံးကောင်ကို မြေစောင့်နတ်ဘုရားရဲ့ ဘုန်းတန်ခိုး ကို ပြသဖို့အတွက် အသုံးချလိုက်ရအောင်။
“ဒီမဟာပူဇော်ပွဲမှာ မိစ္ဆာသုံးကောင်ရဲ့ သွေးနဲ့ ပူဇော်ရမယ်ဆိုရင်တော့ တကယ်ကို ခန့်ညားထည်ဝါသွားမှာပဲ”
လီယွဲ့ ခပ်ဖွဖွ ရယ်လိုက်၏။
သူသည် နတ်ဘုရားနယ်မြေ အတွင်းဝယ် တိတ်တဆိတ် ရပ်နေပြီး ပြင်ပက အရာအားလုံးကို စောင့်ကြည့်နေတော့သည်။
...
“မိစ္ဆာလား”
“ခေါင်းသုံးလုံးရှိတဲ့ တတိယအဆင့် မိစ္ဆာ”
“မိစ္ဆာတွေရဲ့ ခေါင်းဆောင်က ငါ့ထက် အများကြီး ပိုအားကောင်းတယ်.. သူက တတိယအဆင့် အထွတ်အထိပ်မှာ ရှိနေတာ ဖြစ်ရမယ်”
လီယူမင်သည် ချဉ်းကပ်လာသော မိစ္ဆာအငွေ့အသက်များကို ချက်ချင်း ခံစားလိုက်ရသဖြင့် သူ၏ မျက်နှာမှာ လေးနက်သွားတော့သည်။ ထိုမိစ္ဆာအငွေ့အသက်မှာ သူ ယခင်က ဆန်ကူမြို့နယ်တွင် နှိမ်နင်းခဲ့ဖူးသော မည်သည့် တတိယအဆင့် မိစ္ဆာထက်မဆို ပို၍ ကြောက်မက်ဖွယ်ကောင်းလှ၏။
“တတိယအဆင့် မိစ္ဆာပဲ”
လီတဲယန်လည်း ၎င်းကို လျင်မြန်စွာ ရှာဖွေတွေ့ရှိလိုက်သည်။
သူတို့နောက်တွင် ကျန်းရုံကွေ့၊ လီရှို့ဝူ၊ လီရှို့တောက်နှင့် အခြားသော ဒုတိယအဆင့် အထွတ်အထိပ် ကိုယ်ခံပညာရှင်များ ရှိနေကြ၏။
ထို့နောက် ၎င်းတို့မှာ ပထမအဆင့် ကိုယ်ခံပညာရှင်များနှင့် သာမန်ယုံကြည်သူများ ဖြစ်ကြသည်။ ဘာပဲဖြစ်ဖြစ် ထိုမိစ္ဆာသုံးကောင်မှာ မိစ္ဆာစွမ်းအင်များဖြင့် တိမ်တိုက်များကို စီးနင်း၍ အဝေးမှ ပျံသန်းလာကြခြင်း ဖြစ်သဖြင့် အလွန်ပင် သိသာထင်ရှားလှသည် မဟုတ်ပါလား။
ပိုမိုကြောက်မက်ဖွယ်ကောင်းသော ကိုယ်ရောင်ကိုယ်ဝါမှာ အဝေးမှ လွင့်ပျံ့လာသဖြင့် လူတိုင်းမှာ ကျောက်တုံးကြီးတစ်ခုကို ထမ်းထားရသကဲ့သို့ ခံစားရပြီး အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။ တတိယအဆင့် အထွတ်အထိပ်ရှိသော မိစ္ဆာတစ်ကောင်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှပေစွ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယုံကြည်သူအားလုံးမှာ တင်းမာသွားကြပြီး အများအပြားမှာ မျက်နှာဖြူလျော့သွားကာ အတော်လေး ထိတ်လန့်နေပုံ ရ၏။
လွန်ခဲ့သော လအနည်းငယ်က သူတို့ထဲက အများစုဟာ မိစ္ဆာတွေ ကျွေးထားတဲ့ အစာတွေသာ ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။
ယခုအခါ ကောင်းကင်ယံမှာ ပျံသန်းပြီး မိစ္ဆာတိမ်တိုက်တွေကို စီးနင်းလာတဲ့ အဲဒီကြောက်စရာကောင်းတဲ့ မိစ္ဆာကို ထပ်မံတွေ့မြင်ရတဲ့အခါ ဘယ်လိုလုပ်ပြီး မကြောက်ဘဲ နေနိုင်ပါမည်နည်း။
“အရှင်လီယွဲ့သည် လေးပြင်ကျယ်ကျေးရွာရှိ ယုံကြည်သူများကို အကာအကွယ်ပေးပြီး မိစ္ဆာများကို နှိမ်နင်းပေးတော်မူပါ“
လီယူမင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး
ထပ်မံ၍ ကြည်ညိုစွာ ဒူးထောက်ကာ ကျယ်လောင်သော အသံဖြင့် ကြွေးကြော်လိုက်၏။
“အရှင်လီယွဲ့သည် လေးပြင်ကျယ်ကျေးရွာရှိ ယုံကြည်သူများကို အကာအကွယ်ပေးပြီး မိစ္ဆာများကို နှိမ်နင်းပေးတော်မူပါ”
လီတဲယန်၊ ကျန်းရုံကွေ့နှင့် ရွာသားအားလုံးတို့သည် မြေစောင့်နတ်စင်ရှိရာသို့ အစွဲအလမ်းအကြီးဆုံး ကြည်ညိုမှုဖြင့် ထပ်မံ ဦးချလိုက်ကြပြန်သည်။
ဤအခိုက်အတန့်တွင် မိစ္ဆာများ၏ ခြိမ်းခြောက်မှုကို ခံစားရသောအခါ မူလက ယုံကြည်မှု သိပ်မခိုင်မာသူများ သို့မဟုတ် အခြားသော ရည်ရွယ်ချက်ရှိသူများပင်လျှင် လျင်မြန်စွာ သက်ဝင်ယုံကြည်လာကြတော့သည်။
ဤသည်မှာ ချက်ချင်းလက်ငင်း ရင်ဆိုင်နေရသော မိစ္ဆာခြိမ်းခြောက်မှုကြီး ဖြစ်သည် မဟုတ်ပါလား။
အကယ်၍ အရှင်လီယွဲ့သာ သူတို့ကို အကာအကွယ် မပေးဘူးဆိုလျှင် သူတို့သည် မိစ္ဆာများ၏ ပါးစပ်အတွင်းသို့ ရောက်ရှိသွားကြဖွယ် ရှိ၏။
ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု၊ ထိတ်လန့်မှု…
ဤအခိုက်အတန့်တွင် ခံစားချက်မျိုးစုံသည် ယုံကြည်မှုအတွက် ဓာတ်ကူပစ္စည်းများအဖြစ် ပြောင်းလဲသွားတော့သည်။ နတ်ဘုရားကျေးဇူးတော်အပေါ် ယခင်က သူတို့၏ ကြည်ညိုလေးစားမှုနှင့် ပေါင်းစပ်လိုက်သောအခါ အဆင့်ဒီ ယုံကြည်သူ အများစု၏ ယုံကြည်မှုမှာ အဆင့်အသစ်တစ်ခုသို့ မြင့်တက်သွားသည်ဟု ဆိုနိုင်ပေသည်။ အဆင့်စီ ယုံကြည်သူ အမြောက်အမြားပင် အဆင့်ဘီ ယုံကြည်သူ အဖြစ်သို့ တိုးတက်သွားကြ၏။
အဆင့်အေ ယုံကြည်သူများ ထဲတွင်ပင် လူသစ်များ ပါဝင်လာကြသည်။
“ကျောက်ကျိုယွမ်”
“ဒါက မင်းအားကိုးနေတဲ့ အရာလား”
“ဟားဟားဟား … ”
“လူသားပုရွက်ဆိတ်တစ်အုပ်ပါပဲလား… ဒါပေမဲ့ သူတို့က အများကြီးရှိတာပဲ… ပြီးတော့ အားလုံးကလည်း ဝဖြိုးနေကြတာပဲ”
တလိပ်လိပ် တက်နေသော မိစ္ဆာတိမ်တိုက်များကြားမှ ကြွက်မိစ္ဆာ၏ ကြီးမားသော ခေါင်းကြီးမှာ ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောလိုက်၏။ ကြွက်၏ မျက်လုံးများမှ ထွက်ပေါ်လာသော အလင်းတန်းများသည် ထက်မြက်သော ဓားတစ်လက်ကဲ့သို့ ရှည်ထွက်လာလိုက် တိုဝင်သွားလိုက် ဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် လေထုကို ထိုးဖောက်နေ၏။
“ရိုင်းလှချည်လား”
“လေးပြင်ကျယ်ကျေးရွာရဲ့ မြေစောင့်နတ်ဘုရား အရှင်လီယွဲ့ရဲ့ ရှေ့မှောက်မှာ ဒီမိစ္ဆာက ဘယ်လိုတောင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတာလဲ”
လီယူမင် ဒေါသတကြီး ဟောက်လိုက်၏။ သူသည် ထွက်ပြေးလာခဲ့ပုံရသော ကျောက်ကျိုယွမ်ကို တစ်ချက်ကြည့်လိုက်သော်လည်း အပြစ်မတင်ပေ။ ဘာပဲဖြစ်ဖြစ် ကျောက်ကျိုယွမ်ကို ဝန်းရံထားသော မြူခိုးများသည် သူသင်ယူထားသော မြူခိုးအတတ်နှင့် ဆင်တူကြောင်း သူ တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည် မဟုတ်ပါလား။
ဤသည်မှာ အရှင်လီယွဲ့၏ လက်ဆောင်ဖြစ်ရမည်။ ကျောက်ကျိုယွမ်သည် အရှင်လီယွဲ့၏ ကျေးဇူးကို ခံရသည်ဟူသောအချက်က သူသည် စစ်မှန်သော ယုံကြည်သူတစ်ဦးဖြစ်ပြီး သူတို့၏ ခရီးဖော်တစ်ဦးဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်၏။
“ရိုင်းတယ် ဟုတ်လား”
“မင်းဆီက ထွက်နေတဲ့ ကိုယ်ရောင်ကိုယ်ဝါက အတော်လေး ထူးဆန်းတာပဲ… တတိယအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ခပ်ဆင်ဆင်ပဲ”
“ပြီးတော့ မင်းဘေးက လူသားစစ်သည်က တတိယအဆင့် အလယ်အလတ်မှာ ရှိနေတာလား”
“ဒါကို ငါ မမျှော်လင့်ထားဘူး”
“ဒီမှာ ဒုတိယအဆင့်နဲ့ ပထမအဆင့် လူသားစစ်သည်တွေ အများကြီး ရှိတာပဲ… မင်းတို့ရဲ့ အဘိုးကြွက်တော့ ဒီနေ့ ကောင်းကောင်း စားရတော့မှာပဲ”
ကြွက်မိစ္ဆာသည် ယုံကြည်သူ အမြောက်အမြားကို ဝေ့ကြည့်လိုက်ပြီး အလွန်ဝမ်းသာသွားတော့သည်။
သူ မမျှော်လင့်ထားခဲ့ပေ။
ကျောက်ကျိုယွမ် ထွက်ပြေးလာတဲ့ ဒီနေရာမှာ လူသားစစ်သည်တွေ ဒီလောက်တောင် အများကြီး ရှိနေလိမ့်မယ်လို့ပေါ့။
သူ့နောက်တွင်မူ တတိယအဆင့်နှင့် ထိုထက်မြင့်သော ကြောင်မိစ္ဆာနှစ်ကောင်သည်လည်း ပြုံးရွှင်နေကြပြီး စိတ်အခြေအနေ အလွန်ကောင်းနေကြ၏။
မူလက ဒီတာဝန်ဟာ သာမန် လိုက်လံဖမ်းဆီးတဲ့ ကိစ္စတစ်ခုလို့ပဲ ထင်ထားခဲ့တာ… ဒါပေမဲ့ ဒီလောက်အထိ အမြတ်ထွက်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။
“မင်းတို့ လူသားတွေဟာ ငါတို့ မိစ္ဆာမျိုးနွယ်တွေရဲ့ အစာဖြစ်ဖို့ မွေးဖွားလာကြတာပဲ”
“ငါ့အတွက် တန်းစီလိုက်ကြစမ်း… ဒုတိယအဆင့် ကိုယ်ခံပညာရှင်တွေထဲက ပိုပြီးတော့ အရသာရှိမယ့်သူ အချို့ကို အရင်ဆုံး ရွေးစားမယ်”
ကြွက်မိစ္ဆာသည် ဝင့်ဝင့်ကြွားကြွားနှင့် ရှိနေပြီး ပေငါးဆယ်ကျော် မြင့်မားလှသော ၎င်း၏ ကြောက်မက်ဖွယ် ခန္ဓာကိုယ်ကြီးမှာ ဝေဟင်တွင် ရပ်နေသဖြင့် ကြီးမားသော အရိပ်မည်းကြီး ကျရောက်နေ၏။ ဤသည်မှာ ယုံကြည်သူ အများအပြားကို ထိတ်လန့်စေခဲ့သဖြင့် သူတို့သည် အရှင်လီယွဲ့၏ ရှေ့မှောက်တွင် ပိုမိုကြည်ညိုစွာ ဒူးထောက်၍ မိစ္ဆာကို နှိမ်နင်းပေးရန် ဆုတောင်းနေကြတော့သည်။
သို့သော် ထိုအခိုက်အတန့်တွင် မြေပြင်နှင့် ကောင်းကင်ကြားရှိ လေထုမှာ အေးခဲသွားတော့သည်။
ခေါင်းသုံးလုံးရှိသော မိစ္ဆာမှာလည်း အေးခဲသွားပြီး လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်သွားတော့၏။