← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆ - ချန်ရှန်း နိုးလာပြီး တောင်ကို ခုတ်လှဲဖို့ ကံကြမ္မာ ရောက်လာပြီ

ဖာတောင်သခင်က သေချာပေါက် ခေါင်းညိတ်လိုက်သည်။

"သူပဲ"

တစ်ချိန်တည်းမှာပင် မြင်ကွင်းသည် ထပ်မံ ပြောင်းလဲသွားပြန်သည်။

ချန်ရှန်း သည် ချောင်ရွှင်ယင်း၏ ရုပ်ခန္ဓာ ဖြင့် သုံးလကြာအောင် ရှာဖွေခဲ့သော်လည်း ဖာတောင်သခင်နှင့် ပတ်သက်သော မည်သည့် သတင်းအချက်အလက်မျှ မတွေ့ရချေ။ ထိုအတိုင်း ခါးသီးခြင်းပင်လယ်သို့ ပြန်သွားရန် မလိုလားသဖြင့် ချန်ရှန်းသည် နည်းလမ်းတစ်ခု စဉ်းစားမိသွားသည်။

အဆက်မပြတ် ဝင်ပူးခြင်း...

မြေကမ္ဘာအင်မော်တယ် ကျင့်ကြံသူတစ်ဦး၏ ရုပ်ခန္ဓာကို သုံးလကြာ အသုံးပြုနိုင်သည်။ သို့သော် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦး၏ ရုပ်ခန္ဓာကိုမူ ခုနစ်ရက်သာ အသုံးပြုနိုင်သည်။ သုံးလမှာ အမြင့်ဆုံး ကန့်သတ်ချက်ဖြစ်ပြီး ခုနစ်ရက်မှာ အနိမ့်ဆုံး ကန့်သတ်ချက် ဖြစ်သည်။ မြေကမ္ဘာအင်မော်တယ် များမှာ ရှားပါးသော်လည်း အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများမှာ နေရာတိုင်းတွင် ရှိနေသည်။

သို့သော် ချန်ရှန်းသည် အသက်ကို ဂရုမစိုက်သော်လည်း အချင်းချင်း အကြွေးမတင်စေရ ဟူသော မူကို အမြဲတမ်း လိုက်နာခဲ့သည်။ သူ ဝင်ပူးခဲ့သူ အားလုံးတွင် ဆန္ဒတစ်ခု ရှိကြသည်။ ချန်ရှန်း က သူတို့၏ နှလုံးသားထဲက ဆန္ဒကို ဖြည့်ဆည်းပေးပြီး သူတို့၏ ရုပ်ခန္ဓာကို သူ၏ ကိုယ်ပိုင်အဖြစ် အသုံးပြုကာ သူတို့၏ အကြွေးများကို အပြန်အလှန် ရှင်းလင်းပေးခဲ့သည်။

ဤသို့ဖြင့် ချန်ရှန်းသည် သာမန်လူသားများကြားတွင် လမ်းလျှောက်နေသော 'တိတ်ဆိတ်ခြင်း၏ နတ်ဘုရား' တစ်ပါးအလား ဖြစ်လာခဲ့သည်။ သူဖြတ်သန်းသွားလေရာတွင် အံ့ဖွယ်ရာ မှတ်တမ်းအမျိုးမျိုးကို ချန်ရစ်ခဲ့သည်။

ထိုစဉ်က ဖာတောင်တွင် မကောင်းဆိုးဝါး သုတ်သင်ခြင်း ညီလာခံကို ကျင်းပခဲ့သည်။ ဤညီလာခံသည် 'ကောင်းကင်ဘုံ သုတ်သင်ခြင်း ညီလာခံ' ပြီးလျှင် ဖာတောင်၏ ဒုတိယမြောက် အကြီးကျယ်ဆုံးပွဲတော်ဖြစ်ပြီး ဆယ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပလေ့ရှိသည်။ ထူးခြားသည်မှာ ဤပွဲသည် လက်ရှိ ဖာတောင်သခင် ရာထူးကို လက်ခံရယူပြီးနောက် ပထမဆုံးအကြိမ် ကျင်းပခြင်းလည်း ဖြစ်သည်။

​ဖာတောင်၏ တာအိုလမ်းစဉ်မှာ 'သတ်ဖြတ်ခြင်း' မှတစ်ဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန်ဖြစ်သည်။ ထို့ကြောင့် မကောင်းဆိုးဝါး သုတ်သင်ခြင်း ညီလာခံ၏ အဓိက အနှစ်သာရမှာ သတ်ဖြတ်ခြင်းပင်။ ဝိညာဉ်ကုန်းမြေရှိ ဂိုဏ်းအသီးသီးသည် မကောင်းဆိုးဝါး ကျင့်ကြံသူများကို အမဲလိုက်သုတ်သင်ခြင်း ထုံးတမ်းစဉ်လာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

​ယခင်က တာလော့သည် မကောင်းဆိုးဝါး ကျင့်ကြံသူများကို အမြစ်ပြတ် သုတ်သင်ခဲ့သော်လည်း၊ ကျန်ရှိနေသူတို့မှာ 'ခါးသီးခြင်းပင်လယ်' အတွင်းသို့ တွန်းပို့ခြင်းခံခဲ့ရသည်။ သို့သော် ကျင့်ကြံခြင်းလမ်းစဉ်သည် မလွယ်ကူသဖြင့် စိတ်ဓာတ်မခိုင်မာသော ကျင့်ကြံသူတို့သည် နှလုံးသားနတ်ဆိုး၏ ဝါးမြိုခြင်းကို ခံရကာ ယုတ်မာသော လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြသည်။

အသွေးအသားဖြင့် တည်ဆောက်ထားသော တောင်ကြောများ၊ မွေးကင်းစဝိညာဉ်တစ်သောင်း ရေကန်စသည့် ရက်စက်ယုတ်မာမှုများသည် လူသတ်ရတနာလုခြင်းထက်ပင် ပိုမိုဆိုးရွားလှသည်။

​ပုံမှန်အားဖြင့် ဝိညာဉ်ကုန်းမြေရှိ ဂိုဏ်းများသည် ထိုကဲ့သို့သော ကျင့်ကြံသူများကို တွေ့သည်နှင့် ချက်ချင်းသုတ်သင်လေ့ရှိသော်လည်း၊ ဖာတောင်မှာမူ ချွင်းချက်ဖြစ်သည်။ သူတို့သည် ထိုမကောင်းဆိုးဝါး ကျင့်ကြံသူများကို ဖာတောင်၏ ရေအကျဉ်းထောင်၌ ဖမ်းဆီးချုပ်နှောင်ထားလေ့ရှိသည်။

​ဆယ်နှစ်တစ်ကြိမ် ကျင်းပသော ညီလာခံရောက်သည့်အခါ၊ ဖမ်းဆီးထားသော မကောင်းဆိုးဝါး ကျင့်ကြံသူများကို ၎င်းတို့၏ စွမ်းအားအလိုက် အမျိုးအစားခွဲကာ စစ်မြေပြင်များသို့ စေလွှတ်သည်။ ထိုအချိန်တွင် ဂိုဏ်းအသီးသီးမှ တပည့်များသည် စစ်မြေပြင်သို့ ဝင်ရောက်၍ မကောင်းဆိုးဝါးများကို သုတ်သင်ကြသည်။

ဤလုပ်ရပ်မှာ တပည့်များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုမိုခိုင်မာစေသကဲ့သို့၊ မကောင်းဆိုးဝါးလမ်းကြောင်းသို့ မရောက်ရှိစေရန် ကြိုတင်တားဆီးခြင်းလည်း ဖြစ်သည်။ ထိုထဲတွင် တောင်ပင်လယ် အင်မော်တယ်ဂိုဏ်းမှ စေလွှတ်လိုက်သော တပည့်မှာ ကူရှန်းကျီဖြစ်သည်။

​ကူရှန်းကျီသည် ဂုဏ်သတင်းကို အလွန်တန်ဖိုးထားသူဖြစ်ပြီး ဝိညာဉ်ကုန်းမြေတစ်ခွင်တွင် ကျော်ကြားသူ ဖြစ်လာရန် အမြဲတမ်း ဆန္ဒပြင်းပြနေသူဖြစ်သည်။ နောက်ဆုံးတွင် သူသည် ချီလမ်းလွဲကာ ချန်ရှန်းနှင့် ဆုံတွေ့ခဲ့သည်။ ချန်ရှန်းသည် သူ၏ ခန္ဓာကိုယ်ကို ငှားရမ်းသုံးစွဲရင်း မကောင်းဆိုးဝါး သုတ်သင်ခြင်း ညီလာခံတွင် ကုန်းမြေလုံးတစ်လုံးကို တုန်လှုပ်သွားစေမည့် နာမည်တစ်ခု ရစေမည်ဟု ကတိပေးခဲ့သည်။

​ချန်ရှန်း၏ ရည်ရွယ်ချက်မှာ တာလော့အင်မော်တယ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ရန်ဖြစ်သည်။ နှစ်ပေါင်းများစွာ ဝိညာဉ်ကုန်းမြေအနှံ့ ခရီးနှင်ခဲ့သော်လည်း တာလော့ဂိုဏ်းမှာ သူ မရောက်ဖူးသေးသည့် နောက်ဆုံးသောနေရာဖြစ်သည်။ ချန်ရှန်းအဖို့ အပျော်ဆုံးအချက်မှာ သူ အချိန်မရွေး နေ့ရောညပါ တမ်းတနေခဲ့ရသော ချင်းယွီကို တာလော့တွင် တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။

ထိုအချိန်တွင် ချင်းယွီသည် ငယ်ရွယ်နုနယ်သော အသွင်အပြင်ကို လုံးဝစွန့်ပစ်ထားပြီး၊ ပြိုင်ဘက်ကင်းသော ကျက်သရေတို့ဖြင့် တောက်ပနေသည်။ ကိုယ်ခန္ဓာမှ လွင့်ဝဲနေသော အင်မော်တယ်ချီများကြောင့် ကောင်းကင်ကိုးထပ်မှ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးကဲ့သို့ပင် သူမ၏ အလှတရားသည် ချန်ရှန်း၏ နှလုံးသားကို ဖမ်းစားထားသည်။

ချောင်ရွှင်ယင်း၏ ခန္ဓာကိုယ်ကို ဝင်ပူးခဲ့စဉ်က ရရှိခဲ့သော ပန်းချီတာအိုဆိုင်ရာ အတွေ့အကြုံများကြောင့် ချန်ရှန်းသည် သူမအတွက် ပန်းချီကားလိပ်တစ်ခုကို စိတ်ရောကိုယ်ပါ ရေးဆွဲပေးခဲ့လေသည်။

​လင်းရီက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

“ဒါကြောင့်ကိုး... ချန်ရှန်းက အဲဒီတုန်းက ဒီပန်းချီကားကို ဖန်တီးခဲ့တာပဲ”

ယွီကျွင်း၏ မျက်ဝန်း၌လည်း ခါးသီးသော အမူအရာများ လွှမ်းခြုံသွားသည်။

​ဤမကောင်းဆိုးဝါး သုတ်သင်ခြင်း ညီလာခံတွင် ချန်ရှန်းသည် မီးရှူးတန်ဆောင်ကဲ့သို့ တောက်ပခဲ့သည်။ သူသည် ပန်းချီတာအိုတွင် ပြိုင်ဘက်ကင်းရုံသာမက၊ အခြေခံတည်ဆောက်ခြင်း နယ်ပယ်၌ ရှိနေစဉ်မှာပင် ရွှေအမြူတေအဆင့်ရှိ မကောင်းဆိုးဝါး ကျင့်ကြံသူတစ်ဦးကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းသတ်ဖြတ်ခဲ့သည်။ ထိုသတင်းသည် ဝိညာဉ်ကုန်းမြေတစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

​ထိုဓားချက်မှာ ကောင်းကင်နှင့် လူသား တစ်သားတည်းကျခြင်းကို ဖော်ညွှန်းသည့် အထွတ်အထိပ် ဓားသိုင်းပင်ဖြစ်သည်။ ထိုဓားချက်ကြောင့်ပင် ကူရှန်းကျီသည် လီတိရှန်းပြီးနောက် ဒုတိယမြောက် ဓားသန္ဓေသားအဖြစ် ချီးကျူးခံခဲ့ရသည်။ လူတိုင်းက ပြိုင်ဘက်ကင်းသော ဓားအင်မော်တယ်တစ်ပါး ပေါ်ထွန်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသကဲ့သို့ တုန်လှုပ်ခြောက်ခြားခဲ့ရသည်။

​သို့သော် ကံဆိုးစွာပင်၊ ထိုတိုက်ပွဲအပြီးတွင် ကူရှန်းကျီသည် ဝိညာဉ်ကုန်းမြေမှ ညပွင့်ပန်းလေးကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ တောင်ပင်လယ် အင်မော်တယ်ဂိုဏ်းမှ အစွမ်းကုန် ရှာဖွေခဲ့သော်လည်း သူ၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ပေ။

​နောက်ပိုင်း ဖြစ်ရပ်များမှာ ရိုးရှင်းသွားလေပြီ။ ချန်ရှန်းသည် ချင်းယွီ၏ အခြေအနေကို စိတ်ချပြီးနောက် ခါးသီးခြင်းပင်လယ်သို့ ပြန်သွားခဲ့သည်။ ချင်းယွီသည် လွတ်လပ်မှုကို မြတ်နိုးသူဖြစ်ရာ ချန်ရှန်းက သူမကို လွတ်လပ်စွာ စူးစမ်းလေ့လာခွင့် ပေးခဲ့သည်။ သို့သော် ကံကြမ္မာ၏ ကပ်ဘေးဆိုက်ရောက်လာသောအခါ ချင်းယွီသည် ခါးသီးခြင်းပင်လယ်သို့ ပြန်လည်ရောက်ရှိလာရမည်သာ ဖြစ်သည်။

​ယွီကျွင်း ပေါ်လာခြင်းမှာ ချန်ရှန်းအတွက် မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ ချန်ရှန်းအတွက်မူ ၎င်းမှာ အရောင်းအဝယ်တစ်ခုမျှသာ ဖြစ်သည်။ သူသည် ရွှေရောင်သားမွှေး ဟိုသားရဲ ဝမ်ကျွင်း၏ သက်တမ်းကို တိုးမြှင့်ပေးခဲ့ပြီး၊ ယွီကျွင်းက ကတိအတိုင်း မင်္ဂလာဆောင်ကို ကျင်းပပေးခဲ့သည်။ ဤနည်းဖြင့် နှစ်ဦးသားကြားတွင် အကြွေးဆိုသည်မှာ မရှိတော့ချေ။

သတ်ဖြတ်ခြင်း ဝင်္ကပါ နှင့် ပတ်သက်၍မူ ၎င်းသည် သက်ရှိ ယဇ်ကောင်များကို လိုအပ်ပြီး အကောင်းဆုံး ရွေးချယ်စရာများမှာ သဘာဝကျကျပင် မကောင်းဆိုးဝါး ကျင့်ကြံသူများနှင့် ယက္ခ လူမျိုးများပင် ဖြစ်သည်။ ၎င်းမှာလည်း အရောင်းအဝယ် တစ်ခုသာ ဖြစ်သည်။

ရွှေရောင်သားမွှေး ဟိုသားရဲ မျိုးဆက်နှင့် ယက္ခ လူမျိုး မျိုးဆက်တို့မှာ မူလက ချန်ရှန်း၏ အသားနှင့် သွေးများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူတို့သည် မရေမတွက်နိုင်သော မျိုးဆက်များတိုင်အောင် မျိုးပွားလာခဲ့ကြသော်လည်း ဤမျိုးနွယ်များ ပေါ်လာခြင်းမှာ ချင်းယွီ အတွက်ပင် ဖြစ်သည်။ ယခုအခါ သူတို့၏ အသက်များကို ပြန်လည် ရယူခြင်းမှာလည်း သဘာဝကျသော ကိစ္စတစ်ခုပင် ဖြစ်သည်။

မကောင်းဆိုးဝါး ကျင့်ကြံသူတို့၏ သက်တမ်းကို တိုးမြှင့်ပေးရန် 'သေခြင်းကင်းမဲ့ တာအို' ကို အသုံးပြုခဲ့ခြင်းမှာ ချန်ရှန်းအတွက်မူ ဤနေ့၊ ဤအချိန်အတွက် ကြိုတင်ပြင်ဆင်မှုသက်သက်သာ ဖြစ်သည်။ 'နှင်းမြစ်ဂိုဏ်း' ပျက်သုဉ်းသွားရခြင်းမှာလည်း ချန်ရှန်း၏ အမိန့်ကြောင့်ပင်ဖြစ်သော်လည်း၊ သူ၏စိတ်တွင် နောင်တတရား လုံးဝမရှိချေ။ ၎င်းမှာ ကံကြမ္မာ၏ အကြွေးကို ပြန်လည်ပေးဆပ်ခြင်းမျှသာ ဖြစ်သည်။

“ငါက မထိုက်တန်ဘူး ဟုတ်လား..”

​'ဟား... ဟား... ဟား...'

“ငါက တကယ်ပဲ မထိုက်တန်ဘူး ဟုတ်လား…”

​ထိုအခိုက်အတန့်တွင် ထင်ယောင်ထင်မှား နယ်ပယ်ထဲ၌ နစ်မြုပ်နေသော ချန်ရှန်း၏ အသံမှာ ဝမ်းနည်းခြင်းနှင့် အမျက်ဒေါသတို့ ရောယှက်ကာ အဆုံးစွန်သော ဟစ်အော်သံအဖြစ် ပေါက်ကွဲထွက်လာသည်။

​ဝုန်း…

​ထိုကြောက်မက်ဖွယ်ကောင်းသော ဟစ်အော်သံနှင့်အတူ ချန်ရှန်းသည် ထင်ယောင်ထင်မှား စွမ်းအားများကို တစ်ပြိုင်နက်တည်း ဖျက်ဆီးပစ်လိုက်သည်။ သူ၏ နတ်ဘုရားဝိညာဉ်မှာ နှစ်ပေါင်း သုံးထောင်ကြာမြင့်သော အိပ်မက်ဆိုးကြီးမှ လှုပ်ခါနိုးထလာတော့သည်။ တကယ်တမ်းဆိုရသော်၊ ဖာတောင်သခင်မှလွဲ၍ ချန်ရှန်း၏ စိတ်အစဉ်ကို တုန်လှုပ်အောင် လုပ်နိုင်မည့်သူ မရှိသလောက်ပင်။

​ဝှစ်…

​ဖာတောင်သခင်သည် ချက်ချင်းဆိုသလို ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူမ၏ 'သတ်ဖြတ်ခြင်း တာအို' အရှိန်အဝါဖြင့် ပတ်ဝန်းကျင်ကို အကာအကွယ်ယူလိုက်သည်။ ယွီလင်းဘုရင်နှင့် အခြားသူတို့လည်း မနေသာတော့ဘဲ ချန်ရှန်း၏ ပြင်းထန်လှသော အရှိန်အဝါကို ဖိနှိပ်ရန်နှင့် ထိုနေရာကို အပြီးအပိုင် ချိတ်ပိတ်ရန် မိမိတို့၏ အစွမ်းအစများကို ထုတ်သုံးလိုက်ကြသည်။ ထိုနေရာရှိ ကျင့်ကြံသူအားလုံးမှာ အသက်မရှူရဲလောက်အောင် သတိထားနေကြရသည်။

​ချလွင်…

​ချန်ရှန်း၏ မျက်လုံးများ ပွင့်လာသည်။ သူ၏ ထက်မြက်ပြတ်သားသော အကြည့်တို့မှာ လင်းရီဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။

​ချန်ရှန်းက လင်းရီကိုကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောဆိုလိုက်သည်။

“မင်း တော်တော်လေး စွမ်းတာပဲ... ရွှေအမြူတေ တတိယနယ်ပယ်ရဲ့ စွမ်းအားနဲ့ပဲ ငါ့ရဲ့ စိတ်ကို တုန်လှုပ်အောင် လုပ်ပြီး ထင်ယောင်ထင်မှား နယ်ပယ်ထဲ ဆွဲခေါ်နိုင်ခဲ့တယ်ပေါ့လေ'

​လင်းရီက ဖာတောင်သခင်၏ အနောက်တွင် တိတ်တဆိတ် ပုန်းအောင်းနေလျက် အပြုံးတစ်ခုဖြင့် ပြန်လည်ဖြေကြားသည်။

“ဒါက အသေးအဖွဲ လှည့်ကွက်လေးပါ စီနီယာ... ကျေးဇူးပြုပြီး အလေးအနက် မထားပါနဲ့”

ချန်ရှန်း က အေးအေးလူလူ ဆက်ပြောသည်။

"စိတ်မပူပါနဲ့... ငါ မင်းကို မသတ်ပါဘူး... ဒီကိစ္စအတွက် ငါ မင်းကို ကျေးဇူးတင်ရမှာပါ... နှမြောစရာကောင်းတာက ငါ ဒီကျေးဇူးကို ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး"

လင်းရီ အံ့အားသင့်သွားပြီး မေးလိုက်သည်။

"ကျေးဇူး ဟုတ်လား"

ချန်ရှန်း က သဘာဝအကျဆုံး ကိစ္စတစ်ခုကဲ့သို့ ပြောဆိုလိုက်သည် ။

"အဲဒီ အချိန်ကာလလေးက ငါ့နှလုံးသားထဲမှာ အစားထိုးလို့ မရဘူး... မင်းက ငါ့ကို အဲဒီ အချိန်ကာလဆီ ပြန်သွားခွင့်ပေးခဲ့တာဆိုတော့ ဒါက သဘာဝကျကျပဲ ကျေးဇူးတစ်ခုပေါ့"

လင်းရီက ပြုံး၍ ပြောဆိုလိုက်သည်။

"ကျေးဇူး ဖြစ်နေမှတော့ သဘာဝကျကျပဲ ပြန်ဆပ်ဖို့ လိုတာပေါ့... စီနီယာ အနေနဲ့ ဒီကျေးဇူးကို အရင်ဆပ်ပြီးမှ သတ်ဖြတ်ခြင်း ဝင်္ကပါ ကို အသက်သွင်းရင်ရော ဘယ်လိုလဲ"

ချန်ရှန်း က အေးအေးလူလူ သဘောတူလိုက်သည် ။

"ကောင်းပြီလေ... မင်း နှလုံးသားထဲက ဆန္ဒကို ပြောပါ"

လင်းရီက မျက်တောင်လေး ခတ်ကာ ပြောဆိုလိုက်သည်။

"ကျွန်တော့်ရဲ့ ဆန္ဒက လောကကြီး တစ်ခုလုံး ငြိမ်းချမ်းရေး ရဖို့နဲ့ ဒီနေ့ သတ်ဖြတ်ခြင်း ဝင်္ကပါ အောက်မှာ ဘယ်သူမှ မသေဖို့ပါပဲ"

ချန်ရှန်း က သဘောတူလိုက်သည် ။

"ကောင်းပြီလေ... ခါးသီးခြင်းပင်လယ် က သက်ရှိတွေကလွဲရင် တခြား ကျင့်ကြံသူ အားလုံး ဒီအချိန်ကစပြီး ခါးသီးခြင်းပင်လယ် ကနေ ထွက်သွားကြ... အဲဒါဆိုရင် မင်းတို့ သတ်ဖြတ်ခြင်း ဝင်္ကပါ အောက်မှာ သေမှာ မဟုတ်ဘူး"

လင်းရီက သတိပေးလိုက်သည်။

"စီနီယာ... ယက္ခ လူမျိုးတွေကလည်း လူတွေပါပဲ"

ချန်ရှန်း က သူ့စကားကို ချေပ၍ မရနိုင်အောင် ပြောဆိုလိုက်သည်။

"ယက္ခ လူမျိုးတွေက မူလက ငါ့ရဲ့ အသားနဲ့ သွေးတွေကနေ ဖြစ်ပေါ်လာတာ... အခု ငါက ငါ့ရဲ့ အသားနဲ့ သွေးတွေကို ပြန်ယူနေတာ၊ သူတို့က သတ်ဖြတ်ခြင်း ဝင်္ကပါ အောက်မှာ သေနေတာ မဟုတ်ဘူး၊ ငါ့ရဲ့ အသားနဲ့ သွေးတွေကို ပြန်ပေးနေတာ သက်သက်ပဲ"

လင်းရီနှင့် အခြားသူများ ထိုစကားကို ကြားသောအခါ တိတ်ဆိတ်သွားကြသည်။ ဤကဲ့သို့သော တည်ရှိမှုမျိုး၏ ရှေ့တွင် ဉာဏ်ကစားခြင်းက တကယ်ကို အချည်းနှီး ပင် ဖြစ်သည်။

ချန်ရှန်း က လင်းရီနှင့် အခြားသူများကို ဆက်လက် ဂရုမစိုက်တော့ဘဲ ဖာတောင်သခင်ကို လှမ်းကြည့်ကာ ခေါ်လိုက်သည် ။

"ချင်းယွီ"

ဖာတောင်သခင်က ရှုပ်ထွေးသော အမူအရာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

"အင်း"

ချန်ရှန်း က ကြင်နာသော အမူအရာဖြင့် ပြောဆိုလိုက်သည်။

"ငါနဲ့အတူ ပြန်လာခဲ့ပါ... မင်း အခုလောက်ဆိုရင် အများကြီး ဆော့ပြီးလောက်ပြီ... မင်းအတွက် ကံကြမ္မာရဲ့ ကပ်ဘေး ကို ငါ ဖြေရှင်းပေးမယ်"

ဖာတောင်သခင်က အလွန် ပြတ်သားစွာ သဘောတူလိုက်သည်။

"ကောင်းပြီလေ"

ချန်ရှန်း က အံ့အားသင့်စွာ မေးလိုက်သည်။

"တကယ်လား"

ဖာတောင်သခင်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဒါပေမဲ့ ငါ မပြန်ခင်မှာ ဝိုင်တစ်အိုးလောက် သောက်ချင်တယ်"

All Chapters