ကျူးယင်ကျွန်း
Vol. 12 Ch. 183
အောက်သို့ ပုလဲ ကျဆင်းလာသည်နှင့် ပင်လယ်ကြီးပေါ်သို့ သက်ေရာက်သွားဟန်တူသည်။ ပင်လယ်ကြီးက ရုတ်တရက် တဝုန်းဝုန်းမြည်ဟည်းလာပြီး ဆူနာမီအလား လှိုင်းများ မြင့်တက်လာသည်။ ပင်လယ်ကြမ်းပြင်အောက်တွင် ပုန်းအောင်းနေခဲ့သော လူ့ဘီလူးကြီးက ၎င်း၏လက်ကြီးများကို မြှောက်၍ ရေသူမကျွန်းလေးကျွန်းကို ဖမ်းဆုပ်လိုက်သည့်အလားပင်။
သို့သော်လည်း ရေသူမကျွန်းလေးကျွန်းပေါ်မှ ဧရာမအလင်းလွှာကြီးတစ်လွှာ ရုတ်ခြည်း ပေါ်ထွက်လာသည်။
ထိုအလင်းလွှာသည် ရေသူမမျိုးနွယ်၏ အကာအကွယ်အစီအရင်မှလွဲ၍ တခြားမဟုတ်ချေ။ ၎င်း၏အစွမ်းက ကြောက်ခမန်းလိလိပင်။ စွမ်းအင်အပြည့်အဝ နှိုးဆွထားသည့်အတွက်ကြောင့် ၎င်းက ကောင်းကင်မှ ကျဆင်းလာသော ပုလဲနက်၏အမြန်နှုန်းကို ချက်ချင်း လျော့ချလိုက်သည်။ သို့သော်လည်း ပုလဲနက်၏ ဖိအားက ပြင်းထန်လွန်းသည်ဖြစ်၍ အကာအကွယ်မန္တန်အစီအရင်ကို ယိမ်းခါသွားစေသည်။
အကာအကွယ်မန္တန်အစီအရင်အောက်တွင် ဘေးပတ်လည်မှ ဆူနာမီလှိုင်းများ ချက်ချင်း ရပ်သွား၏။ တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်၍ လွင့်ပျံသွားပြီး ကျွန်းလေးကျွန်းအနက် ယိမေကျွန်းမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
“ ချီရွှဲ့ထုံဂိုဏ်း၊ ဘာလုပ်တာတုံးကွ ”
ထိုအော်ဟစ်သံ ကောင်းကင်ယံသို့ လွင့်ပျံသွားသည်နှင့် ဧရာမမျက်နှာကြီး ပေါ်လာသည်။
ထိုမျက်နှာကြီးက ပုံရိပ်ယောင်ဖြစ်ပြီး ကျွန်းမှအပေါ်သို့ မြင့်တက်လာသည်။ ၎င်းက ကြီးသည်ထက် ကြီးလာပြီး ကျွန်းတစ်ကျွန်းနှင့် ယှဉ်နိုင်လောက်သည်အထိ ဖြစ်လာသည်။
ယင်းသည် မုတ်ဆိတ်ရှည်အဘိုးအိုတစ်ယောက်၏ မျက်နှာဖြစ်သည်။ သူ့မျက်လုံးများထဲတွင် အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက်နေပြီး နဂါးကြီးပေါ်မှ လူရိပ်ကို ဒေါသတကြီး ကြည့်လိုက်သည်။
သို့သော်လည်း သူ အော်ဟစ်လိုက်သည့်အခိုက် …
ရေသူမကျွန်းလေးကျွန်းပေါ်မှ အကာအကွယ်မန္တန်အစီအရင်ထဲမှ ဓမ္မရတနာများစွာ ပြိုလဲကာ ပေါက်ကွဲသွားသည်။
အချိန်အတော်ကြာကတည်းက လူတစ်ယောက်က အကာအကွယ်မန္တန်အစီအရင်ကြီးထဲရှိ ဓမ္မရတနာလေးဆယ်ကျော်ကို ပြုပြင်ထားဟန်တူသည်။ ယခုအချိန်၌ ထိုပြုပြင်ခံထားရသော နေရာက အသက်ဝင်လာကာ ဓမ္မရတနာများကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
ယင်းအပြင် ကျွန်းလေးကျွန်းအနက် တစ်ကျွန်းစီမှ ပြင်းထန်သော အငွေ့အသက်များ ပေါ်လာသည်။
ချီရွှဲ့ထုံဂိုဏ်းက ရေသူမမျိုးနွယ်ကို ဖျက်ဆီးပစ်ရန် ပြင်ဆင်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ သူတို့က ရေသူမမျိုးနွယ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လေ့လာခဲ့ပြီးပြီဖြစ်ပြီး ယခု ကျူးကျော်ဝံ့သည်မှာ အပြည့်အဝယုံကြည်မှုရှိ၍ဖြစ်ကြောင်း ထင်ရှားသည်။
ရေသူထီးအဘိုးအိုမှာ သိသိသာသာ မျက်နှာပျက်သွားစဉ် ဝေဟင်ရှိ ပုလဲနက်က ရုတ်တရက် အနက်ရောင်ဝင်းလက်လာသည်။ ထိုအလင်းက ဝင်းလက်တောက်ပသည်ထက် ဝင်းလက်လာပြီး နောက်ဆုံးတွင် ကောင်းကင်ကြီးကို ဖုံးကွယ်ပစ်နိုင်ဟန်တူသည့် ဧရာမလက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းက မရေမတွက်နိုင်လောက်သော ခရမ်းရောင်လျှပ်စီးများကို သယ်ဆောင်သွားပြီး အောက်ရှိ မျက်နှာကြီးနှင့် ထိုမျက်နှာကြီး ရှိနေသည့် အကာအကွယ်မန္တန်အစီအရင်ကို ရိုက်ချလိုက်သည်။
ဝုန်းခနဲ မြည်ဟည်းသံကြီး လေးဖက်လေးတန်သို့ လွင့်ပျံသွားသည်။ ၎င်းကို မခုခံနိုင်သည့် ပထမဆုံးအရာက ရေသူမမျိုးနွယ်၏ မန္တန်အစီအရင်ဖြစ်သည်။ ထိုမန္တန်အစီအရင်မှာ ရုတ်ခြည်း ချိုင့်ဝင်သွားပြီး နောက်ဆုံးတွင် ပြိုလဲသွားကာ ဧရာမလက်ဝါးရာကြီး ပေါ်လာသည်။
မန္တန်အစီအရင်၏ အစွန်အဖျားတစ်လျှောက်တွင် မရေမတွက်နိုင်သော ခရမ်းရောင်မိုးကြိုးလျှပ်စီးများ ပျံ့နှံ့သွားသည်။ ထိုလျှပ်စီးများ ဖြတ်သန်းသွားသည့်နေရာတိုင် မန္တန်အစီအရင်အစိတ်အပိုင်းများ ပြိုလဲသွားသည်။
အသက်ရှူချိန်ဆယ်ကြိမ်ခန့်သာ ကြာလိုက်သည်၊ ရေသူမမျိုးနွယ်၏ အကာအကွယ်မန္တန်အစီအရင်မှာ သာမန်မျက်လုံးနှင့် မြင်နိုင်သော အမြန်နှုန်းဖြင့် တအိအိ ပြိုလဲသွားသည်။
ယင်းကြောင့် ကျွန်းလေးကျွန်းပေါ်ရှိ နေရာအများစုမှာ ပေါက်ကွဲကာ ဖုန်မှုန့်များ ဖြစ်သွားသည်။
လက်ဝါးအရိပ်ကြီးက မန္တန်အစီအရင်ကို ချေမှုန်းပြီးနောက် ကြီးမားသည်ထက် ကြီးမားလာပြီး ရေသူမအဘိုးအို၏ ပုံရိပ်ယောင်မျက်နှာကြီးကို ဖိနှိပ်၍ ကျွန်းပေါ်သို့ ရိုက်ချလိုက်သည်။
ထိုကျွန်းက ယိမေကျွန်းဖြစ်သည်။
ကျွန်းအလယ်ဗဟိုတွင် ကောင်းကင်မှ ကြည့်လျှင် မြင်နိုင်သော ဧရာမလက်ဝါးရာကြီး ပေါ်လာသည်။
လက်ဝါးရာ၏ ပတ်လည်တွင် ပျက်စီးနေသော အဆောက်အအုံများ၊ အသွေးအသားများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း လက်ဝါးရာ၏ အလယ်ရှိ မျှော်စင်ကြီးသည်သာ လုံးလုံးလျားလျား ပျက်စီးမသွားဘဲ အက်ကွဲကြောင်းများစွာသာ ပေါ်လာသည်။
ထိုမျှော်စင်သည် အရိုးဖြူများဖြင့် ဆောက်လုပ်ထားသော ဘုရားကျောင်းတစ်ကျောင်းပုံစံ ရှိသည်။ ယင်းသည် ခံ့ညားထည်ဝါဟန်ရှိပါသော်ငြား အလွန် မည်းမှောင်နေပြီး ကြည့်မိသူကို အမျက်ဒေါသများနှင့် နာကြည်းခံပြင်းစေသည့် ခံစားချက်မျိုး ဖြစ်စေသည်။
ယင်းမှာ ထိုမျှော်စင်ကို ဆောက်လုပ်ထားသည့် ကုန်ကြမ်းပစ္စည်းက မရေမတွက်နိုင်သော အရိုးများဖြစ်ပြီး ထိုအရိုးများသည်လည်း လူ့အရိုးများ ဖြစ်နေခြင်းကြောင့် ဖြစ်ပေသည်။
အရိုးများထဲရှိ လက်ကျန်ဝိညာဉ်စွမ်းအားအငွေ့အသက်များအရ ထိုအရိုးအများစုမှာ ချီရွှဲ့ထုံဂိုဏ်းသားများ၏ အရိုးများ ဖြစ်သည်။
မကြာသေးခင်က လေထဲတွင် ပေါ်လာခဲ့သည့် ပုံရိပ်ယောင်မျက်နှာပိုင်ရှင် ရေသူမမျိုးနွယ်အဘိုးကြီးသည် ထိုမျှော်စင်ထဲမှ ဒရောသောပါး ပျံထွက်လာသည်။ လမ်းတစ်လျှောက်၌ သူက သွေးတစ်ပွက် အန်လိုက်ပြီး သူ၏မျက်နှာအမူအရာက အလွန် အရုပ်ဆိုးနေသည်။ သူက ကောင်းကင်ကြီးကို မော့ကြည့်၍ အပြေးသွားကာ တန်ပြန်တိုက်ခိုက်နေသည်။
နဂါးကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ နန်းတော်ထဲတွင် ရပ်နေသော လူရိပ်က ယိမေကျွန်းပေါ်မှ မျှော်စင်ကို ကြည့်လိုက်သည်။ သူ၏အေးတိအေးစက်အသံက အဖက်ဖက်သို့ လွင့်ပျံသွား၏။
“ ရေသူမမျိုးနွယ် ”
“ ဒီနှစ်တွေထဲမှာ ကျုပ်ရဲ့ ချီရွှဲ့ထုံဂိုဏ်းက မင်းတို့မျိုးနွယ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ် ”
“ မင်းတို့မျိုးနွယ်က ကျုပ်တို့ဂိုဏ်းနဲ့ မဟာမိတ်ဖြစ်လာပြီးတဲ့နောက်ပိုင်း ကျုပ်တို့ဂိုဏ်းကနေ ရင်းမြစ်ပစ္စည်တွေ မကြာခဏ ထောက်ပံ့ပေးခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်တုန်းက မင်းတို့မျိုးနွယ် ဓာတ်နှောကပ်ဘေးကို ရင်ဆိုင်ရလို့ ကျုပ်တို့ဂိုဏ်းက အတတ်နိုင်ဆုံး အကူအညီပေးခဲ့တယ်။ ရင်းမြစ်ပစ္စည်းတွေ မရေမတွက်နိုင်လောက်အောင် ကျုပ်တို့ ထောက်ပံ့ခဲ့တယ်။ အဲဒီရင်းမြစ်ပစ္စည်းတွေရဲ့ တန်ဖိုးက အနည်းဆုံး ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ရှိတယ် ”
“ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်တုန်းက မင်းတို့မျိုးနွယ်ကို လင်ကူမျိုးနွယ်က တိုက်ခိုက်လို့ မျိုးတုန်းသုတ်သင်ခံရတော့မယ့်အရေးနဲ့ ကြုံခဲ့ရပေမဲ့ ဘယ်မျိုးနွယ်မှ လာမကူခဲ့ဘူး။ ဒါပေမဲ့ ကျုပ်က တပည့်တွေကို ကိုယ်တိုင်ဦးဆောင်ပြီး မင်းတို့ကို လာကူညီပေးခဲ့တယ်။ မင်းတို့မျိုးနွယ်ရဲ့ အခက်အခဲကို ဖြေရှင်းဖို့ တပည့်တွေအများကြီး အသက်ပေးခဲ့ရတယ်။ အဲဒီတုန်းက မင်းတို့မျိုးနွယ်ဝင်တွေက ကျုပ်တို့ချင်း ရင်းနှီးမှုကို ပြတဲ့အနေနဲ့ ကျုပ်ဂိုဏ်းက အသက်စွန့်သွားတဲ့ဂိုဏ်းသားတွေကို ဒီမှာ မြှုပ်နှံဖို့ တောင်းဆိုခဲ့တယ် ”
“ အဲဒီအသက်စွန့်သွားတဲ့ တပည့်တွေကို မင်းတို့ လေးစားသင့်တယ်။ ဒါပေမဲ့ အဏ္ဏဝါရုပ်အလောင်း မျိုးနွယ်ကို မျက်နှာသာလုပ်ချင်တာနဲ့ ဆက်ကြေးပေးတဲ့အနေနဲ့ မျှော်စင်လုပ်ဖို့ ကျုပ်တပည့်တွေရဲ့ အလောင်းတွေကို တူးထုတ်ပစ်ခဲ့တယ် ”
“ မင်းတို့က ကျုပ်တို့ရဲ့ စေတနာတွေကို ကျေးဇူးကန်းတယ်။ မင်းတို့မျိုးနွယ်ကို ဒီနေ့ မဖျက်ဆီးရရင် ဒီလောကကြီးက သည်းခံနိုင်မှာ မဟုတ်ဘူး ”
ထိုလူရိပ် ပြောပြီးသည်နှင့် ခြေတစ်လှမ်း လှမ်းလိုက်ပြီး လေထဲတွင် မတ်တတ်ရပ်လိုက်သည်။ ထိုလူရိပ်မှာ သတ္တမမြောက်တောင်ထိပ်၏ အရှင်သခင်ဖြစ်သော သတ္တမမြောက်သခင်ကြီး ဖြစ်သည်။
သူက ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့မျက်လုံးများထဲတွင် လျှပ်စီးများ ရှိနေသည့်အလား တဖျပ်ဖျပ် လက်နေသည်။ သူ့ကိုကြည့်ရသည်မှာ ဒေါသထွက်နေဟန် မရှိပါသော်ငြား ပြင်းထန်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ သူ ပြောလိုက်သည့် စကားများက မိုးသားတိမ်စိုင်များသို့တိုင်အောင် ပဲ့တင်ထပ်၍ လွင့်ပျံသွားသည်။ သူက ယိမေကျွန်းမှ ပြေးထွက်လာသော ရေသူမမျိုးနွယ်ဘိုးဘေးထံသို့ နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။ ပြီးသည်နှင့် သူက အင်္ကျီလက်ကို ခါလိုက်ပြီး ဘယ်လက်ဖြင့် ဘယ်ဘက်ရှိ ဟင်းလင်းပြင်ကို ညွှန်လိုက်သည်။
အောက်ရှိ ရေသူမမျိုးနွယ်ဘိုးဘေးမှာ ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။ ဘေးပတ်လည်မှ ရေစက်များ မရေမတွက်နိုင်အောင် ပေါ်လာပြီး သူ့ကို လွှမ်းခြုံသွားရာ ဧရာမရေပုလဲကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
ရေသူမမျိုးနွယ်ဘိုးဘေးမှာ ရုန်းကန်ချင်နေပါသော်ငြား မလွတ်မြောက်နိုင်ပေ။ သူ၏မျက်နှာ ရှုံ့မဲ့သွားပြီး အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
“ ကျိန့်ခိုင်ယီ၊ သောက်ရေးမပါတာတွေ မပြောနဲ့။ အဲဒီအလောင်းတွေကို ငါတို့ တူးထုတ်ပစ်လိုက်တယ်ဆိုတော့ကော ဘာဖြစ်တုံး။ ငါတို့ရေသူမမျိုးနွယ်ကို အခု အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ကာကွယ်ပေးနေတာ။ သူတို့ ဒီကိုလာတဲ့လမ်းမှာ ရောက်နေပြီ ”
“ ကျုပ် စောင့်နေမယ် ”
အမှတ်ခုနစ်သခင်ကြီးက တည်ငြိမ်စွာ ပြောလိုက်ပြီး သူ ညွှန်လိုက်သည့် ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။
ထိုနေရာသည် ပုံပျက်ရှုံ့တွသွားပြီး နောက်ထပ်လူရိပ် ပေါ်လာသည်။
ယင်းသည် ရေသူမတစ်ယောက်မဟုတ်ဘဲ လူသားတစ်ယောက်ပုံစံရှိသော သက်လတ်ပိုင်းကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
သူက အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ့အရှိန်အဝါက ပြင်းထန်ပါသော်ငြား သူ့ကိုယ်မှ သေမင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။ သူ့ခန္ဓာကိုယ်မှ မြင်ရသော အစိတ်အပိုင်းများအရ အရေပြားပုပ်ပွခြင်းဝေဒနာအား သူ ခံစားနေရသည်ကို မြင်နိုင်ပြီး သူ့အရေပြားအနားတစ်ဝိုက်တွင် လောက်အနည်းငယ် တွယ်ကပ်နေသည်ကိုပင် မြင်နိုင်သည်။ သူက မွေးကတည်းက အလောင်းတစ်လောင်း ဖြစ်နေသည့်အလားပင်။
ထိုလူက အလစ်ဝင်တိုက်ရန် ချောင်းမြောင်းနေသည်မှာ သိသာသည်။ ယခုတွင် ဖော်ထုတ်ခံလိုက်ရပြီဖြစ်၍ သူ ဆန္ဒရှိသည့်တိုင်အောင် မတိုက်ခိုက်နိုင်တော့ပေ။ ဘေးပတ်လည်တွင် ပေါ်လာသော မရေမတွက်နိုင်သည့်ရေစက်များ၏ ချုပ်နှောင်ခြင်းကို သူ ခံလိုက်ရပြီး ရေသူမမျိုးနွယ်ဝင်ဘိုးဘေးနှင့်အတူ လေထဲတွင် လွင့်မျောနေသည်။
ထိုနှစ်ယောက်ကို ချုပ်နှောင်ပြီးနောက် သတ္တမမြောက်သခင်ကြီးက ထိုနှစ်ယောက်ကို လျစ်လျူရှု၍ အောက်ရှိ ရေသူမကျွန်းလေးကျွန်းကို ညွှန်လိုက်သည်။
ရုတ်တရက် နဂါးကြီးက မာန်သွင်းအော်ဟစ်လိုက်ပြီး ၎င်း၏ကျောပေါ်တွင် မှော်ပစ္စည်းများ အံ့သြစရာကောင်းအောင် အစီအရီ ပေါ်လာကာ မန္တန်အစီအရင်များကို ထုတ်လွှတ်လိုက်ရာ ကျွန်းများပေါ်သို့ မန္တန်အစီအရင် တစ်ပြုံတစ်ခေါင်း ပြေးဝင်သွားသည်။
တချိန်တည်းမှာပင် ကောင်းကင်ရှိ ခရမ်းရောင်ပင်လယ်ထဲတွင် လူရိပ်များစွာ ပေါ်လာသည်။ သူတို့သည် သတ္တမမြောက်တောင်ထိပ်မှ အခြေတည်အဆင့်ကျင့်ကြံသူများမှလွဲ၍ တခြားမဟုတ်ချေ။ သူတို့နှင့်အတူ မယှဉ်သာအောင် အံ့သြစရာကောင်းသော မှော်သင်္ဘောများပါရှိနေသည်။
ထိုမှော်သင်္ဘောများက အရွယ်အစားမတူညီကြပါသော်လည်း ဖြုံလောက်သည့်အရှိန်အဝါကိုယ်စီ ရှိနေကြသည်။ ၎င်းတို့က တစ်ပြိုင်နက်တည်း ပေါ်လာပြီး ကောင်းကင်ယံတွင် အစီအရီ နေရာယူလိုက်ကြသည်။ ၎င်းတို့၏ မှော်စွမ်းအားများက အပြည့်အဝ လည်ပတ်လာပြီး အောက်ရှိ ကျွန်းလေးကျွန်းကို ဝင်တိုက်လိုက်သည်။
အခြေတည်အဆင့် မှော်လှေများ၏ မန္တန်စွမ်းအားများက သေမင်းကို ကိုယ်စားပြုသည့် လှံတံတစ်ရာကျော်အဖြစ် ပြောင်းလဲသွားဟန်တူသည်။ တချိန်တည်းမှာပင် ပေခုနစ်ထောင် သို့မဟုတ် ပေရှစ်ထောင်ရှည်သော ဧရာမမှော်စစ်သင်္ဘောကြီး ဆယ့်သုံးစင်းက ဟင်းလင်းပြင်ထဲမှ ခွဲထွက်လာကာ ကျွန်းကြီးလေးကျွန်းကို ဖုံးလွှမ်းလိုက်သည်။
တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ ကျွန်းကြီးလေးကျွန်းလုံး ဒယိမ်းဒယိုင် ဖြစ်လာသည်။ ယခုတစ်ခေါက် ချီရွှဲ့ထုံဂိုဏ်း၏ ပစ်မှတ်က ကျွန်းများပေါ်ရှိ မှော်ပစ္စည်းများအားလုံးနှင့် အမြုတေအဆင့်ကျင့်ကြံသူများမှလွဲ၍ တခြားမဟုတ်ချေ။
ထိုတခဏလေးအတွင်း ကျွန်းကြီးလေးကျွန်းပေါ်မှ မရေမတွက်နိုင်သော မှော်ပစ္စည်းများအားလုံး ပြိုလဲသွားသည်။ အမြုတေအဆင့်ကျင့်ကြံသူများသည်လည်း ပုန်းကွယ်ရန် နေရာရှာမရဘဲ စောင့်ကြည့်ခြင်းခံလိုက်ရသည်။ သူတို့မှာ မန္တန်အစီအရင်အပြင်ဘက်သို့ ထွက်လာရန် အတင်းအကြပ် ဖိအားပေးခြင်း ခံလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် လေထဲတွင် ချုပ်နှောင်ခြင်း ခံလိုက်ရသည်။
ထိုအချိန်၌ ရေသူမကျွန်းလေးကျွန်းပေါ်တွင် အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်မှ မရှိတော့ပေ။
ထိုသို့လုပ်ပြီးနောက် သတ္တမမြောက်သခင်ကြီးက လက်ကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်ရှိ ခရမ်းရောင်အလင်းပင်လယ်ကြီးက ရုတ်ခြည်း ကျုံ့ဝင်သွားပြီး ရေသူမကျွန်းလေးကျွန်းကို ဖုံးလွှမ်းသွားကာ ကောင်းကင်ကို ပိုင်းဖြတ်၍ အထဲကို ဖိနှိပ်သည့် မန္တနအစီအရင်ကြီးသဖွယ် ဖြစ်သွားသည်။
မန္တန်အစီအရင်မှ စူးရှသောအော်ဟစ်သံများ ထွက်ပေါ်လာပြီး ရေသူမမျိုးနွယ်ကျင့်ကြံသူများအားလုံး သွေးများအန်သွားကြသည်။
ထိုသူများအနက် ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများက အဆင်ပြေနေသေးသော်လည်း အခြေတည်အဆင့်ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ အမှန်ပင် ဖိနှိပ်ခံလိုက်ရသည်။ သူတို့အားလုံး အဆင့်ကြီးတစ်ဆင့် လျောကျသွားပြီး ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်သွားသည်။
ရေသူမမျိုးနွယ်၏ ကျွန်းလေးကျွန်းအပြင်ဘက်ရှိ တားမြစ်ပင်လယ်ပေါ်၌ ခရမ်းရောင်အလင်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်လာပြီး သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။
သူတို့က တားမြစ်ပင်လယ်အထက် ရောက်နေသည်ကို မြင်သောအခါ အံ့အားသင့်သွားခြင်းမရှိဘဲ မှော်လှေများကို ချက်ချင်းထုတ်၍ ပင်လယ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။
ရွှီချင်းသည်လည်း ထိုဂိုဏ်းသားများထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။
ထိုအချိန်၌ ဝေဟင်၌ ရှိနေသော သတ္တမမြောက်သခင်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ သတ္တမမြောက်တောင်ထိပ်ရဲ့ ပြိုင်ပွဲကြီး စတင်ပြီ ဝံပုလွေပေါက်လေးတို့။ မင်းတို့ အခုပဲ ဝင်လို့ရပြီ။ မျိုးနွယ်တွေအများကြီး ဒီပြိုင်ပွဲကြီးကို စောင့်ကြည့်နေကြတာ။ သူတို့ကို သတ်ပြီး ငါ့ချီရွှဲ့ထုံဂိုဏ်းရဲ့ စရိုက်လက္ခဏာက ဘယ်လိုဆိုတာ ပြလိုက်ကြစမ်း ”
သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ဘေးပတ်လည်ရှိ ပင်လယ်ပြင်မှ လေမုန်တိုင်းများ တဟူးဟူး တိုက်ခတ်လာကာ ဂိုဏ်းသားများ၏ မှော်လှေများကို အရှိန်တင်ပေးလိုက်သည်။ ထိုမှော်လှေများကို ကြည့်ရသည်မှာ ရေသူမကျွန်းလေးကျွန်းပေါ်သို့ ထိုးစိုက်တော့မည့် စူးရှချွန်ထက်သော ဓားများအလားပင်။
လျှပ်တစ်ပြက်အတွင်း ထိုဂိုဏ်းသားလေးထောင်၊ ငါးထောင်ခန့်က မုန်တိုင်းစွမ်းအားကို အသုံးချ၍ သူတို့၏ ပစ်မှတ်အသီးသီးကို ရွေးချယ်ကာ ကျွန်းအသီးသီးသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။
ရွှီချင်းက ကောင်းကင်ဝေဟင်ရှိ မှော်သင်္ဘောအမြောက်အမြားကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ပြီးနောက် သူ့ရှေ့မှ ခရမ်းရောင်အလင်းလွှာ ဖုံးလွှမ်းထားသည့် ပျက်စီးနေသော ကျွန်းများကို စိတ်ထဲတုန်ရီနေလျက် ကြည့်လိုက်သည်။
သူ့အတွက် ယင်းသည် တည်နေရာရွှေ့ပြောင်းခြင်းတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း သူရောက်သည်နှင့် တိုက်ပွဲရလဒ်အား ဆုံးဖြတ်ပြီးဖြစ်နေမည်ကို သူ မျှော်လင့်မထားခဲ့ပေ။ မကြာသေးခင်က ခေါင်းဆောင်ပြောခဲ့သည့် ‘ တကယ့်ကိစ္စကြီးတွေကိုတော့ တောင်ပေါ်ကလူတွေ ဖြေရှင်းလိမ့်မယ် ’ ဆိုသည့်စကားကို သူ နားလည်သွားရသည်။
သူကဲ့သို့ သာမန်ဂိုဏ်းသားများအတွက် ဤပြိုင်ပွဲ၏ အဓိကအချက်မှာ ချမ်းသာစေရေး ဖြစ်သည်။ သူတို့မှာ အသက်ရှင်သန်ရန် ရုန်းကန်ကြရသည် မဟုတ်ပါလား။
ရွှီချင်း၏ မျက်လုံးများ စူးရှတောက်ပသွားသည်။ သူ ဆုံးဖြတ်ချက်ချထားခဲ့ပြီဖြစ်ပြီး မှော်လှေ၏ ဦးတည်ရာအရပ်ကို ထိန်းညှိ၍ ကျူးယင်ကျွန်းသို့ တဟုန်ထိုး သွားလိုက်သည်။
သူ၏ ပစ်မှတ်က ကျူးယင်ကျွန်းပေါ်ရှိ အခြေတည်အဆင့်နတ်ရတနာနှင့် အခြေတည်အဆင့် ဆေးလုံးများ ဖြစ်သည်။ အခြေတည်အဆင့်နတ်ရတနာ၏ အစွမ်းက သာမန်သာ ဖြစ်သော်လည်း ယင်းကို ဝိညာဉ်ကျောက်တုံးငါးသိန်းနှင့် သူ ရောင်းချင်နေသေးသည်။
သူကဲ့သို့ အတွေးတူနေသည့် ဂိုဏ်းသားများစွာ ရှိကြပြီး ထိုဂိုဏ်းသားများထဲမှ အများစုက ချီစုစည်းခြင်းအထက်ပိုင်းအဆင့်များသို့ ရောက်နေကြသည်။ ဝေဟင်မှကြည့်ပါက မှော်လှေတစ်ထောင်ကျော်က ကျူးယင်ကျွန်းသို့ သွားနေသည်ကို မြင်နိုင်သည်။
ကျွန်းပေါ်သို့ ရောက်သွားသည့် မှော်လှေများထဲတွင် ရှပ်ပြေးမှော်လှေများပင် ပါနေသည်။
ရွှီချင်းက များစွာ နောက်ကျမနေပေ။ မကြာခင် ဆိပ်ကမ်းသို့ သူ ရောက်သွား၏။ သူက မှော်လှေကို သိမ်းလိုက်ပြီး ကမ်းပေါ် ခုန်တကလိုက်သည်။ ဆိပ်ကမ်းပေါ် သူ ရောက်ပြီးနောက် ရှေ့တူရှုရှိ တောအုပ်ထဲသို့ တဟုန်ထိုး သွားလိုက်သည်။
သူ အနီးသို့ ရောက်သွားသည်နှင့် သူ့မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ သူ ချက်ချင်း အရှိန်တင်လိုက်ပြီး တောအုပ်ထဲမှ ပျံထွက်လာသည့် မြားများကို ရှောင်တိမ်း၍ တဟုန်ထိုး ဝင်ရောက်သွားသည်။
တောအုပ်ထဲ၌ ရေသူမမျိုးနွယ်ကျင့်ကြံသူများက ရွှီချင်း ရောက်လာသည်ကို မြင်လိုက်ရသည်။ သူတို့မျက်လုံးများထဲတွင် လူသတ်ငွေ့များဖြင့် ဆူဝေသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ရွှီချင်းက အရှိန်မလျော့ဘဲ သူတို့ထံ ဝင်ရောက်သွားသည်။
သူ၏ဓားမြှောင် ဝှေ့ယမ်းသွားသည်နှင့် ခေါင်းများ ပျံတက်လာသည်။ လူသုံးယောက်ကို တရစပ် သတ်ဖြတ်ပြီးနောက် ရွှီချင်းက နောက်သို့ ရုတ်တရက် ခုန်ဆုတ်၍ ဓားဖြင့် သူ့နောက်သို့ ခုတ်ပိုင်းလိုက်သည်။ သွေးများ ဖွာခနဲ ပန်းထွက်သွားပြီး နောက်မှ အလစ်ဝင်တိုက်ရန်ပြင်နေသည့် ရက်စက်ကြမ်းတမ်းဟန်ရှိသော ရေသူမမျိုးနွယ်ဝင်ကျင့်ကြံသူ၏ ဗိုက်မှာ ဟောင်းလောင်းကြီး ဖြစ်သွားသည်။
တချိန်တည်းမှာပင် ဘေးပတ်လည်မှ တခြားရေသူမမျိုးနွယ်ဝင်များက ရွှီချင်းထံသို့ သွေးဆာနေသောအမူအရာများဖြင့် ပြေးဝင်လာကြသည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ရေသူမမျိုးနွယ်ကို သူ ရွံရှာစက်ဆုပ်ပါသော်လည်း ယခုတစ်ခေါက် ရေသူမမျိုးနွယ်သို့ သူ ရောက်လာရသည့်အကြောင်းအရင်းသည် အခြေတည်အဆင့်နတ်ရတနာကို လုယူရန် ဖြစ်ပေရာ အဓိပ္ပာယ်မရှိသော တိုက်ပွဲများတွင် အချိန်ကုန်ဆုံးမနေသင့်သည်ဖြစ်၍ သူ ထွက်သွားရန် ကြိုးစားလိုက်သည်။
သို့သော်ငြား သူ့ရှေ့တွင် ရေသူမမျိုးနွယ်ဝင်များ ပေါ်လာသည်။ သူတို့က ရွှီချင်း၏ နောက်မှ ရေသူမများနှင့် ပေါင်း၍ ရွှီချင်းကို ဝိုင်းထားလိုက်သည်။
ရွှီချင်းမှာ ထွက်သွား၍ မဖြစ်နိုင်ကြောင်း နားလည်လိုက်ပြီး အလျင်အမြန် ပြေးတက်သွားသည်။
ခဏအကြာ သူက တိုက်ပွဲကွင်းပြင်၏ အပြင်ဘက်သို့ ရောက်သွားသည်။ သူ့လက်ထဲရှိ ဓားမြှောင်ပေါ်မှ သွေးများက လေနှင့်အတူ စီးကျနေပြီး တောနက်ထဲသို့ သူ ပြေးဝင်သွားသည်။
ထိုအချိန်၌ ရေသူမကျွန်းလေးကျွန်းပေါ်ရှိ နေရာအနှံ့အပြားတွင် သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများနှင့် ရေသူမမျိုးနွယ်ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
တိုက်ပွဲများက ပြင်းထန်သည်ထက် ပြင်းထန်လာ၏။