အခန်း ၈၈၅
Vol. 45 Ch. 885
အပိုင်း(၈၈၅) ပင်မခန္ဓာကိုယ်ကို တိုက်ခိုက်ခြင်း
"သွားသေလိုက်စမ်း... ဟားဟားဟား"
ရက်စက်ကြမ်းကြုတ်သော ရယ်မောသံ ထွက်ပေါ်လာသည့် တစ်ခဏမှာပင် ကြောက်မက်ဖွယ်ကောင်းသော လေခွင်းသံက ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ဤမျှ နီးကပ်လွန်းသော အကွာအဝေးတွင် လုံးဝ ရှောင်တိမ်း၍ မရနိုင်တော့ပေ။
ကံကောင်းသည်မှာ ယခုအချိန်၌ လင်းယွမ်၏ တွင်းနက်အရိပ်နဂါး မျိုးရိုးဗီဇမျိုးစေ့မှာ နိုးကြားနေဆဲ အခြေအနေတွင် ရှိနေခြင်းပင် ဖြစ်သည်။
ဒီတစ်ခဏအတွင်းမှာပင် သူက အရိပ်ထဲသို့ တိုက်ရိုက် ပုန်းလျှိုးဝင်ရောက်သွားပြီး သူ၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုသဖွယ် ချက်ချင်း ပျောက်ကွယ်သွားလေသည်။
"ဝုန်း"
လေဟာနယ်ထဲတွင် ကြောက်မက်ဖွယ် အသံကြီး ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်းထန်သော လေပြင်းများ တိုက်ခတ်ကာ အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ်သွားတော့သည်။
"ဟင်"
ကျင်းရှီရုံ၏ ပင်မခန္ဓာကိုယ်မှာ လန့်သွားသော်လည်း ချက်ချင်းပင် သတိဝင်လာသည်။ "အမှောင်ဓာတ် စွမ်းအင်"
သူက ဘာမှထပ်မပြောတော့ဘဲ ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်ကို ရုတ်တရက် လည်ပတ်ပြောင်းလဲလိုက်ရာ နောက်တစ်ခဏတွင် သူ၏ တစ်ကိုယ်လုံးမှ မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်များ ဖြာထွက်လာလေသည်။
ထို အလင်းရောင်စူးစူးက ဂူခန်းမတစ်ခုလုံးကို ချက်ချင်း လင်းထိန်သွားစေပြီး သူကိုယ်တိုင်မှာလည်း လင်းလက်နေသော မီးသီးကြီးတစ်လုံးကဲ့သို့ ဖြစ်နေကာ အရိပ်များနှင့် အမှောင်ထုအားလုံးကို နှင်ထုတ်ဖယ်ရှားပစ်လိုက်သည်။
ဒါက အလင်းဓာတ် သန္ဓေပြောင်းစွမ်းအင်၏ ဂုဏ်သတ္တိပင် ဖြစ်သည်။
အလင်းရောင်က ဂူအတွင်းသို့ ဖြာကျသွားသည့် တစ်ခဏမှာပင် အရိပ်များသည် အလွန်လျင်မြန်သော အလျင်ဖြင့် ဖယ်ရှားခံလိုက်ရ၏။
လင်းယွမ်သည်လည်း အရိပ်များနှင့်အတူ ကျင်းရှီရုံ၏ ပင်မခန္ဓာကိုယ်နှင့် အဝေးသို့ အလျင်အမြန် ဆုတ်ခွာသွားရလေသည်။
သို့သော် ဤသို့ဖြစ်သွားခြင်းက ကျင်းရှီရုံ၏ ယခု အလစ်အငိုက် တိုက်ခိုက်မှုမှ ရှောင်လွှဲနိုင်သွားသည်ဟု ဆိုရပေမည်။
"ရွှပ်"
အရိပ်များ တွန့်လိမ်သွားပြီးနောက် လင်းယွမ်က ထိုအထဲမှ ထွက်လာကာ အလင်းရောင် လွှမ်းခြုံထားသော နယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးများသည် ထိန်းချုပ်၍ မရနိုင်လောက်အောင် ဆူပွက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ၏ သွေးကြောများကပါ လိုက်ပါတုန်ခါလာပြီး အားကောင်းလှသော စုပ်ယူမှုစွမ်းအားတစ်ခုက လင်းယွမ်၏ ခန္ဓာကိုယ်တွင်းရှိ သွေးများကို စုပ်ယူဆွဲငင်နေသကဲ့သို့ ဖြစ်နေ၏။
မျက်နှာချင်းဆိုင်ရှိ ကျင်းရှီရုံက လက်ဝါးကို ဆန့်တန်းကာ လေဟာနယ်ထဲမှ လင်းယွမ်ကို လှမ်းဆုပ်ကိုင်ရင်း အေးစက်စွာ ရယ်မောလိုက်သည်ကို တွေ့လိုက်ရသည်။ "မင်း လင်းယွမ်... မင်းက တကယ်ကို သေရမှာမကြောက်ဘဲ ငါ့ဆီကို လာရှာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"ငါက မင်းကို ကြောက်နေမယ်လို့ တကယ် ထင်နေတာလား"
"ငါက ကိုယ်ပွားအစွမ်းကို ကူးယူလို့ မရသေးခင်ကတည်းက ယွီကျိုးပြည်နယ် တစ်ခုလုံးကို ရှင်းလင်းနိုင်ခဲ့တာ... ဂျိမ်းစ် နဲ့ နတ်ဘုရားနိုင်ငံတော် တို့နဲ့အတူ ယွီကျိုးပြည်နယ်ကို သုံးပိုင်းခွဲနိုင်ခဲ့တာက ကိုယ်ပွားအစွမ်းကို အားကိုးခဲ့လို့ မဟုတ်ဘူးကွ"
"သွားသေလိုက်စမ်း"
သူက လက်ဝါးကို ရုတ်တရက် ဆုပ်ကိုင်လိုက်ကာ လင်းယွမ်၏ သွေးများကို စုပ်ယူရန် ကြိုးစားလိုက်သည်။
ဤသည်မှာ သူ ကူးယူထားသော သန္ဓေပြောင်းအစွမ်း များစွာထဲမှ တစ်ခုဖြစ်သည့် သွေးထိန်းချုပ်ခြင်း အစွမ်းပင် ဖြစ်သည်။
သွေးထိန်းချုပ်ခြင်း အစွမ်းသည် ရန်သူ၏ ခန္ဓာကိုယ်တွင်းမှ သွေးများကို တိုက်ရိုက် စုပ်ယူနိုင်ရုံသာမက သွေးများကို လက်နက်အဖြစ် စုစည်းကာ ရန်သူကို တိုက်ခိုက်နိုင်စွမ်း ရှိသည်။
လင်းယွမ်က ထိုစုပ်ယူအားကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ အလျင်အမြန် ပြောင်းလဲသွားလေသည်။
အရေပြားပေါ်တွင် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အလျင်ဖြင့် သစ်သားအဖြစ်သို့ စတင် ပြောင်းလဲလာသည်ကို တွေ့လိုက်ရ၏။
အသက်တစ်ခိုက်စာပင် မကြာလိုက်ဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးတစ်စက်မျှ မရှိတော့ဘဲ သစ်သားလူသား တစ်ယောက်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မိုးမြေနတ်ညောင်ပင် မျိုးရိုးဗီဇမျိုးစေ့ကို တစ်ဖန် ပြန်လည် အသက်သွင်းလိုက်ပြီး လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို သစ်ဒြပ်စင်အဖြစ် တိုက်ရိုက် ပြောင်းလဲပစ်လိုက်ခြင်းပင်။
"ခုနက မင်း ဘယ်နားမှာ ပုန်းနေခဲ့တာလဲ ဆိုတာ ငါ တော်တော် သိချင်နေတာ"
လင်းယွမ်က မေးလိုက်သည်။
ကျင်းရှီရုံ၏ ပင်မခန္ဓာကိုယ်မှာ မျက်မှောင်ကြုတ်သွားပြီး လင်းယွမ်သည်လည်း သန္ဓေပြောင်းအစွမ်းများကို တစ်ပြိုင်နက်တည်း ပြောင်းလဲကာ သူ၏ အစွမ်းကို ပြန်လည် ထိန်းချုပ်ဟန့်တားနိုင်သည်ကို မြင်လိုက်ရသောကြောင့် ရင်ထဲတွင် သတိပေးခေါင်းလောင်းသံများ ပြင်းထန်စွာ မြည်ဟည်းသွားတော့သည်။
"မင်းကရော သန္ဓေပြောင်းအစွမ်း အများကြီးကို ပိုင်ဆိုင်ထားတာလား... အဲဒါကို ဘယ်လို လုပ်နိုင်ခဲ့တာလဲ"
သူက လင်းယွမ်ကို ပြန်မဖြေဘဲ လင်းယွမ်ကိုသာ ပြန်လည် မေးခွန်းထုတ်လိုက်သည်။
လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး "မင်းက တကယ်ကို ရက်စက်ယုတ်မာလွန်းတယ်... အသက်လုပြေးဖို့အတွက် တိုက်တစ်တိုက်လုံးကို ဖောက်ခွဲပစ်ခဲ့တယ်... မင်းရဲ့ မိန်းမနဲ့ ကလေးရော... သူတို့ကိုပါ ချန်ထားခဲ့ပြီး အသေခံခိုင်းလိုက်တာလား" ဟု ပြောလိုက်သည်။
"ကျစ်ကျစ်... ခုနက စောင့်ကြည့်ကင်မရာကနေ တစ်ဆင့် ကြည့်တုန်းက မင်းရဲ့ ဖခင်ကောင်း ခင်ပွန်းကောင်း ပုံစံကို မြင်ပြီး ငါတောင် လူမှားနေပြီလားလို့ ထင်သွားခဲ့တာ"
"ကျင်းရှီရုံ... မင်းက ပင်မခန္ဓာကိုယ်ကို ဒီနေရာမှာ ဖွက်ထားပြီး ကိုယ့်အတွက် နူးညံ့သိမ်မွေ့တဲ့ မိန်းမတစ်ယောက်ကို ရှာ... သမီးတစ်ယောက် မွေးခိုင်းပြီး သာမန်လူတွေရဲ့ နွေးထွေးတဲ့ ဘဝမျိုးကို ခံစားကြည့်ချင်နေတာလား"
"မင်းလို လူမျိုးက ဒီလို ဘဝမျိုးနဲ့ ထိုက်တန်လို့လား"
"ဟက်ဟက်"
ကျင်းရှီရုံ၏ မျက်နှာသည် ချက်ချင်းပင် အလွန်အမင်း မှောင်မိုက်သွားပြီး လင်းယွမ်နှင့် နောက်ထပ် စကားအပိုတွေ ဆက်မပြောတော့ပေ။
ရုတ်တရက် လက်နှစ်ဖက်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး "သွားသေလိုက်စမ်းကွာ" ဟု အော်ဟစ်လိုက်သည်။
"ဝုန်း"
ထို အသားစိုင် လက်ဝါးနှစ်ဖက် ပေါင်းစပ်သွားသည့် တစ်ခဏမှာပင် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် လေဟာနယ်ထဲ၌ ဧရာမ မီးလျှံလက်ဝါးကြီး နှစ်ဖက် ရုတ်တရက် စုစည်းပေါ်ထွက်လာပြီး လင်းယွမ်၏ ခန္ဓာကိုယ်ဆီသို့ ရူးသွပ်စွာ ရိုက်ချလိုက်လေသည်။
မီးလျှံလက်ဝါး အစွမ်း။
ကျင်းရှီရုံက နောက်ထပ် သန္ဓေပြောင်းအစွမ်း အသစ်တစ်ခုကို ထပ်မံ အသုံးပြုလိုက်ခြင်းပင်။
ထို့အပြင် ယင်းမှာ လင်းယွမ်၏ သစ်ဓာတ်ကို အထူး နှိမ်နင်းနိုင်သော မီးဓာတ် သန္ဓေပြောင်းအစွမ်း ဖြစ်နေ၏။
ကြောက်မက်ဖွယ် မီးတောက်ကြီးများက ချက်ချင်းပင် ဟင်းလင်းပြင်ကို ဖိနှိပ်သွားပြီး လင်းယွမ်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရန် ကြိုးစားနေသည်။
လင်းယွမ်ကမူ အေးစက်စက် ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် မြေအောက်သို့ လျှိုးဝင်ကာ တိုက်ရိုက် ပျောက်ကွယ်သွားလေသည်။
"ဝုန်း"
မီးလျှံလက်ဝါးများ အချင်းချင်း ရိုက်ခတ်မိသွားပြီး ချက်ချင်း ပေါက်ကွဲထွက်သွားကာ အလွန်ပူပြင်းသော အပူလှိုင်းကြီးများကို ဖြစ်ပေါ်စေသည်။
ကျင်းရှီရုံ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မြေအောက်မှ လှုပ်ရှားမှုကို ချက်ချင်း သတိထားမိလိုက်သည်။
မြေအောက်တွင် ရုတ်တရက် တွန့်လိမ်လှုပ်ရှားလာပြီး ရွှံ့မြေများက ရေစီးကြောင်းအလား ပြောင်းလဲသွားကာ သူ့ကို အောက်ဘက်သို့ အလျင်အမြန် ဆွဲချသွားသည်ကို တွေ့လိုက်ရ၏။
ကျင်းရှီရုံက အေးစက်စွာ ရယ်မောလိုက်သည်။ "မြေဓာတ် သန္ဓေပြောင်းအစွမ်းလား... ငါလည်း တတ်တယ်ကွ"
သူက ခြေထောက်ကို ရုတ်တရက် မြှောက်လိုက်ပြီး အားကုန်သုံးကာ မြေပြင်ပေါ်သို့ တိုက်ရိုက် ဆောင့်နင်းလိုက်သည်။
ချက်ချင်းပင် မြေပြင်ကြီး တုန်ခါမြည်ဟည်းသွားပြီး ရေစီးကြောင်းကဲ့သို့ ဖြစ်နေသော ရွှံ့မြေများမှာ ယခုအခိုက်အတန့်တွင် ကျောက်ခဲများအဖြစ် တိုက်ရိုက် မာကျောသွားလေတော့သည်။
ကျင်းရှီရုံ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မြေဓာတ်ဖြစ်သော အဝါရောင် အလင်းဝန်းများ ထွက်ပေါ်လာခဲ့သည်။
မြေအောက်ထဲတွင်မူ လင်းယွမ်မှာ စောစောကတည်းက အရိပ်အဖြစ် ပြောင်းလဲကာ မြေအောက်မှတစ်ဆင့် လှည့်လည်ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ကျင်းရှီရုံ သူ့ကို လိုက်လံရှာဖွေရန် အချိန်မရလိုက်မီမှာပင် မာကျောနေသော မြေလွှာထဲမှ သစ်နွယ်ပင် ဆယ်ချောင်းထက်မက ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာလေသည်။
"ဝှစ်... ဝှစ်... ဝှစ်"
အလွန်လျင်မြန်သော လေခွင်းသံများ ထွက်ပေါ်လာပြီး သစ်နွယ်ပင်များသည် သံမဏိလှံတံများအလား ကျင်းရှီရုံဆီသို့ ထိုးစိုက်လာကြသည်။
ကျင်းရှီရုံက ရုတ်တရက် ခေါင်းမော့လိုက်ပြီး လက်နှစ်ဖက်ဖြင့် လေဟာနယ်ကို ဖိချလိုက်သည်။
"ဒိုင်း... ဒိုင်း... ဒိုင်း"
ထို သစ်နွယ်ပင် ဆယ်ချောင်းကျော်သည် မျက်မြင်မရသော နံရံတစ်ခုကို တိုက်ရိုက် ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်သွားပြီး ကျယ်လောင်သော မြည်ဟည်းသံများ ထွက်ပေါ်လာလေသည်။
"စိတ်အဝေးထိန်းအစွမ်း"
မြေအောက်တွင် သစ်သားလူသားအဖြစ် ပြောင်းလဲထားသော လင်းယွမ်၏ မျက်လုံးများက အရောင်လက်သွားသည်။
သူက တစ်ဖက်လူ၏ စိတ်အဝေးထိန်းအစွမ်း ပြင်းအားကို ချက်ချင်းပင် အာရုံခံ ကြည့်လိုက်သည်။
နောက်တစ်ခဏတွင် သူ၏ သစ်နွယ်ပင်များ အားလုံးက ရုတ်တရက် အားကုန် ထုတ်သုံးလိုက်လေသည်။
"ဝုန်း... ဝုန်း... ဝုန်း"
ပေါက်ကွဲသံများ တိုက်ရိုက် ထွက်ပေါ်လာပြီး ထို မျက်မြင်မရသော စိတ်အဝေးထိန်းအစွမ်းမှာ ချက်ချင်းပင် ပြင်းထန်စွာ တုန်ခါလာတော့သည်။
ကျင်းရှီရုံ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
"ငါ့ရဲ့ စိတ်အဝေးထိန်းအစွမ်းကိုတောင် လှုပ်ခါနိုင်တယ်ဆိုတော့... တစ်ဖက်လူရဲ့ တိုက်ခိုက်ရေးစွမ်းအားက ငါ့ရဲ့ စိတ်စွမ်းအင်ထက် ပိုအားကောင်းနေတာလား"
"ဒီ လင်းယွမ်ဆိုတဲ့ကောင်က လူသားပုံစံနဲ့တောင် ဘယ်လိုလုပ်ပြီး ဒီလောက်ပြင်းထန်တဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနေရတာလဲ"
ကျင်းရှီရုံမှာ နားမလည်နိုင်အောင် ဖြစ်နေရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်အဝေးထိန်းအစွမ်းသည် လူသားပုံစံ၏ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို မပြုလုပ်ပါက လူသားပုံစံ၏ စိတ်စွမ်းအင်မှာ အမှန်တကယ်တွင် အမှတ် ၁၀၀ ဝန်းကျင်သာ ရှိသင့်သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းတိုင်းတွင် အနည်းငယ်စီ တိုးတက်လာသော်လည်း လူသားပုံစံသို့ ပြန်လည် ရရှိသည့် တိုးတက်မှုနှုန်းမှာ အမှန်တကယ်တော့ အလွန် အားနည်းလှပေသည်။
အကြောင်းမှာ လူသားပုံစံ၏ ခန္ဓာကိုယ်သည် အလွန်မြင့်မားသော စွမ်းအင်များကို ခံနိုင်ရည် မရှိသောကြောင့် ဖြစ်သည်။
ကျင်းရှီရုံ ကျင့်ကြံလာခဲ့သည်မှာ ယခုအချိန်အထိ ဆိုလျှင် သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းသည် ၈၆% အထိ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် သူ၏ လူသားပုံစံ စိတ်စွမ်းအင်မှာမူ အမှတ် ၁၂၀ အထိသာ တိုးတက်လာခဲ့ပြီး ထိုထက် ဆက်လက် တိုးတက်နိုင်ခြင်း မရှိတော့ပေ။
ထို့ကြောင့် လူသားပုံစံတွင် စိတ်စွမ်းအင် အမှတ် ၁၂၀ သည် အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်သင့်ကြောင်း သူ အလွန် ရှင်းလင်းစွာ သိထားသည်။
သို့သော် ယခု သူ၏ မျက်စိရှေ့တွင် လင်းယွမ် အသုံးပြုနေသော သစ်နွယ်ပင်များ၏ တိုက်ခိုက်ရေးပြင်းအားမှာ သူ၏ စိတ်အဝေးထိန်းအစွမ်း ကန့်သတ်ချက်ကို သိသိသာသာ ကျော်လွန်နေပေသည်။
"လေဟာနယ် ခုတ်ပိုင်း"
ကျင်းရှီရုံက နောက်သို့ ဆုတ်လိုက်ပြီး အားအင်များကို ဖယ်ရှားလိုက်သည့် တစ်ချိန်တည်းမှာပင် လက်ဝါးဖြင့် လေဟာနယ်ဆီသို့ ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် အရှေ့ဘက် လေဟာနယ်ထဲတွင် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းက ချက်ချင်း လွှမ်းခြုံသွားကာ လင်းယွမ်၏ သစ်နွယ်ပင်များပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်ကို တွေ့လိုက်ရ၏။
လင်းယွမ် မျက်ခုံးပင့်သွားသည်။ "ဟင်းလင်းပြင် အစွမ်းလား"
ဒီ ကျင်းရှီရုံက တကယ်ပဲ အစွမ်းများပြားလှသည်။ ဟင်းလင်းပြင် အစွမ်းကိုတောင် ပိုင်ဆိုင်ထားသေး၏။
မြေအောက်ထဲမှနေ၍ လင်းယွမ်က ထွက်ပေါ်လာပြီး လက်မောင်းဖြင့် လေဟာနယ်ထဲတွင် တစ်ချက် ခုတ်ပိုင်းလိုက်သည်။
"ပြောင်းပြန်လှန်"
"ဝီ"
ဟင်းလင်းပြင်သည် ချက်ချင်း ခေါက်ချိုးသွားပြီး ခေါက်ချိုး တံခါးပေါက်တစ်ခု ရုတ်တရက် ပွင့်လာသည်ကို တွေ့လိုက်ရသည်။
ထို အက်ကွဲကြောင်းသည် တံခါးပေါက်အတွင်းသို့ ဝင်တိုက်သွားပြီး တစ်ဖန် ပြန်လည် ထွက်ပေါ်လာချိန်တွင်မူ ကျင်းရှီရုံ၏ အရှေ့တည့်တည့်၌ ရောက်ရှိနေလေပြီ။
ကျင်းရှီရုံမှာ ထိတ်လန့်သွားပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။ "ဟင်းလင်းပြင် အစွမ်း... မင်းကလည်း တတ်နေတာလား"
လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။ "မင်း တစ်ယောက်တည်း ဟင်းလင်းပြင် သန္ဓေပြောင်းအစွမ်းကို တတ်တာ မဟုတ်ဘူးကွ"
ကျင်းရှီရုံက အဆက်မပြတ် နောက်ဆုတ်သွားပြီး ဟင်းလင်းပြင် အစွမ်းကို ထုတ်သုံးကာ သူကိုယ်တိုင် ပစ်လွှတ်လိုက်သော ဟင်းလင်းပြင် အက်ကွဲကြောင်းကို ပြန်လည် ဖျက်ဆီးပစ်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ၏ မျက်ဝန်းများထဲတွင် မှောင်မိုက်သော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ ယခု မျက်စိရှေ့မှ လင်းယွမ်ဆိုသူသည် သူ သန္ဓေပြောင်းအစွမ်း နိုးထလာပြီးနောက်ပိုင်း တွေ့ကြုံရသမျှထဲတွင် အစွမ်းထက်ဆုံး ရန်သူဖြစ်သည်မှာ ယုံမှားသံသယ ဝင်စရာ မလိုတော့ပေ။
သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို နေရာမှာပင် ပျောက်ကွယ်သွားလေသည်။
"ရွှပ်"
ကိုယ်ပျောက် သန္ဓေပြောင်းအစွမ်းပင် ဖြစ်သည်။
ဤ အစွမ်းမှာ အသံတိတ် အရာမထင်ဘဲ အရိပ်အစွမ်းနှင့် မတူညီပေ။ ၎င်းသည် အလင်းတန်းများ ပြောင်းလဲမှုအပေါ် အခြေခံ၍ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။
သို့သော်လည်း သူ မသိခဲ့သည်မှာ လင်းယွမ်၏ မျက်လုံးများက သူ့ကို မြင်နေခြင်း မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အကြောင်းအကျိုး လမ်းကြောင်းများကို မြင်နေခြင်း ဖြစ်သည်ဆိုသည့် အချက်ပင်။
ထို့ကြောင့် ကျင်းရှီရုံ ကိုယ်ပျောက် အခြေအနေသို့ ရောက်သွားလျှင်တောင်မှ လင်းယွမ်၏ မျက်စိထဲတွင်မူ အရမ်းကို သိသာ ထင်ရှားလွန်းနေဆဲပင် ဖြစ်သည်။
လင်းယွမ်က အေးစက်စက် ရယ်မောလိုက်ပြီး သူ့အနီးသို့ တိတ်တဆိတ် ချဉ်းကပ်လာနေသော ကျင်းရှီရုံကို ကြည့်ကာ သတိမထားမိသလို ဟန်ဆောင်နေလိုက်သည်။
ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များက တိတ်တဆိတ် လည်ပတ်နေပြီး အေးစိမ့်သော ရေခဲလေများအဖြစ် စုစည်းသွားကာ ကျင်းရှီရုံ သူ၏ တိုက်ခိုက်ရေး ဧရိယာအတွင်းသို့ ဝင်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေသည်။
လင်းယွမ်က ရုတ်တရက် မြေပြင်ပေါ်သို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
"ဘုန်း"
မျက်တောင်တစ်ခတ်အတွင်းမှာပင် လက်ဝါးထဲမှ အေးစိမ့်သော ရေခဲလေများသည် တောင်ပြိုရေလျှံသကဲ့သို့ အရပ်မျက်နှာ အနှံ့အပြားသို့ ရူးသွပ်စွာ ဝင်ရောက်လာလေတော့သည်။
ရေခဲလေ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ရေခဲနှင်းများ ချက်ချင်း ပြန့်နှံ့သွားပြီး ရေခဲတုံးများစွာ စုစည်းထွက်ပေါ်လာသည်။
ဒီတစ်ခဏအတွင်းမှာပင် ကျင်းရှီရုံ၏ ပင်မခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး ရေခဲရိုက်ခံလိုက်ရလေသည်။
"သူ ငါ့ကို တွေ့သွားတာလား"
ကျင်းရှီရုံ၏ ရင်ထဲတွင် အံ့ဩဒေါသထွက်သွားပြီး တစ်ဖက်လူက သူ၏ ကိုယ်ပျောက်အစွမ်းကို ဘယ်လို ဖျက်ဆီးလိုက်သလဲ ဆိုတာ နားမလည်နိုင်အောင် ဖြစ်သွားသည်။
ယခုအချိန်တွင် သူ တုံ့ဆိုင်းမနေရဲတော့ဘဲ ခန္ဓာကိုယ်ထဲမှ "ဝုန်း" ခနဲ အသံနှင့်အတူ မီးတောက်များ လောင်ကျွမ်းလာကာ ပတ်ဝန်းကျင်ရှိ ရေခဲတုံးများကို ရူးသွပ်စွာ လောင်မြှိုက်ပစ်လိုက်သည်။
သို့သော်လည်း ယခုအခိုက်အတန့်တွင် လင်းယွမ်၏ တိုက်ခိုက်မှုက ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မရေမတွက်နိုင်သော ရေခဲများက ထက်မြက်သော ရေခဲဓားများအဖြစ် ပြောင်းလဲသွားပြီး ကျင်းရှီရုံ၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ ထိုးစိုက်ဝင်ရောက်သွားလေသည်။
"ဖောက်... ဖောက်... ဖောက်"
ချက်ချင်းပင် ကျင်းရှီရုံမှာ ရေခဲဓားများ၏ ထိုးစိုက်ခံရမှုကြောင့် ဆန်ခါပေါက်ကဲ့သို့ ဖြစ်သွားတော့သည်။
"ဝုန်း"
မီးတောက်များ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ ရေခဲတုံးများမှာ ချက်ချင်း အရည်ပျော်သွားလေသည်။
ကျင်းရှီရုံက မာကျောသော ရေခဲတုံးအားလုံးကို လက်ဝါးဖြင့် ရိုက်ခွဲလိုက်ပြီး ခန္ဓာကိုယ်ကို အလျင်အမြန် နောက်သို့ ဆုတ်လိုက်သည်။
သို့သော်လည်း သူ၏ ဒဏ်ရာနေရာများမှ သွေးများ စီးကျမလာဘဲ ထိုအစား အသားနုများ အမြောက်အမြား ပေါ်ထွက်လာကာ အဆက်မပြတ် ကြီးထွားလာသည်ကို တွေ့လိုက်ရ၏။
အသက်အကြိမ်အနည်းငယ်မျှ ရှူသွင်းလိုက်သည့် အချိန်အတွင်းမှာပင် မူလအတိုင်း တိုက်ရိုက် ပြန်လည် ကောင်းမွန်သွားခဲ့လေပြီ။
အင်္ကျီပေါ်တွင် အပေါက်အနည်းငယ် ရှိနေသည်မှလွဲ၍ အမာရွတ် တစ်ခုမျှပင် ကျန်ရစ်မနေခဲ့ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
"အဆင့်မြင့် ပြန်လည်ကုသခြင်း အစွမ်းလား"
ကျင်းရှီရုံက ရက်စက်စွာ ရယ်မောလိုက်သည်။ "လင်းယွမ်... မင်းက ငါ့ကိုတောင် ချောင်းမြောင်း တိုက်ခိုက်နိုင်တယ်ဆိုတော့ တော်တော်လေး အစွမ်းအစ ရှိတာပဲ"
"နှမြောစရာပဲ... သန္ဓေပြောင်းအစွမ်း အရေအတွက်အပိုင်းမှာ မင်းက ငါ့ကို ဘာနဲ့ လာယှဉ်မလဲ"
"ငါက ကိုယ်ပွားအစွမ်းတင် မကဘူး... တိုက်ခိုက်ရေး၊ ကာကွယ်ရေး စတဲ့ အစွမ်းတွေ အစုံအလင် ရှိတဲ့အပြင်... ပြန်လည်ကုသခြင်း အစွမ်းမှာလည်း ငါက ထိပ်တန်းအဆင့်မှာ ရှိနေတာကွ"
"ဒီနေ့ မင်းက ငါ့ကို အပေါက်ပေါင်း ထောင်ချီအောင် ထိုးစိုက်နိုင်ရုံမကလို့... ငါ့ရဲ့ လက်တစ်ဖက်ကို ခုတ်ဖြတ်လိုက်ရင်တောင်မှ ချက်ချင်း ပြန်ထွက်လာအောင် ငါ လုပ်နိုင်တယ်"
"ဒါက ယွီကျိုးပြည်နယ်မှာ ငါ ရပ်တည်နိုင်ခဲ့တဲ့ အသန်မာဆုံး အစွမ်းပဲ"
"ဒီနေ့ မင်းကို သေချာပေါက် သတ်မယ်"
"ရွှမ်း"
သူ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးများ ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်သော လျှပ်စီးတန်းများ တဖျပ်ဖျပ် လက်လာလေသည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူက တိုက်ရိုက် ပျောက်ကွယ်သွားခဲ့လေပြီ။
တစ်ဖန် ပြန်လည် ထွက်ပေါ်လာချိန်တွင်မူ လင်းယွမ်၏ အနောက်ဘက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့သော အလျင်မှာ နေရာရွှေ့ပြောင်းခြင်းနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ပေသည်။
ဒါက မိုးကြိုးဓာတ် သန္ဓေပြောင်းအစွမ်း ဖြစ်သည်။
လင်းယွမ်၏ စိတ်စွမ်းအင် အာရုံခံနိုင်စွမ်းမှာ အလွန် လျင်မြန်လှပေသည်။ တစ်ဖက်လူ၏ အလျင် မည်မျှပင် မြန်နေပါစေ သူ၏ စိတ်စွမ်းအင်လောက်တော့ မမြန်နိုင်ပေ။
ကျင်းရှီရုံ၏ လက်ဝါးထဲတွင် မိုးကြိုးလျှပ်စီး တစ်ခု စုစည်းလာပြီး သူ၏ နောက်စေ့ဆီသို့ ပြင်းထန်စွာ ရိုက်ချလာသည်ကို သူ အာရုံခံမိလိုက်ပြီ ဖြစ်သည်။
သို့သော်လည်း လင်းယွမ်က ရှောင်တိမ်းခြင်း မပြုပေ။ သူ၏ တစ်ကိုယ်လုံးတွင် မရေမတွက်နိုင်သော အကြေးခွံများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ချက်ချင်း ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။
သူက နောက်သို့ လှည့်လိုက်ပြီး လက်ဝါးကို ဆန့်တန်းကာ မိုးကြိုးများ စုစည်းနေသော ထိုလက်မောင်းဆီသို့ ရုတ်တရက် လှမ်းဆွဲလိုက်လေသည်။
"ဝုန်း"
သူတို့ နှစ်ဦး၏ လက်မောင်းများ အချင်းချင်း ထိခတ်မိသွားပြီး ချက်ချင်းပင် ပေါက်ကွဲမြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။
မိုးကြိုးလျှပ်စီးများက ဝုန်းဒိုင်းကျဲ ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော လျှပ်စီးတန်းများ တဖျပ်ဖျပ် လက်လာလေသည်။
သို့သော် ထို ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးပေါက်ကွဲမှုများ၊ လင်းယွမ်၏ ရွှေရောင် အကြေးခွံများပေါ်တွင် ခုန်ပေါက် ပေါက်ကွဲနေသော လျှပ်စီးတန်းများသည် လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ၏ မျိုချစုပ်ယူခြင်းကို သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော အလျင်ဖြင့် ခံလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ မိုးကြိုးလျှပ်စီးများမှာလည်း သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော အလျင်ဖြင့် ပျောက်ကွယ်သွားကြသည်။
လင်းယွမ်က ကျင်းရှီရုံ၏ ဤလက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူက ရွှေမွေးခြင်္သေ့မိစ္ဆာ ပုံစံကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။
မိုးကြိုးမျိုချခြင်း ပင်ကိုယ်အစွမ်းကို ဖွင့်ထားလိုက်ပြီဖြစ်ရာ ကျင်းရှီရုံ၏ မိုးကြိုးပေါက်ကွဲမှုများကို ဆိုထားနှင့် ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များထဲတွင်ပင် လင်းယွမ်အနေဖြင့် မည်သည့် ထိခိုက်ဒဏ်ရာမျှ ရရှိမည် မဟုတ်ပေ။
"ဒီလောက်လေးနဲ့ မင်းက ငါ့ကို ထိခိုက်အောင် လုပ်ချင်နေတာလား"
လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီးနောက် ချက်ချင်းပင် ပါးစပ်ကို ဟလိုက်ရာ အံ့မခန်း ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီး ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"ဝေါင်း"
ဆက်ရန်...